အိုဘယ့် ဆန်ချီ ( San Chi )
၁။ ဆန်ချီ ဆန်ချီနဲ့ ဒီနာမည် ကြားဖူးခဲ့တာ ကြာပြီ
အခုမှ သူ့ကို ရှာတွေ့ခဲ့တယ်၊
M.P ပရာဒေ့ရ်က အသောကမင်းကြီးရဲ့
ပထမဆုံး လက်ရာ
သန္တိ ( ငြိမ်းအေးခြင်းဆိုတဲ့ အဓိပ္ပါယ် ) မှ ဆန္တိ
ဆန္တိ မှ ဆန်ချီ ကာလရွေ့လျောခဲ့တော့
နာမည်တွေလဲ ပြောင်း
ရာသီတွေလဲ ဟောင်းခဲ့တာ
ယခုဆို သင့်သက်တမ်းက
နှစ်ပေါင်း ( ၂၂၀၀ ) တောင် ကျော်ခဲ့ပြီကိုး၊
၂။ အသောကမင်းသား စစ်ပြေးစဉ်ကာလ
ဝေဒိသVidisha မြို့သူ မိဖုရားနဲ့ သားတော် မဟိန္ဒကြောင့်
ဆန်ချီ ( San Chi ) ဆိုတာ ဖြစ်တည်ခဲ့ရတယ်၊
၃။ ဆန်ချီကို ဖူးမြင်စဉ်
ကမ္ဘာကျော် ကျောက်ဆစ်လက်ရာများနဲ့
ယနေ့အချိန်ထိ ခေတ်မှီနေတာ အံ့သြစရာပါပေ၊
နာမည်ကို ပုံတူပြု၊ ဒီဇိုင်းကို သေချာရှု့တော့
အော် … ယနေ့ခေတ် စစ်ကိုင်းတောင်က
သီတဂူတက္ကသိုလ်ရဲ့ Meeting Hall ကြီးပေကိုး၊
သမိုင်းကို မြတ်နိုးလို့ ရှာလိုက်ရတာ ဆန်ချီရာ …
အကျွန့်မှာတော့ ဓာတ်တော်များကို ဖူးကာပျော်၊
ကျောက်ဆစ်များကို အံ့ကာမော်
အသင့်ရဲ့ ရက်ရောခြင်းတွေကို အာရုံပြုလို့
မောရမှန်းလဲ မသိခဲ့ပါဘူး၊
၎။ တစ်ချိန်က စဏ္ဍာသောက ဆိုတဲ့ မင်းကြမ်းကြီးဘ၀ကနေ
ဓမ္မာသောက ရယ်လို့ သမိုင်းတွင်စေခဲ့တာ
အားမကျပဲ မနေနိုင်ပါဘူး၊
အသင့်အကြောင်းကို တွေးမိရင်းက
သာသနာပြုတယ် ဆိုရာမှာ
ခြင်္သေ့လိုလဲ ရဲရင့်ရမယ်၊
ဆင်လိုလဲ ဇွဲကောင်းရမယ်၊
နွားလိုလဲ သည်းခံနိုင်ရမယ်၊
မြင်းလိုလဲ လျင်မြန် ဖျတ်လတ်ရမယ် ဆိုတဲ့
အသင့်ရဲ့ သာသနာချစ်စိတ်တွေကို
အကြိမ်ကြိမ် လေးစားရင်း
ဆန်ချီကို ဦးညွတ်လိုက်ပါတယ်၊
၅။ စစ်ပွဲတွေ ၊ သွေးထွက်သံယိုတွေ၊
ခိုးယူတာတွေ၊ လုယက်တာတွေ၊
ညှင်းပန်းတာတွေ၊ နှိပ်စက်တာတွေ
လိမ်လည်တာတွေ၊ ကောက်ကျစ်တာတွေ၊
တိုက်ခိုက်တာတွေ၊ နိုင်ထက်စီးနင်းလုပ်နေတာတွေ
မတရား နှိပ်စက်တာတွေ ပေါများတဲ့ ယနေ့ကမ္ဘာကို
အသင့်ရဲ့ ငြိမ်းချမ်းခြင်းသင်္ကေတ ဆန်ချီလို
သူတို့ဘ၀တွေ ပြောင်းလဲစေချင်လိုက်တာ
အသင့်ရဲ့သန္တိဆိုတဲ့ အငြိမ်းဓာတ်တွေကို
ငါတို့ကိုလဲ ပေးသနားပါ ( ကူးစက်ခွင့်ပေးပါတော့ )
အို … San Chi ဆန်ချီ....
ယနေ့ခေတ်တွင် တွေ့မြင်ရသော နှစ်ပေါင်း ၂၂၀၀ ကျော်က ကျောက်ဆစ်လက်ရာများနှင့် အသောကမင်းကြီးလက်ရာ ဆန်ချီစေတီတော်ကြီး
ကမ္ဘာကျော် ကျောက်ဆစ်လက်ရာများနှင့် လှပနေသော မုဒ်ဦးတစ်နေရာ
ဒါလေးကို ကြည့်သောအားဖြင့် သူတို့ခေတ်က ကျောက်ဆစ်လက်ရာ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါတယ်
နောက်က အဆောက်အဦးလေး ရှေ့က အမျိုးသမီးရုပ်တုလေးဟာ ရဟန္တာအရှင် မဟိန္ဒမထေရ်ရဲ့ မယ်တော်၊ အသောကမင်းကြီး၏ မိဖုရား၊ ဝေဒိသမြို့သူ ရဲ့ ရုပ်တုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်၊
21. Aug.2011 နေ့တွင် အိန္ဒိယနိုင်ငံ Madhya Pradesh မဒရာ ပရာဒေ့ရှ် ပြည်နယ် Bhopal ဘိုပယ်မြို့မှ 46 km ကီလိုမီတာကွာဝေး၍ အသောကမင်းသား စစ်ပြေးစဉ်ကာလ Vidisha ဝေဒိရှဒ် ဝေဒိသမြို့မှ 10 km ဆယ်ကီလိုမီတာ သာဝေးကွာသောနေရာတွင် စစ်ပွဲများ ငြိမ်းစေလိုသောသင်္ကေတဖြင့် ဘီစီ ၃ ရာစုမှ စကာတည်ထားခဲ့ပြီး 1818 ခုနှစ်တွင်မှ ပြန်လည်မွန်းမံ ခဲ့သော သန္တိစေတီ၊ San Chi Stupa စေတီသို့ သွားရောက်ဖူးမျှော်ရင်း ဤကဗျာကို ရေးဖွဲ့ပါသည်။
No comments:
Post a Comment