Monday, July 18, 2011

ရတနာဂီရိနှင့် သီပေါမင်းစံအိမ်ရောက် ခရီးသွားမှတ်တမ်း


သီပေါမင်းအကြောင်း၊ ရတနာဂီရိအကြောင်း ကို ရေးမယ်လို့ ကြံလိုက်တိုင်း လက်ကတွန့် တွန့်ပြီး သွားတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ရှည်လျားလှတဲ့  မြန်မာဘုရင်တစ်ယောက်ရဲ့ သမိုင်းကြောင်းကို ဆောင်းပါးအနေနဲ့ အားလုံးခြံငုံမိအောင် ရေးဖို့ ခဲယဉ်းတာကြောင့် စိတ်ထဲမှာ ရွံ့တွံ့တွံ့ဖြစ်နေတာလဲ ပါမှာပေါ့၊  သီတဂူဆရာတော် ကြီး ပြောဖူးသလို သဂြိုလ် အဘိဓမ္မာ ၉ ပိုင်းလုံးကို သရုပ်ခွဲရတာ မခက်ခဲဘူး၊ မြန်မာလူမျိုးတွေ ဆွေမျိုးစပ် ရတာ တော်တော် ခက်တယ်၊ မလေ့လာချင်ဘူး၊ သပွတ်အူလို ရှုတ်ထွေးလွန်းလို့ တဲ့၊ အခုလဲ  အဲဒီကိန်း ဆိုက် နေတယ် ထင်ပါ့။ ဒါပေမယ့် ခက်ခက်ခဲခဲ ရှားရှားပါးပါး သွားရောက်လေ့လာခဲ့တဲ့ ရတနာဂီရိ ခရီးသွားမှတ် တမ်းအနေနဲ့တော့ ရေးသားချင်တာမို့ ဒိုင်ယာရီ သဘောမျိုးနဲ့ ဒီဆောင်းပါးကို ရေးမိပါတယ်၊

စာရေးသူ ( ဘုံဘေ ) မွန်ဘိုင်းမြို့ကို ရောက်ကတည်းက သီပေါမင်း ပါတော်မူရာ ရတနာဂီရိကို သွားရောက် လေ့လာ ဖို့ စိတ်ဝင် စားခဲ့တယ်၊  သီပေါမင်း နေခဲ့တဲ့နေရာကို သွားရတော့မယ်ဆိုပြီး  စိတ်ထဲမှာလဲ ၀မ်းသာ သလို ဝေဒနာတခု အလို လို ကိန်းအောင်းနေတယ်၊ ၂၀၁၁ ခုနှစ် ဂျူလိုင်လ ( 6 ) ရက်မှာတော့ P hD ကျောင်းသားရဟန်းတော်များ အားလုံး ( ၅ ) ပါး စုပေါင်းကာ ကားတစ်စီးအပြတ် ငှါးပြီး ရတနာဂီရိကို သွားခဲ့ ကြတယ်၊  တကယ်လဲ သွားရရော လွမ်းမောဖွယ် နေရာ တစ်ခုကို ရောက်ရသလို၊ ဘာကို လွမ်းပြီး ဘယ်လို ဖြေသိမ့်ရမလဲ စဉ်းစားမရခဲ့ဘူး၊ မြန်မာ ဆိုတဲ့ စိတ်ဓာတ် အဲဒီမှာ ပေါ် လွင်လာတယ် လို့ ဆိုရပါ မယ်။ အတူသွားခဲ့ကြတဲ့ မိတ်ဆွေရဟန်းတော်များတော့  ဘယ်လို ခံစားရမယ်ဆိုတာ မမေး ကြည့်မိဘူး၊ သူတို့ လဲ မြန်မာပီပီ အထိုက်အလျောက်တော့ ခံစားခဲ့ရမှာ သေချာပါတယ်၊ 

ရတနာဂီရိ ဆိုတာ မာရသီ Marathi ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ဆိုတယ်၊ ရတနာ ဆိုတာ jewel ၊ ဂီရိ ဆိုတာ mountains ပေါင်းလိုက်တော့ Mountains  Of Jewel  ရတနာများရှိရာ တောင်တန်းပေါ့။ တကယ်လဲ နောက်ပိုင်း မှာ ဇာတ်နိမ့်ဘ၀မှ အထက်တန်းရောက်လာပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အကြီးအကျယ် သာသနာပြုခဲ့တဲ့ ဒေါက်တာ အမ်ဘေဒကာ Dr.Ambedkar ဆိုတာ ရတနာဂီရိ သား စစ်စစ်ဆိုတော့ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုနီးနီးဖြစ်နေတဲ့ ဒီအိန္ဒိယ နိုင်ငံအနေနဲ့ ရတနာတပါး ထွက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ရတနာဂီရိမြို့ဟာ မွန်ဘိုင်းမြို့နှင့် ကီလိုမီတာ ( 285 ) ကီလိုမီတာ ဝေးပြီး လမ်းတစ်လျောက်လုံး မွန်ဘိုင်းက ထွက် တာ နဲ့ တောင်တန်းများ၊ သစ်ပင်များ စိမ်းလမ်းစိုပြေနေတာ တွေ့ရတယ်၊ စာရေးသူတို့ သွားစဉ်မှာ ဂျူလိုင် မိုးက သည်းသည်း မည်းမည်း ရွာကောင်းနေတာ ဆိုတော့ တနေကုန်မိုးထဲ ရေထဲမှာ သွားချင်တဲ့နေရာများ၊ ရောက်လိုတဲ့ နေရာများကို မလျော့သော ဇွဲနဲ့ ချီတက်ခဲ့ရတယ်။ သွားလာဖို့ လမ်းကောင်းပေမယ့် ခရီးဝေးလွန်း တော့ ပင်ပန်းခဲ့သလို အထိုက် အလျောက်  တော့ ပင်ပန်းရကျိုး နပ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရတယ်။  ရတနာဂီရိ စံအိမ်ကို ရောက်တာနဲ့ ဘုရင် သီပေါရဲ့ အထီးကျန်နေ့ရက်များ၊ စိတ်ဆင်းရဲစရာများ၊ မိသားစု အတွင်းရေး ပြဿနာများ၊ သားစဉ်မြေးဆက် လက်လွှတ် စပယ် ဖြစ်သွားပုံများဟာ အတွေးထဲကို တန်းစီ ၀င်ရောက်လာခဲ့တယ်။

အသက်အရွယ် ၂၇ နှစ်အရွယ်ကစပြီး သေဆုံးချိန် ( ၅၈ ) နှစ်အရွယ်အထိ နှစ်ပေါင်း ( ၃၁ နှစ် ) ကျော် အထီး ကျန် နေထိုင်သွားခဲ့တဲ့  ဘုရင် သီပေါရဲ့ ဘ၀ကို တွေးမိပြီး ဘ၀ရဲ့ အတက် အကျ၊ အနိမ့် အမြင့် စတာတွေကို သံဝေဂ ပွားမိ ပါရဲ့၊
တဆက်တည်းမှာ စုဖုရားလေး နတ်ရွာစံလို့ သရဏဂုံတင်စရာ ဘုန်းကြီး မရှိခဲ့ဘူး၊ အင်္ဂလိပ်ကို ပင့်ခွင့်တောင်းပြန်တော့  ခွင့်မပြုခဲ့တာကြောင့် သတ္တုပြား သံဖြူပြားများဖြင့် အထူးစီရင်ကာ အလုံပိတ် ထားနိုင်သော အခေါင်းတစ်ခုကို လုပ်စေပြီး ထိုအခေါင်းတွင် မီးသွေးများ၊ ပရုတ်များဖြင့် စုဖုရားကလေး၏ အလောင်းကို မပုပ်မသိုးအောင် စီရင်ထားစေသော စုဖုရားလတ်၏ စိတ်ကူးအကြံအစီကိုလဲ သနားစိတ်ဖြင့် ချီးကျူးမိ တော့သည်၊

တနယ်တကျေးမှာ ကိုးကွယ်စရာ ရှိခိုးစရာ ဘုန်းကြီးမရှိသော ပါဠိဆိုင်ရာ ပထမကျော်ဘွဲ့ရ ကိုရင်လူထွက် မြန်မာဘုရင်တပါးရဲ့ ဘ၀နေ၀င်ချိန်တွေက The more I study  him, The more I know him, The more I know him, The more I pity him, လို့ ဆိုရမလိုပဲ၊ သူ့အကြောင်းကို သေချာလေ့လာလေလေ ပိုသိလေ၊ ပိုသိလာလေလေ သူ့ကို ပိုသနားမိလေ ဆိုတော့ ကိုယ့်ရှုးကိုယ်ပတ်သလို ဖြစ်နေပြီပေါ့၊  သီပေါမင်း ကိုလည်းပဲ 1916 ခုနှစ်မှာ နတ်ရွာစံ ကံတော်ကုန်တာကို 1919 ခုနှစ် မတ်လပိုင်းကျမှ စုဖုရားလေးနှင့်အတူ ဂူသွင်းသဂြိုလ်ရတယ်၊ 1912 ခုနှစ်  ဇွန် 25 မှာ နတ်ရွာစံတဲ့ စုဖုရားလေးလဲ (၇) နှစ်လောက် အခေါင်းထဲမှာ ထားခံရပြီးမှ ဂူသွင်းတယ်လို့ သိရပြန်တော့ တစ်ပူပေါ် နှစ်ပူဆင့် ၀မ်းနည်းမိပြန်တယ်။

တကယ်က စုဖုရားလတ်က သီပေါမင်းအလောင်းနှင့် စုဖုရားလေး အလောင်း ၂ လောင်းကို မြန်မာပြည်ကို သယ်သွားခွင့်အတွက် အမေ့ခြေရာ နင်းမယ့် ထက်ထက်မြတ်မြတ်  စတုတ္ထသမီးတော်နှင့် သားအမိနှစ်ယောက် တိုင်ပင်ပြီး   အင်္ဂလိပ်ကို အကျိတ်အနယ် တောင်းဆိုနေခဲ့တာကြောင့်ကြန့်ကြာနေခဲ့ရပါသတဲ့။ အင်း ဒီလိုတော့ လဲ မိဖုရားက အမျိုး ဘာသာကို မမေ့နိုင်ပဲ တတ်နိုင်သလောက် ကြိုးစားရှာတယ်၊ တော်သားပဲ လို့ စိတ်ထဲက အလိုလို အသိမှတ်ပြုမိပြန်တယ်။

သူ့စိတ်ဓာတ်က လာမယ့်ဘေး ပြေးတွေ့မယ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ၊ သေရင် မြေကြီး ရှင်ရင် ရွှေထီး  ဆိုတဲ့ စိတ်မျိုးကိုး၊ ဒါကြောင့်လဲ ပါတော်မမူခင်က အင်္ဂလိပ်ကို  သူသေ ကိုယ်သေ တိုက်ကြမယ် လို့ အရေး ဆိုတာကို တားမြစ်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းကို ယောကျာင်္းဖြစ်ပြီး ဒီလောက်ကြောက်နေရင် ထမိန် ( လုံချည် ) ၀တ်ထားပါလားလို့  ပြောခဲ့တဲ့ စကားက ရာဇ၀င်တွင်ခဲ့တာဖြစ်မယ်၊ ဒီလောက်နဲ့ မပြီးပဲ ၀န်ကြီးဆီကို လုံချည်၊ သနပ်ခါး ကျောက်ပြင်၊ စတဲ့ မိန်းကလေး အလှပြင် အသုံးအဆောင်တွေ ပို့စေခဲ့သတဲ့၊  အော် စုဖုရား လတ်လို စိတ်ဓာတ်များ မြန်မာ ပြည်သားများရှိကြလျင်…ရှိနေလျင်… အတွေးများက ချာလပတ် လည်နေတော့သည်။

စုဖုရားလတ်ရဲ့ဆန္ဒက အလောင်းတွေကို မန္တလေး ရတနာပုံနေပြည်တော်အထိ သယ်သွားပြီး ဘိုးတော် မင်းတုန်းမင်းတို့ရဲ့ အုတ်ဂူတွေနှင့် အတူတူ မြှုပ်စေချင်ခဲ့တာ၊ ဒါပေမယ့် အင်္ဂလိပ်က ခွင့်မပြုမှ အားမတန် မာန်လျော့ကာ မြန်မာပြည်ကို အပြီးပြန်ခဲ့ရတယ်။  ရတနာဂီရိမှာ သီပေါမင်းနဲ့ ပက်သက်လို့ ကြည့်စရာက သုံးနေရာပဲ ရှိပါတယ်၊ သူတို့ မိသားစု နေထိုင်ခဲ့တဲ့ အင်္ဂလိပ်က ဆောက်လုပ်ပေးထားသော  သီပေါနန်းတော် ဆိုသော အဆောက်အဦး၊ နောက်တော့ စုဖုရားလေးနှင့် သီပေါမင်းတို့ရဲ့ ဘေးချင်းကပ် အတူတူ ဆောက်ထားသော အုတ်ဂူနှစ်လုံးပါ။

နောက်ထပ် သီပေါမင်းက မြန်မာပြည်ကို လွမ်းတိုင်း ပင်လယ်ကမ်းစပ်မှာ သွားထိုင်ပြီး အလွမ်းဖြေတဲ့ နေရာတစ်ခုရှိတယ်၊ အဲဒီနေရာမှာဘာသာရေး အဆောက်အဦး တစ်ခု ဆောက်လုပ်ခွင့်ပေးထားတာကြောင့်  စေတီတစ်ဆူ တည်ထားခဲ့တယ် လို့ ကြားဖူးပေမယ့်လည်း နှစ်တွေ ကြာညောင်းလာတော့ အဲဒီစေတီ ဆိုတာလဲ မရှိတော့ဘူးလို့  သိရတယ်၊ ဒါကြောင့် စာရေးသူတို့ ၂ နာရီ လောက် အချိန်ပေးပြီး ရှာဖွေပေမယ့် စေတီနေရာကိုတော့ မတွေ့ခဲ့ရဘူး။ 
 ရဲတိုက်ကြီးကဲ့သို့ ထီးထီးကြီး တည်ရှိနေသည့် ယနေ့ခေတ် ရတနာဂီရိမှ လူများအခေါ် Thi Baw Palace ဟု ဆိုသော သီပေါမင်း နေထိုင်ခဲ့ရာ စံအိမ်တော်ကြီး

 နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တော့ အပြင်ဘက် ၀ရံတာဘက်မှာ မိုးရေတောင်မလုံတော့တာ ၀မ်းနည်းမိတယ်၊ ရွှေပြည်ကြီးမှာ ဆိုရင်တော့ ရွှေပိန်းတွေ ချထားကြမလား မသိဘူး၊
တလမ်းလုံး စိမ်းစိမ်းစိုစို တောတောင် ရှုခင်းများနဲ့ တလမ်းလုံး ဒီလို သွားခဲ့ရတယ်၊ တို့ဘုရင်ကို ဒီလို အစွန်အဖျားမြို့မှာ လာထားတာ တွေးမိတိုင်း စိတ်မကောင်းမိ၊ နေရာကောင်းမှာ ထားလို့ မြန်မာပြည် ပြန်သွားရင် သူတို့လုပ်ထား ပင်ပန်းထားသမျှ သဲထဲ ရေသွန်ဖြစ်မှာကိုး၊ ဒါကြောင့် ပထမ မဒရပ်မြို့မှာ ထားတာကို ပြင်သစ်ရန်ကို ကြောက်တော့ သွားလာရေး ခက်ခဲတဲ့ ရတနာဂီရိကို ပို့လိုက်တယ်၊  အင်္ဂလိပ်ပဲ ကမ္ဘာကို အုပ်ချုပ်လာတာ အဲဒီလောက်တော့ အ - မည်မထင် ...

မျက်နှာစာ အဆောက်အဦးမှ နောက်မှာ အဆောင်တော်ကူးဖို့ နောက်တစ်ဆောင်ရှိသေးတယ်၊ ဒါကတော့ အဆောင်တော် နှစ်ခုကြားက လမ်းမနှင့် ဥယျာဉ် ရေကန်များ ထင်ပါတယ်
ဒါကတော့ သီပေါမင်း မိသားစု နေထိုင်ခဲ့ရာ တိုက်ခန်းအတွင်း အပြင်အဆင်တွေပါ၊ နောက်က သီပေါမင်း ပုံတူ ပန်းချီကားနဲ့ ဆိုတော့ စိတ်ကြိုက် ရိုက်လာခဲ့တယ်

ဓာတ်ပုံတော့ ရိုက်ခွင်မပေးဘူး၊ ဒါပေမယ့် သိတယ် မဟုတ်လား ငါတို့ မြန်မာဘုရင်မို့လို့ မှတ်တမ်းတင်ချင်လို့ပါ ခွင့်ပြုပေးပါ ဆိုပြီး အစောင့်ဒရ၀မ်ကို ရူပီး ၃၀ လောက်ပေးလိုက်တာ ရိုက် ရိုက်ဆိုပဲ၊ ဒါက သီပေါဘုရင် နဲ့ စုဖုရားလတ်တို့ အတူထိုင်ခဲ့ စံမြန်းခဲ့တဲ့ ညောင်စောင်း ထင်ပါရဲ့ နောက်မှာ ဘုရင် နှင့် မိဖုရားဓာတ်ပုံ ရှိနေပါတယ် ..
၂၇ ဧက ကျယ်ဝန်းပါတယ် ဆိုတဲ့ စံအိမ်တော်ရှေ့က ကွင်းပြင် မြင်ကွင်း
 ကိုယ့်လူမျိုးဘုရင်  မဟုတ်ကြတော့ သူတို့ကလဲ အခုလို ဖြစ်သလို ပြစ်ထားကြတာ ၀မ်းနည်းစရာ သိပ်ကောင်းပါတယ်

ဆက်ပါအုံးမည် ..

No comments:

Post a Comment