Sunday, May 2, 2010

သက်သက်လွတ် နှင့် ဟိန္ဒူအကြောင်း တစေ့တစောင်း

ပူပြင်းတဲ့ ရာသီဥတုကို ကြံ့ကြံ့ခံရင်း အခုတလော စာရေးသူတို့ဟာ ဟိန္ဒူဘာသာဝင်တွေ အသိုင်းအ၀ိုင်းကို ရောက်နေပါတယ်၊ အိန္ဒိယ တနိင်ငံလုံးမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်လောက်ဟာ ဟိန္ဒူဘာသာဝင်တွေသာ ဖြစ်ကြပြီး သက်သက်လွတ်ကိုသာ အများဆုံး စားသုံးကြတာကို သတိထားမိပါတယ်၊ တချို့ အနည်းစုလဲ အသားငါး စားကြတာကို တွေ့ရပါတယ်။

ကြုံရတဲ့ ဒုက္ခကတော့ သက်သက်လွတ် ပတ်ဝန်းကျင်ကို ရောက်သွားတဲ့ စာရေးသူတို့အတွက် မဖြစ်မနေ သက်သက်လွတ် ကျင့်စဉ်ကို ကျင့်နေရပါတယ်၊ ကိုယ်တယောက်ထဲ လား ဆိုတော့ မဟုတ်၊ အဆောင်မှာ အတူနေနေကြတဲ့ မြန်မာရဟန်းတော်များအားလုံး သက်သက်လွတ် နေရပါသတဲ့၊ အသား အစား ကျူးတဲ့ မြန်မာတွေ ပါးစပ်နဲ့တော့ ခက်ပဲ ခက်ရချည်သေးရဲ့ ၊ တခါတလေ မနေနိုင်လွန်းလို့ အသား ငါးလေး တွေ ဘုန်းပေးကြတယ်၊ စားလိုက်ရတာနဲ့ မတန်ဘူး၊ အဆောင်မှုးကနေ စပြီး ပြဿနာ ရှာတော့တာပဲ၊ ကြာလာတော့ ပြဿနာ မတက်ချင်ကြတော့တာနဲ့ အသားကို တတ်နိုင်သမျှ ရှောင်ကြရပါတော့တယ်၊

ကြက်၊ ၀က်၊ ငါး ဘာအသားမှ မစားရ၊ ငါးပိ ၊ ငါးခြောက်၊ ပုဇွန် လုံးဝ မချက်ရ၊ မသုံးရ - ဆိုတော့ တခါတလေ စိတ်တောင် ပျက်မိပါရဲ့၊  အင်း ဒီပို့စ်ကို ရေး၇င်းနဲ့ အခုမှ သဘောပေါက်မိတယ်၊ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားကို ဆု ၅ ချက် တောင်းတဲ့ အထဲမှာ ရဟန်းတော်တွေ သက်သက်လွတ် စားကြပါစေဘုရား၊ ဘယ်လို အသားငါး ကိုမှ မစားကြစေဖို့ သိက္ခာပုဒ် ပညတ်တော်မူပါဘုရား လို့ လျောက်ထားခဲ့ဖူးတယ်၊

ဘာမှ အကျိုးမများပဲ လူတွေရဲ့ စွဲလမ်းမှု့ သက်သက်ကြောင့်သာ အစဉ်အလာအရ ကျင့်သုံးနေကြတာကို သိမြင်တော်မူခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပါဘူး၊ စားချင်သူ စားကြပါစေ၊ မစားပဲ သက်သက်လွတ် ကျင့်လိုသူများလဲ ကျင့်နိုင်ပါတယ်- ငါဘုရား ခွင့်ပြုတော်မူတယ် ဆိုပဲ၊
အော် ဒါကြောင့် သက်သက်လွတ် ၀ါဒ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ မြတ်ဘုရား မပွင့်ခင်ကတည်းက ခေတ်စာနေခဲ့တာ အခု ငါတို့ ခေတ်အထိ မပျက်သုဉ်းသေးပါလား လို့ တွေးမိပြီး အစဉ်အလာကြီးမားတဲ့ ဟိန္ဒူဝါဒ နဲ့ ဘာသာရေးကို စိတ်ဝင်စားမိသွားတယ်။ လေ့လာမိသလောက်ကိုလဲ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။

ဟိန္ဒူဘာသာ
ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီး
ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။

တည်ထောင်သူ - ရှီဝ
• စတင်ပေါ်ပေါက်ရာဌာန - အိန္ဒိယပြည်
ဘာသာရေး၏အထွတ်အထိပ်ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ
• ပဓာန ကျမ်းဂန် - ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ
ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ကိုးကွယ်ရာ ဂျနတ်စ် ရုပ်တု

ဟိန္ဒူတို့၏ အခြေခံ ယုံကြည်ချက်များ

ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဗြဟ္မာက ဖန်ဆင်းသည်။ ဗိဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝ ( ရှီဝ )က ဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က သူရဿတီ၊ ဗိဿနိုး၏ ကြင်ယာတော်က လက္ချမီ၊ သိဝ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီးတို့ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဖန်ဆင်းသည်။ ထိုကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိသည်။ လောကသည် အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တ၀ါသည် အတ္တ၊ သတ္တ၀ါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏ ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တ၀ါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တဟု ခွဲခြားရ၏။

( မြန်မာလူမျိုးတို့က အသက်၊၀ိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တဟု ခေါ်ခြင်းပင်။) အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တ၀ါ သေသော်လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တ၀ါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တဘ၀ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘ၀၌ အတ္တကပင် ခံစား၏။ အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။

ဂင်္ဂါမြစ်သည် ဟိမ၀န္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ သိဝနတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ကျင့်သည့် သမထ အလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင် တောက်ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမအတ္တနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။

ဆက်ပါအုံးမည် --


စက်မှု့ သိပ္ပံပညာ နည်းပညာ ထွန်းကားလှပါတယ် ဆိုတဲ့  Bangalore နယ်က လှည့်လည်အပူဇော်ခံပွဲ
ပွဲတော်အတွင်း မြို့တော် ( ဘုံဘေ ) Mumbai က  ဂျနတ်စ် လှည့်လည်ပွဲပါ

No comments:

Post a Comment