ပြီးခဲ့တဲ့ (၈)လပိုင်းမှာ တလနီးနီး အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်မှာ ရှိနေစဉ် မြတ်ဘုရား ၏ မဟာသတိ ပဋ္ဌာန်သုတ် ကို ဟောကြားခဲ့ရာကုန်းတော် အပါအ၀င် ဒေလီမြို့ ၀န်းကျင်အားလုံး ဒေသစာရီ ဘုရားဖူး ခရီး ထွက်ဖြစ်ခဲ့ပြီး မွန်ဘိုင်းကို မပြန်ခင်မှာတော့ နောက်ဆုံး ခရီးစဉ်အဖြစ် တိဗက်လူမျိုးအများစု နေထိုင်ကြရာ ဓရမ်စလာ Dharamshala Mountain City လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးဆီကို လေ့လာရေးခရီး ထွက်ဖြစ်ခဲ့ပါတယ်။
ဓရမ်စလာ ဆိုတာ ပါဠိလို ဓမ္မသာလာ ( ဓမ္မ- တရားဟောရာ၊ သာလာ- ဇရပ်၊ အဆောက်အဦး) ကနေ ဆင်းသက် လာတယ်လို့ ထင်မှတ်ရတယ်၊ သ-ကို roman သံနဲ့ဖတ်လိုက်တော့ ဓရမ်စလာ ဖြစ်လာတယ် ထင်ပါရဲ့၊ မြို့ဆိုသော်လည်း မြန်မာနိုင်ငံ ကျိုက်ထီးရိုးလို တောင်စောင်း တောင်ကမူတွေ ပေါများတဲ့ နေရာဒေသတစ်ခု၊ Dhauladhar ဓာလဒါ လို့ ခေါ်တဲ့ တောင်စောင်း၊ တနည်းအားဖြင့် စီးပွားရေးအဖြစ် စိုက်ပျိုးရေးအဖြစ် ဘာမှ လုပ်စားလို့မရနိုင်တဲ့ တောင်ကြို တောင်ကြားမှာ တည်ထားတဲ့ တောင်ပေါ်မြို့လေးပါ၊ တိဗက်လူမျိုး၊ ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု စတာတွေ ရှိနေသော်လည်း ကိုယ်ပိုင်နိုင်ငံ ဒေသရယ်လို့ သီးခြားမရှိကြတဲ့ တိဗက်လူမျိုးတွေမို့ သနားစရာလို့ ဆိုရမှာပါ၊
ဘာဖြစ်လို့လဲ ဆိုတော့ အရင်က တိဗက်လူမျိုးတွေ နေထိုင်တဲ့ နေရာတွေအားလုံးကို မိတ်ဆွေတဖြစ်လဲ ရန်သူကြီး တရုတ်နိုင်ငံက အတင်း အဓမ္မသိမ်းပိုက်လိုက်တာမို့ နေစရာမရှိကြတဲ့ သူတို့ကို အိန္ဒိယအစိုးရက နေရာတခုပေးပြီး refugee camp အနေနဲ့ ထားခဲ့တယ်၊ အဲဒီ အဖိနှိပ်ခံ စစ်ပွဲမှာ တိဗက်လူမျိုးပေါင်း တစ်သန်းလောက် သေဆုံးကြရတယ်လို့ ဆိုပါတယ်၊ စာရေးသူအထင်တော့ အဲဒီပမာဏက များလွန်းနေတယ်လို့ ယူဆမိတယ်၊ ဘုန်းကြီးကျောင်းပေါင်း ၆ ထောင်ကျော်လဲ ဖျက်ဆီးခံခဲ့ရတယ်၊ တိဗက်တွေဟာ မဏိပူ၊Manipur တြိပူ၊Tripura အာသံ၊Assam နီပေါ၊ Nepal မြန်မာ တို့နဲ့ နီးတာကြောင့် ရုပ်ရည် မျက်နှာများ ကလဲ မြန်မာ လူမျိုး နဲ့ တော်တော်ဆင်ကြတယ်၊ အသားအရေ၊ အရပ်အမောင်းက အစ အကုန်တူပါတယ်၊
သမိုင်းထဲက Dharamshala
တိဗက်လူမျိုးတွေမှာ ထူးခြားချက်က လူမျိုးစုတစ်ခုလုံးကို ဘုရားအလောင်း အမည်ခံ မဟာယာန နည်းနည်း ရောထွေးနေသော ဘုန်းတော်ကြီးများက အုပ်ချုပ်လေ့ရှိတာကြောင့် ကမ္ဘာ့ရဲ့ တခုတည်းသော ဘုန်းကြီးအုပ်ချုပ်တဲ့ လူမျိုးစုတွေလို့ ဆိုနိုင်ပါတယ်၊ ဘာသာရေးကို အထူးကိုင်းရှိုင်းကြသလို ခင်မင်နှစ်လိုဖွယ် မျက်နှာထားများနဲ့ သိပ်ဖော် ရွှေကြတယ်၊ တိဗက်လူမျိုးတွေနဲ့ ပက်သက်ပြီး ရိုက်ကူးထားတဲ့ Seven years in Tibet ဆိုတဲ့ ဇာတ်ကားဟာ ကမ္ဘာ ကျော်ဇာတ်ကားလို့ ဆိုရမှာပါ။
အရင်က တိဗက်လူမျိုးတွေဟာ နိုင်ငံခြားသားတွေကို လုံးဝလက်ခံလေ့မရှိခဲ့ဘူး၊ သို့သော်လည်း အင်္ဂလန်က သုတေသန ပြုလို ကြသော တောင်တက်သမား အဖွဲ့ကနေ ခွဲထွက်လာတဲ့ သူနှစ်ယောက်ဟာ အမှတ်မထင် တိဗက်နယ်မြေကို ရောက်လာ ပါသတဲ့။
အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့ ၁၄ ဆက်မြောက် ခေါင်းဆောင် ဒရိုင်းလားမား Dalai Lama ဟာ (၈)နှစ်သားအရွယ်သာ ရှိနေသေးတယ်၊ dalai ဒရိုင်း ဆိုတာ မွန်ဂိုလီယားဘာသာအရ သမုဒ္ဒရာ လို့ အဓိပ္ပါယ်ရပြီး lama လားမားဆိုတာကတော့ တိဗက်တို့က teacher လို့ပဲ ဘာသာပြန်ကြတယ်၊ အိန္ဒိယအသုံးအနှုံးနဲ့ခေါ်ရရင် guru ဂုရုကြီး လို့လဲ ခေါ်ဆိုနိုင်ပါတယ်၊ နောက်ပိုင်းမှာ အဆိုပါ အင်္ဂလန်သားနှစ် ယောက်ထဲမှာ တယောက်က တိဗက်မိန်းကလေးနှင့် ရေစက်ပါခဲ့တယ်။
နောက်တစ်ယောက်ကတော့ ဒရိုင်းလားမားအလျောင်းအလျာလေးကို ဥရောပအကြောင်း၊ ကမ္ဘာ့မြေပုံ များအကြောင်း၊ အင်္ဂလိပ်စာများနဲ့ အထွေထွေရေးရာများကို နှစ်များစွာ သင်ပေးခွင့်ရခဲ့ရာက နိုင်ငံခြား သားများနှင့် သံတမာန်ရေးအရ အမြဲ အဆက်သွယ်ရခဲ့တယ်လို့ သိရတယ်၊ ထိုအချိန်က ဒရိုင်း လားမားလေးကို စာသင်ပေးခဲ့ရသူဟာ Heinrich Harrer ဆိုတဲ့လူငယ်ဖြစ်ခဲ့ပြီး ယနေ့အထိ သက်ရှိ အနေနဲ့ ဗြိတိန်မှာ ရှိနေခဲ့တယ်၊ ရှစ်နှစ်အရွယ် ဒရိုင်းလားမား ဘုန်းကြီးလောင်း လျာ လေးကတော့ ယနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင် နိုဗယ်ဆုရှင် ဒရိုင်းလားမားကြီးပါပဲ။
ဒရိုင်းလားမားလေးဟာ တရုတ်က သိမ်းပိုက်အပြီး တတ်နိုင်သမျှ သည်းခံနေခဲ့သော်လည်း ၁၇ ရာစုနှောင်းပိုင်း ( 1959 ) ခုနှစ်မှာ နေထိုင်ရာမြို့တော် Lhasa လာဆာကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ခိုလှုံခဲ့ရတယ်၊ ခေါင်းဆောင် ရွှေ့ပြောင်းတော့ နောက်လိုက် ပြည်သူတွေပါ ပြောင်းရွှေ့ကြရင်းက ယနေ့ ဓရမ်စလာ ဆိုတာ ဖြစ်လာခဲ့တာပါပဲ။
ဒရိုင်းလားမား ကြီးဟာ 1989 ခုနှစ်မှာ The Noble Peace Prize Of The World ဆိုတဲ့ဆုကို လက်ခံရယူပြီး ကမ္ဘာ့ငြိမ်း ချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်၊ ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံ တောင်တန်းများ ကြားက ဓရမ်စလာ မြို့မှာ သီတင်းသုံးနေထိုင်ပြီး ဥရောပ အမေရိက စတဲ့ ကမ္ဘာ့နိုင်ငံများကို မကြာခဏ ကြွရောက်ပြီး ကုလသမဂ္ဂ ညီလာခံ အထိ နေရာပေးခံနေရသူပါ၊ ကျေးဇူးရှင်တဖြစ်လဲ သူငယ်ချင်း ဖြစ်သူ ဟိမ်းရစ် ဟာရာ နဲ့လဲ အဆက်သွယ် မပြတ်ခဲ့ဘူး။ ယနေ့ခေတ်မှာ မြန်မာဘုန်းတော်ကြီးများကို အနောက်နိုင်ငံများမှ မသိရှိ ကြသော်လည်း တိဗက်လူမျိုးနဲ့ ဘုန်းတော်ကြီး ဒရိုင်းလားမားကိုတော့ လူတိုင်းနီးပါး က သိရှိနေကြပြီ ဖြစ်ပါတယ်။
ဘာသာရေး ယုံကြည်မှု
တိဗက်လူမျိုးတို့ဟာ ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက မြောင်းပိုင်းဗုဒ္ဓဘာသာ မဟာယာနအမည်ခံ ဖြစ်ခဲ့ပြီး ကိုးရီးယား ဂျပန် တရုတ် ဟောင်ကောင် မွန်ဂိုလီးယားနိုင်ငံတို့လို ဘာသာတူ ကိုးကွယ်ခဲ့တယ်၊ သိက္ခာပုဒ်တွေကို ပြင်ချင်တာ ပြင်တယ်၊ နှုတ် ချင်တာ နှုတ်တယ်၊ ဒါကြောင့် သူတို့ ဘုန်းကြီးတွေကို လူတွေ ဒကာ ဒကာမတွေက သိပ်ပြီး လေးစားကြည်ညိုတာ မတွေ့ခဲ့ ရဘူး၊
ကိုးကွယ်မှုအနေနဲ့ အ၀လောကိတေသရ Avalokiteshvara ဘုရားအလောင်းကို ယုံကြည်ကြပြီး “ ဥုံ မဏိ ပဒ္မေ ဟုံ ” OM MANI PADME HUM ဆိုတဲ့ ဂါထာမန္တန်ကို ကြိမ်ဖန်များစွာ ရွတ်ဆိုရင် ကုသိုလ်ရပါသတဲ့။ မဏိ- ပတ္တမြားရတနာသည်၊ ပဒ္မေ- ပဒုမ္မာကြာပန်း၌၊ ဟုံ -ဖြစ်ပေါ်ပါစေ၊ ဂါထာကတော့ ဒီလောက်ပါပဲ၊ တိုက်ရိုက်အဓိပ္ပါယ်က “ ပတ္တမြားရတနာ နှင့် တူသော မြတ်စွာဘုရားသည် ပဒုမ္မာကြာပန်းမှ ပေါ်ပေါက်လာ သလိုပဲ အကျွနုပ်ရဲ့ နှလုံးသားထဲမှာလဲ ဗောဓိဥာဏ်သည် ရင့်သန်ပါစေ ” ဆိုတဲ့ အဓိပ္ပါယ်ပါ၊ နောက်ဆုံးဆန်းစစ်ကြည့်တော့ ပတ္တမြားဆိုတာ သူတို့ဒေသမှာ အမြတ်ဆုံးရတနာ လို့ သိရတယ်၊ အဲဒါနဲ့ ဘုရားကို တင်စားလိုက်တယ် ထင်ပါတယ်။
သူတို့ရဲ့ ဘာသာရေး အယူအဆမှာတော့ ဘုရားရှင်ကို အကြိမ်ပေါင်းများစွာ ရှိခိုးနိုင်လေ၊ ပိုပြီး ကံကောင်းလေ လို့ ဆိုပါတယ်၊ အမြဲတမ်း ပါးစပ်က ဘုရားစာတခုခုကို ရွတ်ဖတ်နေတတ်ပြီး တချို့လဲ ပုတီးစိပ် နေတတ်ပြန်တယ်၊ ဘာသာ ရေးယုံကြည် ချက်အနေနဲ့ လူတိုင်းဟာ နောင်တချိန်မှာ ဘုရားဖြစ်ပြီး ကျွတ်တမ်းဝင်ရမှာပါ တဲ့။
သူတို့ ရှိခိုးနည်းက တကိုယ်လုံးကို ၀မ်းလျားေ မှာက်ပြီး အားရပါးရ ရှိခိုးကြတယ်၊ တချို့ဒကာ ဒကာမတွေ ရှိခိုးနေကြတာ နာရီဝက်၊ တနာရီ ကြာအောင် ရှိခိုးကြတယ်၊ ချွေးတွေ ရွှဲစိုနေပါစေ၊ ရှိခိုးတာကိုတော့ မလျော့သောဇွဲနဲ့ ရှိခိုးနေကြတာကြောင့် သူတို့အစား မောမိပါရဲ့၊ အဲလို ရှိခိုးတာ အကြိမ်ပေါင်း ၈၄၀၀၀ ပြည့်ရင် အပါယ်မကျတော့ဘူး လို့ ယူဆလေ့ရှိကြတယ်၊ တချို့များ အကြိမ်ပေါင်း သိန်းချီရှိနေပြီ ဘယ်လိုလူက အာမခံပေးမလဲ ဆိုတာ စဉ်းစားစရာပါပဲ။ ( ဗုဒ္ဓဂါယာ ဘုရား ဖူး ရောက်ဖူးသူများ သူတို့ ရှိခိုးနည်းကို မြင်ဖူးကြပါလိမ့်မယ် ) သူတို့ကို ကြည့်ရင် အော် သဒ္ဓါတရားကေ တာ့ ကောင်း လိုက်ကြတာ - သို့သော်လည်း အသိဥာဏ် ပညာ မပါလေတော့ လူတွေအားလုံး သိပ်ပင် ပန်းကြရတယ် လို့ ကရုဏာ ပိုရပြန်တယ်။
ယနေ့ခေတ် Dharamshala
ဓရမ်စလာ မြို့လေးဟာ နယူးဒေလီ မြို့တော်ကနေ ( ၅၈၂ ) ကီလိုမီတာ ကွာဝေးပြီး တညအိပ်ခရီးသွား ရတယ်၊ တောင် ခြေ မှာ အောက်ပိုင်း ဓရမ်စလာမြို့ဆိုတာ ရှိပြီး အဲဒီမှာတော့ စီးပွားရေး ဖွံ့ဖြိုးတယ်လို့ ဆိုရပါမယ်၊ ဒရိုင်းလားမားကြီး သီတင်းသုံး တာကတော့ အထက်ပိုင်း ဓရမ်စလာ မြို့တော်မှာပါ၊ တောင်ပေါ်မြို့မှာတော့ နိုင်ငံခြားသား တိုးရစ်များ နိုင်ငံပေါင်းစုံမှ လာရောက်လေ့လာနေတာ နွေမိုးဆောင်း ရာသီအားလုံး မပြတ်ပါဘူး၊ ဒါကြောင့် အဲဒီဒေသလေးကို Tourist Attraction အနေနဲ့ လူသိများကြတယ်၊ လာကြတဲ့ Foreigner အများစု ကလည်း ၂ လ ၃ လအနည်းဆုံး နေလေ့ရှိကြပြီး English grammar, Speaking Class အများကြီးကို စေတနာ့ဝန်ထမ်း volunteer အနေနဲ့ အခကြေးငွေ မယူပဲ သင်ပေး ကြတယ်၊
ဘုန်းကြီး၊ သီလရှင်၊ လူဝတ်ကြောင် မည်သူမဆို အခမဲ့ လေ့လာသင်ယူနိုင်တယ်၊ ကြိုက်သလောက် နှစ်ပေါက် ချီနေပြီးလဲ သင်ယူနိုင်တယ်၊ နေစရိတ်၊ စားစရိတ်လောက် အကုန်ခံနိုင်ရင် အဲဒီလို နေရာမျိုးမှာ သင်တန်းပေါင်းများစွာကို တက်ရောက်နိုင်တယ်၊ အထူးသဖြင့် အခုချိန်မှာလည်း မြန်မာ ရဟန်းတော်များ အနည်းစု သင်ယူနေကြတာတွေ တွေ့ခဲ့ရ တာကြောင့် အတိုင်းမသိ ၀မ်းသာရပါတယ်။ ဈေးဆိုင်၊ အထည်အလိပ်ဆိုင်၊ တိဗက်ရိုးရာ အမှတ်တရပစ္စည်းဆိုင်များ နဲ့ နိုင်ငံတကာ အဆင့်မီ ဟော်တယ်၊ စား သောက်ဆိုင်တွေ ပေါများတာကြောင့် တကယ်ကို နေချင့်စဖွယ် မြို့လေးပါပဲ။
ရာသီဥတု အခြေအနေ
မိုးရာသီမှာ နေ့ရော ညရော မပြတ်မိုးရွာလေ့ရှိတတ်ပြီး ဆောင်းတွင်းမှာတော့ ရေတွေအေးခဲလောက်အောင် ချမ်းစိမ့် တတ်ပါတယ်၊ ပတ်ဝန်းကျင် မြင်သမျှအရာအားလုံးကလဲ ထင်းရှုးပင်များ၊ ပင်လယ်ကဗွီးပင်များနဲ့ စိမ်းစို မှောင်ပိန်း နေတာ ကြောင့် မြူနှင်းများ အဆမတန်ကျပြီး လမ်းတွေကို မမြင်ရလောက်အောင်ဖြစ်တတ်ပါတယ်၊ နွေဦးရာသီ ပွင့်လင်းရာသီ ကတော့ အသင့်တော်ဆုံးလို့ ဆိုရပါမယ်၊
လေ့လာစရာအနေနဲ့တော့ ဒရိုင်းလားမားကြီး နေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းကို တောင်ပေါ်ဒေသ မှာ ကြီးကျယ် ခမ်းနားစွာ တည်ဆောက်ထားပြီး တိဗက်ဘုန်းတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ အများစု သီတင်းသုံးကြတယ်၊
နောက်တနေရာကတော့ Bhagsu Fall ဘက်ဂ်ဆူး ရေတံခွန် ပါ၊ မြင့်မားတဲ့ တောင်ကြားမှာ ကြီးမားလှတဲ့ ရေတံခွန်ကြီး ကို တွေ့ ရတာ အံ့သြစရာပါပဲ၊
ဘာမှ လုပ်စားလို့ မရနိုင်တဲ့ နေရာဒေသတခုကို Tourist Attraction Site တခုအဖြစ် ပြောင်းလဲပြီး ကမ္ဘာ့အနှံ့အပြားက လူတွေ လာရောက်အောင် ဆွဲဆောင်နိုင်တဲ့ တိဗက်လူမျိုးတို့ရဲ့ ခေါင်းဆောင် ဘုန်းတော်ကြီး ဒရိုင်းလားမားရဲ့ အမြှော် အမြင်ကြီးမှု၊ စွန့်စားနိုင်မှုတွေကို ရင်ထဲကနေ အကြိမ်ကြိမ် ချီးကျူးမိ ရင်း ခေါင်းဆောင်ကောင်းတော့ ငှက်တသောင်း နားနိုင်တယ် ဆိုတဲ့ မြန်မာစကားပုံကို သတိရမိပြန်တယ်။
အော် သူတို့လဲ တရုတ်အဖိနှိပ်ခံ ပါပဲလား လို့ တွေးမိပြီး ကိုယ့်ဘ၀ကိုယ် သနားရမလား ? သူတို့ကို သနား ရမလား ? ဆိုတဲ့ အတွေးပေါင်းများစွာနှင့် ….. ကျွနုပ် ဆက်မတွေးလိုတော့ပါ …
နှုတ်ကတော့ စကားလေး သုံးခွန်းကို အကြိမ်ပေါင်းများစွာ ရွတ်နေမိတယ်..
ဒုက္ခပ္ပတ္တာ စ နိဒုက္ခာ …
ဘယပ္ပတ္တာ စ နိဗ္ဘယာ …
သောကပ္ပတ္တာ စ နိေဿာကာ … ဟူ၍သာ …
မေတ္တာဖြင့်..
( ပန်းကမ္ဘာ )
Date. 23.Sep.2011
ဒရိုင်းလားမားကြီးက ခေတ်သစ် ရဟန်းတော်များကို ဒီလို ဒီလို သံဃာ့ပရိသတ် လူပရိတ်တွေကြား မှာ ခေါင်း စဉ်တစ်ခုပေး ပြီး ဆွေးနွေးတဲ့ Debate ပွဲတွေ အမြဲ လုပ်စေတယ်၊ အကြောင်းအရာတခုကို အမြင် အတွေးတွေ များစွာရစေပြီး နားထောင် သူတွေရော ပင်တိုင်ဆွေးနွေးသူတွေပါ ဗဟုဿုတတွေ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ Critical Thinking ကို များစွာတိုးပွားစေပြီး ယနေ့ ဒရိုင်းလားမား တွေ တိဗက်တွေ ဘာကြောင့် ကမ္ဘာကျော်ရတယ် ဆိုတာ ဒီဘိတ်က တဖက်တလမ်းက ကျေးဇူးပြုနေတယ် လို့ ယုံကြည်မိပါတယ် ...
ဒီလို ရှိခိုးတာ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင်ပြည့်ရင် အပါယ်တံခါး ပိတ်တယ်လို့ ယုံကြည်ကြပါတယ်၊ တစ်ချို့လဲ သိန်းဂဏန်း ကျော်နေပြီး ဘယ်လို ပြောရမလဲ .. မသိတတ်တော့ ...
MINI Player ခေါ်တဲ့ ဒီဘီးတွေကို လက်ယာရစ် လှည့်ရင် ဥုံ မဏိ ပဒ္မေ ဟုံ ဂါထာကို ရွတ်တာနဲ့ အကျိုးအာနိသင် တူပါသတဲ့ ...
တောင်ပေါ် Dharamsalar မြို့ပေါ်က မြင်ကွင်းတစ်ခု
အခုလို တောင်စောင်းမှာ ဖြစ်သလို နေကြပြီး မြူတွေလဲ အမြဲဆိုင်းနေတတ်တယ်
Bhagsu ဘက်ဂ်ဆူး ရေတခွန်ကို ရှည်လျားလှတာကြောင့် အဝေးကနေပဲ ရိုက်ဖြစ်ပါတယ်
မြူကင်းနေချိန်မှာ အမိအရ ရိုက်ဖြစ်လိုက်တာပါ၊ တောင်တက် တောင်ဆင်းနဲ့ တော်တော် ကျမ္မာရေး ကောင်းခဲ့တယ် လို့ ဆိုရပါမယ် ...
တိဗက်လူမျိုးနှင့် ဒရိုင်းလားမားကြီး အကြောင်းကို ဒီမှာလဲ လေ့လာနိုင်ပါသေးတယ် ..
ပို့စ်ရှည်ကြီးကို အချိန်ပေးဖတ်ရှုတဲ့ စာဖတ်သူများကို လေးစားလျက် ....
Thank you very much for your sharing.
ReplyDelete