Tuesday, May 11, 2010

ဘုံဘေ တခွင် ရောက်ခဲ့သမျှ

ဘုံဘေမြို့ကို ရောက်တာ ကြာနေပေမယ့် ဘယ်ကိုမှ သိပ်မသွားဖြစ်ခဲ့ဘူး၊ ဒီနေ့တော့ အိန္ဒိယနိုင်ငံရဲ့ ပထမမြို့တော် ဘုံဘေ ( ယခုအခေါ် မွန်ဘိုင်း Mumbai ) အတွင်း သမိုင်းဝင်နေရာ တော်တော်များများကို ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။

ဘုံဘေ မြို့ရဲ့ အကြီးဆုံးဘူတာရုံ တည်ဆောက်ထားပုံပါ

၁။ မနက်ခင်းမှာ ထွက်ထွက်ခြင်း သွားဖြစ်တာကတော့ တနိုင်ငံလုံး နေရာအနှံ့ကို စီးဆင်းဖြာထွက်ရာ ဂိတ်ပေါက်လို့ ဆိုရမယ့် မြို့လယ်က အကြီးဆုံး ဘူတာရုံကို ရောက်ခဲ့တယ်၊ အရင်က အိန္ဒိယရဲ့ သွားရေး လာရေးဟာ ရထားကို အဓိက ထားပြီး သုံးတယ် ဆိုတာ သတိမထားမိခဲ့ဘူး၊ လူဦးေ၇ များလွန်းတာကြောင့် ရှိသမျှ လိုင်းကားတွေလဲ မနိုင်မနင်း သွားလာ မောင်းနှင်နေကြရတယ်လို့ ဆိုပါတယ်။ အကြီးဆုံး ဘူတာရုံ ဖြစ်တာနဲ့ အညီ မနက်လင်းတာနဲ့ ကိုယ်စီ ကိုယ်စီအလုပ်သွားကြမယ့် လူတွေကို မြင်မှ လန့်တောင် လန့်သွားမိတယ်၊

အား လား လား ---
ပုရွက်ဆိတ်အုံကို ဒုတ်နဲ့ ထိုးလိုက် သလိုပါဘဲလား -
လှုပ်လှုပ်ရွရွ နဲ့ ပြေးပြေးလွှားလွှား သွားလာနေကြတာ - - အံ့သြပြီးရင်း အံ့သြရင်းနဲ့ လူတွေကလဲ ကုန်ကို မကုန်နိုင်ဘူးပဲ -ဟုတ်မှာပါပဲ - ဘုံဘေ တမြို့ထဲမှာပဲ လူဦးရေ သန်းပေါင်း ၂၀ ကျော် ရှိတယ် တဲ့၊ မြန်မာပြည်ရဲ့ လူဦးရေ တ၀က်နှုံးလောက်ရှိပါတယ်၊ဒီလောက်လူတွေတမြို့ထဲမှာပဲ စုနေကြသလားလို့တောင် ထင်ရတယ်။ တချို့ကတော့ ပြောကြပါတယ် - နယူးဒေလီမြို့တော်ဟာ လက်ရှိ အစိုးရရဲ့ အားထားရာ အာရုံစိုက်ရာ မြို့ဖြစ်ပြီး ဘုံဘေကတော့ သမိုင်းကြောင်းအရ ဟိုးယခင် အင်္ဂလိပ်လက်ထက်ကတည်းက ရုံးစိုက်ရာ မြို့ဖြစ်ပါသတဲ့။

လှပတဲ့ ရှေးဟောင်း အဆောက်အဦးတချို့

ဒါကြောင့်လဲ တမြို့လုံးနီးပါး အထူးသဖြင့် မြို့လယ် ဒေါင်းတောင်း နေရာတွေမှာ နှစ်ပေါင်း ရာချီကြာလှပြီ ဖြစ်ပေမယ့် လှပနေဆဲဖြစ်တဲ့ ရှေးဟောင်းအဆောက်အဦးတွေကို အများကြီးတွေ့ရမှာပါ။

ဘူတာက ထွက်လာပြီးရင် တက္ကဆီ စီးလိုသူများ ဒီလို တန်းစီပြီးစောင့်မှ စီးရမယ်

၂။ ဒုတိယ ရောက်ဖြစ်တာကတော့ ဘုံဘေ ပြတိုက်၊ ရှည်လျားလှတဲ့ သမိုင်းကြောင်းရှိတဲ့ ပြတိုက်ကို သမိုင်းဘာသာ စိတ်ဝင်စားပေမယ့် ကောင်းကောင်း မလေ့လာနိင်သေးတဲ့ စာရေးသူအတွက် အခက်အခဲဖြစ်ရပါတယ်။ အဆိုးဆုံးကတော့ ဓာတ်ပုံမှတ်တမ်း မတင်ခဲ့ရတာပါ။ စိတ်ထဲမှာ တခုခု ကျန်ခဲ့ပေမယ့် ဘာကို ဘယ်လို ဖော်ပြရမလဲဆိုတာ မတွေးတတ်အောင် များပြားလှတဲ့အတွက် မိမိရဲ့ အားနည်းချက်လို့ပဲ ပြောရမလားမသိ၊

တစ်ခု သတိထားမိတာကတော့ ကိုယ့်ရွှေမြန်မာတွေလို ငွေ ( ဒေါ်လာ နည်းနည်း များများ ရရင်ပြီးရော ) ရှေးဟောင်းပစ္စည်းတွေကို ဘယ်လို အကြောင်းကြောင့်မှ ရောင်းမထုတ်ပဲ ထိန်းသိမ်းထားတာကိုတော့ စိတ်ထဲက ကြိတ်ပြီး ချီးကျူးနေမိတယ်။ တဆက်တည်းမှာပဲ ကိုယ့်နိင်ငံ ပြတိုက်နှင့်တော့ တော်တော် ခြားနားတာပဲ လို့ တွေးနေတယ်၊ ဘာတွေ ခြားနားတာလဲ ဆိုတော့ - အင်း -------------- ကိုယ်က မြန်မာပဲလေ - မြန်မာနဲ့ ယှဉ်ကြည့်တာ မဆန်းပါဘူး -

ဆက်ပါအုံးမည် -
ဒီနေရာမှာ ပြတိုက်အကြောင်းကို လေ့လာနိင်ပါသေးတယ်

No comments:

Post a Comment