ဒါဆို သခင်ကြီး လုပ်ထားတာပဲ ဖြစ်မယ် - လာ သွားကြစို့ သခင်ကြီးကို သွားပြောကြမယ် ---
ဒီနေ့ နေမပွင့်နိုင်လောက်အောင် မြူခိုးတွေ ပိတ်သဲနေတာပဲ၊ တောင်ယာ လုပ်ချင်တာတောင် လုပ်လို့ မရကြဘူး၊ မြူတွေ ဆိုင်းနေတာ သခင်ကြီး လုပ်ထားလို့ ဖြစ်မယ် --
လာ သွားကြစို့ရဲ့ သခင်ကြီးကို သွားပြောပြီး နေပူအောင် လုပ်ပေးခိုင်းကြမယ် -- -
ဒကာတို့-- ဒီနေ့ တောလိုက် မသွားကြပါနဲ့၊ အန္တရာယ်နဲ့ တိုးလိမ့်မယ်၊ သားကောင်လဲ ရမှာ မဟုတ်ဘူး၊
သခင်ကြီး -- -- ကယ်ပါအုံး - ဒီမှာ လူတယောက် တောဝက် အပက်ခံလိုက်ရလို့ပါ - --
အဲလို အဲလိုမျိုး ဒုက္ခအားလုံး တို့ရဲ့ ကယ်တင်ရှင်၊ ချင်းတမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုက်ကြီးသည် ကလေးမမွေးနိုင်တာက အစ လိုက်လံ ကူညီပေးခဲ့ရတဲ့ သခင်ကြီး ခေါ် တောင်တန်းဆရာတော်ကြီးရဲ့ ဘ၀ဟာ ခက်ခဲကြမ်းတမ်း ပင်ပန်းခဲ့ပါတယ်။
ဆောင်းတွင်းကာလရဲ့ တခုသော ညမှာတော့ ဆရာတော်ကြီး သီတင်းသုံးတဲ့ တောင်ပေါ်ကျောင်းဝင်း
ပြင်လေးထဲမှာ ကပ္ပိယချင်းဒကာတယောက်ရယ်၊ ဆရာတော်ကြီးရယ် မီးလှုံနေပါသတဲ့၊ ကျားတကောင်
ကလည်း ချမ်းလွန်းလို့ ထင်ပါရဲ့ မီးပုံဘေးနားအထိ ရောက်လာပြီး ငြိမ်ဝပ်စွာ မီးလှုံနေတယ်၊ ဒီမှာတင် ချင်းဒကာက ကျားကြီးကို ကြည့်ကာ သတ်ပြီး ရောင်းစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ စိတ်တွင်းက ကြံစည်ကာ အကုသိုလ်စိတ်များ ဖြစ်လာတာနဲ့ တပြိုင်နက်ထဲ ကျားကြီးဟာ အမှတ်မထင် ဟောက်လိုက်ပါသတဲ့၊ ဒီမှာတင် ဆရာတော်ဘုရားကြီးက --
ဒကာကြီးက သူ့ကို ရန်ပြုဖို့ ဘာကြောင့် စိတ်ကူးရတာလဲ ပါဏာတိပါတ ကို မလုပ်ရဘူးလေ -
တင်ပါ တပည့်တော် စောစောကတော့ ကြောက်နေတာပါ၊ နောက်တော့ သူက ရန်မပြုမှန်း သိတာကြောင့် အကုသိုလ်စိတ်တွေ ၀င်လာမိတာပါဘုရား -- ဟု လျောက်ထားသတဲ့၊
ချင်းတောင်တန်းက အတွေ့အကြုံများ
အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။
အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ချိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊
တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလ၀ယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများ
ဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြ၇သည်။
အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသောေ၇များ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။
လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။
ဘ၀မှာ ထိုက်တန်စွာ ဘာဝနာ ပွားများအားထုတ် ထားသူအတွက် ကောင်းရာ သုဂတိ ရောက်စေဖို့ ဆုတောင်း ပေးနေစရာ မလိုတော့ပါဘူးလေ၊
တက္ကသိုလ်ဘုန်းနိုင်က သဇင်ပန်းကို တင်စားသလို စာရေးသူကလဲ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သော ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့်ရေးသား ပူဇော်အပ်ပါသည်၊
ဆရာတော်ကြီးရဲ့မေတ္တာဂုဏ်ကိုရည်စူးပြီး ရှီခိုးဦးချ
ReplyDeleteကန်တော့ပါတယ်ဘုရား..။
ဆရာတော်ကြီးရဲ့အတ္ထုပတ္တိတွေကိုပိုလို့သိရအောင်
ဖေါ်ပြပေးတဲ့ဦးဇင်းကိုလည်းကျေးဇူးတင်ပါတယ်ဘုရား.
နောက်လည်းအခုလိုဖေါ်ပြပေးဖို့မျှော်လင့်မိပါတယ်ဘုရား.
အရှင်ဘုရား ကျန်းမာပျော်ရွှင်စွာဖြင့်စာပေကို ဆက်လက်ရေးသားနိုင်ပါစေဘုရား..။
ရိုသေလေးစားစွာဖြင့်
သဒ္ဓါ
ဆရာတော်ကြီးရဲ့မေတ္တာ တရားအကြောင်းကို လာဖတ်ပါတယ် ဘုန်း၂ ဘုရား ဦးချကန်တော့ပါတယ်..
ReplyDeleteဆရာတော်ဘုရားကြီးကို ဖူးမျှော်ခွင့် ရချင်ပါတယ်ဘုရား။ ဆရာတော်ကြီးရဲ့ အတ္ထုပတ္တိတွေကို သိရရင်ပဲ ကျေနပ်ပါပြီ။ ချင်းတောင်ကိုလည်း ရောက်ဖူးချင်တယ်။
ReplyDeleteဆရာတော်ဘုရားကြီးကို ဖူးမျှော်ခွင့် ရချင်ပါတယ်ဘုရား။ ဆရာတော်ကြီးရဲ့ အတ္ထုပတ္တိတွေကို သိရရင်ပဲ ကျေနပ်ပါပြီ။ ချင်းတောင်ကိုလည်း ရောက်ဖူးချင်တယ်။
ReplyDeleteအရှင်ဘုရား....
ReplyDeleteမအားလပ်တဲ့အတွက် နောက်ကျမှာ ရောက်လာတာ နောက်ကျမှပဲ ဖတ်ခွင့်ရတော့တယ်ဘုရား... ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်တော်တို့ကို အာရုံပြုခွင့်ရခြင်းတကြောင်း၊ မေတ္တာဓါတ်အကြောင်း သိခွင့်ရခြင်းတကြောင်း(ကျားကြီးဖြစ်ရပ်မှ)၊ ဆရာတော်ဘုရားကြီးရဲ့ ခက်ခဲကြမ်းတမ်းစွာ သာသနာပြုခဲ့မှုတို့ကို သိရခြင်းတကြောင်း... အရှင်ဘုရားကို ကျေးဇူးတင်ရှိပါတယ်ဘုရား... ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်ကို အာရုံပြုရင်း ဆရာတော်ကြီးကို ပူဇော်တဲ့အနေနဲ့ မေတ္တာစိတ်လေး ထားသင့်ကြောင်းလည်း သိသွားပါတယ်ဘုရား....
အရှင်ဘုရား သာသနာ့အကျိုးကို တိုးလို့ ထမ်းရွက်နိုင်ပါစေ....
ထိပ်ထား