Wednesday, April 14, 2010

သင်္ကြန် လင်္ကာများ


ပိတောက်ပန်း

လတန်ခူး ပေမို့
အလှထူး ပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်း သာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူ ထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ် ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်း လွင်ထန်
ကြူသင်းတာ ချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။

ဦးကြော့

ပိတောက်ပန်း


မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ် …။
တသိန် တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေ ဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာ လူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါ ဘိတယ် …။

တ၀ါဝါ ဆင် သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင် လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါ နဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။

ဇော်ဂျီ

No comments:

Post a Comment