Tuesday, August 30, 2011

လူတိုင်းနှင့် စပ်ဆိုင်သော ဓာတ် ( ၁၈ ) ပါးအကြောင်း

ဓာတ် ၁၈ ပါးနှင့် ပက်သက်၍ စိတ်ဖြစ်စဉ် အခံဓာတ်၊ အတိုက်ဓာတ်၊ အပွင့်ဓာတ် များကို သိလိုပါသည် ဟု ဦးရည်မွန် ကမေးလာပါသည်၊ ဤကဲ့သို့ နက်နဲသော အဘိဓမ္မာမေးခွန်းများကို စာရေးသူအနေနဲ့ နားလည်တတ် ကျွမ်းသည်တော့မဟုတ်ပါ၊ သို့သော် လည်း  သိလို၍ မေးလာသောကြောင့် လက်လှမ်းမှီသလောက် ဥာဏ်မှီသလောက်   ဖြေကြား လိုက် ပါသည်၊
                                                                                                       
အခံဓာတ်များ                   အတိုက်ဓာတ်များ              အပွင့်ဓာတ်များ                                                    
စက္ခုဓာတ်                       ရူပဓာတ်                         စက္ခုဝိညာဏဓာတ်
သောတဓာတ်                   သဒ္ဒဓာတ်                        သောတ၀ိညာဏဓာတ်
ဂန္ဓဓာတ်                         ဂန္ဓဓာတ်                         ဃာန၀ိညာဏဓာတ်
ဇိဝှါဓာတ်                         ရသဓာတ်                        ဇိဝှါဝိညာဏဓာတ်
ကာယဓာတ်                     ဖောဋ္ဌဗ္ဗဓာတ်                    ကာယ၀ိညာဏဓာတ်
မနောဓာတ်                      ဓမ္မဓာတ်                         မနောဝိညာဏဓာတ်

အခုလို သရုပ်များကို ခွဲပြထားသည်မျှနှင့် မေးခွန်းရှင် မေးထားသောစကားက လုံလောက်နေပြီ ထင်ပါသည်၊ သို့သော်ငြား ဘယ်လို အခံဓာတ်ဖြစ်တယ်၊ ဘယ်လိုကြောင့် အတိုက်ဓာတ် ဖြစ်ရတယ်၊ ဘယ့်ကြောင့် အပွင့်ဓာတ် ဖြစ်ကြတယ် စသည် များကို သိထားပါမှ မှတ်ရလွယ်ကူပြီး ရှင်းလင်းစွာ နားလည်နိုင်ပါမည်။ ထို့ကြောင့် ဓာတ်သဘောတရားများ ဖြစ်ပုံကို ဆက်လက် တင်ပြလိုပါသည်။

ဓာတ် မည်ခြင်းအကြောင်း
လူတိုင်း လူတိုင်း သတ္တ၀ါကိုယ်စီရဲ့ ခန္ဓာကိုယ်တိုင်းမှာ ဓာတ် ( ၁၈ ) ပါးကိုယ်စီရှိနေကြပါသည်၊ သို့ပါသော် လည်း ငါက တော့ ကောင်းတဲ့ ရူပါရုံ ဆိုတဲ့ ဓာတ်သဘောလေး  ဖြစ်ချင်တယ်ကွာ၊  သာယာ ချိုမြတဲ့ သဒ္ဒါရုံ အသံဓာတ်လေး ကြားချင် တယ်ကွာ၊ အနံ့ကောင်းကောင်း၊ အရသာကောင်းကောင်း၊ အတွေ့အထိ အာရုံ နုးနုးညံ့ ညံ့လေးကိုပဲ တွေ့ထိ ခံစားချင်တယ် ဆိုပြီး တောင့်တနေလို့ မရနိုင်ပါဘူး၊ မျက်စိကလဲ သူမြင်ချင်ရာ မြင်မှာပဲ၊  နားကလဲ သူကြားချင်ရာ ကြားမှာပဲ၊ နှာခေါင်းကလဲ သူအနီးအနားက အနံ့ရှုမိမှာပဲ စသည်ဖြင့် လူရဲ့ အလိုကို မလိုက်ပဲ သူမြင်ချင်သလို မြင်၊ သူကြားချင်သလို ကြား၊ သူ နံချင်သလို နံ အားဖြင့် ဘယ်သူ့ မျက်နှာမျှ မလိုက်ပဲ  ဖြစ်နေသော  သဘောတရားကို  ပါဠိလို ဓာတု မြန်မာလို( ဓာတ် သဘော ) လို့ ခေါ်ဆိုကြပါတယ်။

နောက်ပိုင်းမှာ ကိုယ့်စိတ်တိုင်းကျ ရူပါရုံကောင်းကောင်း၊ သဒ္ဒါရုံကောင်းကောင်း ၊ စတာတွေကို တမင်တကာ ဖန်တီးယူပြီး ခံစားတာမျိုးလဲ ရှိတတ်ကြပါတယ်၊  အဲဒီမှာလဲ မြင်နေတဲ့ အခိုက်အတန့်လေး၊ ကြားနေတဲ့ အခိုက်အတန့်လေးကို  အပွင့်ဓာတ် လို့ခေါ်ရတာပါ။ နောက်မှ အာရုံကို အကြောင်းပြုပြီး တက်မက်တဲ့ လောဘစိတ်၊ စိတ်ဆိုးတဲ့ ဒေါသစိတ် တွေ ဖြစ်လာတာကတော့ ဓာတ်သဘောအဆင့်ကို ကျော်ပြီး နောက်က မနသိကာရ ဆိုတဲ့ နှလုံးသွင်းတဲ့ အဆင့်ကို ရောက်သွား တာကြောင့် အင်း ဒါလေးကတော့ လှလိုက်တာ၊ ဒါလေးကတော့ ကြားရတာ တော်တော် သာယာတာပဲ၊  ဒီအနံ့ ကြီးက တော်တော် ဆိုးပါတယ် စသည် ဖြစ်သွားကြတာ ပေါ့။

အခံ၊ အတိုက် ၊ အပွင့်ဓာတ်များ ခေါ်ဆိုရကြောင်း

နားလည်လွယ်အောင် လူတိုင်းနားလည်ထားတဲ့ ပထမဆုံး  ရူပါရုံအကြောင်းကို ရှင်းကြည့်ပါမယ်၊

၁။ အဆင်း ရူပါရုံ လှလှ ကောင်မလေးတစ်ယောက်ကို မြင်မိခိုက်မှာ ကောင်မလေးဆိုတဲ့ ရူပါရုံဟာ အတိုက်ဓာတ်ပါပဲ၊
၂။ သူ့ကို မြင်နိုင်တာက မျက်စိထဲမှာ ရှိနေတဲ့ မျက်ကြည်လွှာ ( မျက်နက်လွှာ ) ကလေးက မြင်နိုင်တာ ဖြစ်တဲ့အတွက် ကြောင့် အဲဒီ မျက်ကြည်လွှာထဲမှာ စက္ခုပသာဒ ဆိုတဲ့ စက္ခုဓာတ်က ရှိနေပြီးသားပါ၊ ဒါကြောင့် မြင်တာကိုခံယူရတဲ့ စက္ခုဓာတ်ကို အခံဓာတ် လို့ မှတ်ရပါမယ်။
၃။ တတိယအနေနဲ့  ကောင်မလေးကို မြင်လိုက်တဲ့ အချိန်အခိုက်အတန့်လေး ( တနည်းအားဖြင့် ) ရူပါရုံ နဲ့ စောစောက စက္ခုဓာတ် တို့ ဆုံမိစဉ် တခဏလေးကိုပဲ အပွင့်ဓာတ်လို့ ခေါ်ရပါတယ်၊  လွယ်လွယ်မှတ်ချင်ရင်တော့  အတိုက်ဓာတ်  နဲ့ အခံဓာတ် ဆုံမိစဉ်အခိုက်အတန့်လေးကို စက္ခုဝိညာဏဓာတ်  အပွင့်ဓာတ် လို့ ခေါ်ကြတာပါ၊

ဒီတစ်ခုကို နားလည်သဘောပေါက်သွားရင် နောက်ဓာတ်သဘောများကိုလဲ သဘောပေါက်နိုင်ပါပြီ၊ ဒီလိုပါပဲ သီချင်း ကောင်းကောင်းလေးကို ကြားနေရင် အဲဒီသီချင်းသံသည် အတိုက်ဓာတ်ပဲ၊ ကြားလိုက်ရတဲ့ နားထဲက သောတပသာဒရုပ် ဆိုတဲ့ သောတဓာတ်သည် အခံဓာတ် အလိုလို ဖြစ်သွားတယ်၊ ကြားတာနဲ့ တပြိုင်နက်ထည်းမှာ သောတ၀ိညာဏဓာတ် အပွင့်ဓာတ် ဆိုတာ ဖြစ်သွားပြီ၊ နောက်မှ ဒီသီချင်းလေးက တော်တော်ကောင်းတာပဲ ဆိုပြီး မှတ်ချက်ပေးတာမျိုးကတော့ ဓာတ်သဘောကို ကျော်လွန်သွားပြီလို့ ဆိုရမှာပါ။

ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး ၊ ၀ိညာဏ်ခြောက်ပါးစီအားဖြင့် လူတိုင်းခန္ဓာကိုယ်မှာ သဘာဝအတိုင်း ရှိနေကြသော ကြောင့် ( ၆ = ၃ လီ ၁၈ ) ဆိုပြီး ၁၈ ပါး ဖြစ်လာရပါတယ်၊  အလွယ်မှတ်လိုရင်လည်း  အာရုံ ၆ ပါးသည် အတိုက်ဓာတ်၊  ဒွါရ ၆ ပါး သည် အခံဓာတ်၊  ၀ိညာဏ် ၆ ပါးသည် အပွင့်ဓာတ် ဆိုပြီး မှတ်နိုင်ပါတယ်။

ဒီလောက်ဆိုလျင် အတန်အသင့် ပြည့်စုံစွာ နားလည်နိုင်မည်ဟု ယူဆပါသည်။ အဘိဓမ္မာအကြောင်းကို ဆက်လက် လေ့လာ လိုပါကလည်း ပျံလွန်တော်မူသွားပြီဖြစ်သော အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်သီလာနန္ဒာဘိဝံသ ၏  အဘိဓမ္မာသင်တန်းပို့ချချက် များ စာအုပ်ကို ( ပထမတွဲမှ ပဉ္စမတွဲ အထိ ) ငါးအုပ်ကို ဒီစာမျက်နှာ မှာ   ဒေါင်းလုပ်ဆွဲကာ  လေ့လာနိုင်ပါသည်။ စာရေးသူ နှစ်ခြိုက်သော ယင်းစာအုပ်များကို လေ့လာ လိုသူများ လွယ်ကူစေရန် လင့်နှင့် တကွသတင်းကောင်းပါးလိုက်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 30.Aug.2011

Sunday, August 28, 2011

စတုတ္ထအကြိမ်မြောက် ဓမ္မစာအုပ်များ လှူဒါန်းမှုမှတ်တမ်း

၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွက် သာသနာလင်္ကာရ သာမဏေကျော်စာသင်သားကိုရင်များအား လိုအပ်ရာရာ စာအုပ်များ လှူဒါန်းခြင်း အစီအစဉ်ကို  ၈ လပိုင်း ( ၂၂ ) ရက်နေ့ကျမှ အားလုံးပြီးမြောက်အောင်မြင်စွာ ပေးလှူဖြစ်ခဲ့ပါတယ်။ စာရေး သူအနေနဲ့ ဒီလအတွက် လှူဒါန်းဖို့ကို လဆန်းကတည်းက မြန်မာပြည်ကို ဆက်သွယ်ခဲ့ပေမယ့် ၅ ရက် တိတိ အဆက် သွယ် မရခဲ့ပါဘူး၊ နောက်ပိုင်းလှူဒါန်းမည့်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို တိုက်ရိုက် ဆက်သွယ် နိုင်ခဲ့ပြီး ပေးလှူနိုင်ခဲ့ပါတယ်။

ဒုတိယအဆင့်အနေနဲ့ လိုအပ်တဲ့ စာအုပ်စာရင်းများကို မန္တလေးအထိ လှမ်းမှာယူပြီး၊ ပိဋကတ်သုံးပုံ အလုံးစုံအတွက် စာအုပ်ရေ ( ၄၀ ) တိတိကို အလှူရှင်နာမည်များနှင့်တကွ ကမ္ဗည်းတင် ရေးထိုးနိုင်စေရန် စောင့်ဆိုင်းရတာက တပတ် တိတိကြာမြင့်ခဲ့ပါတယ်။ နောက်သံဃာတွေ တကယ်လိုအပ်နေတဲ့ စာအုပ်များနှင့် စုပေါင်းကာ စာအုပ်ရေ ( ၁၀၀ ) ကျော်ကို မှာယူပြီးကာမှ ရည်စူးထားသော ရှမ်းပြည်နယ်တောင် ပိုင်း ၊ ဟိုပုံးမြို့ပေါ်ရှိ သာသနာလင်္ကာရ ကျောင်းတိုက် ဆီကို ပါဆယ်ထုပ်များထုပ်ကာ ကားဂိတ်များမှ တဆင့် ပို့စေကာ အဆင့်ဆင့် အခက်အခဲများကို ဖြတ်ကျော်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတလအတွက် အလှူရှင်များကတော့ ဘရူနိုင်းနိုင်ငံမှ  မယ်တော်ကြီး ဒေါက်တာဒေါ်သက်သက်နွယ် ( ဒါနသီရိ လင်္ကာအသင်း )  နှင့် တူမ ဒေါက်တာ ဒေါ်အေးအေးချို တို့မှ ဒီလအတွက် ပါဝင်လှူဒါန်းလိုပါတယ် လို့ လျောက် ထားခဲ့တာ ကြောင့် အလှူရှင်များ  တိုးပွားလာတယ်လို့ ဆိုရပါမယ်၊ သူတို့က အလှူငွေ (  ၅ ) သိန်းကျပ်တိ တိကို လှူဒါန်းထားပြီး အဲဒီထဲကမှ စာရေး သူက နှစ်ကြိမ်ခွဲကာ ဒီလအတွက်  သုံးသိန်းကို ယူသုံးပါမယ်၊ ကျန်ရှိတဲ့ငွေကို နောက်လ အတွက် ဆက်လက် လှူဒါန်းပြီး ကုသိုလ်ယူစေပါတယ်၊  
 နောက်တဦးကတော့ နော်ဝေနိုင်ငံမှ ပုံမှန် လစဉ်အ လှူရှင် ဒေါ်မြကြေး မုံပါပဲ၊ တဆက်တည်းမှာ  ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းရေး အသင်းရဲ့ ဘဏ္ဍာ ရေးမှုး လို့ ဆိုရ မယ့် ဒကာမကြီး ဒေါ်တင့်တင့်သိန်း ( အန်တီတင့် ဘလော့ဂါ ) ကိုလဲ ကျေးဇူးတင်ရပါမယ်။

သူကလဲ လှူဒါန်းခဲ့သမျှ အကြိမ်ရေတိုင်းမှာ ငွေလွှဲခြင်းကိစ္စ၊ ငွေပို့ခြင်းကိစ္စတွေကို မငြီးမငြူ စေတနာ သဒ္ဓါတရား ထားပြီး တတ်နိုင်သမျှ ကူညီပေးနေလို့သာ အခုလို လစဉ်မပြတ် လှူဒါန်းနိုင်ခြင်းပါ။ အဲဒီအတွက် အန်တီတင့်ကို ကျေးဇူးအထူး တင်ရှိပါကြောင်း အလှူရှင်များကိုယ်စား  ဒီနေရာကနေ မှတ်တမ်းတင်လိုက် ပါတယ်။

သာသနာလင်္ကာရကျောင်းတိုက်  မိတ်ဆက်

သာသနာထွန်းကားဖို့ စာမေးပွဲများ အောင်မြင်ဖို့ အဆင့်မြင့်မြင့် ဂေဇက်များမှာ ပါဝင်ဖို့  အားယူကြိုးစားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ပေါ်က စာသင်တိုက်တစ်ခုကို ဆက်သွယ်ဖြစ်ခဲ့တာကတော့ ကျောင်းတိုက် တည်ထောင် ကာစ ဖြစ်တာကတစ်ကြောင်း၊ မပြည့်စုံသေးတဲ့ အဆောက်အဦးစတာတွေနဲ့ သံဃာများအတွက်  လိုအပ်ချက်တွေ များပြား နေသေးတာကတစ်ကြောင်း စတဲ့ အကြောင်းများကြောင့် လှူဒါန်းဖို့ ရွေးချယ်ဖြစ် ခဲ့တယ်၊

အဲဒီကျောင်းတိုက်ဟာ စာသင်တိုက်ရှားပါးနေသေးတဲ့ ရှမ်းပြည်နယ်လို အစွန်အဖျား နေရာဒေသမှာ လိုအပ်နေတဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်တာဖြစ်ကြောင်း  ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာ လင်္ကာရ ( သာသနာလင်္ကာရ သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ ) က မိန့်ကြားပါတယ်၊ သံဃာအပါးရေ ( ၄၂ ) ပါးတိတိ သီတင်းသုံးနေပြီး  အပါး ( ၄၀ )က သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကို ၀င်ရောက်ဖြေဆိုနေကြဆဲဖြစ်ပါတယ်။ ကျန်တဲ့ ၂ ပါးက စာချဘုန်းကြီးတွေပါပဲ။  

တတိယဆင့် ဖိုင်နယ်သမား ကိုရင် ( ၈ )ပါးရှိပြီး သူတို့ ဒီနှစ်အောင်မြင်ရင်တော့ သာသနာအလင်္ကာရ သာမဏေ ကျော်ဘွဲ့ကို ရကြဦးမှာပါ၊  ဒုတိယဆင့် ( ၁၂ )ပါး နှင့် ပထမဆင့် ( ၂၀ ) ပါး အားလုံး ၄၀ ပါ၊  သို့သော်လည်း တည် ထောင် ကာစ ကျောင်းတိုက်ဖြစ်တာမို့ အစစအရာရာ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အခုလို လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်း လှူဒါန်း လိုက်ရလို့လည်း အလှူရှင်များအနေနဲ့ ပိုမို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြမှာပါ။

ဒီလအတွက် လှူဒါန်းခဲ့သော အလှူရှင်များ
ဘရူနိုင်း နိုင်ငံ မှ မယ်တော်ကြီး ဒေါက်တာ ဒေါ်သက်သက်နွယ် နှင့် တူမ ဒေါက်တာ ဒေါ်အေးအေးချို ( ရန်ကုန် )  တို့မှ  အလှူငွေ ( ၅ ) သိန်းကျပ်၊
ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းရေး အသင်း ဘဏ္ဍာရေးမှုး ဒေါ်တင့်တင့်သိန်း နှင့်  နော်ဝေနိုင်ငံမှ ဒေါ်မြကျေးမုံ  တို့မှ အလှူငွေ ( ၂ ) သိန်းကျပ်၊
  
 တည်ထောင်ခါစ စာသင်တိုက်တစ်ခုရဲ့ ခရီးအစမြင်ကွင်းများ

လှူဒါန်းခဲ့သော ဓမ္မစာအုပ်များ စာရင်း

၁။ အဘိဓာနပ္ပဒီပိကာ သူစီ      ၂-အုပ်၊     တစ်အုပ်-4500  (၉၀၀၀)
၂။ ဓါတုပစ္စယဒီပနီ    ၁အုပ်       ၂၅၀၀
၃။ သံယုတ်အဋ္ဌကထာ ပ.ဒု.တ    ၃အုပ်   တစ်အုပ်-၅၀၀၀   (၁၅၀၀၀)
၎။ အင်္ဂုတ္တိုရ်မေးခွန်းနှင့်အဖြေ      ၁၀-အုပ်   တစ်အုပ်-၂၅၀၀  (၂၅၀၀၀)
၅။ တိပိဋက၀ိဂ္ဂဟ မဉ္ဖူ ဋီကာ    ၂-အုပ်    တစ်အုပ်-၃၅၀၀  (၇၀၀၀)

၆။ အဘိန်ဓါန်ဋီကာ       ၂-အုပ်   တစ်အုပ်-၄၅၀၀    (၉၀၀၀)
၇။ အဋ္ဌသာလိနီ ဘာသာဋီကာ တ.စ    ၂-အုပ်    တစ်အုပ်-၃၅၀၀  (၇၀၀၀)
၈။ အဋ္ဌသာလိနီအဋ္ဌကထာအနက်တေး     ၁-အုပ်  ၃၈၀၀
၉။ အင်္ဂုတ္တိုရ်အဋ္ဌကထာ ပ.ဒု.တ         ၃-အုပ်    တစ်အုပ်-၅၅၀၀  (၁၆၅၀၀)
၁၀။ ဓာတွတ္ထပန်းကုံး         ၁-အုပ်   ၈၅၀၀

၁၁။ စူဠ၀ါဘာသာဋီကာ     ၁-အုပ်   ၃၅၀၀
၁၂။ ပရိဝါဘာသာဋီကာ     ၁-အုပ်   ၃၅၀၀
၁၃။ ပါစိတ်ဘာသာဋီကာ  ပ.ဒု   ၂-အုပ်  တစ်အုပ်-၃၅၀၀  (၇၀၀၀)
၁၄။ မဟာဝါဘာသာဋီကာ  ပ     ၁-အုပ်  ၃၅၀၀
၁၅။ ဓာတွတ္ထသင်္ဂဟပါဌ်နိသျ      ၁-အုပ်  ၂၅၀၀

၁၆။ ပါရာဇိကဏ်ပါဠိနိသျ       ၁-အုပ်    ၂၅၀၀
၁၇။ ပါရာဇိကဏ်ဘာသာဋီကာ  ပ.ဒု.တ.စ   ၄-အုပ်  တစ်အုပ်-၃၅၀၀  (၁၄၀၀၀)
၁၈။ ပါရာဇိကဏ်အဋ္ဌကထာနိသျ  ပ.ဒု.တ.စ  ၄-အုပ်  တစ်အုပ်-၄၀၀၀  (၁၆၀၀၀)
၁၉။ သီလက္ခန်ဘာသာဋီကာ  ပ.ဒု.တ.စ   ၄-အုပ်  တစ်အုပ် -၃၅၀၀   (၁၄၀၀၀)
၂၀။ သီလက္ခန်ပါဠိနိသျ       ၁-အုပ်   ၃၅၀၀

၂၁။သီလက္ခန် အဋ္ဌကထာ  နိသျ    ပ.ဒု   ၂-အုပ်  တစ်အုပ်-၆၅၀၀  (၁၃၀၀၀)
၂၂။ သီလက္ခန်ဋီကာသစ်  ပ.ဒု   ၂-အုပ် တစ်အုပ်-၅၅၀၀ (၁၁၀၀၀)
၂၃။ အဋ္ဌသာလိနီပါဠိနိသျ   ၁-အုပ်  ၃၀၀၀
၂၄။ ဓမ္မသင်္ဂဏီ အဋ္ဌကထာ နိသျ  ပ.ဒု.တ   ၃-အုပ်  တစ်အုပ်-၄၀၀၀  (၁၂၀၀၀)
၂၅။ မာတိကာ ဓါတုကထာပန်းကုံး    ၁-အုပ်  ၄၀၀၀

၂၆။ ပိဋကတ်သုံးပုံ     အုပ်ရေ-၄၀        ၂၂၀၀၀၀

အခုစာအုပ်စာရင်းအတိုင်းက  ၀ယ်ပြီးလို့ တပည့်တော် တောင်ကြီးကို ပို့လိုက်ပါပြီဘုရား။

မှာထားသောစာအုပ်များ

၁။ ဓမ္မသင်္ဂဏီ  ဘာဋီ   ပ.ဒု    ၂အုပ်   တစ်အုပ်-၃၅၀၀  (၇၀၀၀)
၂။ မဟာဝါဘာဋီ  ဒု     ၁-အုပ်    ၃၅၀၀
၃။ သဒ္ဒနီတိဓာတုမာလာပါဠိ     ၁-အုပ်   ၆၀၀၀
၎။ သဒ္ဒနီတိပဒမာလာပါဠိ        ၁-အုပ်   ၆၀၀၀
၅။ သဒ္ဒနီတိသုတ္တမာလာပါဠိ    ၁-အုပ်   ၆၀၀၀
၆။  သာရတ္ထဋီကာ   ပ.ဒု.တ     ၃-အုပ်    တစ်အုပ်-၅၅၀၀  (၁၆၅၀၀)

လမ်းစရိတ်နှင့် တန်ဆာခများ
ဈေးချိုသုံးခေါက် တစ်ခေါက်အသွားအပြန်  ကယ်ရီခ  ၂၀၀၀ (၆၀၀၀)
ကားကြီးကွင်းသို့အသွားအပြန်ကားခ  ၅၀၀၀ ကျပ်၊
ပါဆယ်ပို့ခ     ၅၀၀၀ ကျပ်၊

အာလုံးပေါင်းကုန်ငွေများ-  ၄၉၇၃၀၀ ကျပ်၊
မူရင်းပို့လှူဒါန်းငွေ-  ၅၀၀၀၀၀ (  ၅ သိန်း ) ကျပ်၊
လက်ကျန်ငွေ = ၂၇၀၀ ကျပ်၊

မှာထားတဲ့စာအုပ်တွေ ကိုးအုပ်လောက်က ဆိုင်တွေမှာပျက်နေလို့  မိတ္တူမှာထားဆဲ ဖြစ်ပါတယ်။
အားလုံး   ပိဋကတ်သုံးပုံအစုံလိုက်က အုပ်ရေ ( ၄၀ ) နှင့် သံဃာများ မှာယူသော စာအုပ်များ ( ၆၅ ) အုပ်
စုစုပေါင်း စာအုပ်ရေ ( ၁၀၅ ) အုပ်ကို ဓမ္မနန်းတော် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များလှူဒါန်းရေး အသင်း မှ   စတုတ္ထအကြိမ်မြောက်အလှူဒါနအဖြစ်  လှူဒါန်းနိုင်ခဲ့ပါသည်။

အားလုံးသော စေတနာရှင် အလှူရှင်တို့အား ပြုခဲ့သမျှသော အလှူဒါနများအတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေရန် မှတ်တမ်းတင်အပ်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date . 28. Aug. 2011

Thursday, August 25, 2011

ဆန်ချီ ( San Chi )စေတီရောက် အမှတ်တရ

အိုဘယ့် ဆန်ချီ ( San Chi )

၁။  ဆန်ချီ ဆန်ချီနဲ့ ဒီနာမည် ကြားဖူးခဲ့တာ ကြာပြီ
အခုမှ သူ့ကို ရှာတွေ့ခဲ့တယ်၊
M.P ပရာဒေ့ရ်က အသောကမင်းကြီးရဲ့
ပထမဆုံး လက်ရာ
သန္တိ ( ငြိမ်းအေးခြင်းဆိုတဲ့  အဓိပ္ပါယ် ) မှ ဆန္တိ
ဆန္တိ မှ ဆန်ချီ ကာလရွေ့လျောခဲ့တော့
နာမည်တွေလဲ ပြောင်း
ရာသီတွေလဲ ဟောင်းခဲ့တာ
ယခုဆို သင့်သက်တမ်းက
နှစ်ပေါင်း ( ၂၂၀၀ ) တောင် ကျော်ခဲ့ပြီကိုး၊

၂။  အသောကမင်းသား စစ်ပြေးစဉ်ကာလ
ဝေဒိသVidisha မြို့သူ မိဖုရားနဲ့ သားတော် မဟိန္ဒကြောင့်
ဆန်ချီ ( San Chi )  ဆိုတာ ဖြစ်တည်ခဲ့ရတယ်၊

၃။  ဆန်ချီကို ဖူးမြင်စဉ်
ကမ္ဘာကျော် ကျောက်ဆစ်လက်ရာများနဲ့
ယနေ့အချိန်ထိ ခေတ်မှီနေတာ အံ့သြစရာပါပေ၊
နာမည်ကို ပုံတူပြု၊ ဒီဇိုင်းကို သေချာရှု့တော့
အော် … ယနေ့ခေတ် စစ်ကိုင်းတောင်က
သီတဂူတက္ကသိုလ်ရဲ့ Meeting Hall ကြီးပေကိုး၊
သမိုင်းကို မြတ်နိုးလို့ ရှာလိုက်ရတာ ဆန်ချီရာ …
အကျွန့်မှာတော့ ဓာတ်တော်များကို ဖူးကာပျော်၊
ကျောက်ဆစ်များကို အံ့ကာမော်
အသင့်ရဲ့ ရက်ရောခြင်းတွေကို အာရုံပြုလို့
မောရမှန်းလဲ မသိခဲ့ပါဘူး၊

၎။  တစ်ချိန်က စဏ္ဍာသောက ဆိုတဲ့ မင်းကြမ်းကြီးဘ၀ကနေ
ဓမ္မာသောက ရယ်လို့ သမိုင်းတွင်စေခဲ့တာ
အားမကျပဲ မနေနိုင်ပါဘူး၊
အသင့်အကြောင်းကို တွေးမိရင်းက
သာသနာပြုတယ် ဆိုရာမှာ
ခြင်္သေ့လိုလဲ ရဲရင့်ရမယ်၊
ဆင်လိုလဲ  ဇွဲကောင်းရမယ်၊
နွားလိုလဲ သည်းခံနိုင်ရမယ်၊
မြင်းလိုလဲ လျင်မြန် ဖျတ်လတ်ရမယ် ဆိုတဲ့
အသင့်ရဲ့ သာသနာချစ်စိတ်တွေကို
အကြိမ်ကြိမ် လေးစားရင်း
ဆန်ချီကို ဦးညွတ်လိုက်ပါတယ်၊

၅။  စစ်ပွဲတွေ ၊ သွေးထွက်သံယိုတွေ၊
 ခိုးယူတာတွေ၊ လုယက်တာတွေ၊
ညှင်းပန်းတာတွေ၊ နှိပ်စက်တာတွေ
လိမ်လည်တာတွေ၊ ကောက်ကျစ်တာတွေ၊
တိုက်ခိုက်တာတွေ၊ နိုင်ထက်စီးနင်းလုပ်နေတာတွေ
မတရား နှိပ်စက်တာတွေ ပေါများတဲ့ ယနေ့ကမ္ဘာကို
အသင့်ရဲ့ ငြိမ်းချမ်းခြင်းသင်္ကေတ ဆန်ချီလို
သူတို့ဘ၀တွေ  ပြောင်းလဲစေချင်လိုက်တာ
အသင့်ရဲ့သန္တိဆိုတဲ့ အငြိမ်းဓာတ်တွေကို
ငါတို့ကိုလဲ ပေးသနားပါ ( ကူးစက်ခွင့်ပေးပါတော့ )
 အို … San Chi ဆန်ချီ....
 ယနေ့ခေတ်တွင် တွေ့မြင်ရသော နှစ်ပေါင်း ၂၂၀၀ ကျော်က ကျောက်ဆစ်လက်ရာများနှင့် အသောကမင်းကြီးလက်ရာ ဆန်ချီစေတီတော်ကြီး
ကမ္ဘာကျော် ကျောက်ဆစ်လက်ရာများနှင့် လှပနေသော မုဒ်ဦးတစ်နေရာ
ဒါလေးကို ကြည့်သောအားဖြင့် သူတို့ခေတ်က ကျောက်ဆစ်လက်ရာ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါတယ်

နောက်က အဆောက်အဦးလေး ရှေ့က အမျိုးသမီးရုပ်တုလေးဟာ ရဟန္တာအရှင် မဟိန္ဒမထေရ်ရဲ့ မယ်တော်၊ အသောကမင်းကြီး၏ မိဖုရား၊ ဝေဒိသမြို့သူ ရဲ့ ရုပ်တုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်၊ 

21. Aug.2011 နေ့တွင် အိန္ဒိယနိုင်ငံ Madhya Pradesh မဒရာ ပရာဒေ့ရှ် ပြည်နယ် Bhopal ဘိုပယ်မြို့မှ 46 km ကီလိုမီတာကွာဝေး၍  အသောကမင်းသား စစ်ပြေးစဉ်ကာလ Vidisha ဝေဒိရှဒ် ဝေဒိသမြို့မှ 10 km ဆယ်ကီလိုမီတာ သာဝေးကွာသောနေရာတွင်  စစ်ပွဲများ ငြိမ်းစေလိုသောသင်္ကေတဖြင့် ဘီစီ ၃ ရာစုမှ စကာတည်ထားခဲ့ပြီး 1818 ခုနှစ်တွင်မှ ပြန်လည်မွန်းမံ ခဲ့သော သန္တိစေတီ၊ San Chi Stupa စေတီသို့ သွားရောက်ဖူးမျှော်ရင်း ဤကဗျာကို ရေးဖွဲ့ပါသည်။