Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Friday, September 23, 2011

တိဗက်လူမျိုးများနှင့် ဘာသာ နယ်မြေအကြောင်း

ပြီးခဲ့တဲ့ (၈)လပိုင်းမှာ တလနီးနီး အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်မှာ ရှိနေစဉ် မြတ်ဘုရား ၏ မဟာသတိ ပဋ္ဌာန်သုတ် ကို ဟောကြားခဲ့ရာကုန်းတော် အပါအ၀င် ဒေလီမြို့ ၀န်းကျင်အားလုံး ဒေသစာရီ ဘုရားဖူး ခရီး ထွက်ဖြစ်ခဲ့ပြီး မွန်ဘိုင်းကို  မပြန်ခင်မှာတော့ နောက်ဆုံး ခရီးစဉ်အဖြစ် တိဗက်လူမျိုးအများစု နေထိုင်ကြရာ ဓရမ်စလာ Dharamshala Mountain City လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးဆီကို လေ့လာရေးခရီး ထွက်ဖြစ်ခဲ့ပါတယ်။

ဓရမ်စလာ ဆိုတာ ပါဠိလို ဓမ္မသာလာ ( ဓမ္မ- တရားဟောရာ၊ သာလာ- ဇရပ်၊ အဆောက်အဦး) ကနေ ဆင်းသက် လာတယ်လို့ ထင်မှတ်ရတယ်၊ သ-ကို roman သံနဲ့ဖတ်လိုက်တော့ ဓရမ်စလာ ဖြစ်လာတယ် ထင်ပါရဲ့၊  မြို့ဆိုသော်လည်း  မြန်မာနိုင်ငံ ကျိုက်ထီးရိုးလို တောင်စောင်း တောင်ကမူတွေ ပေါများတဲ့ နေရာဒေသတစ်ခု၊ Dhauladhar ဓာလဒါ လို့ ခေါ်တဲ့ တောင်စောင်း၊  တနည်းအားဖြင့် စီးပွားရေးအဖြစ် စိုက်ပျိုးရေးအဖြစ် ဘာမှ လုပ်စားလို့မရနိုင်တဲ့ တောင်ကြို တောင်ကြားမှာ တည်ထားတဲ့  တောင်ပေါ်မြို့လေးပါ၊ တိဗက်လူမျိုး၊ ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု စတာတွေ ရှိနေသော်လည်း ကိုယ်ပိုင်နိုင်ငံ ဒေသရယ်လို့ သီးခြားမရှိကြတဲ့ တိဗက်လူမျိုးတွေမို့ သနားစရာလို့ ဆိုရမှာပါ၊

ဘာဖြစ်လို့လဲ ဆိုတော့ အရင်က တိဗက်လူမျိုးတွေ နေထိုင်တဲ့ နေရာတွေအားလုံးကို မိတ်ဆွေတဖြစ်လဲ ရန်သူကြီး တရုတ်နိုင်ငံက အတင်း အဓမ္မသိမ်းပိုက်လိုက်တာမို့ နေစရာမရှိကြတဲ့ သူတို့ကို အိန္ဒိယအစိုးရက နေရာတခုပေးပြီး refugee camp အနေနဲ့ ထားခဲ့တယ်၊ အဲဒီ အဖိနှိပ်ခံ စစ်ပွဲမှာ တိဗက်လူမျိုးပေါင်း တစ်သန်းလောက် သေဆုံးကြရတယ်လို့ ဆိုပါတယ်၊ စာရေးသူအထင်တော့ အဲဒီပမာဏက များလွန်းနေတယ်လို့ ယူဆမိတယ်၊ ဘုန်းကြီးကျောင်းပေါင်း ၆ ထောင်ကျော်လဲ ဖျက်ဆီးခံခဲ့ရတယ်၊ တိဗက်တွေဟာ မဏိပူ၊Manipur တြိပူ၊Tripura အာသံ၊Assam နီပေါ၊ Nepal မြန်မာ တို့နဲ့ နီးတာကြောင့် ရုပ်ရည် မျက်နှာများ ကလဲ   မြန်မာ လူမျိုး နဲ့ တော်တော်ဆင်ကြတယ်၊ အသားအရေ၊ အရပ်အမောင်းက အစ အကုန်တူပါတယ်၊

သမိုင်းထဲက Dharamshala

တိဗက်လူမျိုးတွေမှာ ထူးခြားချက်က လူမျိုးစုတစ်ခုလုံးကို ဘုရားအလောင်း အမည်ခံ မဟာယာန နည်းနည်း ရောထွေးနေသော ဘုန်းတော်ကြီးများက အုပ်ချုပ်လေ့ရှိတာကြောင့် ကမ္ဘာ့ရဲ့ တခုတည်းသော ဘုန်းကြီးအုပ်ချုပ်တဲ့ လူမျိုးစုတွေလို့ ဆိုနိုင်ပါတယ်၊ ဘာသာရေးကို အထူးကိုင်းရှိုင်းကြသလို ခင်မင်နှစ်လိုဖွယ် မျက်နှာထားများနဲ့  သိပ်ဖော် ရွှေကြတယ်၊ တိဗက်လူမျိုးတွေနဲ့ ပက်သက်ပြီး ရိုက်ကူးထားတဲ့ Seven years in Tibet ဆိုတဲ့ ဇာတ်ကားဟာ ကမ္ဘာ ကျော်ဇာတ်ကားလို့ ဆိုရမှာပါ။

 အရင်က တိဗက်လူမျိုးတွေဟာ နိုင်ငံခြားသားတွေကို လုံးဝလက်ခံလေ့မရှိခဲ့ဘူး၊ သို့သော်လည်း အင်္ဂလန်က သုတေသန   ပြုလို ကြသော တောင်တက်သမား အဖွဲ့ကနေ ခွဲထွက်လာတဲ့ သူနှစ်ယောက်ဟာ အမှတ်မထင် တိဗက်နယ်မြေကို ရောက်လာ ပါသတဲ့။  

 အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့  ၁၄ ဆက်မြောက် ခေါင်းဆောင် ဒရိုင်းလားမား Dalai Lama ဟာ (၈)နှစ်သားအရွယ်သာ ရှိနေသေးတယ်၊ dalai ဒရိုင်း ဆိုတာ မွန်ဂိုလီယားဘာသာအရ သမုဒ္ဒရာ လို့ အဓိပ္ပါယ်ရပြီး lama လားမားဆိုတာကတော့ တိဗက်တို့က teacher လို့ပဲ ဘာသာပြန်ကြတယ်၊ အိန္ဒိယအသုံးအနှုံးနဲ့ခေါ်ရရင် guru ဂုရုကြီး လို့လဲ ခေါ်ဆိုနိုင်ပါတယ်၊  နောက်ပိုင်းမှာ အဆိုပါ အင်္ဂလန်သားနှစ် ယောက်ထဲမှာ တယောက်က တိဗက်မိန်းကလေးနှင့် ရေစက်ပါခဲ့တယ်။

နောက်တစ်ယောက်ကတော့ ဒရိုင်းလားမားအလျောင်းအလျာလေးကို ဥရောပအကြောင်း၊ ကမ္ဘာ့မြေပုံ များအကြောင်း၊ အင်္ဂလိပ်စာများနဲ့ အထွေထွေရေးရာများကို နှစ်များစွာ သင်ပေးခွင့်ရခဲ့ရာက နိုင်ငံခြား သားများနှင့် သံတမာန်ရေးအရ အမြဲ အဆက်သွယ်ရခဲ့တယ်လို့ သိရတယ်၊ ထိုအချိန်က ဒရိုင်း လားမားလေးကို စာသင်ပေးခဲ့ရသူဟာ Heinrich Harrer ဆိုတဲ့လူငယ်ဖြစ်ခဲ့ပြီး ယနေ့အထိ သက်ရှိ အနေနဲ့ ဗြိတိန်မှာ ရှိနေခဲ့တယ်၊  ရှစ်နှစ်အရွယ် ဒရိုင်းလားမား ဘုန်းကြီးလောင်း လျာ လေးကတော့ ယနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင် နိုဗယ်ဆုရှင် ဒရိုင်းလားမားကြီးပါပဲ။

ဒရိုင်းလားမားလေးဟာ တရုတ်က သိမ်းပိုက်အပြီး တတ်နိုင်သမျှ သည်းခံနေခဲ့သော်လည်း ၁၇ ရာစုနှောင်းပိုင်း ( 1959 ) ခုနှစ်မှာ နေထိုင်ရာမြို့တော် Lhasa လာဆာကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ခိုလှုံခဲ့ရတယ်၊ ခေါင်းဆောင်   ရွှေ့ပြောင်းတော့ နောက်လိုက် ပြည်သူတွေပါ ပြောင်းရွှေ့ကြရင်းက ယနေ့ ဓရမ်စလာ ဆိုတာ ဖြစ်လာခဲ့တာပါပဲ။

ဒရိုင်းလားမား ကြီးဟာ 1989 ခုနှစ်မှာ  The Noble Peace Prize Of The World   ဆိုတဲ့ဆုကို လက်ခံရယူပြီး ကမ္ဘာ့ငြိမ်း ချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်၊ ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံ တောင်တန်းများ ကြားက ဓရမ်စလာ မြို့မှာ သီတင်းသုံးနေထိုင်ပြီး ဥရောပ အမေရိက စတဲ့ ကမ္ဘာ့နိုင်ငံများကို မကြာခဏ ကြွရောက်ပြီး ကုလသမဂ္ဂ ညီလာခံ အထိ နေရာပေးခံနေရသူပါ၊  ကျေးဇူးရှင်တဖြစ်လဲ သူငယ်ချင်း ဖြစ်သူ ဟိမ်းရစ် ဟာရာ နဲ့လဲ အဆက်သွယ် မပြတ်ခဲ့ဘူး။ ယနေ့ခေတ်မှာ မြန်မာဘုန်းတော်ကြီးများကို အနောက်နိုင်ငံများမှ မသိရှိ ကြသော်လည်း တိဗက်လူမျိုးနဲ့ ဘုန်းတော်ကြီး ဒရိုင်းလားမားကိုတော့ လူတိုင်းနီးပါး က သိရှိနေကြပြီ ဖြစ်ပါတယ်။

ဘာသာရေး ယုံကြည်မှု

တိဗက်လူမျိုးတို့ဟာ ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက မြောင်းပိုင်းဗုဒ္ဓဘာသာ မဟာယာနအမည်ခံ ဖြစ်ခဲ့ပြီး  ကိုးရီးယား ဂျပန် တရုတ် ဟောင်ကောင် မွန်ဂိုလီးယားနိုင်ငံတို့လို ဘာသာတူ ကိုးကွယ်ခဲ့တယ်၊ သိက္ခာပုဒ်တွေကို  ပြင်ချင်တာ   ပြင်တယ်၊   နှုတ် ချင်တာ နှုတ်တယ်၊ ဒါကြောင့် သူတို့ ဘုန်းကြီးတွေကို လူတွေ ဒကာ ဒကာမတွေက သိပ်ပြီး လေးစားကြည်ညိုတာ မတွေ့ခဲ့ ရဘူး၊

ကိုးကွယ်မှုအနေနဲ့ အ၀လောကိတေသရ Avalokiteshvara ဘုရားအလောင်းကို ယုံကြည်ကြပြီး “ ဥုံ မဏိ ပဒ္မေ ဟုံ ” OM MANI  PADME HUM ဆိုတဲ့ ဂါထာမန္တန်ကို ကြိမ်ဖန်များစွာ ရွတ်ဆိုရင် ကုသိုလ်ရပါသတဲ့။ မဏိ- ပတ္တမြားရတနာသည်၊ ပဒ္မေ- ပဒုမ္မာကြာပန်း၌၊ ဟုံ -ဖြစ်ပေါ်ပါစေ၊ ဂါထာကတော့ ဒီလောက်ပါပဲ၊ တိုက်ရိုက်အဓိပ္ပါယ်က “ ပတ္တမြားရတနာ နှင့် တူသော   မြတ်စွာဘုရားသည် ပဒုမ္မာကြာပန်းမှ ပေါ်ပေါက်လာ သလိုပဲ အကျွနုပ်ရဲ့ နှလုံးသားထဲမှာလဲ   ဗောဓိဥာဏ်သည် ရင့်သန်ပါစေ ” ဆိုတဲ့ အဓိပ္ပါယ်ပါ၊ နောက်ဆုံးဆန်းစစ်ကြည့်တော့ ပတ္တမြားဆိုတာ သူတို့ဒေသမှာ အမြတ်ဆုံးရတနာ လို့ သိရတယ်၊ အဲဒါနဲ့ ဘုရားကို တင်စားလိုက်တယ် ထင်ပါတယ်။

သူတို့ရဲ့ ဘာသာရေး အယူအဆမှာတော့ ဘုရားရှင်ကို အကြိမ်ပေါင်းများစွာ ရှိခိုးနိုင်လေ၊ ပိုပြီး ကံကောင်းလေ လို့ ဆိုပါတယ်၊ အမြဲတမ်း ပါးစပ်က ဘုရားစာတခုခုကို ရွတ်ဖတ်နေတတ်ပြီး တချို့လဲ ပုတီးစိပ် နေတတ်ပြန်တယ်၊ ဘာသာ ရေးယုံကြည် ချက်အနေနဲ့ လူတိုင်းဟာ နောင်တချိန်မှာ ဘုရားဖြစ်ပြီး ကျွတ်တမ်းဝင်ရမှာပါ တဲ့။  

 သူတို့ ရှိခိုးနည်းက  တကိုယ်လုံးကို ၀မ်းလျားေ မှာက်ပြီး အားရပါးရ ရှိခိုးကြတယ်၊ တချို့ဒကာ ဒကာမတွေ ရှိခိုးနေကြတာ နာရီဝက်၊ တနာရီ ကြာအောင် ရှိခိုးကြတယ်၊ ချွေးတွေ ရွှဲစိုနေပါစေ၊ ရှိခိုးတာကိုတော့ မလျော့သောဇွဲနဲ့ ရှိခိုးနေကြတာကြောင့် သူတို့အစား မောမိပါရဲ့၊ အဲလို ရှိခိုးတာ အကြိမ်ပေါင်း ၈၄၀၀၀ ပြည့်ရင် အပါယ်မကျတော့ဘူး လို့ ယူဆလေ့ရှိကြတယ်၊ တချို့များ အကြိမ်ပေါင်း သိန်းချီရှိနေပြီ ဘယ်လိုလူက အာမခံပေးမလဲ ဆိုတာ စဉ်းစားစရာပါပဲ။  ( ဗုဒ္ဓဂါယာ ဘုရား ဖူး ရောက်ဖူးသူများ သူတို့ ရှိခိုးနည်းကို မြင်ဖူးကြပါလိမ့်မယ် )  သူတို့ကို ကြည့်ရင် အော် သဒ္ဓါတရားကေ တာ့ ကောင်း လိုက်ကြတာ - သို့သော်လည်း အသိဥာဏ် ပညာ မပါလေတော့ လူတွေအားလုံး သိပ်ပင် ပန်းကြရတယ် လို့ ကရုဏာ ပိုရပြန်တယ်။

ယနေ့ခေတ် Dharamshala

ဓရမ်စလာ မြို့လေးဟာ နယူးဒေလီ မြို့တော်ကနေ ( ၅၈၂ ) ကီလိုမီတာ ကွာဝေးပြီး  တညအိပ်ခရီးသွား ရတယ်၊   တောင် ခြေ မှာ အောက်ပိုင်း ဓရမ်စလာမြို့ဆိုတာ ရှိပြီး အဲဒီမှာတော့ စီးပွားရေး ဖွံ့ဖြိုးတယ်လို့ ဆိုရပါမယ်၊ ဒရိုင်းလားမားကြီး သီတင်းသုံး တာကတော့ အထက်ပိုင်း ဓရမ်စလာ မြို့တော်မှာပါ၊ တောင်ပေါ်မြို့မှာတော့ နိုင်ငံခြားသား တိုးရစ်များ နိုင်ငံပေါင်းစုံမှ လာရောက်လေ့လာနေတာ နွေမိုးဆောင်း ရာသီအားလုံး မပြတ်ပါဘူး၊ ဒါကြောင့် အဲဒီဒေသလေးကို Tourist Attraction အနေနဲ့ လူသိများကြတယ်၊ လာကြတဲ့ Foreigner အများစု ကလည်း  ၂ လ ၃ လအနည်းဆုံး နေလေ့ရှိကြပြီး English  grammar, Speaking Class အများကြီးကို စေတနာ့ဝန်ထမ်း volunteer အနေနဲ့ အခကြေးငွေ မယူပဲ သင်ပေး ကြတယ်၊

ဘုန်းကြီး၊ သီလရှင်၊ လူဝတ်ကြောင် မည်သူမဆို အခမဲ့ လေ့လာသင်ယူနိုင်တယ်၊ ကြိုက်သလောက် နှစ်ပေါက် ချီနေပြီးလဲ သင်ယူနိုင်တယ်၊ နေစရိတ်၊ စားစရိတ်လောက် အကုန်ခံနိုင်ရင် အဲဒီလို နေရာမျိုးမှာ သင်တန်းပေါင်းများစွာကို တက်ရောက်နိုင်တယ်၊ အထူးသဖြင့် အခုချိန်မှာလည်း မြန်မာ ရဟန်းတော်များ အနည်းစု သင်ယူနေကြတာတွေ တွေ့ခဲ့ရ တာကြောင့် အတိုင်းမသိ ၀မ်းသာရပါတယ်။ ဈေးဆိုင်၊ အထည်အလိပ်ဆိုင်၊ တိဗက်ရိုးရာ အမှတ်တရပစ္စည်းဆိုင်များ နဲ့ နိုင်ငံတကာ အဆင့်မီ ဟော်တယ်၊ စား သောက်ဆိုင်တွေ ပေါများတာကြောင့် တကယ်ကို နေချင့်စဖွယ် မြို့လေးပါပဲ။

ရာသီဥတု အခြေအနေ

မိုးရာသီမှာ နေ့ရော ညရော မပြတ်မိုးရွာလေ့ရှိတတ်ပြီး ဆောင်းတွင်းမှာတော့ ရေတွေအေးခဲလောက်အောင် ချမ်းစိမ့် တတ်ပါတယ်၊ ပတ်ဝန်းကျင် မြင်သမျှအရာအားလုံးကလဲ ထင်းရှုးပင်များ၊ ပင်လယ်ကဗွီးပင်များနဲ့ စိမ်းစို မှောင်ပိန်း နေတာ ကြောင့် မြူနှင်းများ အဆမတန်ကျပြီး လမ်းတွေကို မမြင်ရလောက်အောင်ဖြစ်တတ်ပါတယ်၊  နွေဦးရာသီ ပွင့်လင်းရာသီ ကတော့ အသင့်တော်ဆုံးလို့ ဆိုရပါမယ်၊

လေ့လာစရာအနေနဲ့တော့  ဒရိုင်းလားမားကြီး နေထိုင်တဲ့  ဘုန်းတော်ကြီးကျောင်းကို တောင်ပေါ်ဒေသ မှာ ကြီးကျယ် ခမ်းနားစွာ တည်ဆောက်ထားပြီး တိဗက်ဘုန်းတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ အများစု သီတင်းသုံးကြတယ်၊
နောက်တနေရာကတော့ Bhagsu Fall ဘက်ဂ်ဆူး ရေတံခွန် ပါ၊  မြင့်မားတဲ့ တောင်ကြားမှာ ကြီးမားလှတဲ့   ရေတံခွန်ကြီး ကို တွေ့ ရတာ အံ့သြစရာပါပဲ၊   

ဘာမှ လုပ်စားလို့ မရနိုင်တဲ့ နေရာဒေသတခုကို Tourist Attraction Site တခုအဖြစ် ပြောင်းလဲပြီး ကမ္ဘာ့အနှံ့အပြားက လူတွေ လာရောက်အောင် ဆွဲဆောင်နိုင်တဲ့ တိဗက်လူမျိုးတို့ရဲ့ ခေါင်းဆောင် ဘုန်းတော်ကြီး ဒရိုင်းလားမားရဲ့ အမြှော် အမြင်ကြီးမှု၊ စွန့်စားနိုင်မှုတွေကို ရင်ထဲကနေ အကြိမ်ကြိမ် ချီးကျူးမိ ရင်း ခေါင်းဆောင်ကောင်းတော့ ငှက်တသောင်း နားနိုင်တယ် ဆိုတဲ့ မြန်မာစကားပုံကို သတိရမိပြန်တယ်။

အော် သူတို့လဲ တရုတ်အဖိနှိပ်ခံ ပါပဲလား လို့ တွေးမိပြီး ကိုယ့်ဘ၀ကိုယ် သနားရမလား ? သူတို့ကို သနား ရမလား ? ဆိုတဲ့ အတွေးပေါင်းများစွာနှင့် …..  ကျွနုပ် ဆက်မတွေးလိုတော့ပါ …

နှုတ်ကတော့  စကားလေး သုံးခွန်းကို အကြိမ်ပေါင်းများစွာ ရွတ်နေမိတယ်..
 ဒုက္ခပ္ပတ္တာ စ နိဒုက္ခာ …
ဘယပ္ပတ္တာ စ နိဗ္ဘယာ …
သောကပ္ပတ္တာ စ နိေဿာကာ … ဟူ၍သာ …

မေတ္တာဖြင့်..
( ပန်းကမ္ဘာ )
Date. 23.Sep.2011
ဒရိုင်းလားမားကြီးက ခေတ်သစ် ရဟန်းတော်များကို ဒီလို ဒီလို သံဃာ့ပရိသတ် လူပရိတ်တွေကြား မှာ ခေါင်း စဉ်တစ်ခုပေး ပြီး ဆွေးနွေးတဲ့ Debate ပွဲတွေ အမြဲ လုပ်စေတယ်၊  အကြောင်းအရာတခုကို အမြင် အတွေးတွေ များစွာရစေပြီး နားထောင် သူတွေရော ပင်တိုင်ဆွေးနွေးသူတွေပါ ဗဟုဿုတတွေ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ Critical Thinking  ကို များစွာတိုးပွားစေပြီး ယနေ့ ဒရိုင်းလားမား တွေ တိဗက်တွေ ဘာကြောင့် ကမ္ဘာကျော်ရတယ် ဆိုတာ ဒီဘိတ်က တဖက်တလမ်းက ကျေးဇူးပြုနေတယ် လို့ ယုံကြည်မိပါတယ် ...
ဒီလို ရှိခိုးတာ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင်ပြည့်ရင် အပါယ်တံခါး ပိတ်တယ်လို့ ယုံကြည်ကြပါတယ်၊ တစ်ချို့လဲ သိန်းဂဏန်း ကျော်နေပြီး ဘယ်လို ပြောရမလဲ .. မသိတတ်တော့ ...
MINI Player ခေါ်တဲ့ ဒီဘီးတွေကို လက်ယာရစ် လှည့်ရင် ဥုံ မဏိ ပဒ္မေ ဟုံ ဂါထာကို ရွတ်တာနဲ့ အကျိုးအာနိသင် တူပါသတဲ့ ...
တောင်ပေါ် Dharamsalar မြို့ပေါ်က မြင်ကွင်းတစ်ခု 
အခုလို တောင်စောင်းမှာ ဖြစ်သလို နေကြပြီး မြူတွေလဲ အမြဲဆိုင်းနေတတ်တယ်
Bhagsu ဘက်ဂ်ဆူး ရေတခွန်ကို ရှည်လျားလှတာကြောင့် အဝေးကနေပဲ ရိုက်ဖြစ်ပါတယ်
မြူကင်းနေချိန်မှာ အမိအရ ရိုက်ဖြစ်လိုက်တာပါ၊ တောင်တက် တောင်ဆင်းနဲ့ တော်တော် ကျမ္မာရေး ကောင်းခဲ့တယ် လို့ ဆိုရပါမယ် ...
တိဗက်လူမျိုးနှင့် ဒရိုင်းလားမားကြီး အကြောင်းကို ဒီမှာလဲ လေ့လာနိုင်ပါသေးတယ် ..
ပို့စ်ရှည်ကြီးကို အချိန်ပေးဖတ်ရှုတဲ့  စာဖတ်သူများကို လေးစားလျက် ....

Wednesday, July 6, 2011

Traveler in Myanmar ( ကျောက်ဆည်၊ ဟံမြင့်မိုရ်၊ ရွာတော် )

ဒီတစ်ခါစာရေးသူ သွားရောက်ခဲ့တာကတော့ကျောက်ဆည်ဘက်က တောရွာလေးပါပဲ၊ အဲဒီမှာလဲ ဓမ္မဒူတ ခရီးရှိနေတာ ကြောင့် အစောတလျင် တစ်ညအိပ်ခရီး လှည့်လည်ခဲ့သေးတယ်၊  မန္တလေးဘက်ကနေ ရန်ကုန်အသွားလမ်းမကြီး အရှေ့ဘက်ရှိ ဟံမြင့်မိုရ်ရွာလေးကနေ အရှေ့တည့်တည့်ဆီကို သွားရင် မိနစ်အနည်းငယ်အတွင်း ရောက်နိုင်တဲ့ ရွာလေးပါ၊

ဟံမြင့်မိုရ်ရွာ ဆိုတာ တချိန်က သိပ်မစည်ကားပေမယ့် အခုတော့ ကျောက်ဆည်ကောင်းမှုနဲ့ တော်တော် စည်စည် ကားကားဖြစ်နေပြီ၊  ဟံမြင့်မိုရ်မှာနာမည်ကြီးတာက  သရက်ပင်ပေါက် မျိုးစုံကို ဈေးချိုချိုနဲ့ ၀ယ်ယူနိုင်တာပါပဲ၊  မချစ်စု၊ စိန်တစ်လုံး၊ သုံးလုံးတစ်တောင်၊  စသည်ဖြင့် အပင်ပေါက်တွေ လိုချင်သလောက် ၀ယ်ယူနိုင်တယ်၊ တစ်ပင်မှ ၂၀၀ ၊ ၃၀၀၊ ၅၀၀ ဆိုတာ အလွန်ဆုံးပေါ့၊ သရက်ခြံ စိုက်ပျိုးလိုသူများက အဲဒီကို တကူးတက သွားဝယ်ကြရတယ်။

စာရေးသူ ရောက်ခဲ့တဲ့ ရွာတော်ရွာမှာတော့ သရက်ခြံ စိုက်ပျိုးကြတယ်၊ သရက်သီးအကင်း တင်ချိန်ကြရင် မြို့ပေါ်မှ ပွဲစားများက ခြံပိုင်ရှင်များကို ခြံလိုက် ပုတ်ပြတ်ပေးပြီး တခြံလုံး အပင်ရေ ဘယ်လောက်အတွက် သိန်း၄၀၊ သိန်း ၅၀ ၊ စသည်စသည်ဖြင့် ၀ယ်ရောင်းလုပ်ကြတယ်၊ ခြံရှင်က ကြိုက်ရင်ရောင်းပေါ့၊ ဒါက ငွေအောင်းထားနိုင်သူတွေအတွက်ပါ၊ တော်တော် အားကျစရာ ကောင်းပါဘိ၊

နောက်ထပ် စိုက်ပျိုးလို့ ရတာက ငှက်ပျောခြံတွေပါ၊ နေရာတိုင်းမှာ ယာခင်းတိုင်းမှာ ငှက်ပျောခြံတွေ အများကြီးပဲ၊  မျက်စိတစ်ဆုံး ကြည့်လို့မ၀၊ ရှုလို့ မ၀တာ ငှက်ပျောခြံ သရက်ခြံတွေပဲ၊ အားရစရာ သိပ်ကောင်းတယ်၊ ဒီရွာလေးဟာ အိမ်ခြေ တစ်ရာကျော်လောက်သာ ရှိပေမယ့် စိုက်ပျိုးခြင်တာ မှန်သမျှ အားလုံး ရနိုင်တယ်၊ ရေခံ မြေခံ ကောင်းတယ် လို့ ဆိုရမယ်။

ငှက်ပျော၊ သရက်ခြံတွေသာ မကပဲ  ( ၆) လတစ်ကြိမ် ငွေပေါ်တဲ့ ခရမ်းချဉ်သီးစိုက်ခင်းများ၊ ငရုတ်သီးစိုက်ခင်းများ၊ စနွင်းတက် စိုက်ခင်းများနဲ့ နောက်ဆုံး စပါးစိုက်ခင်း၊ ပျိုးခင်းတွေ အားလုံးပေါင်းလိုက်ရင် အိုး ……….. စုံလင်နေတာပါပဲ၊ ဘာပဲ စိုက်စိုက် ရေခံလဲ ကောင်းတယ်၊ မြေတွေကလဲ ကောင်းတော့ စာရေးသူမှာ တောရွာလေးပေမယ့် သဘောကျနေလိုက်တာ၊ တဆက်တည်းမှာပဲ ကျန်တဲ့ ဒေသတွေ သိပ်မဖြစ်ထွန်းကြပေမယ့် အဲဒီ ဒေသလေးမှာတော့ေ တ်ာတော် ဟန်ကျနေကြတာကို ကြည့်ကာ တွေးရင်း တွေးရင်း ပီတိဖြစ်မိတယ်၊ မှတ်မိတာလေးတစ်ခုက ကျောက်ဆည် နယ် မှတ်ပုံတင် ကိုင်ထားရင်သွားလေရာမှာ  မရစ်ခံရပဲ ချောချောမောမော ဆိုပဲ၊  ရွာတော်ရွာက လူတွေ ကံကောင်း ကြပါပေတယ်။

ခရီးကြုံရင်း အဲဒီဘက်မှာ နာမည်ရနေတဲ့ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာန်းနည်းဖြင့် ညွှန်ပြေ နသော ကျောက်ဂူတောရ   ကျောင်းကိုလဲ လေ့လာဖြစ်သေးတယ်၊ အဲဒီကျောက်ဂူတောရ ရိပ်သာအနား မှာတော့ တောင်ချွန်းများပတ်လည် ၀ိုင်းနေ ပြီး တာင် ဘက်နား ဆီမှာ အိမ်ခြေထောင်ကျော် ရှိတဲ့  သံရွာကြီး ဆိုတာတည်ရှိတယ်။ တော်တော် ဘာသာရေး သာသနာရေး ကိုင်းရှိုင်းကြတဲ့ တောသူ တောသားတွေပါပဲ။

အော် အပြန်လမ်းခရီးမှာတော့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် အစွန်အဖျားက ရွာလေးတွေကို မျက်စိထဲ ပြေးမြင်လိုက်၊ ဒီဘက်က လူတွေကို ပြေးမြင်လိုက်နဲ့ လူချင်းတူပါလျက်ကယ်နဲ့ အဘယ့်ကြောင့်များ အကျိုးပေး မတူညီကြရတာပါလိမ့် ဆိုတဲ့ သုဘလုလင်အမေးကို မြတ်ဘုရားဖြေဆိုထားတာ သွားသတိရမိသေးတယ်၊ မြတ်ဘုရားကတော့ ကံချင်းမတူညီကြလို့ လို့ဖြေပေးတော်မူတယ်၊ တဆက်တည်းမှာ အတိတ်ကံချည်းပဲလား လို့ဆိုတော့ မဟုတ်ပြန်ဘူး၊ လက်ရှိပစ္စုပ္ပန်မှာ  နိုင်ငံရေး၊ စီးပွားရေး၊စတာတွေနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့  စဉ်းစားမိတယ်၊ ဒါက ဘာသာရေး ရှုထောင့်က ကြည့်မိတာပါ၊   နိုင်ငံရေး ရှုထောင့် စီးပွားရေးရှုထောင့်တွေကနေတော့ … အင်း…………..

ကျောက်ဆည်မြို့ပေါ်ကလူတွေက လမ်းကောင်းကောင်းနဲ့ ၂၄ နာရီ မီးထိန်ထိန်( လဘက်ရည်ဆိုင် စားသောက်ဆိုင် တွေများ မီးတွေ ထွန်းထားလိုက်တာ၊ နိုင်ငံခြားကဆိုင်တွေနဲ့ အပြိုင်အဆိုင်လို့ ထင်ရတယ်၊ မနာလိုချင်စရာ ကောင်းပေ မယ့် မုဒိတာပွားမိပါတယ်၊ ကျောက်ဆည်နယ်က လူတွေ အားလုံး ကံကောင်းကြပါပေတယ် ……… ……..

စိတ်ထဲမှာတော့ လင်္ကာလေးတစ်ကြောင်းက အလိုလို ပေါ်လာပြီး အကြိမ်ကြိမ် ရွတ်မိလျက်သားဖြစ်နေတယ် ….

ကိုယ့်ထက်သာလျင်၊ မုဒိတာဝင်၊ မ၀င် ဣဿာ၊ ယိုင်တတ်တယ်၊
ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

လူတိုင်းလူတိုင်း တူညီသော ချမ်းသာများ ကိုယ်စီ  ကိုယ်စီ ခံစားနိုင်ကြပါစေ လို့ ဆုတောင်းရင်း………….

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.6.Jul.2011

 စိမ်းစိမ်းစိုစို စပါးစိုက်ခင်းများကို မမြင်ရတာ ကြာနေလို့ အားရပါးရ ရိုက်ခဲ့မိတယ်
ငှက်ပျောခြံများမှာ သီးမွှေး၊ ဖီးကြမ်း ကြိုက်တာ ရနိုင်တယ်၊ တစ်ခိုင်လောက်ကတော့ ခြံတိုင်းက ပေးဖို့ ၀န်မလေးကြတာ အံ့သြစရာ၊ ဟိုဘက်က အပင်မြင့်ကြီးတွေက စိန်တစ်လုံး သရက်ခြံ ပါတဲ့၊ 
တောင်တွေ ပတ်လည် ၀ိုင်းနေတဲ့ မိုးကုတ်ဝိပဿနာ ကျောက်ဂူတောရ ရိပ်သာ ( ဘာအသံဗလံ မှ မကြားရတာ အေးချမ်းလိုက်ပါဘိ၊ နေပူဒဏ်က လွဲရင်ပေါ့လေ ) 

ရာသီဥတု ဘယ်လောက်ပူပူ၊ နေ့လည်နေ့ခင်းမှာ အပူဒဏ်ကို အံတုကာ ကြိုးစားအားထုတ်နေကြသော ယောဂီများကား ကြည်ညိုစရာပါပေ

 ဓမ္မကို ယုံကြည်အားထားကာ ဓမ္မလမ်းကြောင်းအတိုင်းသာ ကျင့်ကြံလိုက်နာပါက မဖြစ်နိုင်ဖူး ဆိုတာ မရှိစေရဘူး တဲ့၊ တောကြီး တောင်ကြီးထဲမှာ အလျား ပေ( ၁၀၀ ) နဲ့ အနံ ပေ ( ၇၀ ) ကျယ်ဝန်းသော ယောဂီများအတွက် ဓမ္မာရုံကြီး   ဆောက်လုပ်နေတာ အံ့သြစရာပါပဲ၊  ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ - တရားရှိသူကို တရားက   ပြန်လည်   စောင့်ရှောက်တယ် လို့ ဆိုထားတယ် မဟုတ်လား ...........
တောင်ကုန်းထိပ်မှာ ရှိနေတဲ့ ရိပ်သာထဲက သိမ် အဆောက်အဦး
သိမ်ကုန်းပေါ်ကနေ ကြည့်ရင် ရိပ်သာဝင်းကို ဒီလို မြင်နိုင်တယ်
သိမ်ရှိရာ တောင်ကုန်းပေါ်ကနေ အောက်ကို ကြည့်လိုက်တာ လွမ်းမောစရာ ဆိပ်အုပ်တစု၊ တွံတေးသိန်းတန် သီချင်းထဲက သာအေး တို့ စာဥ တို့များဖြစ်နေမလား လို့  သေချာကြည့်မိတာ တောင်ကုန်းက မြင့်လွန်းနေတော့ မှုန်ဝါးဝါးသာ မြင်ရတယ်၊ 
အားလုံး ကြားဖူးကြမှာပါ၊ ဗဒိုင်းသီး စားရင် ရူးတတ်သတဲ့။ သူ့ရဲ့ အပွင့် အရွက်တွေကို သုတ်စားရင်လဲ ရူးတတ်တယ် လို့ ဆိုပါတယ်၊ ဘာရယ်မဟုတ် လမ်းကြုံလို့  မမြင်ဖူးကြတဲ့ မြို့ကြီးသူ/ သားများအတွက် ဗဟုဿုတဖြစ်အောင် ရိုက်ခဲ့ပါတယ် ..
ဒါက သူ့ရဲ့အသီးပါ၊ ဂျပန်တို့ ကိုးရီးယားတို့က ထွက်ပေါက်မရှိအောင် စိတ်ညစ်နေတဲ့သူများ  ကိုယ့်ကိုယ်ကို သတ်သေမည့်အစား ဒါတွေများ ရှိရင် စားကြမလား မသိ၊  အော် ဗုဒ္ဓတရားတော်တွေကို နားကြားခွင့်မရှိကြတော့  ခက်ခဲလှတဲ့ လူ့ဘ၀အသက်ကို တန်ဖိုးရှိရှိ အသုံးမချတတ်ကြတာ သနားစရာပါပေ၊ ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်ကြရတာ ကံကောင်းကြတယ် လို့ ဆိုရမယ် 

 ခရမ်းချဉ်သီးတပိဿာ ( ကျပ် ၁၀၀ ) ဆိုလို့ ခြံရှင်တွေက မခူးပဲ ပစ်ထားကြသတဲ့၊ နိုင်ငံခြားကိုများ သယ်လာရရင် ဘယ်လောက်   ကောင်းလိမ့်မလဲ ..

 ဒီ ငရုတ်ခင်းထဲမှာတော့ မဖြစ်မနေ ဓာတ်ပုံ ရိုက်လိုက်မိတယ်၊ နိုင်ငံခြားမှာ ဒါမျိုး ရှုခင်းက တွေ့ရဖို့ မလွယ်ဘူးလေ၊ 
ဘယ်သူတွေ ဘာပြောပြော ဒီစပါးပျိုးခင်းကတော့ ကောင်းမြဲပဲ၊  ဒါကြောင့်ပြောတာ သူတို့ ကံကောင်းကြပါပေတယ် လို့ .........

Monday, July 4, 2011

Traveler in Myanmar ( မြစ်ကြီးနား ဖားကန့် မိုးကောင်း၊ နမ္မတီး )

မြန်မာပြည်မှာ ရှိနေစဉ်က  စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ ကချင် ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား နှင့်တကွ မိုးကောင်းမြို့ နမ္မတီးမြို့ ဖားကန့် လုံးခင်း နောက်ဆုံး အင်ဂျန်းယန်မြို့တွေ အထိ ဆွေမျိုးတွေရှိတာတစ်ကြောင်း ဓမ္မဒူတ ခရီးလဲ ကြုံနေတာမို့ ( အင်ဂျန်းယန် မြို့ကိုတော့ ဘုရားထီးတင်ကြောင့် ) ခဲခဲယဉ်းယဉ်းခရီးဆန့်ခဲ့ဖူးတယ်၊ အဲဒီဘက်တွေကို တော်ရုံ တန်ရုံ ဇွဲနဲ့တော့ ရောက်ဖို့မလွယ်ကူဘူး၊  ခရီးဝေးတာက တစ်ကြောင်း၊  ရာသီဥတု ကြမ်းတမ်းတာက တစ်ကြောင်း  ငှက်ဖျားရောဂါကို လန့်တာက တစ်ကြောင်း စသည် စသည့် အကြောင်းတွေကြောင့် နယ်ခံ လူတွေမှ တပါး တစ်စိမ်းလူ မရောက်ဖူးသေးတဲ့ လူတွေက ကြောက်ရွံ့နေတတ်ကြတယ်။

ဆောင်းတွင်းမှာ ရေတွေ အေးခဲနေတတ်သလို အိမ်တွေ သစ်ပင်တွေလဲ မိုးရွာထားသလို စိုရွှဲနေတတ်တယ်၊ စာရေးသူကတော့ ကြားဖူးထားတဲ့အတိုင်း နေရာဒေသအသစ် ကိုရောက်တိုင်းရေစိမ်းကို မသောက်မိစေနဲ့၊ ရေနွေးသောက် ရင် ဘာမှမဖြစ်ဘူး လို့ သိနေတော့ ကြောက်စိတ် မရှိခဲ့၊ တော်ပြီပေါ့ တပတ်မှာ ၂ ရက် သို့မဟုတ် ၃ ရက်လောက် ရေချိုး နိုင်ရင် နည်းသလား။

မြန်မာနိုင်ငံမြေပုံရဲ့ အထက်ဖျား ချွန်ချွန်လေးတွေနားအထိ ခရီးဆန့်ခဲ့ရတယ် ဆိုတော့ တွေးမိတိုင်း ကျေနပ်နေမိသလို နာမည်ကျော် မေခ မလိခ မြစ်ဆုံဒေသ ကိုလဲ ရောက်ဖူးခဲ့တာ ပျော်စရာပဲလို့ ဆိုရမယ်၊ ၀မ်းနည်းစရာ ကောင်းတာက အခုချိန်မှာ ဘယ်သူမှ သွားပိုင်ခွင့် မရှိတော့ဘူး၊ ကချင်သောင်းကျန်းသူတွေက အဲဒီဒေသမှာ ရေအားလျပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေတာကို ဗုံးခွဲဖျက်ဆီးနေပါတယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ။

မေခ မလိခမြစ်ဆုံ ဒေသမှာ နာမည်ကြီးတာက ကချင်ခေါင်ရည်ပဲ၊ အတူပါလာကြတဲ့ မောင်ကျောင်းသား တွေတော့ ကချင်ခေါင်ရည်စစ်စစ် သောက်ချင်ပါတယ်ဆိုပြီး ရေမရောပဲသောက်လိုက်ကြတာ ကျွမ်းကိုထောင်နေ တာပဲ၊    ကောက်ညှင်း ဆန်နဲ့ မွှေးမွှေးလေး သိပ်ကောင်းတယ် ဆိုပဲ၊ မြစ်ဆုံဒေသ   ချောင်းထဲမှာရှိတဲ့ ကျောက်ခဲလေးတွေကလဲ ထူးထူးဆန်းဆန်း အလုံးလေးတွေပဲ ရှိတယ်၊ ပြားချပ်ချပ်တွေ မရှိကြဘူး၊ ခရစ်ယာန် ကချင်လူမျိုးတွေ ပေါများတဲ့ ဒေသကို သွားရတာဆိုတော့ ရှားရှားပါးပါး ဗုဒ္ဗဘာသာအနည်းစုက ဘုန်းကြီးမြင်တိုင်း လိုက်လံ မိတ်ဖွဲ့ပြီး စကားပြောကြတာ ခေါင်းရမ်းလိုက် ရီနေလိုက်နဲ့ ပျော်စရာကောင်းပြီး ချစ်စရာဓလေ့လေးတွေပါပဲ။ သို့ပေမယ့် ကချင်စကား မတတ်တာ ကတော့ တော်တော် အူကြောင်ကြောင် နိုင်တယ်လို့ ဆိုရမယ်၊

မေခ မလိခမြစ်ဆုံဒေသဟာ မြစ်ကြီးနားကနေ သုံးဘီးဆိုင်ကယ်လေးတွေနဲ့ သွားရင် နေ့ချင်းပြန်ရောက်နိုင် တယ်၊ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ဆိုလျင်တော့ ကျောင်းသူကျောင်းသားတွေနဲ့ တော်တော် စည်ကားတယ် ပြောရမယ်၊  မြစ်ကြီးနားရောက်ရင် ရောက်အောင် သွားသင့်တဲ့ ဒေသတစ်ခုပါ။

တစ်ဆက်ထည်းမှာ ဖားကန့် မြစ်ကြီးနား လမ်းခွဲလို့ ဆိုရမယ့် မိုးကောင်းမြို့မှာ  ဆွေမျိုးတွေ ရှိတာကြောင့် တည်းခိုဖြစ်ခဲ့တယ်၊ မိုးကောင်းမြို့ဟာ  အထက်ပိုင်းရဲ့ အချက်အချာနေရာလို့ ဆိုရမယ်၊ မန္တလေးကနေ လာရင် ဖားကန့်ကို သွားလိုသူများက မိုးကောင်းဘူတာကို ဆင်းပြီး ခရီးဆက်ရတယ်၊ မြစ်ကြီးနားကို သွားလိုရင်တော့ ရထားကို ဂိတ်ဆုံးထိ ဆက်စီးနိုင်တယ်။ နယ်မြို့ဖြစ်တာနဲ့ အညီ တရုပ်ပစ္စည်း အိန္ဒိယပစ္စည်းတွေ၊ လိုင်ဇာဘက်က အထည်မျိုးစုံ၊ ဂွမ်းကပ်စောင် မျိုးစုံ သိပ်ပေါတဲ့မြို့ပေါ့။ အဲဒီမှာ အရင်ခေါက်တွေက နှံ့နှံ့စပ်စပ် ရောက်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တရားပွဲရှိတာကြောင့် တန်ခိုးကြီးဘုရားတွေနဲ့ တည်ဆောက်ဆဲ နှီးဘုရားကြီးလောက်ပဲ ရောက်ဖြစ်တော့တယ်။

မိုးကောင်းမြို့ကနေ ဖားကန့်ကို တက်လိုသူများဟာ ဗင်ကားနဲ့ လူတစ်ယောက်အတွက် ငွေ ၄ သောင်းခွဲပေးပြီး တက်နိုင်သလို သူ့ထက်တဆင့်နိမ့်တဲ့  ဖိုးဝီး ခေါ် ဘော်ဒီမြင့် ဟိုင်းလပ်ကားတွေနဲ့လည်း  ၂ သောင်းပေးပြီး သွားနိုင်ပါ တယ်၊ ကားစီးချိန် ၈ နာရီနီးပါးကြာပေမယ့် ဗင်ကားအတွက်တော့ ၆ နာရီလောက် မောင်းရတယ်၊ လမ်းကြမ်းသလား မမေး နဲ့၊ စားပြီးသားအစားအစာ အားလုံး အကုန်ကျေတာပဲ။

ဒါပေမယ့် မရောက်ဖူးတဲ့ ဒေသတစ်ခုကို ရောက်ရတာမို့ ဒေသန္တရဗဟုဿုတတွေ အများကြီး ရပါတယ်။ အထူးသဖြင့် အဲဒီဘက်တွေမှာ ပိုက်ဆံကို လွယ်လွယ်ရှာ၊ လွယ်လွယ်သုံးပြိး လွယ်လွယ်မွဲတေကာ ဘ၀ ပျက်စီးသွားသူတွေ ဒု နဲ့ ဒေးပဲ။ မကောင်းမှု မှန်သမျှ အကုန်ရတယ်လို့ ဆိုနိုင်တယ်၊ ဘာလိုချင်သလဲ ရေရှိဖို့သာ လိုတယ်လို့  သိရတယ်။ ဆိုင်ကယ် ကားတွေ ဘာမှ လိုင်စင် မရှိကြဘူး၊ အခုတော့ စနစ်ပြောင်းသွားပြီလား မသိ။

ဖားကန့် မိုးကောင်းပြီးတော့ နမ္မတီးမြို့ကို ရောက်ခဲ့တယ်၊ အဲဒီမှာ အမှတ်တရ ဖြစ်စေတာက နမ္မတီး ငါးဖယ်ချင်က တော်တော်နာမည်ကြီး သတဲ့။ စစ်ကိုင်း မန္တလေး မုံရွာတို့ကနေ သေချာ မှာယူရတယ် လို့ သိရတယ်။ နောက်ထပ် တစ်မျိုးက ကောက်ညှင်းနဲ့ လုပ်တဲ့ ခေါပုပ်ပါ။  အထက်ပိုင်းဒေသတွေမှာ  မနက်ပိုင်း ချမ်းချမ်းစီးစီး ၀ိုင်းဖွဲ့ မီးလှုံပြိး  ခေါပုပ် ကို မီးကင်ပြီး စားလေ့ရှိကြတယ်၊ ခေါပုပ် တခုကုန်အောင် စားထားရင် မနက်စာ ဘရိတ်ဖတ်အတွက် ပြီးပြီ လုံလောက်ပြီ၊ ကိုယ့်မှာတော့ တစ်ခုကုန်အောင် မနည်းစားယူရတယ်။   

ခေါပုပ် လုပ်နည်း
ကောက်ညှင်းဆန်တွေကို  ထမင်းအိုးထဲ ထည့်ပြီး ပြစ်နိုင်သမျှ ပြစ်အောင် ရေကို လျော့ထည့်ကာ  ထမင်းချက်သလို ချက်ရပါတယ်၊ ရေနွေးပွက်လာပြီး ကောက်ညှင်းဆန်တွေ ပွတက်လာရင် ၀တ်ဆံ မကျန်လောက်တော့ဘူး သေချာပါက အိုးထဲမှ ထုတ်ကာ ကြေနိုင်သမျှ ကျေညက်အောင် ထုနှက် ထောင်းရတယ်၊ ပြီးရင်တော့ ဆီအနည်းငယ်ထည့်၊ ဆား ထည့်၊ ဟင်းချိုမှုန့် ထည့်ကာ ကိုယ်လိုချင်တဲ့ အရွယ်အစားအလိုက် မုန့်လုပ်ရတယ်။ စာရေးသူတို့ ပြန်တော့မယ် ဆိုတော့ နမ္မတီးက ရှမ်းမတွေက လတ်လတ်ဆတ်ဆတ်ဖြစ်အောင် လုပ်ပေးကြတယ်၊ ကောက်ညှင်းဆန် ၂ ပြည်သားကြီးတောင် ( ဆန်ဖြူ၊ ဆန်ညို တပြည်စီ ) တော်တော် သဒ္ဓါတရားကောင်းကြတဲ့ ရှမ်းမတွေ၊  ဒီမှာ မနိုင်မနင်း သယ်ယူခဲ့ရတာကို အခုထိ သတိရနေသေးတော့ ………..
 မိုးကောင်းမြို့မှ အထွက် ဖားကန့်သွားရာ လမ်းတွင် တည်ဆောက်ဆဲဖြစ်သော မိုးကောင်းမြို့ ကျက်သရေဆောင် နှီးဘုရားကြီး
တည်ဆောက်ဆဲ နှီးဘုရားကြီး အ၀င်မုဒ်ဦး
နှီးဘုရားကြီး တည်ရှိရာ ယာယီ အဆောင် 

နှီးဘုရား ပရ၀ုဏ်ကို အဝေးမှ တွေ့မြင်ရပုံ 

မနက် ၁၀ နာရီ ၁၁ အထိ နှင်းမကွဲသေးတဲ့ မိုးကောင်း နမ္မတီးမြို့ကြားက  နိုင်လွန် ကတ္တရာလမ်း( ဒါကြောင့်  အစာကြေတာ ဖြစ်မယ် ) နှမြောစရာ ကောင်းတာက မေခ မလိခမြစ်ဆုံဒေသက ဓာတ်ပုံတွေနဲ့ ဖားကန့်ဒေသက ဓာတ်ပုံဖိုင်တွေကို သယ်မလာမိဘူး၊ မြန်မာပြည်မှာပဲ ကျန်ခဲ့တယ်၊ ) 

နမ္မတီးမြို့က ဗုဒ္ဓဘာသာ ရှမ်းမိသားစုတစ်စု ၏ နေ့ဆွမ်း အလှူဒါန( ရှမ်းစာ ဗမာအစားအစာ စုံသွားတာပဲ )
ခေါပုတ် ကို ကောက်ညှင်းဆန် ပြုတ်ပြီးရင် ဒီလို ထောင်းရတယ်၊ တစ်ယောက်ညောင်းရင် နောက်တစ်ယောက်၊ လူတိုင်းက စားချင်ကြတယ်၊ ထောင်းရမှာတော့ မလွယ်ရေးချ၊ မလွယ်၊  ဆောင်းတွင်းကြီးကို ချွေးပြန်နေအောင် ထောင်းရတာ မသက်သာလှ၊

ထောင်းပြီးရင် ကိုယ်ကြိုက်တဲ့ ဆိုက်ကို လုပ်နိုင်တယ်၊ ကြီးမလား သေးမလား ကြိုက်သလောက် ရတယ်
 ရှမ်းမလေးတွေရော ဗမာမတွေရော တက်ညီ လက်ညီ 
ထောင်းတဲ့နေရာမှာတင် မက၊ ဒီလိုနေရာတွေမှာလဲ အားကိုးရတယ်
စုပေါင်းလုပ်အားနဲ့ မနိုင်မနင်း သယ်ခဲ့ရတဲ့ ခေါပုတ်များ 
ပြီးရင်တော့ နောက်ဆုံးအဆင့် သေသေချာချာ ဖက်နဲ့ထုပ်တယ်၊ ဒါတွေကတော့ ကချင်ပြည်နယ် နာမည်ကြီး ခေါပုတ်လေးတွေပါ၊ ၊ မကြိုက်တတ်သူများကိုတော့ ကိုယ်ချင်းစာလို့ မကျွေးတော့ပါဘူး ၊ 
ကြိုက်တတ်သူများ စိတ်ကြိုက် စားနိုင်ကြပါစေ .......  .......