သီဟိုဠ်တကျွန်းလုံးရှိ စေတီပုထိုးများ အားလုံး တစ်ဆူတလေမျှ ရွှေ သင်္ကန်းကပ်တယ် ဆိုတာ မရှိပဲ ထုံးရောင် ဖွေးဖွေးသာ ရှိသောကြောင့် ရွှေရှိတဲ့ ဘုရားကျမှ ကိုးကွယ်ချင်ကြတယ် - ဆိုတဲ့ ကိုယ့် မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ ဆိုလျင်ဖြင့် ကိုးကွယ်စရာကို ရှိမှာ မဟုတ်ဘူး ဆိုပြီး တစ်ယောက်ထည်း ပြုံးယောင်မိတယ်။
နှလုံးသားထဲမှာ ဘုရား မတည်ပဲ( ဘုရားဂုဏ်တော်ဖြင့် စိတ်ထဲ နှလုံးသားထဲ အမြဲထုံမွှမ်း ပွားများနေခြင်းကို မပြုလုပ်ကြပဲ ) ပြင်ပ ဗဟိဒ္ဓ သဏ္ဍာန်ကိုပဲ တန်ဖိုးထားနေကြတဲ့ ဘာသာရေး အသိဥာဏ် အားနည်းသူတွေ ကို အဓိက လမ်းညွန်ပေးသင့်တယ် လို့ ထင်မြင်မိပါတယ်၊ ဒါကြောင့် သီဟိုဠ်ကျွန်းသို့ ဘုရားရှင် ဒုတိယ အကြိမ် ကြွတော်မူခြင်း အကြောင်းကိုလက်လှမ်းမှီသမျှ ကိုးကားပြီး ဖြည့်စွက် တင်ပြလိုက်ပါတယ်။
မြတ်စွာဘုရားရှင်သည်ငါးဝါမြောက်၌ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသော အခါ နာဂဒီပကျွန်းငယ်အရပ်၌ ဦးရီးတော် မဟောဒရ နဂါးမင်းနှင့် တူတော် စူဠောဒရ နဂါးမင်းတို့ ပတ္တမြား ပလ္လင်ကို အကြောင်းပြု၍ နဂါးစစ်ပွဲကြီး ဆင်နွဲ တိုက်ခိုက်နေကြ၏၊
ဘုရားရှင်သည် တန်ခူးလကွယ်နေ့ နံနက်ပိုင်း၌ ဇေတ၀န်ကျောင်း၏ တံခါးမုဒ်အနီး လင်းလွန်းပင်နေ သမိဒ္ဓိသုမနရုက္ခစိုးနတ်မင်းကိုလင်းလွန်းပင်ကိုယူဆောင်စေလျက် နာဂဒီပကျွန်းသို့ ကြွတော်မူလေသည်။ နဂါးမင်းနှစ်ဦးတို့သည် ညီညွတ်ရေးတရား နာကြားပြီးသောအခါ ပတ္တမြားပလ္လင်ကို မြတ်ဘုရားအား လှူဒါန်း ကြလေသည်၊
ဘုရားရှင်သည် ထိုပလ္လင်ထက်၌ သီတင်းသုံးတော်မူလျက် လင်းလွန်းပင်နှင့်ပလ္လင်တော်ကို နဂါးအပေါင်းတို့ အား ကိုးကွယ်ရစ်ရန် အပ်နှင်းတော်မူသည်၊ အကြောင်းကား လင်းလွန်းပင်ကို သမိဒ္ဓိသုမန နတ်မင်းသည် ဘုရားရှင်အပေါ် ဆောင်းမိုးပေးတော်မူပြီး လိုက်ပါလာသည်ဖြစ်ရကား ပ၇ိဘောဂစေတီထိုက်သောကြောင့် ယခုကဲ့သို့ ရည်ညွန်းတော်မူခဲ့ခြင်းပင်။
ထိုလင်းလွန်းပင်ကို နာဂဒီပကျွန်း၌ စိုက်ပျိုးတော်မူခဲ့ပြီး နတ်မင်းကိုလည်း နေရစ်ခဲ့ရန် မိန့်မှာတော်မူလေ သည်။ ထိုအပင်အနီး ပတ္တမြားပလ္လင်ကို ဋ္ဌာပနာပြီး တည်ထားသော စေတီကား ယခုအခါ ရာဇာယတန စေတီ ဟု လူအများလက်ခံယုံကြည်ကိုးကွယ်နေကြလေသည်။စာရေးသူ သတိထားမိသည်ကား လင်းလွန်း
ပင်သည် အတော် ငယ်လွန်းသောကြောင့် နောက်ပိုင်းကာလမှ စိုက်ပျိုးထားသော အပင်ဖြစ်ရာ၏၊ မြတ်စွာဘုရားလက်ထက်က အပင်တော့ မဖြစ်နိုင် ဟူ၍ပင်။
ထူးခြားသည်မှာ နောင်အခါ သာသနာတော် ကွယ်ခါနီး နှစ်ပေါင်း ငါးထောင် ပြည့်မြောက်ပြီး ဓာတုပရိနိဗ္ဗာန် စံခါနီးအချိန်တွင် စကြာဝဠာတတိုက်လုံး ရှိရှိသမျှ ဘုရားရှင်၏ သရီရ ဓာတ်တော်တို့သည် သီဟိုဠ်ကျွန်း မဟာစေတီ သို့ ပထမဆုံး ကြွရောက်စုပေါင်း ကြလိမ့်မည်၊
မဟာစေတီမှ တဆင့် ဒုတိယနေရာအားဖြင့် ယခု နာဂဒီပကျွန်း ရာဇာယတန စေတီသို့ စုပေါင်း ကြွကြလိမ့်မည်။ ဤစေတီမှ တဆင့် တတိယနေရာအားဖြင့် မဇ္ဈိမဒေသ ဗုဒ္ဓဂါယာ ဘုရားရှင်ပွင့်တော်မူရာ မဟာဗောဓိစေတီတော်သို့ စုပေါင်းကြပြီးလျင် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ ရုပ်ပွား တော်သဏ္ဍာန် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် ပြတော်မူကာ ပရိနိဗ္ဗာန်စံတော်မူလိမ့်မည် ဟု မှတ်သားရပါသည်၊
ပရိနိဗ္ဗာန် တို့သည် ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန်၊ ဓာတုပရိနိဗ္ဗာန်-ဟု သုံးမျိုးရှိ၏။ ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်စံခြင်းသည် ဗောဓိပလ္လင်၌ ဖြစ်၏။ ခန္ဓပရိနိဗ္ဗာန် ဝင်စံခြင်းသည် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဖြစ်၏။ ဓာတုပရိနိဗ္ဗာန်စံခြင်းသည် နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့။
အဘယ်သို့ ဖြစ်လတ္တံ့နည်းဟူမူကား - မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့သည် ထိုထိုအရပ်တို့၌ ကောင်းစွာပူဇော် ကိုးကွယ်မှုကို မရကြတော့လျှင် မြတ်စွာဘုရား၏ အဓိဋ္ဌာန် အစွမ်းအားလျော်စွာ ပူဇော် ကိုးကွယ်မှု ရရာအရပ်သို့ ကြွသွားကြလိမ့်မည်။
( ဓါတ်တော်ပွားသည် ဆိုခြင်းမှာ မိမိက ရိုသေလေးမြတ်စွာ ပူဇော်လျှင် မိမိကဲ့သို့ ရိုရိုသေသေ မပူဇော်သော အရပ်ဒေသတို့မှ မိမိထံသို့ ရောက်လာခြင်းဖြစ်၏။ ) ထို့နောက် သာသနာတော် ကုန်ဆုံးသောအခါ သီဟိုဠ်ကျွန်းတွင် ဓာတ်တော်အားလုံး စုပေါင်းကာ မဟာစေတီကြီး၌ တည်လာလိမ့်မည်။ ထို့နောက် နာဂဒီပကျွန်းတွင် ရာဇယတနစေတီ၌ တည်ပြီးနောက် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ကြွရောက်လာကြ ကုန်လတ္တံ့။ ဓာတ်တော်မွေတော်အားလုံးသည် မုန်ညင်းစေ့မျှလောက်ပင် မကြွင်းမကျန်ဘဲ ကြွရောက်လာ ကြကုန်လတ္တံ့။
ဓါတ်တော်မွေတော် အားလုံးတို့သည် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်၌စုဝေးကြပြီးနောက် မြတ်စွာဘုရား အသွင်တော်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ တင်ပလ္လင်ခွေ ထိုင်တော်မူကာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော် ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် တကွ ထက်ဝန်းကျင်မှ ရောင်ခြည်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓအသရေတော် ကို ဆောင်တော်မူလျက် သက်တော်ထင်ရှား ရှိတော်မူစဉ်က ယမိုက် ပြာဋိဟာ ပြတော်မူသကဲ့သို့ ရေမီးအစုံအစုံသော တန်ခိုးတော်တို့ကို ပြတော်မူလတ္တံ့။
ထိုအခါ ထိုနေရာသို့ လူသတ္တဝါတို့ မရောက်နိုင်ကြဘဲ စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအားလုံးတို့ စုဝေးရောက်လာကြကုန် လျက် “ယနေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ၊ ဤနေ့မှစ၍ အမှောင်တိုက်ကြီး ဖြစ်ကုန်ပြီ”ဟုဆိုကာ ငိုကြွေးကြကုန်လတ္တံ့။ ထို့နောက် ဓာတ်တော်မွေတော် ရုပ်ပုံတော်မှ မီးအလျှံကြီး ဖြစ်ပေါ်၍လာကာ ဓာတ်တော်မွေတော် ကိုယ်တော်မကြွင်း လောင်ကျွမ်းခြင်းသို့ရောက်ကာ မီးအလျှံကြီးသည် ဤလူ့ပြည်မှ ဗြဟ္မာ့ ပြည်တိုင်အောင် တက်ရောက်သွားပေလတ္တံ့။
ထို့နောက် ဓာတ်တော် မွေတော်ဟူ၍ မုန်ညင်းစေ့ငယ်လောက်မျှ မကျန်တော့ဘဲ လောင်ကျွမ်း၍ သွားပေလတ္တံ့။
ထိုအခါ စည်းဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအားလုံးတို့ သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်
ဝင်စံသောနေ့၌ကဲ့သို့ နတ်ပန်းနံ့သာ တူရိယာတို့ဖြင့် ပူဇော်ကြကုန်လျက် သုံးကြိမ်တိုင် လက်ယာရစ် လှည့်ပတ်၍ ပူဇော်ကာ “နောင်ပွင့်လတ္တံ့သော မြတ်စွာဘုရားရှင်အား ပူဇော်ခွင့်ကို ရရပါလို၏” ဟု ဆုတောင်းမြွက်ဆိုကြကာ မိမိတို့နေရာ ထိုထိုအရပ်တို့သို့ ပြန်ကြကုန်လတ္တံ့။
( အင်္ဂုတ္တရ အဋ္ဌကထာ ၁၊ ၇၀)
မဟာဗောဓိစေတီတော်၌ ရေ မီးအစုံစုံ တန်ခိုးပြာဋိဟာ တို့ကို ပြတော်မူသည်၏ အခြားမဲ့၌ စကြာဝဠာတိုက်ပေါင်း များစွာမှ အသင်္ချေမက မရေမတွက်နိုင်သော နတ် ဗြဟ္မာတို့သည် အော် ဒီနေ့ ဒီအချိန်အခါမှ စ၍ မြတ်စွာဘုရား သာသနာတော်သည် အမှန်တကယ် ကွယ်လေပြီတကား ဟု သတိသံဝေဂ စိတ် ဖြစ်ပြီးလျင် တရားထူး ရသော အရိယာ အရေအတွက်သည်လည်း ဘယ်ရွေ့
ဘယ်မျှ ဟု မရေမတွက်နိုင်သော ဟူ၏။
ဝမ်းနည်းဖွယ် ကောင်းသည်မှာ ထိုသို့သော ပွဲတော်ကြီး၌ လူသား ဟူ၍ တယောက်မျှ မပါ ရှိခြင်းပင်၊မိမိအပါအ၀င်စာဖတ်သူများအား ဖြစ်နိုင်သော အကြံကို ပေးရလျင်ဖြင့် နတ်ပြည် ဗြဟ္မာ့ပြည် သုဂတိ ဘုံဋ္ဌာန တခုခုကို ရောက်အောင်သွား၍ အပြီးအသတ် ဓာတုပရိနိဗ္ဗာန်စံ ချိန်နှင့် ဆုံတွေ့နိုင်လျင် တရားထူးရနိုင်ကောင်း၏ ဟု အကြံပေးလိုပေသည်။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်္ချေမက မရေမတွက်
နိုင်သော သတ္တ၀ါတွေထဲ ကိုယ်လဲ ရောယောင် ပါနိုင်သေးသည်ပေါ့လေ။
ထို့ကြောင့် ဤ ရာဇာယတန စေတီသည် ဓာတ်တော်အားလုံးစုရုံးရာ ဒုတိယနေရာ ဖြစ်သောကြောင့် မြင့်မြတ်သော စေတီတစ်ဆူ ဟုပင် ဆိုချင်ပါတော့သည်၊
နံနက်ဝေလီဝေလင်း စိတ်ကြည်လင်လန်းဆန်းနေချိန်မှာ ဘုရားဖူးရတဲ့အရသာက နှိုင်းဆလို့ မရခဲ့
ဓာတုပရိနိဗ္ဗာန် ၀င်စံသည့်အခါ ဓာတ်တော်အားလုံးစုပေါင်းမည့် ဒုတိယနေရာအဖြစ် ဖူးတွေ့ရသော ရာဇာယတနစေတီတော်
သူတို့ရဲ့ ယဉ်ကျေးမှု့က ပန်းအားလုံးကို ဒီလို ဘုရားရှေ့မှာ ပုံပြီး ပူဇော်ကြတယ်
စာရေးသူ နှင့် ဝေးလံတဲ့ ကျွန်းဆီကို သွားနေကြတဲ့ ဘုရားဖူး ပြည်သူတွေ
နာဂဒီပ ကျွန်း သမိုင်းမှတ်တမ်းဓာတ်ပုံများ
Jaffna နယ်စပ်မြို့သို့ သွားရာလမ်း၌ လာသမျှ အမြှောက် ဗုံးဆန်ကို မမှု့တဲ့ တမီးလ်ကျားသူပုန်တို့ရဲ့ ရွေ့လျား တင့်ကား( သံမဏိကိုယ်ထည်က တလက်မ နီးနီး အထု ရှိတယ် )
နာဂဒီပ ခရီးစဉ်၌ ဟိန္ဒူဘုရားကျောင်းဝယ်အခကြေးငွေဖြင့် တညတာ နားခိုခဲ့ရ
No comments:
Post a Comment