မြန်မာပြည်မှာ ရှိနေစဉ်က စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ ကချင် ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား နှင့်တကွ မိုးကောင်းမြို့ နမ္မတီးမြို့ ဖားကန့် လုံးခင်း နောက်ဆုံး အင်ဂျန်းယန်မြို့တွေ အထိ ဆွေမျိုးတွေရှိတာတစ်ကြောင်း ဓမ္မဒူတ ခရီးလဲ ကြုံနေတာမို့ ( အင်ဂျန်းယန် မြို့ကိုတော့ ဘုရားထီးတင်ကြောင့် ) ခဲခဲယဉ်းယဉ်းခရီးဆန့်ခဲ့ဖူးတယ်၊ အဲဒီဘက်တွေကို တော်ရုံ တန်ရုံ ဇွဲနဲ့တော့ ရောက်ဖို့မလွယ်ကူဘူး၊ ခရီးဝေးတာက တစ်ကြောင်း၊ ရာသီဥတု ကြမ်းတမ်းတာက တစ်ကြောင်း ငှက်ဖျားရောဂါကို လန့်တာက တစ်ကြောင်း စသည် စသည့် အကြောင်းတွေကြောင့် နယ်ခံ လူတွေမှ တပါး တစ်စိမ်းလူ မရောက်ဖူးသေးတဲ့ လူတွေက ကြောက်ရွံ့နေတတ်ကြတယ်။
ဆောင်းတွင်းမှာ ရေတွေ အေးခဲနေတတ်သလို အိမ်တွေ သစ်ပင်တွေလဲ မိုးရွာထားသလို စိုရွှဲနေတတ်တယ်၊ စာရေးသူကတော့ ကြားဖူးထားတဲ့အတိုင်း နေရာဒေသအသစ် ကိုရောက်တိုင်းရေစိမ်းကို မသောက်မိစေနဲ့၊ ရေနွေးသောက် ရင် ဘာမှမဖြစ်ဘူး လို့ သိနေတော့ ကြောက်စိတ် မရှိခဲ့၊ တော်ပြီပေါ့ တပတ်မှာ ၂ ရက် သို့မဟုတ် ၃ ရက်လောက် ရေချိုး နိုင်ရင် နည်းသလား။
မြန်မာနိုင်ငံမြေပုံရဲ့ အထက်ဖျား ချွန်ချွန်လေးတွေနားအထိ ခရီးဆန့်ခဲ့ရတယ် ဆိုတော့ တွေးမိတိုင်း ကျေနပ်နေမိသလို နာမည်ကျော် မေခ မလိခ မြစ်ဆုံဒေသ ကိုလဲ ရောက်ဖူးခဲ့တာ ပျော်စရာပဲလို့ ဆိုရမယ်၊ ၀မ်းနည်းစရာ ကောင်းတာက အခုချိန်မှာ ဘယ်သူမှ သွားပိုင်ခွင့် မရှိတော့ဘူး၊ ကချင်သောင်းကျန်းသူတွေက အဲဒီဒေသမှာ ရေအားလျပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေတာကို ဗုံးခွဲဖျက်ဆီးနေပါတယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ။
မေခ မလိခမြစ်ဆုံ ဒေသမှာ နာမည်ကြီးတာက ကချင်ခေါင်ရည်ပဲ၊ အတူပါလာကြတဲ့ မောင်ကျောင်းသား တွေတော့ ကချင်ခေါင်ရည်စစ်စစ် သောက်ချင်ပါတယ်ဆိုပြီး ရေမရောပဲသောက်လိုက်ကြတာ ကျွမ်းကိုထောင်နေ တာပဲ၊ ကောက်ညှင်း ဆန်နဲ့ မွှေးမွှေးလေး သိပ်ကောင်းတယ် ဆိုပဲ၊ မြစ်ဆုံဒေသ ချောင်းထဲမှာရှိတဲ့ ကျောက်ခဲလေးတွေကလဲ ထူးထူးဆန်းဆန်း အလုံးလေးတွေပဲ ရှိတယ်၊ ပြားချပ်ချပ်တွေ မရှိကြဘူး၊ ခရစ်ယာန် ကချင်လူမျိုးတွေ ပေါများတဲ့ ဒေသကို သွားရတာဆိုတော့ ရှားရှားပါးပါး ဗုဒ္ဗဘာသာအနည်းစုက ဘုန်းကြီးမြင်တိုင်း လိုက်လံ မိတ်ဖွဲ့ပြီး စကားပြောကြတာ ခေါင်းရမ်းလိုက် ရီနေလိုက်နဲ့ ပျော်စရာကောင်းပြီး ချစ်စရာဓလေ့လေးတွေပါပဲ။ သို့ပေမယ့် ကချင်စကား မတတ်တာ ကတော့ တော်တော် အူကြောင်ကြောင် နိုင်တယ်လို့ ဆိုရမယ်၊
မေခ မလိခမြစ်ဆုံဒေသဟာ မြစ်ကြီးနားကနေ သုံးဘီးဆိုင်ကယ်လေးတွေနဲ့ သွားရင် နေ့ချင်းပြန်ရောက်နိုင် တယ်၊ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ဆိုလျင်တော့ ကျောင်းသူကျောင်းသားတွေနဲ့ တော်တော် စည်ကားတယ် ပြောရမယ်၊ မြစ်ကြီးနားရောက်ရင် ရောက်အောင် သွားသင့်တဲ့ ဒေသတစ်ခုပါ။
တစ်ဆက်ထည်းမှာ ဖားကန့် မြစ်ကြီးနား လမ်းခွဲလို့ ဆိုရမယ့် မိုးကောင်းမြို့မှာ ဆွေမျိုးတွေ ရှိတာကြောင့် တည်းခိုဖြစ်ခဲ့တယ်၊ မိုးကောင်းမြို့ဟာ အထက်ပိုင်းရဲ့ အချက်အချာနေရာလို့ ဆိုရမယ်၊ မန္တလေးကနေ လာရင် ဖားကန့်ကို သွားလိုသူများက မိုးကောင်းဘူတာကို ဆင်းပြီး ခရီးဆက်ရတယ်၊ မြစ်ကြီးနားကို သွားလိုရင်တော့ ရထားကို ဂိတ်ဆုံးထိ ဆက်စီးနိုင်တယ်။ နယ်မြို့ဖြစ်တာနဲ့ အညီ တရုပ်ပစ္စည်း အိန္ဒိယပစ္စည်းတွေ၊ လိုင်ဇာဘက်က အထည်မျိုးစုံ၊ ဂွမ်းကပ်စောင် မျိုးစုံ သိပ်ပေါတဲ့မြို့ပေါ့။ အဲဒီမှာ အရင်ခေါက်တွေက နှံ့နှံ့စပ်စပ် ရောက်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တရားပွဲရှိတာကြောင့် တန်ခိုးကြီးဘုရားတွေနဲ့ တည်ဆောက်ဆဲ နှီးဘုရားကြီးလောက်ပဲ ရောက်ဖြစ်တော့တယ်။
မိုးကောင်းမြို့ကနေ ဖားကန့်ကို တက်လိုသူများဟာ ဗင်ကားနဲ့ လူတစ်ယောက်အတွက် ငွေ ၄ သောင်းခွဲပေးပြီး တက်နိုင်သလို သူ့ထက်တဆင့်နိမ့်တဲ့ ဖိုးဝီး ခေါ် ဘော်ဒီမြင့် ဟိုင်းလပ်ကားတွေနဲ့လည်း ၂ သောင်းပေးပြီး သွားနိုင်ပါ တယ်၊ ကားစီးချိန် ၈ နာရီနီးပါးကြာပေမယ့် ဗင်ကားအတွက်တော့ ၆ နာရီလောက် မောင်းရတယ်၊ လမ်းကြမ်းသလား မမေး နဲ့၊ စားပြီးသားအစားအစာ အားလုံး အကုန်ကျေတာပဲ။
ဒါပေမယ့် မရောက်ဖူးတဲ့ ဒေသတစ်ခုကို ရောက်ရတာမို့ ဒေသန္တရဗဟုဿုတတွေ အများကြီး ရပါတယ်။ အထူးသဖြင့် အဲဒီဘက်တွေမှာ ပိုက်ဆံကို လွယ်လွယ်ရှာ၊ လွယ်လွယ်သုံးပြိး လွယ်လွယ်မွဲတေကာ ဘ၀ ပျက်စီးသွားသူတွေ ဒု နဲ့ ဒေးပဲ။ မကောင်းမှု မှန်သမျှ အကုန်ရတယ်လို့ ဆိုနိုင်တယ်၊ ဘာလိုချင်သလဲ ရေရှိဖို့သာ လိုတယ်လို့ သိရတယ်။ ဆိုင်ကယ် ကားတွေ ဘာမှ လိုင်စင် မရှိကြဘူး၊ အခုတော့ စနစ်ပြောင်းသွားပြီလား မသိ။
ဖားကန့် မိုးကောင်းပြီးတော့ နမ္မတီးမြို့ကို ရောက်ခဲ့တယ်၊ အဲဒီမှာ အမှတ်တရ ဖြစ်စေတာက နမ္မတီး ငါးဖယ်ချင်က တော်တော်နာမည်ကြီး သတဲ့။ စစ်ကိုင်း မန္တလေး မုံရွာတို့ကနေ သေချာ မှာယူရတယ် လို့ သိရတယ်။ နောက်ထပ် တစ်မျိုးက ကောက်ညှင်းနဲ့ လုပ်တဲ့ ခေါပုပ်ပါ။ အထက်ပိုင်းဒေသတွေမှာ မနက်ပိုင်း ချမ်းချမ်းစီးစီး ၀ိုင်းဖွဲ့ မီးလှုံပြိး ခေါပုပ် ကို မီးကင်ပြီး စားလေ့ရှိကြတယ်၊ ခေါပုပ် တခုကုန်အောင် စားထားရင် မနက်စာ ဘရိတ်ဖတ်အတွက် ပြီးပြီ လုံလောက်ပြီ၊ ကိုယ့်မှာတော့ တစ်ခုကုန်အောင် မနည်းစားယူရတယ်။
ခေါပုပ် လုပ်နည်း
ကောက်ညှင်းဆန်တွေကို ထမင်းအိုးထဲ ထည့်ပြီး ပြစ်နိုင်သမျှ ပြစ်အောင် ရေကို လျော့ထည့်ကာ ထမင်းချက်သလို ချက်ရပါတယ်၊ ရေနွေးပွက်လာပြီး ကောက်ညှင်းဆန်တွေ ပွတက်လာရင် ၀တ်ဆံ မကျန်လောက်တော့ဘူး သေချာပါက အိုးထဲမှ ထုတ်ကာ ကြေနိုင်သမျှ ကျေညက်အောင် ထုနှက် ထောင်းရတယ်၊ ပြီးရင်တော့ ဆီအနည်းငယ်ထည့်၊ ဆား ထည့်၊ ဟင်းချိုမှုန့် ထည့်ကာ ကိုယ်လိုချင်တဲ့ အရွယ်အစားအလိုက် မုန့်လုပ်ရတယ်။ စာရေးသူတို့ ပြန်တော့မယ် ဆိုတော့ နမ္မတီးက ရှမ်းမတွေက လတ်လတ်ဆတ်ဆတ်ဖြစ်အောင် လုပ်ပေးကြတယ်၊ ကောက်ညှင်းဆန် ၂ ပြည်သားကြီးတောင် ( ဆန်ဖြူ၊ ဆန်ညို တပြည်စီ ) တော်တော် သဒ္ဓါတရားကောင်းကြတဲ့ ရှမ်းမတွေ၊ ဒီမှာ မနိုင်မနင်း သယ်ယူခဲ့ရတာကို အခုထိ သတိရနေသေးတော့ ………..
မိုးကောင်းမြို့မှ အထွက် ဖားကန့်သွားရာ လမ်းတွင် တည်ဆောက်ဆဲဖြစ်သော မိုးကောင်းမြို့ ကျက်သရေဆောင် နှီးဘုရားကြီး
တည်ဆောက်ဆဲ နှီးဘုရားကြီး အ၀င်မုဒ်ဦး
နှီးဘုရားကြီး တည်ရှိရာ ယာယီ အဆောင်
နှီးဘုရား ပရ၀ုဏ်ကို အဝေးမှ တွေ့မြင်ရပုံ
မနက် ၁၀ နာရီ ၁၁ အထိ နှင်းမကွဲသေးတဲ့ မိုးကောင်း နမ္မတီးမြို့ကြားက နိုင်လွန် ကတ္တရာလမ်း( ဒါကြောင့် အစာကြေတာ ဖြစ်မယ် ) နှမြောစရာ ကောင်းတာက မေခ မလိခမြစ်ဆုံဒေသက ဓာတ်ပုံတွေနဲ့ ဖားကန့်ဒေသက ဓာတ်ပုံဖိုင်တွေကို သယ်မလာမိဘူး၊ မြန်မာပြည်မှာပဲ ကျန်ခဲ့တယ်၊ )
နမ္မတီးမြို့က ဗုဒ္ဓဘာသာ ရှမ်းမိသားစုတစ်စု ၏ နေ့ဆွမ်း အလှူဒါန( ရှမ်းစာ ဗမာအစားအစာ စုံသွားတာပဲ )
ခေါပုတ် ကို ကောက်ညှင်းဆန် ပြုတ်ပြီးရင် ဒီလို ထောင်းရတယ်၊ တစ်ယောက်ညောင်းရင် နောက်တစ်ယောက်၊ လူတိုင်းက စားချင်ကြတယ်၊ ထောင်းရမှာတော့ မလွယ်ရေးချ၊ မလွယ်၊ ဆောင်းတွင်းကြီးကို ချွေးပြန်နေအောင် ထောင်းရတာ မသက်သာလှ၊
ထောင်းပြီးရင် ကိုယ်ကြိုက်တဲ့ ဆိုက်ကို လုပ်နိုင်တယ်၊ ကြီးမလား သေးမလား ကြိုက်သလောက် ရတယ်
ရှမ်းမလေးတွေရော ဗမာမတွေရော တက်ညီ လက်ညီ
ထောင်းတဲ့နေရာမှာတင် မက၊ ဒီလိုနေရာတွေမှာလဲ အားကိုးရတယ်
စုပေါင်းလုပ်အားနဲ့ မနိုင်မနင်း သယ်ခဲ့ရတဲ့ ခေါပုတ်များ
ပြီးရင်တော့ နောက်ဆုံးအဆင့် သေသေချာချာ ဖက်နဲ့ထုပ်တယ်၊ ဒါတွေကတော့ ကချင်ပြည်နယ် နာမည်ကြီး ခေါပုတ်လေးတွေပါ၊ ၊ မကြိုက်တတ်သူများကိုတော့ ကိုယ်ချင်းစာလို့ မကျွေးတော့ပါဘူး ၊
ကြိုက်တတ်သူများ စိတ်ကြိုက် စားနိုင်ကြပါစေ ....... .......
No comments:
Post a Comment