Sunday, August 30, 2009

လူ့ သဘော

မမြတ် ယုတ်မာ၊
လူတို့ရွာကား၊
ရာဂုမ္မတ္တက စသည်အပြား၊
ရှစ်ပါးရူးမျိုး နွားနှယ် သိုးလျက်၊
လိုဆိုး ယစ်မိုက်၊ အပျော်လိုက်၍၊
ကိုယ်၌ ကုသိုလ် ကောင်းမှု့ကိုလျင်၊
မလိုစအား သားမယားနှင့် ၊
ပျော်ပါးလေ့ကျက် ဆောင်းတွင်းကြက်သို့ ၊
နံနက် ညနေ မြဲမသွေလျှင်၊
အသေနီးစွာ တသက်လျာမျှ၊
ပျော်ရာ နည်းလျက် ခဏတွက်ကို ၊
တမက်တမော်၊ မေ့လျှက်ပျော်၏ ။ ။

မဃဒေ၀။ ပိုဒ်ရေ - ၁၁၁

လူ့ သဘော

မမြတ် ယုတ်မာ၊
လူတို့ရွာကား၊
ရာဂုမ္မတ္တက စသည်အပြား၊
ရှစ်ပါးရူးမျိုး နွားနှယ် သိုးလျက်၊
လိုဆိုး ယစ်မိုက်၊ အပျော်လိုက်၍၊
ကိုယ်၌ ကုသိုလ် ကောင်းမှု့ကိုလျင်၊
မလိုစအား သားမယားနှင့် ၊
ပျော်ပါးလေ့ကျက် ဆောင်းတွင်းကြက်သို့ ၊
နံနက် ညနေ မြဲမသွေလျှင်၊
အသေနီးစွာ တသက်လျာမျှ၊
ပျော်ရာ နည်းလျက် ခဏတွက်ကို ၊
တမက်တမော်၊ မေ့လျှက်ပျော်၏ ။ ။

မဃဒေ၀။ ပိုဒ်ရေ - ၁၁၁

သူ့ အလွမ်း

ရမ္မက်ဟုန် အစွဲရင့်သူမို့
မခွဲချင့် နိုင်ပြီ။
ပုလဲပွင့် ခိုင် ရတီငယ်
ယိုင်မတည် လေတော့
ခင့်တွက်ကြောင့် ပွေနှောက်ပါတယ်
သွေဖောက်ကာ ပျောင်းနွဲ့ပြီနော့ ။
တာဝတိန့် နန်းချက်ဗွေမှာ
စန်းလက်ဝေေ၀ ကြော့
သန်းမျက်ဖြေ ကေဖော့ငဲ့
မပြေတော့ မောင့်မှာ
ချိတ်နှင့် စာ ဆို့ရှာ ငါးလိုပ
ကိုယ့်ညာဖွား ခင့်ရဲ့ တွယ်တာ။
ပြန်ဆုတ်လို့ မရပါပြီ
လှကညာ ချစ်သွေးငဲ့ ။
ခေတ်ရှေးနဲ့ မောင့်မှာ မတူ
နှောင့်ဗျာ အပူ။
လှကျေးမြင့် မြဒါရူငယ်
ကြွလာကူ မူကြောင်း ပလေး။ ။

ပဉ္စသီခနတ်သားက သူရိယ၀စ္ဆသာနတ်သမီးကို လွမ်းလွန်းလို့ သီချင်းဖွဲ့ဆိုထားတာပါ၊
ကိုယ်တိုင်တော့ မဆိုတတ်သေးပါဘူး၊
ဒါပေမယ့် သူ ဆိုရကျိုးနပ်ပါတယ် - သူချစ်တဲ့ သူကို ပိုင်ဆိုင်နိုင်ခဲ့တယ်၊

Tuesday, August 25, 2009

သက္ကရာဇ် ရှင်းတမ်း

မေး။ အရှင်ဘုရား မဟာသက္ကရာဇ် အသုံးအနှုံး နဲ့၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊ ခရစ်နှစ်၊ အေဒီ ဘီစီ , ၁၂ ရာစု- ၁၉ ရာစု ၁၀၀ သက်တမ်း ၇၅ နှစ်သက်တမ်း ဆိုတဲ့ အသုံးအနှုံးတွေကို တပည့်တော် တို့ စာပေ တွေ ထဲမှာ တွေ့နေ ရပေမယ့် နားမလည်ပဲ မျက်စိလည်နေပါတယ် ဘုရား၊ အရှင်ဘုရား အချိန်ပေးနိုင်ပါက ဖြေကြားပေးစေလိုပါတယ် ဘုရား၊

ကိုထွန်းထွန်း ( မန်း )

ဖြေ၊ ဒကာထွန်းရေ၊ တကယ်သိလိုတယ် ဆိုတော့လဲ အချိန်ပေးပြီး ဖြေကြားရမှာပေါ့၊ အမှန်တကယ် သိသင့်တဲ့မေးခွန်းပါ၊ ဒါကြောင့် တပိုဒ်ချင်း ဖြေကြားပါ့မယ်။

မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊

( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက်လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊ နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊

ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊

နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာသာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊

အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊

ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆၀ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊

ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( ၁၁၈၂ နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၂၅၃ )

ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊

A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )

ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )

ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊

၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀၀ ရောက်ရင် ၂ ရာစု၊ ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်တဲ့ အတွက် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစု လို့ ပြောဆို နေကြတာပါ၊

ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန်ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊

သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာ ကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀၀ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀၀ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊

ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေတာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။

ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊ ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊

အပ္ပမာဒေန သမ္ပာဒေထ -- -

အားကျမိသော ထိုမထေရ်

မြန်မာ့ သာသနာ့ သမိုင်းတွင် ထင်ရှားကျော်ကြားတော်မူခဲ့ကြသော ဗန်းမော် ဆရာတော် အရှင် ပဏ္ဍိတ၊ သင်္ဂဇာ ဆရာတော်အရှင် အဂ္ဂဓမ္မ၊ သုဓမ္မာ ဆရာတော်အရှင် သုဇာတ၊ တောင်တော် ဆရာတော် အရှင်မာလာ၊ ရှမ်းကလေးကျွန်း ဆရာတော်အရှင် နန္ဒ နောက်ဆုံး ရွှေကျင် ဂိုဏ်းကြီးကို အဦးအစ တည်ထောင်တော်မူခဲ့သော အာဒိကမ္မိက ရွှေကျင်ဆရာတော် ဘုရားကြီး အရှင် ဇာဂရ စသော သာသနာပြု ဆရာတော် အများအပြားကို မွေးထုတ်ပေးတော်မူခဲ့သော ဆရာတော်တပါး ရှိခဲ့ပေသည်၊

ထိုဆရာတော်ကား ရွှန်းတက်ရွာ ဇာတိဖြစ်ပြီး ၁၁၄၈ ခုနှစ်တွင် ဖွားမြင်တော်မူသည်၊ ရှင်ဘုရင် အကိုးကွယ်ခံ စာတတ်ပေတတ် ကျန်းဂန်နံ့စပ် ကျွမ်ကျင်တော်မူသောဆရာတော်ဖြစ်ပြီး ရွှေဘိုမြို့၏ အနောက်မြောက်ရွန်း သီးလုံးရွာ၌ သီတင်းသုံးနေတော်မူသောကြောင့် သီးလုံးဆ၇ာတော် ဟု အမည်တွင်လေ၏။

သီးလုံး ဆရာတော်နှင့် ဆရာတူတပည့် ပညာသင်ဘက်သူငယ်ချင်း ဖြစ်သော အရှင်ခေမာသည် စာပေ တတ်မြောက်အောင် ဦးစွာ သင်ကြားပြီးနောက် တောရကျောင်း၌သာ အမြဲနေ၍ ရဟန်းတရားကို ထက်ထက်သန်သန် အားထုတ်လေ့ရှိပြီး ရံခါ သီးလုံးဆရာတော်ထံလာကာ တရားဆွေးနွေး လေ့ ရှိ၏၊

သီးလုံးဆရာတော်အား တောထွက်၍ တရားအားထုတ်ရန်လည်း မကြာခဏ တိုက်တွန်းပြောကြားလေ့ရှိသောကြောင့် သီးလုံးဆရာတော်သည် ကြီးမားလှသော အခြံအရံ ပရိသတ်တို့ကို ရှောင်ရှားကာ တောရ ဆောက်တည်ဖြစ်ပေသည်၊ ပုံမှန်အားဖြင့် ရှင်ခေမာသည် ကင်းတောရမှ သီးလုံးဆရာတော် ထံသို့ နေ့ချင်းပြန်အားဖြင့် တလ နှစ်ကြိမ် သုံးကြိမ်လာကာ တရားဆွေးနွေးလေ့ရှိ၏။

တနေ့သော အခါ ထုံးစံအတိုင်း အခြေအတင် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ရှင်ခေမာ ပြန်ကြွသောအခါ ဆရာတော်သည် မိမိကိုယ်တိုင် ကျောင်းဝင်းမှလူ နှစ်ခေါ်လောက်အရောက်ထိ လိုက်ပို့မြဲ ဖြစ်သည့်အတိုင်း ထိုနေ့မှာ လည်း လိုက်ပို့တော်မူလေသည်၊

ပို့မြဲနေရာရောက်လျင် ရှင်ခေမာက “ သီးလုံး ဆရာတော် ကောင်းမြတ်သော ၀ီရိယ သတိဖြင့် သာသနာတော်မှာ နေရစ်ပေတော့ “ ဟု ပြောကြားနှုတ်ဆက်ပြီး သင်္ကန်းကို ခါယောင်ပြုလိုက်ရာ ထန်းပင် နှစ်ပင် ခန့် အမြင့်ထိ ကောင်းကင်သို့ တက်သွားပြီးလျင် ကောင်းကင်မှာရပ်ပြီး သီးလုံးဆရာတော် နေရစ်ပေတော့ ဟု ဆိုကာ ကြွသွားတော်မူလေသည်၊

ဆရာတော်ကား ကောင်းကင်သို့ ကြည့်ရှု့ ငေးမော နေရင်းပင် တပည့် သာမဏေတပါးရောက်လာမှ သတိရကာ ငါတို့များ သီးလုံး သီးလုံးနဲ့ မင်းအကိုးကွယ်ခံ ဆရာတော်ဖြစ်နေပြီး ဘာအသုံးမှ မကျဘူး၊ ကိုခေမာတို့များ သာသနာတော်နှင့် ကြုံတွေ့ရကျိုး နပ်ပါပေသည်၊ ဟု ပြောဆိုပြီး ကျောင်းတွင်းသို့ ပြန်ကြွတော် မူလေ၏။

နံနက် လင်းတော့မှ အရှင်ခေမာ ပျံလွန်တော်မူပြီ ဟု ဒကာများက လာရောက်လျောက်ထားကြရာ ဆရာတော် ကိုယ်တိုင်ကြွပြီး ( ၇ ) ရက်အတွင်း ပြီးစီးအောင် မီးသဂြိုလ် လိုက်လေသည်။ ဆရာတော်ကား ထိုကာလမှစပြီး ယခင်ကထက် ထက်သန်စွာ ရဟန်းတရားကို အားထုတ်တော် မူလေ၏။

တခါသော် ပဉ္စမ သင်္ဂါယနာတင် ဘ၀ရှင် မင်းတုန်းမင်းတရားကြီးသည် ဆရာတော်၏ ပရိယတ် ပဋိပတ် အရည်အချင်းကို စုံစမ်းသိရှိလိုသောကြောင့် အခြားဆရာတော်များကိုချဉ်းကပ်၍ စုံစမ်းပေးတော်မူကြပါရန် လျောက်ထားရာ ဆရာတော် အများက သင်္ဂဇာ ဆရာတော်ကို တာဝန်ပေး စေလွှတ်သဖြင့် သီးလုံးဆရာတော်ရှိရာ ခက်သင်ရွာ တောရကျောင်းသို့ သွားရလေ၏။

ရွာသို့ရောက်သောအခါနံနက်ခင်းအချိန်ဝယ်သီးလုံးဆရာတော်ကိုဖူးမျှော်ခွင့်ရပြီးမေးလျောက်သောပရိယတ်ပဋိပတ်ဆိုင်ရာပြဿနာများကိုဒန်ပူသတ်နေဆဲမှာပင်ဖြေကြားတော်မူလေသည်၊

မေးလျောက်ပြီးနောက် သင်္ဂဇာ ဆရာတော်က ပြန်မည် ဟု လျောက်ထားသောအခါ “ သင်္ဂဇာ ခက်သင်ရွာက ဆွမ်းစားပင့်ထားသည်၊ ဆွမ်းစားပြီးမှ ပြန်ပါလေ “ ဟုမိန့်တော်မူသည်။ ယခု ခက်သင်ကို ဘာနှင့် လာခဲ့ သလဲ ဟုမေးရာ လှေနှင့် ကူးလာခဲ့ ပါသည် ဘုရား၊ အေး ဒါဖြင့် လှေနှင့်ပဲ ကူးသွားနှင့်လေ ဟုမိန့်သောကြောင့် လှေနှင့် စော စီးစွာ ကူးသွားနှင့်လေသည်၊

သင်္ဂဇာ စီးလာသော လှေကား ခက်သင်ရွာသို့ မဆိုက်မီ သီးလုံးဆရာတော်သည် ခက်သင်ရွာ လှေဆိပ်၌ သင်္ကန်းရုံတော်မူနေလေပြီ။ ၊ခက်သင်ရွာသည် ဆရာတော်ကြီး၏ ခေတ္တ သီတင်းသုံးရာ နေရာ ဖြစ်ပြီး ခက်သင်ရွာ နှင့် တောရကျောင်း အကြား၌ ချောင်းခြားလျက်ရှိပေသည်။

တနေ့သောအခါ အရွယ်တော် အိုမင်းနေပြီဖြစ်သော သီးလုံးဆရာတော်ဘုရားကြီးကို နွေရာသီ ညဉ့်အခါ တောရကျောင်းနှင့် ဝေးလံလှသော ရေကန်၌ ရေသုံးသပ်တော်မူနေသည်ကို ရေချိုးသွားသော ကပ္ပိယ လူသူတော် တွေ့မြင်ရသဖြင့် ဆရာတော်ကြီး ဘယ်ကဲ့သို့ ကြွလာလေသနည်း စဥ်းစားနေစဉ် ဆရာတော်ကြီးသည် ရေသုံးသပ်ပြီး ပြန်ကြွတော်မူခါနီး၌ “ သူတော် ငါ အသက်ထင်ရှားရှိနေသမျှ မည်သူ့ကိုမျှ မပြောရ “ ဟု နှုတ်ပိတ်တော်မူပြီးလျင် ကောင်းကင် ခရီးဖြင့် ကျောင်းသို့ ပြန်ကြွတော်မူသည် ဟု ဆရာတော်ကြီး ပြန်လွန်တော်မူမှ လူသူတော်က ပြောပြကြောင်း သိရလေ၏။

တနေ့သော် ရှိန်းမကား မြို့ဝယ် သိမ်သမုတ်ရန် ကိစ္စအတွက် စစ်ကိုင်း မန္တလေး မင်းကွန်း စသော မြို့ရွာ တို့မှ ထင်ရှားသော ဆရာတော်များ ကြွလာကြရာ သီးလုံးဆရာတော်အား တရားချီးမြှင့် ပါရန် ဆရာတော်အားလုံးက လျောက်ထားတောင်းပန်ကြသောကြောင့်သီးလုံးဆရာတော်သည် ဟောကြား၇န် ၀န်ခံတော်မူပြီနောက်

တရားဟော ရမည် ဆိုပါ လျင် မိမိသဘောကျ အားထုတ်နေကျ နှလုံးသွင်းနေကျ တရားကိုသာလျင် ဟောမည် ဟု မိန့်ကာ အနာဂါမိ မဂ် ဖိုလ် တိုင်အောင် ၀ိပဿနာ ရှု့ပုံ၊ ဥာဏ်ဖြစ်ပုံ၊ မဂ်ဖိုလ် ဆိုက်ေ၇ာက်ပုံ ဖလသမာပတ် ၀င်စားပုံတို့ကို စီကာပတ်ကုံး ဟောကြားတော်မူလေသည်၊

အမှန်တကယ်အားဖြင့် သာသနာသည် ဆုတ်ကပ်ကာလ ရောက်နေသော်လည်း ဇွဲ လုလ္လ ထက်သန်စွာဖြင့် အားထုတ်ပါက သန္ဒိဋ္ဌိက မျက်မှောက်အကျိုးကျေးဇူးကို ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်၊ ထို့ကြောင့် မြတ်စွာဘုရားက ရွှေကို မီးနှင့် အထပ်ထပ် စမ်းသပ်ပြီးမှ အစစ်ဟုတ် မဟုတ် လက်ခံရသလို ငါဘုရားရဲ့ တရားတော်တွေကိုလဲ စိတ်ကြိုက် စမ်းသပ်ပါ၊ လေ့လာပါ၊ ပြီးမှ လက်ခံယုံကြည်စွာ အားထုတ်ပါ၊ သင်တို့တတွေ မုချ အကျိုးကျေးဇူးခံစားရပါလိမ့်မယ်၊ လို့ ဟောကြားထားခဲ့တာ ဖြစ်ပါတယ်၊

မိမိ နှင့် တကွ သူတော်ကောင်းတို့ တတွေလဲ သာသနာနှင့် တွေ့ကြုံခိုက်ယုံကြည်စွာအားထုတ်ပြီး သတိသံဝေဂ ဖြင့် အခွင့်ကောင်းကို ရယူကြပါစို့လို့ တိုက်တွန်း အားပေးတိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ ။