Tuesday, July 19, 2011

ရတနာဂီရိနှင့် သီပေါမင်းစံအိမ်ရောက် ခရီးသွားမှတ်တမ်း အပိုင်း ၂

ဒီလောက်နဲ့ ပြီးမသွားပဲ ပါတော်မူပြီးနောက်ပိုင်း မိဖုရား စုဖုရားကြီး နှင့် ဆင်ဖြူမရှင် တို့သည် ရတနာဂီရိသို့ မလိုက်ဘဲ ထားဝယ်သို့ ထွက်ခွာကာ နေရစ်ခဲ့သည်၊ နောင်တချိန်တွင် ထားဝယ် ပုန်ကန်မှု ဖြစ်ပွားရာမှ  ထက်မြတ်သော ဆင်ဖြူမရှင်မိဖုရားကြီးကို မျက်စိဒေါက်ထောက် ကြည့်နေသော အင်္ဂလိပ်အစိုးရက သင်္ကာမကင်းဖြစ်ကာ သားအမိ နှစ်ယောက်စလုံးကို ရတနာဂီရိသို့ ပို့ခဲ့ပြန်သည်။

ရတနာဂီရိ ရောက်ပြန်တော့လည်း စုဖုရားလတ်နှင့် ဆင်ဖြူမရှင်တို့  တကျက်ကျက် ရန်ဖြစ်ကြသည် ဟု သိရပြန်တော့ ဧကန္တ လုပ်ပိုင်ခွင့် အာဏာ လုကြတာပဲ ဖြစ်မည်ဟု တွေးမိသည်၊ ဖြစ်နိုင်သည်က ရတနာပုံ နန်းတော်မှာ ကတည်းက စုဖုရားလတ်က တိုက်မည်၊ ရှုံးကာမှ လက်နက်ချ အညံ့ခံမည် ဟု စိတ်ထား ရှိသော်လည်း ဆင်ဖြူမရှင် မိဖုရားကြီးက အင်အား မမျှဘူး၊  ပြည်သူများ သေတာပဲ အဖတ်တင်မည် စသည်ဖြင့်ကင်းဝန်မင်းကြီးကဲ့သို့ပင် အခြေအတင် အငြင်းပွားခဲ့ကြသည် ထင်၏၊

ယခုလို ရတနာဂီရိ ရောက်လာပြန်တော့လည်း ဒီလို ဒီလို အိမ်နိမ့်စံ ဒုက္ခ ခံနေရသည်မှာ သူ့ကြောင့် ငါ့ကြောင့် ဖြစ်ရတာပဲ စသည် အငြင်းပွားရာမှ အကျယ် အကျယ်ဖြစ်လာကာ တစ်အိမ်ထဲ အတူမနေနိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ရပြန်သတဲ့၊  ထို့ကြောင့် မနေနိုင်သော အင်္ဂလိပ်အစိုးရသည် ဆင်ဖြူမရှင်တို့ သားမိ နှစ်ယောက်အား ရတနာဂီရိ ရှိ ခရစ်ယာန် သာသနာပြု မစ်ရှင် အဖွဲ့ဆီပို့ကာ ခွဲထားရသည် ဟူ၏။ ယခုခေတ် ယောက္ခမနှင့် ချွေးမ ဇာတ်လမ်းများပမာ ဖြစ်မည် ထင်သည်။ နိုင်ငံရပ်ခြားရောက်နေဆဲ အကျဉ်းစံ ဘ၀မှာတောင် ရန်ဖြစ်လို့ ငြင်းခုံလို့ ကောင်းတုံး ရှိသေးတာကို တွေးမိပြီး အော် တို့လူမျိုးတွေက အစဉ်အဆက်သွေးပါခဲ့သကိုးလို့ တွေးကာ ပြုံးမိရသည်။

ယနေ့ခေတ်နှင့်  ရတနာဂီရိ  အခြေအနေ

တည်နေရာ = အိန္ဒိယနိုင်ငံ မြေပုံ၏ အနောက် တောင်ထောင့်အရပ် Arabian ပင်လယ်ကမ်းခြေနှင့် တဆက် တည်းဖြစ်ပြီး အရှေ့ဘက်တစ်ကြောမှ တောင်တန်းများ ၀န်းရံထားသော အေးချမ်းစိမ်းစိုလှပနေ သည့် မြို့တမြို့ဖြစ်သည်။ ပင်လယ်ကမ်း ခြေမြို့ဖြစ်သောကြောင့် အမြဲတမ်းမိုးရွာလေ့ရှိပြီး ပူနွေးစွတ်စိုသော ရာသီဥတု ရှိကာ  Maharashtra  မဟာရပ်ရှ်ထရ ပြည် နယ်အတွင်း ပါဝင်သည်။

အကျယ် ဧရိယာ  = 8326 Sq. Kms.
 ရာသီဥတု = မိုးများ ရပ်ဝန်းဒေသ

များသောအားဖြင့်  ဆန်စပါး ၊ သီဟိုရ်စေ့ပင်နှင့် အခြားသော သစ်သီးဝလံများလည်း စိုက်ပျိုးလေ့ရှိပြီး ထိုဒေသထွက် သရက်သီးတွေကို နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့ရတယ် လို့ ဆိုတယ်၊  ပယ်လယ်ကမ်းခြေ ဖြစ်သောကြောင့် အုန်းပင်များ ပေါများစွာ ရှိသည်။ ရတနာဂီရိမှာ ထင်ရှားတဲ့ လည်စရာ ပတ်စရာ နေရာ သိပ်မရှိပေမယ့် ပင်လယ်ကမ်းခြေကတော့ တော်တော် လေး သာယာပြီး နာမည်ကြီးတယ်၊  ရတနာဂီရိကို ရောက်ရင် မြန်မာဘုရင် သီပေါမင်းရဲ့ နန်းတော် ( Thi baw palace )  ဆိုရင် နယ်ခံလူတိုင်းသိကြတယ်၊ လမ်းမသိရင် လမ်းညွှန်ပေးကြတယ်၊ သီပေါနန်းတော် နဲ့ ရတနာဂီရိမြို့ ဆိုတာ ခွဲခြားလို့ မရအောင် သမိုင်းတွင်ခဲ့တယ် လို့ ဆိုရပါမယ်။

အရင်တစ်ချိန်က ရတနာဂီရိ ဆိုတာ 1670 ပြည့်နှစ်များမှာ ရှီဝဂျိ  Shivaji လို့ အမည်ရတဲ့ Mahatha မာရသ ( ယနေ့ခေတ်အခေါ် မာရသီလူမျိုး ) ဘုရင်တပါး အင်အားကောာင်းစဉ်မှာ Ratnagiri မြို့ကို တည်ဆောက်ခဲ့ ပါသတဲ့။ အဲဒီလိုနဲ့  Satara သတရ ဆိုတဲ့ ဘုရင်က 1731 ခုနှစ်ဆီလောက်မှာ ဘုရင်ဧကရာဇ် စနစ်နဲ့ အစဉ်အဆက် အုပ်ချုပ်လာရာရင်းမှ  1818  မှာတော့ အင်္ဂလိပ် လက်အောက်ကို ရောက်ခဲ့ရတယ်ဆိုတော့ ရတနာဂီရိမြို့ဟာ အထက် မြန်မာပြည်ထက် နှစ်ပေါင်း( 63 ) နှစ်လောက် စောပြီး သူ့ကျွန်ဘ၀ရောက်နေပြီ ဖြစ်တယ်။

သီပေါစံအိမ်အခန်းတွင်း၌ အင်္ဂလိပ်တို့ မှတ်တမ်းတင်ထားသော မြန်မာဘုရင်၏ နောက်ဆုံးနေ့ရက်များ

28 Nov.1885  -  စစ်သားအရေအတွက် ( ၁၀၀၀၀ )သောင်းဖြင့် ဂေါဝိန် Gawwane ဆိပ်ကမ်းမှ ဆင်းသက်ပြီး မန္တလေး နေပြည်တော်လမ်း တလျောက် ဖြန့်ကျက်ထားကာ သီပေါမင်းကို ရှာတွေ့ရာနေရာတွင် လက်စွဲတော် ယိမ်းနွယ်ပါး Yeinnwebar ဓားရှည်လွတ်လျက် တွေ့ရှိခဲ့ရသည်။

29 Nov.1885 - သီပေါမင်း၊ မိဖုရားစုဖုရားလတ်နှင့် သမီးတော် ၂ ယောက်၊  မယ်တော်ကြီး၊ သူမ၏ သမီးတော် ၂ ယောက်နှင့် ဆွေမျိုးများ၊ အရာရှိ အမှုထမ်းများ အားလုံး ဂေါဝိန် ဆိပ်သို့ ဆင်းသက်ကြသည်။
30 Nov.1885 - သီပေါမင်း မိဖုရားနှင့် အခြားသူများအား သူရိယသင်္ဘော  Thooreya ဖြင့် သယ်ဆောင်ကာ ဂေါဝိန်ဆိပ်ကမ်းမှ စတင် ထွက်ခွာ၊

5 Dec. 1885 -  ရန်ကုန်  Yangon ( Rangoon ) သို့ ရောက်ရှိ၊
10 Dec 1885 - ရန်ကုန်မှ  ထွက်ခွာ၊
14 Dec .1885 - မဒရပ်မြိ့ Madras ( ယခုအခေါ် ) ချနိုင်း Chennai မြို့သို့ ရောက်ရှိ၊
31 Dec. 1885 -  သီပေါမင်းအတွက် အကျဉ်းချထားခြင်း ဆိုင်ရာ အမိန့်စာ ထုတ်ပြန်သည်၊ နှစ်တိုင်း 1916 ခုနှစ် သီပေါမင်း သေသည့်တိုင်အောင်အထိသက်တမ်း ရှိသည်။

10 April. 1886 - သီပေါမင်း မဒရပ် မြို့မှ ရတနာဂီရိမြို့ Ratnagiri သို့ ထွက်ခွာ၊
16 April . 1886-  သီပေါမင်း ရတနာဂီရိ သို့ ရောက်ရှိ၊
13 Nov 1910 - သီပေါမင်း ရတနာဂီရိ မြို့ရှိ လက်ရှိ သီပေါ စံအိမ်တော် သို့ ပြောင်းရွှေ့၊
 25 Jan 1912 - မိဖုရား စုဖုရားကလေး Suphaya Gale ရတနာဂီရိ တွင် နတ်ရွာစံ၊
16 Dec 1916 - သီပေါမင်း ရတနာဂီရိမှာ နတ်ရွာစံ ကံတော်ကုန်သည်။

18 April 1919 - မိဖုရား စုဖုရားလတ် Suphaya Lat ကို ရန်ကုန်ရှိ အမှတ် ၂၃ ၊ ချာချီလမ်း Churchill လမ်း၊ ( ယခုအခါ ) ဓမ္မစေတီလမ်း နေအိမ်တွင် အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းထား၊
24 Nov 1925 -  မိဖုရား စုဖုရားလတ် Suphaya Lat သည် နေအိမ် အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းထားစဉ် နတ်ရွာစံ ကံတော်ကုန်သည်။ 

လက်လှမ်းမှီသမျှ သီပေါမင်းမိသားစု၏ ကိုယ်ရေးအချက်အလက်များ

၁၈၅၉ ခု ဒီဇင်ဘာလတွင် သီပေါမင်းကို မွေးဖွား၊
၁၈၇၈ စက်တင်ဘာ ၁၉ တွင် နန်းတက်၊
၁၈၇၈ အောက်တိုဘာ ၈ တွင် ဘုရင်အဖြစ် ကြေညာပြီး  နန်းစံ ( ၇ ) နှစ်သာ ရှိသည်။

၁၈၇၈ နိုဝင်ဘာ ၁၈ ရက်တွင် စုဖုရားကြီးကို မိဖုရားမြှောက်ရင်း စုဖုရားလတ်က အလယ်မှ ၀င်ထိုင်ကာ အဘိသိက် ခံယူ သွန်းလောင်းရာ အလိုလို မိဖုရားခေါင် ရာထူးအား ရရှိ၊ နောင်တစ်ချိန်တွင် ညီအမ သုံးယောက်လုံးကို မိဖုရားမြှောက်ခဲ့၊
၁၈၈၅  ဒီဇင်ဘာ ၁၇ တွင် ( အင်္ဂလိပ်တို့ သတ်မှတ်သည့်အတိုင်း  ) ထီးနန်းကျ၊  ထိုအချိန်တွင် သီပေါဘုရင်သည် မဒရပ် မြို့သို့ ရောက်နေပြီဆိုတာ သေချာမှ နန်းကျကြောင်း ကြေညာခဲ့၊

ပါတော်မူချိန်တွင် ပထမသမီးတော်၊ ဒုတိယသမီတော်တို့ မွေးဖွားပြီးဖြစ်ကာ တတိယကိုယ်ဝန်ကို စုဖုရားလတ် လွယ်ထား ရ၊ မဒရပ်မြို့ ရောက်ပြီး ၂ လနှင့် ရက်ပေါင်း ၂၀ ကြာမှ တတိယသမီး တော်မွေးဖွားခဲ့၊
အတူလိုက်ပါလာသော မင်းစေ ၇ ယောက်၊ တံခါးစောင့် ၂၇ ယောက်၊  အခြွေအရံပေါင်း ( ၁၆၁ ) ဦး နှင့် မိဖုရား ၂ ပါးပါဝင်ကြ၊

စုဖုရားလတ်သည် မိမိနှင့် မတည့်သော ဆင်ဖြူမရှင် နှင့် စုဖုရားကြီးတို့ကို ထားခဲ့ကာ မိမိလက်ခုပ်ထဲက ရေ လိုဖြစ်နေသော၊  အေးလဲ အေး၊ ရိုးလဲ ရိုးသော အငယ်မ စုဖုရားကလေးကိုသာ ရတနာဂီရိသို့ ခေါ်သွားခဲ့၊

ရတနာဂီရိတွင် အင်္ဂလိပ်တို့၏ ထိုခေတ် ရူပီး ၁ သိန်းကျော် အကုန်အကျခံကာ ဆောက်လုပ်ပေးသော သီပေါစံ အိမ် တော် ကြီးတွင် နှစ်ပေါင်း ( ၃၁ )နှစ် ၄ လ၊ ၁၂ ရက်တိတိ အကျဉ်းစံဘ၀ဖြင့် နေထိုင်ခဲ့ရ၊ ဖြစ်ချင်သော ကိစ္စများကို နောင်တ ချိန်တွင် ထက်မြတ်သော စတုတ္ထသမီးတော် အငယ်ဆုံးလေးမှ တဆင့် အင်္ဂလိပ်အစိုးရထံ ရသင့်ရထိုက်သော အခွင့်အရေး များကို လူကိုယ်တိုင်ဖြစ်စေ စာအားဖြင့်ဖြစ်စေ တောင်းဆိုခဲ့­­­­­­သော်လည် များများစားစား အခွင့်အရေး ဘာမှ မရခဲ့၊

၁၉၁၆ ခုနှစ် ဒုတိယသမီးတော် အစေခံ ခင်မောင်လတ်နှင့် ထွက်ပြေးသော သတင်းကြားရပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲခဲ့ကာ နတ်ရွာစံ ကံတော်ကုန်ချိန်အထိပင်၊ 
၁၉၁၉ ခုနှစ်မှသာ အလောင်းကို ဂူသွင်း သဂြိုလ်ခဲ့ရသည်။

သီပေါမင်း အုတ်ဂူ ပမာဏ နှင့် ကမ္ဗည်းစာ

အလျား ၁၂ ပေ နှင့်  ၅ လက်မ
အနံ  ၁၂  ပေ နှင့် ၅ လက်မ
အမြင့် ၈ ပေ နှင့် ၆ လက်မ ( အုတ်ခုံအပါအ၀င်ဖြစ်သည် )
IN THIS TOMB
ON THE 19 TH MARCH 1919
WERE DEPOSITED THE MORAL REMAINS
OF THEBAW
THE LAST KING OF UPPER BURMA
WHO WAS DEPOSED ON THE 1ST
DECEMBER 1885
AND WAS REMOVED TO RATNAGIRI WERE
HE DIED ON
THE 15TH DECEMBER 1916.
AT THE AGE OF 58
ALSO THE REMAINS OF TEIK SUPAYA
GALE
THEBAW’S MINOR QUEEN
WHO DIED AT RATNAGIRI ON THE 15TH JUNE
1912
AGED 50.
အုတ်ဂူ ကမ္ဗည်းစာကို ဖတ်ပြီး မျက်စိမလည်စေချင်ပါ၊ ယခုအခါ အုတ်ဂူနှစ်လုံးရှိရာမှာ တလုံးတွင် သီပေါမင်းနှင့် စုဖုရားကလေးတို့၏ အလောင်းများကို ဂူသွင်းထားသည်ဟု သိရသည်။ နောင်တစ်ချိန်တွင် သီပေါမင်း၏ ပထမ သမီးတော်သည် ကုလားလူမျိုးနှင့် အိမ်ထောင်ပြုသည်ဖြစ်၍ မြန်မာပြည်မပြန်ဘဲ နေခဲ့ရာ သူသေလွန်ခဲ့ပါက သူ့အဖေ အုတ်ဂူဘေးတွင် အခုလို ဂူသွင်းပေး ရန်   တောင်းဆိုခဲ့သောကြောင့် အုတ်ဂူနောက်တစ်လုံး တည်ဆောက်ပေး ရသည် ဟူ၏။

သို့သော်လည်း အုတ်ဂူသည် လူအများတောင်းဆိုသည့်အတိုင်း ဆောက်လုပ်ပေး ထားခြင်းသက် သက်သာဖြစ်၏  အဖြစ်မှန်ကား ရတနာဂီရိမြို့သည် မိုးများဒေသ ဖြစ်သောကြောင့် ပထမသမီးတော်၏ အရိုးပြာများကို ဂူအတွင်း ထည့်သွင်းခြင်းမရှိပဲ ရတနာဂီရိ အမျိုးသား သမိုင်းပြတိုက်တွင် သိမ်းဆည်းထားသည်ဟု ဆိုသည်၊
 အရှင်နှစ်ပါး မိသားစု နေထိုင်ခဲ့ရာ The Baw Gallary Room ပါတဲ့ 
KING THE BAW GALLARY ROOM အတွင်းမှ သီပေါမင်း၏ မွေးဖွားချိန်မှ နတ်ရွာစံကံတော်ကုန်ချိန်အထိ အင်္ဂလိပ်တို့ မှတ်တမ်းတင်ထားသော The Baw's  Biography အလယ်ပိုင်းတွင် ဘုံဘေ ဘားမား BBTC ( Bombay Burma Teak/ Timber Corporation ) သစ်ကုမ္မဏီနှင့် ပြဿနာတက်ပုံများကို မှတ်တမ်းတင်ထားသည်။




ဒါကတော့ မြန်မာစာရေးထားသော ကျောက်စာကို ဇောက်ထိုးတတ်ထားသော ပထမသမီးတော်၏ အုတ်ဂူ

ဘေးပတ်ပတ်လည် တိုက်တန်းများ ၀န်းရံနေပြီဖြစ်တဲ့ အုတ်ဂူမည်ကာမတ္တထင်ရှားသော မြန်မာဘုရင်၏ အုတ်ဂူများ ( ဒီနေရာကို မနည်းရှာဖွေခဲ့ရတယ် )
စံအိမ်တော် အတွင်းမှာတော့ သစ်သားလှေကားက ကောင်းနေသေးတယ်

စံအိမ်တော် ရှေ့တွင်တွေ့ရသော အမြှောက်ပစ်လက်နက်ပျက်များ၊ အင်း ဒီဟာတွေကို မြင်တော့ မန္တလေးနန်းတွင်းကို ပြေးမြင်ယောင်မိပါဘိ

အပိုင်း ၃ ဆက်ပါအုံးမည် ..



No comments:

Post a Comment