Saturday, July 16, 2011

မှတ်စုမှတ်ရာ -၂


၁။ လူဟူသည် လူ့ပတ်ဝန်းကျင်နှင့် မကင်းနိုင်သည်ဖြစ်ရာ မိမိရောက်ရှိနေရာ ပတ်ဝန်းကျင်တွင် မိမိသည် နှင်းဆီခိုင် ဖြစ်နေသလော၊ ချဉ်ဖတ်ဖြစ်နေသလော အမြဲ ဆန်းစစ်ရန် လိုပေသည်။

၂။ လောကမှာ လူ( ၂ ) မျိုး ရှိတယ်၊  တွင်းတူးတဲ့သူလို လူမျိုး နဲ့ အုတ်တံတိုင်းစီတဲ့ သူလို လူမျိုး။ ကိုယ်လုပ်တဲ့ အလုပ်က  အပြောအဆိုတွေက အများ ကိုဒုက္ခဖြစ်စေတယ်ဆိုရင် အဲဒီအလုပ်က ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးသွားတတ်တယ်၊  ကိုယ့် ကို အောက်တန်း ကျစေ တယ်ပေါ့၊ တွင်းတူးတဲ့သူဟာ တွင်းနက်လေ အောက်ကို ရောက်လေပဲ၊ ဒီလူလဲ ကြာလာရင် လူ့ပတ်ဝန်းကျင်နဲ့ ကင်း လာတတ်တယ်၊

အုတ်တံတိုင်းစီတဲ့သူကတော့  နည်းနည်းချင်းနဲ့ အမြင့်ရောက်လေ လူကလဲမြင့်တက်လာလေပဲ၊ အကျိုးရှိတဲ့ အလုပ်တွေကို အဖြည်းဖြည်းချင်း လုပ်ဆောင်သွားရင်  အုတ်တံတိုင်းစီတဲ့ လူမျိုးလို ဖြစ်လာမယ်၊

၃။ အရည်အသွေး ဆိုတာ ကိုယ့်မှာ ရှိရဲ့လား ချင့်ချိန်ကြည့်ရမယ်၊ မရှိသေးရင် ရှိအောင် အားထုတ်ရမယ်၊  အရည်အ သွေးဆိုတာ တစ်ချို့က လေ့ကျင့်ပေးမှ ရတယ်၊ လေ့ကျင့်မပေးရင် မရဘူး၊ ဥပမာ - ခန္ဓာကိုယ် လေ့ကျင့်ခန်းလို့ခေါ်တဲ့ လမ်းလျောက်တာ တို့၊   ဘောလုံးကန်တာတို့၊ အားကစားတွေဆိုတာ လေ့ကျင့်ယူရင်း တတ်လာတာလေ၊
ဒီလိုပဲ စိတ်ဓာတ်လေ့ကျင့်ခန်း ဆိုတာလဲ တဖြည်းဖြည်း လေ့ကျင့်ယူမှ ရတာ၊ အာရုံ နဲ့  တွဲကပ်ပြီးတော့ လေ့ကျင့်ပေးရတယ်၊ ပထမတစ်ကြိမ် နှစ်ကြိမ်တော့ ခက်ခဲတာပေါ့၊ နောက်တော့ လွယ်သွားတယ်။

၎။ မာယာ သာဌေယျ ဆိုတာ ကြားဖူးကြလိမ့်မယ်၊  မာယာ ဆိုတာ ကိုယ့်ရှိတဲ့ အပြစ်ကို ဖုံးထားတာ၊ ကိုယ် အပြစ်လုပ်ထားတာကို လူတွေ မသိအောင် ဖုံးထားချင်တာ၊ ဟန်ဆောင်တာပါပဲ၊  ကိုယ့်မှားတာ လုပ်ထားရင် လုပ်မိတယ်၊  အပြစ်ရှိရင် ရှိတယ်လို့ ၀န်ခံနိုင်တယ် ဆိုရင် မာယာ ကင်းသွားတယ်၊ ရိုးသားတဲ့ ဥဇုဂုဏ်က အလိုလို  ပါလာတယ်။

၅။ သာဌေယျ ဆိုတာကတော့  ကိုယ့်မရှိတာကို အရှိလုပ်ပြီးတော့ ပြောတယ်၊ လူအထင်ကြီးအောင် ထုတ်ဖော်တယ်၊ ကိုယ့်မှာ ပိုက်ဆံ မချမ်းသာတာကို ချမ်းသာသယောင်၊  ပညာမရှိပါဘဲ ပညာရှိသယောင်၊ သီလမရှိပါဘဲ သီလရှိတဲ့ ဂိုက်မျိုး ချိုးတယ်၊  အရှိကို အရှိအတိုင်း မပြပဲ လိမ်လည်တာကို သာဌေယျခေါ်တယ်။

၆။ “ တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား”
လယ်တီဆရာတော်ကြီး

ဆရာတော်ကြီးသည်  မုံရွာမြို့ထဲက ကျောင်းတိုက်မှန်သမျှတို့ကို  ၀င်ပြီး ကုဋီအိမ်သာ ဆေးကြောတာကအစ သံဃာ့ ဝေယျာဝစ္စ လုပ်လေရာ  မြို့ခံရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက ပြန်လည် လျှောက်ထား သော စကားလေးပါ။  အင်း ဒါကြောင့်လဲ ဒီလိုနေရာ   ရောက်နိုင် တာပေါ့လေ။

၇။ ဘုန်းကြီးတယ် ဆိုတာ ထန်းပလပ်ရုပ်ကို မြင်းလုပ်ပြီး စီးရသလိုပဲ၊ ကိုယ်ပြေးရင် ပြေးသလောက် မောတယ်၊
ဝိသုဒ္ဓါရုံ စံကင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒ

၈။ ဂုဏဒေါသေဟိ ကိဏ္ဏဿ၊ ဂုဏံဝ ပဿရေ သရေ၊
သေ၀ါလာဒိ ပ၀ါဟေတွာ၊  ပိဝေ ပိပါသကော ယထာ။

ဂုဏ်နှင့်အပြစ် ရောတုံလစ်၊ စင်စစ် ဂုဏ်ကြည့်ရာ၊
ရေမှော်ဖယ်ရှား၊ သောက်သူလား၊  မခြားပြုကျင့်ရာ။

၉။ ရည်မှန်းချက် ကြီးကြီးရှိတဲ့သူဟာ ရင်းနှီးမြှုပ်နှံမှု များများပေးရလိမ့်မယ်၊
သာမည ရည်မှန်းချက်သာရှိရင် သာမညလူသားသာ ဖြစ်နိုင်ပြီး ၀ိသေသ ရည်မှန်းချက် ရှိသူကတော့ ၀ိသေသ လူသား ဖြစ်လိမ့်မယ်။

၁၀။ ကောင်းတဲ့ လောကဓံအပေါ်မှာ မသာယာပဲ မကောင်းတဲ့ လောကဓံအပေါ်မှာလဲ စိတ်မပျက်ပဲ တည်တည် ငြိမ်ငြိမ် ခံယူနိုင် တာ က သမာဓိကောင်းမှပဲ ဖြစ်နိုင်မယ်၊
ကောင်း မကောင်းလောကဓံတွေဟာ တစ်လှည့်စီ ဖြစ်နေတာပဲလို့ စိတ်ထဲမှာ ခံယူထားသူကို လောကဓံက မတုန်လှုပ်စေနိုင်ဘူး။

No comments:

Post a Comment