Wednesday, April 7, 2010

လွဲနေတဲ့ ဒါနများ အပိုင်း ( ၂ )

ဒါန ( ၂ )

ရွာစား ငှါးတာ ၄ သောင်းပါ၊
မင်းသမီး လူရွှင်တော် ၃ ထောင်ကျော်၊
ဓာတ်ပုံရိုက်ခ ၆ ထောင်ကျ၊
ရှင်လောင်းဝတ်စုံ ၅ ထောင်ကုန်၊
ကျွေးမွေးစရိတ် ၉ သောင်း အစိတ်၊
သံဃာတော်မြတ် ၅ ဆယ်ကျပ်၊
အားလုံးပေါင်းသော် ၁ သိန်းကျော်၊
နတ်လူ သာဓု ခေါ်စေသော်။ ။

ရေးစပ်သူ - စိုးမောင်မောင်

အထက်ပါ လင်္ကာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က လှူဒါန်းပြီးသား အလှူတခုရဲ့ မှတ်တမ်းမှတ်ရာတခုပါ၊ အဓိပ္ပါယ်ကတော့ ရှင်းနေပြီ၊ ဒီလောက်အကုန်အကျခံလှူဒါန်းတဲ့ ပွဲမှာ ဘာတွေများ ကိုယ့်နောက် ပါအောင် ယူနိုင်လိုက်သလဲ လို့ စစ်လိုက်တော့ ရေရေရာရာ ဘာမှ မရှိတာ တွေ့ရပါတယ်၊ မလိုအပ်တဲ့ ပကာသနတွေ ဂုဏ်တုဂုဏ်ပြိုင်တွေ ကို အလေးထား နေလေတော့ နိဗ္ဗာန် ပန်းတိုင်ကို သွားတာ လမ်းချော်နေကြတာကို အားလုံးက သတိမမူမိကြပါဘူး၊ပတ်ဝန်းကျင်ကလဲ သိနေ မြင်နေပါလျက်နဲ့ တားမြစ်ရကောင်းမှန်းမသိကြဘူး၊

အထူးအားဖြင့် မြန်မာနိုင်ငံမှာ အလှူပေးမယ် ဆိုတိုင်း ဆိုင်းဝိုင်း ငှါးနိုင်မှ အလှူလို့ သတ်မှတ်ကြတယ်၊ ပွဲတွေ ဇာတ်တွေ ပါမှ ခြိမ့်ခြိမ့်သဲသဲ အလှူလို့ လက်ခံကြတယ်၊ အေးအေးဆေးဆေးနဲ့ သာသနာအတွက် အကျိုးများမယ့် အလှူမျိုးကို ဆိုင်းမပါ ဗုံမပါပဲ ကန်တော့ပွဲလေးနဲ့ လှူလို့ကတော့ - အလှူပိန်လေးပါကွာ မဖြစ်စလောက်ပါ၊ အလှူပေးတယ် လို့တောင် ကမ္ဗည်းတပ်လို့ မရနိုင်ပါဘူး ဆိုပြီး ကဲ့ရဲ့ကြပြန်တယ်၊
အခြေအနေက အဲလောက်အထိကို ဖြစ်နေပြီ ၊ အလှူရဲ့ အနှစ်သာရကို ထုတ်ယူနိုင်ဖို့ မစဉ်းစားနိုင်ကြဘူး၊

တချို့ကျတော့လည်း ကိုယ်တတ်နိုင်သလောက်လေးနဲ့ လှူလိုပေမယ့် ပတ်ဝန်းကျင်က ၀ိုင်းမြောက်ပေးလို့ အကြွေးအတင်ခံပြီး လှူကြပြန်တယ်၊ သူတို့ရဲ့ ရဲရင့်တဲ့ သဒ္ဓါတရားကို သာဓုခေါ်နိုင်ပေမယ့် ဂုဏ်ပကာသန မက်ပြီး လှူနေတာတွေကိုတော့ ရသင့်သလောက် မရလိုက်တဲ့အတွက် စိတ်မကောင်းနိုင်ပါ။
တောရွာ တခုက အလှူမှာပေါ့၊ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်က အကြိုတရားဟောတဲ့ ဓမ္မကထိကဆရာတော်က အလှူ့အမကို မေးတယ်၊ အလှူ့အမကြီး ဒီနေ့ည မိတ်ကပ်လိမ်းထားတာ ဘယ်လောက်ကုန်သလဲ၊ ပြောပါအုံး ဆိုတော့ - -

မိတ်ကပ်ဘူးက ၇ သောင်းကျော်ပါဘုရား၊
လိမ်းပေးသူရဲ့ လက်ခတန်ဖိုးက မနက်ဖြန် အလှူနေ့အတွက်ရော နှစ်ရက်စာ ၁ သိန်းပါဘုရား ၊
( ဒါက တောရွာ အတိုင်းအတာပဲ ရှိသေးတယ်နော် )
အင်း ဒါဆိုရင်တော့ မဟုတ်သေးဘူး၊ နင်တို့ နည်းလမ်းမှားနေပြီ၊ ပင့်သံဃာတော်တွေကျတော့ တပါး ၀တ္ထုငွေ ၅ ထောင်ပဲ လှူတယ်၊ ကျန်တာတွေအတွက် ကုန်တာနဲ့ စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး လို့ သတိပေးလိုက်တယ်၊( တကယ်တော့ အလှူ့အမနဲ့ ရင်းနှီးလို့သာ ဒီလို စကားပြောထွက်တာပါ၊ မဟုတ်ရင်တော့ ကဲ့ရဲ့ ခံရမည် အသေအချာပင်)

တုံး တံတား လျောက်စဉ် ၀ဲ ယာ မကြည့်နှင့်၊
သံသရာ တံတား ဖြတ်ကူးစဉ် အများ ကဲ့ရဲ့တာကို မမှု့နှင့် ။

တုံး တံတား လျောက်စဉ် ၀ဲ ယာ လျောက်ကြည့်နေက ချောက်ထဲ ကျတတ်သည်၊
နိဗ္ဗာန်သွားဖို့ သံသရာ( ဒါန ) တံတား ဖြတ်ကူးစဉ် သူများ ကဲ့ရဲ့ ခံရမှာ ကြောက်နေလျင် သံသရာချောက်ထဲပဲ ကျလိမ့်မည်၊ နိဗ္ဗာန်နှင့် လွဲလိမ့်မည်၊ ဟူလို၊

အရင်တစ်နှစ်က ရွာမှာ ဆရာတော် က တရားဟောနေတယ်။ ဘေးနားအိမ် က သားသတ်လိုင်စင် သမားက မနက်မှာ သတ်မယ့် နွားကို တရားပွဲနားက ဖြတ်ပြီး ဆွဲသွားတယ်။ နွားက တရားပွဲနားရောက်ရော ရုန်းပါလေရော။ တအူအူ..တဘဲဘဲ နဲ့။ အဲဒီ ကစပြီး ဆရာတော်လဲ ဒီ..သားသတ် တရားကို အမြဲတမ်း ဟောပြဆုံးမတယ်။ ကုသိုလ်အား..ပညာဥာဏ်အား နည်းလွန်းတော့ အကုသိုလ်အားများပြီး အခုထိ နားမလည်နိုင်ကြသေးဘူး။အထူးသဖြင့်အလှူရှင်တွေကိုယ်တိုင်ကိုက..ငါ့အလှူမှာဝက်သားကျွေးမှာ..ဘယ်နှပိသာ..ဒီလိုကြွားကြတာ။
တပည့်တော် အလှူပေးတော့... ငါးခြောက်ကြော်နဲ့ ရွာမှာ ကျွေးခဲ့တာ။ အဲဒါကို ဘုရား.. စင်ကာပူပြန် အလှူတဲ့ကွာ... ငါးခြောက်နဲ့ ကျွေးတယ်.. ၀က်သားလေးတောင် မကျွေးနိုင်ဘူးတဲ့..
ဒါကတော့ ဒကာလေးတယောက်ရဲ့ ကိုယ်တွေ့လေးပါ၊

ဘုရားအလောင်းတော်ဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်လို ပကာသနတွေမှ မပါဘဲ လှူသွားပါတယ်၊ နောက်ဆုံး ဝေဿန္တရာမင်းကြီးဘ၀မှာ တိုင်းပြည်၊ ထီးနန်းစီးစိမ်၊ မိဖုရား နဲ့ သားသမီးတွေကိုရော သဒ္ဓါတရားသက်သက်မျှဖြင့် လှူသွားတာမျိုးပါ၊ မှတ်မှတ်ရရ သသပဏ္ဍိတ ယုန်မင်း ဇာတ်တော်မှာ သိကြားမင်းယောင်ဆောင်ထားတဲ့ ပုဏ္ဏားအိုက ဗိုက်ဆာနေပါတယ် စားစရာ လှူပါအုံး တဲ့၊

အဲဒီအခါ ဘုရားအလောင်းယုန်မင်းက စားစရာ မရှိပါဘူး၊ တကယ်ဆာလောင်တယ် ဆိုရင် မီးဖိုပေးပါ၊ အကျွနုပ် ခန္ဓာကိုယ်ကို မီးကင်ပြီးလို့ ကျက်ရင် စားနိုင်ပါပြီ၊
ဆိုပြီး မီးဖို ခိုင်းတယ်၊ နောက်ဆုံး လှူစရာ မရှိလို့ ကိုယ့်အသက်ကိုတောင် စွန့်လှူမယ် ဆိုတဲ့ ကြောက်စရာ ကြက်သီးမွေးညှင်း ထစရာ သတ္တိမျိုးနဲ့ မီးပုံထဲ ခုန်ဆင်းပြီး အသက်အသေခံ ပေးလှူခဲ့တယ်၊ တကယ်တော့ သိကြားမင်းရဲ့ အာနုဘော်ကြောင့် အသက်မသေပဲ လွတ်မြောက်ခဲ့ပေမယ့် - ယုန်မင်းကို အလွန်ကြည်ညိုလွန်းလို့ နောင်လာ နောက်သားတွေ သတိတရနဲ့ အတုယူနိုင်အောင် လ - ၀န်း ထဲမှာ ယုန်ရုပ်လေး ပေါ်နေစေ တဲ့ အထိအောင် သမိုင်းတွင်ရစ်ခဲ့တယ်။

အဲဒီ ယုန်ရုပ်လေးဟာ ကမ္ဘာပျက်သည့်တိုင်အောင် တည်တံ့နေမယ် လို့ စာပေများမှာ ဆိုပါတယ်၊ စာစကားနဲ့ ပြောရရင် ကပ္ပဋ္ဌိက ဋ္ဌိတိ - ကမ္ဘာမြေကြီး မပျက်မချင်း တည်ရှိနေမယ် တဲ့၊ အခုခေတ် သမိုင်းတွင်အောင် လုပ်သွားသူတွေက အလွန်ဆုံး ရာစုနှစ်လောက်သာ လုပ်နိုင်တာနဲ့ ယှဉ်ရင် ဒီဇာတ်တော်မှာ ဘုရားအလောင်းတော်ဟာ ကမ္ဘာနဲ့ ချီပြီး ကျော်ကြားအောင် သမိုင်းတွင်အောင် လုပ်ဆောင်သွားနိုင်တယ်လို့ ဆိုရပါမယ်၊ အဲဒီရဲ့ အကြောင်းရင်းကို လိုက်ရှာလိုက်တော့ ဂုဏ်ပကာသန မပါတဲ့ ယုံကြည်မှု့ သဒ္ဓါတရား ကို တွေ့ကြရမှာပါ။

( လ ၀န်းမှာ - ဆန်ဖွတ်သည့် အဖိုးအို က ဘယ်လို ပါလာသလဲ ဆိုတာ အခုထိ ရှာဖွေနေဆဲ ရှိပါသေးသည် ) ဗဟုဿုတအနေနဲ့ ကမ္ဘာပျက်သည့်တိုင်အောင် မပျက်မဆီး တည်ရှိနေမည့် အရာလေးမျိုး ( ကပ္ပဋ္ဌိက ဋ္ဌိတိ ) ကို ဖော်ပြလိုပါသေးတယ်။

ဆက်ပါအုံးမည် - -

6 comments:

  1. အရှင်ဘုရာ...
    ဖတ်ရတာတွေ တော်တော်ကို တန်ဖိုးရှိလှပါတယ်ဘုရား... မြန်မာပြည်ကလူတွေ အားလုံး အလှူရှင်ရော အလှူခံတွေပါ ဒီသဘောတရားတွေကို ရင်ထဲနှလုံးသွင်းနိုင်ကြရင်ကောင်းပါမယ်ဘုရား... အခုက သူတို့က သိပြီးသားတွေပါဘုရား.. နှလုံးမသွင်းနိုင်ကြသေးတာပါဘုရား.. အလှူတခုလှူမယ်ဆိုရင် အလှူရှင်ကလဲ ဘာနဲ့လှူမှ ဂုဏ်တက်မယ်ဆိုပြီးတော့... အလှူလာတဲ့ ပုဂ္ဂိုလ်ကလဲ အလှူရှင်ရဲ့ စေတနာက ဘယ်လောက်ရှိလဲနဲ့ တိုင်းတာတာ မဟုတ်ပဲနဲ့ ဘာကြီးနဲ့ လှူမှ၊ ဘာဆိုင်းဝိုင်းကြီးထည့်မှနဲ့ ဘယ်လောက်ကုန်မှဆိုတာတွေနဲ့ တိုင်းတာနေကြတာ ဆိုးလှပါတယ်ဘုရား.... ဆက်ပါဦးဘုရား.. တပည့်တော်လာဆတ်ပါဦးမယ်ဘုရား....

    ReplyDelete
  2. အရှင်ဘုရား..
    အလှူတခုလုပ်ပြီဆိုရင်တခြားကိစ္စတွေကအကုန်အကျပို
    များတာကိုတွေ့နေရပါတယ်ဘုရား။။ တကယ်မိမိအတွက်
    တန်ဖိုးရှိမဲ့၊ကိုယ့်နောက်ပါမဲ့ကုသိုလ်ကဘယ်လောက်ရှိ
    နိုင်မလဲလို့စဉ်းစားကြည့်မိပါတယ်ဘုရား..။လူတွေဟာ
    ဂုဏ်ပကာသနကိုရှေ့တန်းတင်ကြလွန်းလို့ဘုန်းဘုန်းပြော
    သလိုလွဲမှားတဲ့ဒါနဖြစ်နေကြတယ်။ဘုန်းဘုန်းရဲ့စာပေ
    ကြောင့်တဦးတယောက်ကနေအများစုအထိနားလည်
    သဘောက်ပေါက်နိုင်ပြီးမှန်ကန်တဲ့အလှူဒါနကို
    သိမြင်နိုင်မှာပါလို့ယုံကြည်မိပါတယ်ဘုရား။။
    တပည့်တော်လည်းပိုလို့နားလည်သဘောပေါက်ပြီး
    ယုံကြည်မိပါတယ်ဘုရား။သိပေမဲ့လည်းဂုဏ်ပကာသန
    အမှောင်ဖုံးနေလို့သတိမေ့လျော့နေကြတဲ့အတွက်အခုလို
    အကျိုးပြုစာပေတွေကိုဆက်လက်ရေးသားနိုင်ဖို့မျှော်လင့်
    နေပါတယ်ဘုရား။
    တပည့်တော်ရှီခိုးဦးချလိုက်ပါတယ်ဘုရား။

    ရိုသေလေးစားစွာ
    သဒ္ဓါ

    ReplyDelete
  3. လာရောက် ဖတ်မှတ်နာယူသွားပါတယ်ဘုရား
    ဘုန်းဘုန်း ကျန်းမာရွှင်လန်းစွာဖြင့် သာသနာပြုနိုင်ပါစေ
    နှင်းဟေမာ

    ReplyDelete
  4. မင်္ဂလာပါ ဘုရား..

    ဒါန ရဲ့ အနှစ်သာရ ကို အထင်အရှား တွေ့မြင်နိုင်ပြီး မြင့်မြတ်သော အလှူတစ်ခု အဖြစ် အကုသိုလ်ကင်းရှင်းပြီး ကုသိုလ်တရား ပွားများအောင် လက်တွေ့လေးတွေနဲ့ ယှဉ်ပြီး တင်ပြထားတာ သိရ နာကြားရလို့ အထူးပင် ၀မ်းသာ ပိတိ ဖြစ်ရပါတယ် ဘုရား။

    သာသနာအကျိုး..လောကအကျိုး ဆထက်တိုးလို့ ထမ်းပိုးဆောင်ရွက်နိုင်ပြီး ဆရာတော်ဘုရား သက်တော်ရာကျော်ရှည်ပြီး အစဉ်ကျန်းမာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ဘုရား။

    ReplyDelete
  5. ဘုန်းဘုန်းရေးသလိုပါပဲ မြို့ကြီးတွေမှာအလှူလုပ်ရင် အဲဒီလိုအဖြစ်တွေသိပ်မရှိတော့ပေမယ့် တောရွာတွေမှာ တော့ အလှူလုပ်ရင် ဆိုင်းငှားရတာနဲ့ အ၀တ်အစားအလှ အပအတွက်ကုန်ရတာက အလှူလုပ်တာထက်ပိုကုန်နေတာ
    အပြိုင်လုပ်နေကြတာကို တွေ့ရတုန်းပါပဲ။ ခုထိလည်း အဲဒီ အစဉ်အလာကို မပြုပြင်သေးကြပါဘူး။
    ပြီးတော့ အလှူမှာကျွေးဖို့အသားငါးအတွက် အကုသိုလ် တွေများတာကိုတွေ့ရတော့ ကုသိုလ်လုပ်တာထက် အကုသိုလ်အလုပ်ကပိုနေသလိုပါပဲ။
    သိရ၊ မြင်ရတာ စိတ်မသက်သာပါဘူး ဘုန်းဘုန်း။

    ReplyDelete
  6.ဲံကြုံကြိုက်လို့ဝင်ရောက်ကြည့်ရှူမိပါသည်။ ယေဘုံယျအါးဖြင့် သါသနာအတွက်လုပ်ဆေါင်နေသည်များကိုဝမ်းမြောက်မိပါသည်။ အလှူနှင့်ပါတ်သက်သည့်အကြောင်းဖတ်ရာတွင် ပင့်သံဃာများအါးလှူဒါန်းငွေ ပါဝင်ရာခေါင်းထဲအတွေးဝင်မိပါသည်။ သံဃါများအါးငွေ တုက်ရိုက်လှူနိုင်ပါသလါး။ သံဃါများငွေအလှူခံနိုင်ပါသလါး။
    "သါမန်လူသါး

    ReplyDelete