မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ အကျော်ကြားဆုံး ကျမ်းဖြစ်သောကြောင့် စာရေးသူသည် ငယ်ငယ်ရွယ်ရွယ်ကပင် ဖတ်ရှု့ရန် စိတ်ဝင်စားခဲ့သည်၊ သို့ပေမယ့် အဖေက သားကို ထမင်း ခွံ့ကျွေးရာဝယ် ချစ်ခြင်းသံယောဇဉ်ဖြင့် ထမင်းလုပ် ကြီးကြီး ကျွေးသော်လည်း ကလေးသည် သူ့ပါးစပ်နှင့် တန်ရုံသင့်ရုံသာ စားနိုင်သလို မိမိလည်း ဖတ်သာ ဖတ်လိုက်ရသည် ကောင်းကောင်းနားမလည်တာက များသည်၊ ထို့ကြောင့် စာပိုဒ်သာ ဆုံးသွားသည်၊ ၀ါးတားတား ပဲ ရလိုက်သည်ပေါ့။
ထိုအချိန်က စပြီး ဖတ်ပေမယ့် နားမလည်တော့ ဆက်ပြီး မဖတ်ချင်တော့ပေ၊ ဒါကြောင့် ကိုယ်လို နားမလည်နိုင်သူ များရှိခဲ့လျင် တလုံး တစ်ပါဒ နားလည် သဘောပေါက် ကျင့်သုံးနိုင်ပြီး တစုံတရာ အကျိုးကျေးဇူးရစေဖို့ ရည်ရွယ်ပြီး အဓိပ္ပါယ် ကောက်နှုတ်ချက် ကို ရေးလိုက်ပါတယ်၊ ထိုကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်ပြီး ဤလင်္ကာသစ်ကို နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ရေးသားခဲ့ခြင်းကို မိမိ လက်လှမ်းမှီရာ လင်္ကာများကို မြန်မာပြန်ဆိုပါသည်။
(ပိုဒ် ၂၆၁)။ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။
ကိုယ်လုပ်လိုက်တဲ့ ကိစ္စအတွက် လူမိုက်တွေ ဘယ်နှယောက်ပဲ ဖြစ်ဖြစ် ချီးမွမ်းနေပါစေ၊ အယောက်တစ်သောင်းလောက်တောင် ချီးမွှမ်းနေပါစေ၊ သူတော်ကောင်း ရဟန်း ရှင် လူတယောက်ယောက်က ကဲ့ရဲ့မှာကို ကြောက်နိုင်ပါစေ၊
လူမိုက်တွေက ရလာမယ့် အကျိုး အပြစ်တွေကို သေချာ ကြိုတင် မတွေးဆ မဆင်ခြင်တတ်ကြဘူး။
ဆန္ဒစောကာ ပြောချင်တာပြောပြီး ၀စီကံသာ မကပဲ ကာယကံ ဒုတ်ဖြင့် ရိုက်သကဲ့သို့ လူမိုက်တို့ ချီးမွမ်းသော်လည်း မိမိ ဂုဏ်ဒြပ် ညှိုးနွမ်းတတ်၏ ဟူလို။
( ပိုဒ် ၂၅၀ )။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွှေးဘူး၊အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။
ပညာရှိ ဘုရားအလောင်း တို့ အတွက် အခါကောင်း( ဗေဒင် ယတြာ ) နက္ခတ်ကောင်းကို စောင့်စရာ မလိုပေ။
နေ့ည ရွေးနေစရာမလို၊ အခွင့်အေ၇းကြုံလာလျင် အခါကောင်းပဲ ဟု သတ်မှတ်ပြီး ကိစ္စ ကြီး ငယ်ကို ပြီးစီးအောင် လုပ်လေ့ရှိကြသည်၊
အခါပေး နေလျင် အခွင့်အရေးကောင်းကို လက်မလွတ်စေနှင့် ဟူလို။
( ပိုဒ်၂၅၄ )။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊
သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။
သဒ္ဓါ ပညာ နည်းပါးပြီး မောဟ များသည့် လူမိုက် ပစ္စည်းများသည် အများအတွက် ကောင်းကျိုးမပေးနိုင်၊
ဥပမာကား သမုဒ္ဒရာရေကို ဘယ်သူမှ သောက်ခြင်း သုံးခြင်း မိမိအိမ်ကို ခတ်၍ ချိုးခြင်း မပြုနိုင်သလိုပင်၊
သဒ္ဓါတရား အားကောင်းသော ပညာရှိ၏ ဥစ္စာကား တွင်းထွက်ေ၇ကဲ့သို့ အများအတွက် ချမ်းသာကို ပေးနိင်လေ၏။
သူများကို မပေးကန်းပဲ ကပ်စေးနှဲနေလျင် အားလုံးက ၀ိုင်းဝန်း မုန်းတီးတတ်၏။
ပေးကန်း ရက်ရောခြင်းသည်သာ ပီယဆေး မည်သတဲ့၊
လူ့လောကတွင် ကိုယ့်စိတ် ကြည်ကြည်လင်လင် နှင့် ပေးကမ်းစွန့်ကြဲ ၇ခြင်းသည် ကိုယ်တိုင် ရယူခြင်းထက် ကြည်နူးစရာ ကောင်း၍ မင်္ဂလာ တပါးပင် ဖြစ်ပေသည်။
No comments:
Post a Comment