Thursday, July 28, 2011

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်


၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ  ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ  ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊

၆။ ကဏ္ဏနာသ စ္ဆိန္န - နားရွက်နှာခေါင်း ပြတ်နေသူ၊
၇။ အဂုင်္လ စ္ဆိန္န -  လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊
၈။ အဠ စ္ဆိန္န - ခြေမ လက်မများပြတ်နေသူ၊
၉။ ကဏ္ဍရ စ္ဆိန္န -  အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊ ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊
၁၀။ ဖဏ ဟတ္ထက -  ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊

၁၁။ ခုဇ္ဇ - ခါးကုန်းနေသူ( ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍ ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )
၁၂။ ၀ါမန - ပုပုကွကွ ဖြစ်နေသူ၊
၁၃။ ဂလဂဏ္ဍီ - လည်ပင်းကြီးနာ ရောဂါရှိသူ၊
၁၄။ လက္ခဏာ ဟတ - ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက် စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်ခပ်နှိပ်ခံရသူ၊
၁၅။ ကသာဟတ - ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊

၁၆။ လိခိတက - အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊
၁၇။ သီပဒိ - ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊
၁၈။ ပါပရောဂီ - အနာဆိုးရောဂါများပေါက်ရောက်နေသူဟူသည်ကား အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊ အော့နှလုံးနာဖွယ် ၊စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။
၁၉။ ပရိသဒူသက - ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊
၂၀။ ကာဏ - မျက်စိ တစ်ဖက်ကန်းနေသူ၊

၂၁။ ကုဏီ - လက်၊ ခြေများကောက် ကွေးနေသူ၊
၂၂။ ခဉ္ဇ - ခြေထောက် ခွင်နေသူ၊
၂၃။ ပက္ခဟတ - ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊
၂၄။ ဆိန္နိရိယာပထ - ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊
၂၅။ ဇရာဒုဗ္ဗလ - အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊

၂၆။ အန္ဓ - မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊
၂၇။ မူဂ - စကား ဆွံ့အ၊ ထစ်အ နေသူ၊
၂၈။ ဗဓိရ -  နားထိုင်းသူ၊ ပင်းနေသူ၊
၂၉။ အန္ဓ မူဂ -  မျက်စိလည်းကန်း၊  စကားထစ်အ ဆွံ့အနေသူ၊
၃၀။ အန္ဓဗဓိရ - မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊

၃၁။ မူဂ ဗဓိရ - စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊
၃၂။ အန္ဓ မူဂ ဗဓိရ - မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊

အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့ ၀င်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။


ကျမ်းညွှန်း။  ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊  ၀ိနယပိဋက

No comments:

Post a Comment