Friday, July 8, 2011

ဗုဒ္ဓဘာသာတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း မရှိပါ


အရှင်ဘုရား ဗုဒ္ဓဘာသာမှာ ယောင်္ကျား မိန်းမ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ် လို့ ပြောနေကြတယ်၊
ဥပမာ - ကျိုက်ထီးရိုးဘုရား ပစ္စယံအတွင်း အမျိုးသမီးများ မ၀င်ရ၊
            ရွှေတိဂုံ အထက်ပစ္စယံပေါ်  အမျိုးသမီးများ တက်ခွင့်မရှိ၊
           သိမ်အဆောက်အဦးထဲ အမျိုးသမီးများ မ၀င်ရ၊

စသည်စသည်ဖြင့် ပညတ်ချက်များစွာ ရှိခဲ့ပါသည်၊ ယခုလဲ ရှိနေပါသည်၊ ထိုပညတ်ချက်များကို ထောက်သောအာဖြင့် အမျိုးသမီးတိုင်း ယောင်္ကျားတွေလို အခွင့်အရေး မရှိခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်ဘုရား၊ အနောက်နိုင်ငံတွေမှာတော့ ဘယ်နေရာမှ ကန့်သတ်ချက် မထားပါ၊ ကျား မ တန်းတူ အခွင့်အရေး ပေးထားတယ်လို့ သိရပါတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ကျား မ ခွဲခြားမှုကို အလေးထားတယ်၊ မမျှတဘူးလို့ ထင်မြင်ပါတယ်ဘုရား ..ဒါကလဲ  တပည့်တော်ကို အမျိုးသမီး တစ်ယောက်က မေးမြန်းလာလို့ တဆင့်ပြန်လည်မေးလျောက်တာပါဘုရား ..

ဗုဒ္ဓဘာသာမှာ ကျား/ မ ခွဲခြားထားတယ် ဆိုတာ ဘုရားရှင်ပညတ်ချက်အနေနဲ့ ထင်ရှားမရှိပါ၊ ယဉ်ကျေးမှု အနေနဲ့ နိုင်ငံယဉ်ကျေးမှု၊ လူမျိုးယဉ်ကျေးမှု ကွဲပြားသည့်အလျောက် မဖြစ်သင့်တာ မဖြစ်အောင်၊ အကုသိုလ် အဖြစ် နည်းပါး အောင်၊ တားမြစ်လိုမှု သက်သက်သာ ရှိနိုင်ပါတယ်၊  နောက်တစ်ချက်အနေဖြင့် နှစ်ပေါင်းများစွာ ယုံကြည်လာကြသော ရှေးရိုးရာ အစွဲအလန်း များနှင့် လောကဓာတ်ဆရာတို့၏ အယူအဆများကလည်း လွှမ်းမိုးလာသောကြောင့်( လွှမ်းမိုးသည် ဆိုသည်မှာလည်း လူတို့ကယုံကြည်လက်ခံ နေသောကြောင့်သာ )  လူတို့၏စိတ်ကို တဖက်စောင်းနင်းဖြစ်စေ သည်ဟု ထင်ပါသည်။

ဘုရားပေါ် မတက်ရခြင်း ပြဿနာ

ဤအကြောင်းအရာများကို စာရေးသူ ထင်မြင်သည့်ဘက်မှ ဆွေးနွေးဖြေဆိုပါမည်၊ အမှန်က  နားလည်မှု လွဲနေခြင်း ပင်ဖြစ်သည်၊  ဘုရားရင်ပြင်တော်ပေါ်မဟုတ်ပဲ ဘယ်နေရာမှာ မဆို တက်ရောက်ဖူး မြှော်ခွင့် ရှိပါသည်၊ သို့သော်လည်း ဘုရားဂေါပကလူကြီးများက တက်ခွင့်မရှိဟု ကန့်သတ်ထားသောကြောင့်သာ မတက်ရောက်နိုင်ကြ ခြင်းဖြစ်သည်။

ခေတ်အခြေအနေအရ သုံးသပ်ရမည်ဆိုလျင် အမျိုးသမီးများ လုံချည်မ၀တ်ပဲ စကပ်တိုများ၊ ဘောင်းဘီတိုများ ၀တ်ဆင် ကာ ဘုရားရင်ပြင်တော်ပေါ် တက်ရောက်ခြင်းသည် သူတပါးတို့အား စိတ်အနှောက်ယှက်ကို ဖြစ်စေသည်၊ အထူးသဖြင့် ၀ိသဘာဂ အာရုံဖြစ်သော ယောင်္ကျားသားတို့၏စိတ်ကို ကိလေသာစိတ်အဖြစ် ထကြွစေသည်၊ ကုသိုလ်စိတ် ဖြစ်ရန် ဘုရားပေါ် လာသူများအား အကုသိုလ် ကိလေသာစိတ်ဖြစ်ရန် နှိုးဆွနေသကဲ့သို့ ဖြစ်နေသောကြောင့်  တားမြစ်ကြရ ခြင်း လည်း ဖြစ်နိုင်ပါသည်။

ဒီနေရာတွင် ဥပမာ ပေးရမည်ဆိုလျင်  ရောမရောက်လျင် ရောမလို ကျင့်ရမည် ဆိုသည့်အတိုင်း အိမ်ထဲသို့ ဖိနပ်စီးကာ ၀င်ခွင့်မရှိ ဟု အိမ်ရှင်များက သတ်မှတ်ထားလျင်  မည်သည့်ဧည့်သည် လာသည်ဖြစ်စေ ဖိနပ်ချွတ်ကာ ၀င်ရသည်။ စိတ်ထဲမှာ နှစ်သက် သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အိမ်ရှင်၏ ဆန္ဒအတိုင်း ဖိနပ်ချွတ်ပေးရသည်၊ သာမာန်မျှ သာဖြစ်သော ကိုယ်ပိုင်အိမ်၌ပင် အိမ်စည်းကမ်းအတိုင်း လိုက်နာရသည် ဆိုလျင် ဘုရားပေါ် အမျိုးသမီးများ မတက်ရ ဟူသော ဘုရားဂေါပကအဖွဲ့၏ စည်း ကမ်း ကိုလည်း လိုက်နာရပေမည်၊ မလိုက်နာလိုလျင် ဘုရားပေါ် မတက်ရုံသာ ရှိတော့သည်။

မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး ကပိလ၀တ်ပြည်သို့ ပထမဆုံးအကြိမ် ကြွတော်မူသည်တွင် ကပိလ၀တ် တပြည်လုံး ဘုရားရှင်အား အုံးအုံးကျွတ်ကျွတ် ပူဇော်နေကြသော်လည်း ထိုအထဲတွင် မိဖုရား ယသော်ဓရာ မပါခဲ့ပေ၊
ထိုအခါ ယသော်ဓရာ မင်းသမီးကို  မင်းချင်းတို့က ဘုရားရှင်ကို ဖူးမြင်ရန် လျောက်ထားကြသောအခါ ငါ့သံယောဇဉ် ၊ ငါ့မေတ္တာ၊ ငါ့စေတနာကို  မောင်တော်ဘုရား နားလည်လျင်စက်တော်ရာ တိုက်ခန်းအထိ ကြွလာလိမ့်မည်၊ ငါကတော့ ထွက်ပြီး မဖူးမျှော်တော့ပြီ ဆိုပြီး ငြင်းဆန်သည့်အကြောင်းကို မြတ်ဘုရား  ကြားတော်မူသောအခါ နောက်ပါ သာဝက နှင့်တကွ ယသော်ဓရာ တိုက်ခန်းသို့ ကြွတော်မူသတတ်။

မြတ်ဘုရားသည် စက်တော်ရာ တိုက်ခန်းသို့ မကြွခင် ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ - မည်သူမျှ မတားမြစ်ကြ လင့် လို့ ကြိုတင်မိန့်တော်မူပြီး ကြွသွားတော်မူရာ - ယသော်ဓရာ မင်းသမီးသည် ရေလှောင်ထားရာ တဖက်ဆည်ကန် ကြီးမှ ကန်ဘောင်ကျိုးကာ ရေများ ဒလဟော စီးဆင်းသကဲ့သို့  မျက်ရည်မိုး ဖြိုင်ဖြိုင်ချကာ အားရပါးရ ငိုကြွေးသည်  တွင်   မြတ်ဘုရား၏ ဖြေဖမိုးတော်ကို  မိမိပါးပြင်ဖြင့် ပွတ်ကာပွတ်ကာ ဆံပင်တို့ဖြင့် ပွတ်ကာတိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေး တယ် လို့ဆိုပါတယ်။ 
တဆက်တည်းမှာပဲ ယသော်ဓရာ၏ သောကဝေဒနာကို ဖြေဖျောက်ပေးလိုသောကြောင့် အမျိုးသမီး များ သစ္စာကြီးမားစွာ ချစ်ခင်နှစ်သက်တတ်ပုံ၊ အနစ်နာခံကာ ပါရမီဖြည့်ဖက် ပီသစွာ သံယောဇဉ်ကြီးပုံတို့ကို ထင်ရှားပြကာ စန္ဒကိန္နရီ ဇာတ်ေ တာ် ကြီးကို ဟောတော်မူခဲ့တယ်။

ဤနေရာတွင် သက်ရှိထင်ရှား ဘုရားရှင်၏ ခြေထောက်တော်ကို အမျိုးသမီးများ ထိတွေ့ ပိုင်ခွင့်ရှိတယ် ဆိုတာကို သက်သေပြလိုရင်းပါ၊ သက်ရှိဘုရားရှင်တောင် ထိခွင့်းပေးလျင် သက်မဲ့ ဓာတ်တော်မွေတော်များ ထားရာ စေတီ ရင်ပြင် တော် စသည်အပေါ်သို့ တက်ခွင့် မရှိ ဆိုသည်မှာ ရှေးလူကြီးသူမများ၏ ရိုးရာယဉ်ကျေးမှုအမွေကို ထိမ်းသိမ်းလိုမှု သက်သက် သာဖြစ်သည်ဟု မှတ်ထင်ရပါသည်။

ဤသို့လျင် အိမ်တိုင်းမှာ စည်းကမ်းတစ်မျိုးစီ ရှိသကဲ့သို့ နိုင်ငံအလိုက် လူမျိုးအလိုက်၊ နယ်အလိုက်၊  အမျိုးအနွယ် အလိုက်အားဖြင့်စည်းကမ်းသတ်မှတ်ထားတာချင်း တူညီနိုင်မည် မဟုတ်ပေ၊

အိမ်ထဲဝင်လျင် ဖိနပ်ချွတ်သော မြန်မာတို့၏ ယဉ်ကျေးမှုသည် အနောက်နိုင်ငံ များတွင် ဖိနပ်စီးဝင်မှ သူတို့ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ ဖြစ်၏၊ မြန်မာ့ယဉ်ကျေးမှုတွင်  ဦးခေါင်းညွတ် အရိုသေပေးခြင်းသည် ဂါရ၀ နိဝါတဖြစ်သော်လည်း  သူတို့ ဆီမှာ ခေါင်းမော့ ရင်ကော့နေမှ စမတ်ကြသည်ဟူ၏၊ မြန်မာလူမျိုးတို့တွင် လက်အုပ်ချီကာ အရိုအသေပေးလေ့ ရှိသော်လည်း သူတို့ဆီတွင် လက်ကို နောက်ပစ်ကာ ခါးမတ်မတ်နေမှ လူဝင်ဆံ့ တတ်၏၊ ဤသို့လျင် တစ်မျိုးပြီးတစ်မျိုး နှိုင်းယှဉ်လျင် တူညီနိုင်မည် မဟုတ်ပေ။

သိမ်အတွင်း ၀င်ခွင့်မရှိ ပြဿနာ

ဤမေးခွန်းတွင်လည်း နှောင်းလူများ နားမလည်သောကြောင့်၎င်း၊ ၀ိနည်းသိက္ခာပုဒ်များကို သေသေချာချာ မသိရှိ ကြသောကြောင့်၎င်း လွဲမှားသော အယူအဆအဖြစ် သတ်မှတ်နေကြသည်၊  မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသည်ကား ရဟန်းလောင်းများ ရဟန်းဘောင်တက်ရန် သိမ်ဝင်နေစဉ်၊ ကမ္မ၀ါ ရွတ်ဖတ်သရဇ္ဈာယ် နေစဉ်   သံဃာပရိသတ် များအနားသို့ အမျိုးသမီးများ တိုးကပ် ၀င်၍မရပါ၊ အမျိုးသမီး ၀င်ရောက်သွားသည်နှင့် အစဉ်အတိုင်း လုပ်လာခဲ့သော ၀ိနည်းကံများ ပျက်ပြယ်သွားပြီး အစက ပြန်လည်ဆောင်ရွက် ရွတ်ဖတ်ကြရသည်။ ထို့ကြောင့် သံဃပရိသတ်ကို  ညှင်းဆဲ သလို   ဖြစ်သွား တတ်သည်။

အနီးဆုံးအတိုင်းအတာအားဖြင့် သံဃာပရိသတ်နှင့် ( ၂ တောင့် ၁ ထွာ ) အကွာအဝေးလွတ်အောင် ကပ်ဝင်ကာ ထိုင်ပြီး ကြည်ညိုနိုင်ပါသည်။ လူပရိသတ်များလဲ ကြည်ညိုနိုင်သလို သံဃာများလည်း ကံ မပျက်ပါ၊ ယခုခေတ်အနေအထားအရ ( ၆ ) ပေအကွာလောက်က ထိုင်လျင် ၀ိနည်းလွတ်နိုင်ပါသည်။  ဒါကိုပဲ လူအများက နားမလည်သောကြောင့် ဝေးဝေးနေကြ၊ သိမ်ထဲ မ၀င်ကြနှင့်၊  ကံပျက်လိမ့်မယ် စသည်ဖြင့် စိုးရိမ်လွန်ကာ တားမြစ်ကြရင်းက  စကားစကား ဆိုသည့်အတိုင်း ပြန့်ကားလာကာ အမျိုးသမီးများ သိမ်ထဲ မ၀င်ရဘူး ဆိုပြီးမှတ်ထင်နေကြတော့သည်။
  
မြတ်စွာဘုရားသည် သက်တော် ထင်ရှားရှိစဉ်ကတည်းက အမျိုးသမီးများတန်းတူ အခွင့်အရေး ခံစားနိုင်ဖို့ လမ်းဖွင့် ပေးထားခဲ့သည်၊  အမျိုးသမီးများ ရဟန္တာဖြစ်ကာ နိဗ္ဗာန်ရောက်နိုင်သော ကြောင့် မိထွေးတော် ဂေါတမီ၏ ပန်ကြားချက် အရ ရဟန်းများနည်းတူ ဘိက္ခုနီသာသနာကို  ခဲခဲယဉ်းယဉ်း ခွင့်ပြုခဲ့သည်။

အမျိုးသမီးများလည်း ထက်မြတ်၊ ပညာရှိကြသည်ကို အသိအမှတ်ပြုသောအားဖြင့် ရဟန်းများနည်း တူ တော် လျင်   တော် သည့် အလျောက်၊ ထူးချွန်လျင် ထူးချွန်သလို ( ၀ါအကြီးဆုံးအရာတွင် မဟာပဇာပတိ ဂေါတမီထေရီ၊ တန်ခိုးအရာ ဥပ္ပလ၀ဏ်ထေရီ၊ ပညာအရာ ခေမာထေရီ၊ ဈာန်ဝင်စားရာတွင် နန္ဒာထေရီ၊ ခေါင်းပါးစွာ ကျင့်သူတို့တွင် ကိသာဂေါတမီ၊ ဒိဗ္ဗစက္ခု ( နတ် မျက်စိ ကဲ့သို့ မြင်စွမ်းနိုင်သူ တို့တွင် ) ဗကုလာထေရီ၊ ၀ိနည်းဓိုရ်အရာတွင် ပဋာစာရီ ထေရီ စသည်ဖြင့် )   ဧတဒဂ်ဘွဲ့ထူးပေးကာ ချီးမြှောက်တော် မူခဲ့သည်၊

နောက်ဆုံးတွင် လူဝတ်ကြောင် ဥပါသိကာမ များကိုပင် ( မေတ္တာအရာ သာမာဝတီ၊ ဗဟုဿုတအရာ ဥာဏ်ပညာအရာ တွင် ခုဇ္ဇုတ္တရာ၊ ဒါနအရာတွင် ၀ိသာခါ၊ ဈာန်ဝင်စားရာတွင် ဥတ္တရာ နန္ဒမာတာ ) စသည်ဖြင့် ပရိသတ်အလယ်တွင် ချီးမြှောက်   တော်မူခဲ့သည်။ ဤသည်တို့မှာ ခွဲခြားကန့်သတ်ထားခြင်း မဟုတ်ကြောင်း ထင်ရှားနေပေသည်။

အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိခြင်းသည် ခေတ်ကာလ ၊ ယဉ်ကျေးမှု၊ နိုင်ငံ၊ လူမျိုးတို့နှင့်သာ သက်ဆိုင်ပြီး ဗုဒ္ဓတရားေ တာ် များနှင့် ရောနှောကာ မရှုမြင်သင့်ပေ။

အမှန်အားဖြင့် နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားနေခြင်းကြောင့် ခွဲခြာခံ နေရသည်ဟု ထင်မြင်နေသော အမြင်များကို ဘာသာရေးနှင့် ရောနှောလိုက်သောအခါ  ကျား မ ခွဲခြားလေ့ရှိတယ် ဟူသော အယူအဆကြီး ဖြစ်လာရတော့၏၊ ဤမျှ လောက် ဆိုလျင် ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီးခွဲခြားဆက်ဆံခြင်းမရှိ  ဟူသောအမြင် များကို လက်ခံ နိုင်ကြမည် ဟု မျှော် လင့် မိပါ သည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.7.Jul. 2011

No comments:

Post a Comment