Tuesday, January 11, 2011
ပေါ်လာမိတဲ့ ဓမ္မအတွေးစများ ( ၅ )
အရွယ်ငယ်စဉ် ကျမ္မာရေး ကောင်းဆဲမှာ ၀ိပဿနာ တရားအားထုတ်ရတာဟာ
ဓားထက်ထက်နဲ့ ငှက်ပျောပင်ကို ခုတ်ရသလို တိကနဲပြတ်လွယ်ပါတယ်၊
အသက်ကြီးမှ ကိုယ်ခံအား ဥာဏ်အားတွေ ဆုတ်ယုတ်လာမှ အားထုတ်ရင်တော့
 ဓားတုံးတုံးနဲ့ ငှက်ပျောပင်ကို ခုတ်ရသလို  ပင်ပန်းဆင်းရဲနေတတ်တယ်၊
 အရွယ်လွန်မှ အားထုတ်ရင် ဝေဒနာတွေကို မကျော်နိုင်ပဲ
အေးမြငြိမ်းချမ်းတဲ့ တရားအရသာတွေနဲ့ လွဲချော်သွားတတ်တယ် --
ပေါ်လာမိတဲ့ ဓမ္မအတွေးစများ ( ၄ )
ပစ္စုပ္ပန်မှာ လောကီကိစ္စတွေကြောင့် ၀ိပဿနာတရား အားမထုတ်နိုင်သေးရင်တောင်
 အထုံပါရမီဖြစ်အောင်  မေတ္တာဘာဝနာ / ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း  အစရှိတဲ့
သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများနေသင့်တယ်၊
နောင်တစ်ချိန်မှာ သမထအခြေခံ ရှိထားပြီးမှ  တရားအားထုတ်ရင်
 မပင်မပန်း အားထုတ်နိုင်ပြီး တရားချမ်းသာကို ခံစားရတတ်တယ် --
ပေါ်လာမိတဲ့ ဓမ္မအတွေးစများ ( ၃ )
ပစ္စည်းဥစ္စာရဲ့ အနှစ်သာရကို ထုတ်ယူချင်ရင် ဒါနကို ဆည်းပူးသင့်တယ်၊
ပစ္စည်းတွေထက် မြင့်မြတ်တန်ဖိုးရှိတယ် လို့ ထင်မှတ်ထားတဲ့ ခန္ဓာကိုယ်ကြီးရဲ့ အနှစ်ကို ထုတ်ချင်ရင်တော့ သီလကို လုံအောင် ထိမ်းရမယ်ပေါ့၊
  နောက်ဆုံးအဆင့် ဖြစ်တဲ့  ကိုယ့် အသက်ဇီဝရဲ့ အနှစ်သာရကို ထုတ်ယူလိုရင်တော့ သမထ ၀ိပဿနာ နှစ်မျိုးထဲက ဘာဝနာ တခုခုကို ပွားများနေသင့်တယ်၊
ဒါဆိုရင် လူ့ဘ၀ရဲ့ အနှစ်သာရတရား သုံးပါးကို ထုတ်ယူနိုင်တဲ့ မြင့်မြတ် တန်ဖိုးရှိတဲ့ လူသား ဖြစ်နိုင်ပါပြီ - -
ပေါ်လာမိတဲ့ ဓမ္မအတွေးစများ ( ၂ )
ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ကိုယ့်ကိုယ်ကို ဖန်ဆင်းတဲ့ Self Creation ၀ါဒပါ၊ 
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ၊
 စိတ်ကြိုက် လေ့လာ၊ သုံးသပ်ပြီးမှ ကိုးကွယ် ပိုင်ခွင့်ရှိတဲ့ ၀ါဒဆိုရင် ပိုမှန်လိမ့်မယ်၊
 ဘယ်သူ့ကိုမှ အားကိုးလို့ မရနိုင်ဘူး၊
 အားကိုးလို့ ရနိုင်တာကတော့ လောကဓံတွေကို ခံနိုင်ရည်ရှိအောင်
Monday, January 10, 2011
ပေါ်လာမိတဲ့ ဓမ္မအတွေးစများ
ပါရမီဖြည့်တယ် ဆိုတာ -
ကိုယ့်ရဲ့  စိတ်စွမ်းအား ဥာဏ်စွမ်းအားတွေကို
 လောကအတွက် သာသနာတော်အတွက်
အကျိုးရှိရှိ အသုံးချခြင်းပဲ။
အဲဒီလို အသုံးချနိုင်အောင် ကြိုးစားရကြရမယ်၊
 ဒါမှလဲ လူဖြစ်ရကျိုး နပ်မှာပါ --