Monday, March 29, 2010

အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း အပိုင်း ၂

အဲဒီ အဖိုးကြီးက ဘယ်လောက်ဆင်းရဲသလဲ ဆိုရင် ညပိုင်း အိမ်မှာ ထွန်းစရာ ဖယောင်းတိုင်တောင် မပြည့်စုံဘူး၊ မ၀ယ်နိုင်ဘူး၊ သာသမီးတွေ ၄ ယောက် နဲ့ အဖွားကြီးနဲ့ အားလုံး မိသားစု ၆ ယောက်ပေါ့၊ အိမ်က မိုးလုံခြုံတယ် ဆိုရုံပဲ၊ အရွယ်ရောက်တဲ့ သားသမီး ၂ ယောက်ကလဲ မပြုစုပဲ ပစ်ထားတယ်၊

ဆိုပါတော့ အဲဒီအိမ်က စာရေးသူကို လာပင့်တယ်၊ ဒကာကြီးက အိမ်မှာ အခြေအနေ ဆိုးနေသတဲ့၊ညနေပိုင်း မှောင်ရီ ပျိုးစ အချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာပေါ့၊ တော၇ွာဆိုတော့ တော်တော် မှောင်နေပါပြီ၊ဆိုလိုတာက အမှောင်ကြိုက်တဲ့ သစ္ဆေ သရဲ မှင်စာ တွေ အစာရှာ ထွက်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ - -

ဟေ့ သွားကြ.. …
ငါ့ကို လာမခေါ်နဲ့ … …
ငါ မင်းတို့နဲ့ မလိုက်နိုင်ဘူး … …
သွား … ………………
သွား ….. …………….
ငါ့ အိမ်ထဲကို ၀င်မလာ ကြနဲ့၊
ငါ မလိုက်ဘူး - - ဆိုပြီး ပါးစပ်က အော်နေတယ်၊

အိမ်ထဲ ၀င်သွားတော့ လူနာနားမှာ ဖယောင်းတိုင် သေးသေးလေး တတိုင်အလင်းရောင်ရတယ် ဆိုရုံပဲ ထွန်းထားတယ်၊ ဒကာကြီးရဲ့ ဦးခေါင်းနား အထိ တိုးကပ်သွားပြီး - သူ သတိဝင်လာအောင် လက်ဖ၀ါးကို တင်းတင်းဆုတ်ကိုင်ပြီး -
ဒကာကြီး ဘာမှ မပူနဲ့၊ ဦးဇင်း ရောက်လာပြီ၊ စိတ်အား မငယ်နဲ့ လို့ ပထမဆုံး အားပေးစကားတွေ ပြောပေးရတယ်၊
နောက်တော့ သောက်တော်ရေ တခွက်ခပ်ခိုင်းပြီး လူနာ နားမှာ ထားစေကာ - သူတော်ကောင်း သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တွေကို ဖိတ်မာန်ပြီး
မေတ္တာပို့၊ ဂုဏ်တော်ရွတ်ပေးပါတယ်၊
နောက်တော့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသနဲ့ ပစ္စယနိဒ္ဒေသ အကျယ်ကို ရွတ်ပေးတယ်၊
ဒါလောက်နဲ့ ပြည်စုံမယ် ထင်လို့ ရပ်ထားပြီး စကားဆက်ပြောနေဆဲပဲ၊ ၅ မိနစ်လောက်ပဲ ကြာမယ် ၊ လူနာက ပြန်ပြီး အလန့်တကြား အော်နေပြန်ရော၊
( သူ့စကားအရ လူမည်းမည်းကြီးတွေက အိမ်ခြံ ၀င်းပေါက် အပြင်ဘက်ကနေ ခေါ်နေကြသတဲ့၊) အမှန်က ပိဋကတ်ကျမ်းစာတွေ အလိုအရ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ဂတိနိမိတ် လို့ ခေါ်တဲ့ သူ သွားရောက်ရမည့် ဘ၀တွေကို ကြိုတင် မြင်နေ ထင်နေတာပါ၊

၁။ တချို့က ငရဲခွေးတွေ ခွေးနက်ကြီးတွေ ၀ိုင်းဆွဲခံရတာမျိုး မြင်နေရရင် ငရဲဘုံကို ရောက်လိမ့်မယ် ၊
၂။ တောတွေ တောင်တွေ မြင်နေရတာမျိုး၊ သမုဒ္ဒရာ မြစ်ကမ်းတွေ မြင်နေရပြီ ဆိုရင် ကိုယ်နေရမယ့်နေရာ ပေါ့၊ ပြိတ္တာ သစ္ဆေ သရဲ စတဲ့ နာနာဘာဝတွေ ဖြစ်တတ်တယ်၊
၃။ တိရိစ္ဆာန်တွေ၊ သူတို့ရဲ့ ပျော်မြူးနေပုံတွေ မြင်ကွင်းမှာ ပေါ်နေရင် တိရိစ္ဆာန်ဘုံ ရောက်၇လိမ့်မယ်၊
၎။ အမိ ၀မ်းရေ စတဲ့ နီနီ ရဲရဲ အသားအရေတွေကို မြင်နေရရင် လူ့ဘ၀ကို ပြန်လည် ၀င်စားရောက်ရှိလာနိုင်သတဲ့၊

ဒါဆို စာပေ အထောက်အထားအရ အဲဒီ ဒကာကြီးက ငရဲကို သွားရမယ် ဆိုတဲ့ အရိပ်နိမိတ် ဆိုတာ သိလိုက်တယ်၊ ဒါကြောင့်လဲ အားတက်သရော စိတ်ပါလက်ပါ ရွတ်ပေးခဲ့တယ်၊ လက်ဖ၀ါးကို ဆုတ်ကိုင်ထားတာက သူက ဝေဒနာခံစားနေရတော့ ဦးဇင်းရဲ့ အသံကို သတိလွတ်သွားပြီး အာရုံ ပြောင်းသွားမှာ စိုးရိမ်လို့ ကြိုတွေးထားလို့ပါ။
သူ့ဘ၀မှာ ဆင်းရဲ နုံချာလွန်းတော့ အလှူဒါန ကုသိုလ်ကောင်းမှု့ ဆိုတာ မရှိသလောက်ပဲ၊ တခြားကုသိုလ် တွေလဲ သိပ်မရှိဘူး တဲ့၊ တကယ်တော့ ငွေမကုန်ပဲ ရနိုင်တဲ့ ကုသိုလ်ကောင်းမှု့တွေ အများကြိးရှိပါတယ်၊ ကိုယ်တိုင် စဉ်းစားဥာဏ် မရှိတော့ ကုသိုလ် ရအောင် မယူနိုင်ခဲ့ဘူးပေါ့၊ သီလတွေ ဘာဝနာတွေ ဆိုတာတော့ ဝေလာဝေး။

အတိုချုံး ပြောရရင် တချိန်လုံး လက်ကို ဆုတ်ကိုင်ထားပြီး ပရိတ်ကြီး ၁၁ သုတ်လုံးကို ရွတ်ပေးရပြန်တယ်၊ ပြီးတော့ အမျှဝေ ပေးတယ်၊
ဒီနောက်တော့ ကိုယ်လဲ မောပြီ၊ ဘာမှ အမောပြေ သောက်စရာက မရှိဘူးလေ၊ ရွတ်ဖတ်လို့ ပြီးတာနဲ့ စောစောက သောက်တော်ရေခွက် ပရိတ်ရေကို သောက်လဲ သောက်စေတယ်၊ မျက်နှာကိုလဲ ပက်ဖျန်းစေတယ်၊ ဒီလိုနဲ့ ပထမရက် အဆင်ပြေသွားတယ်၊

ဒုတိယ ရက်လဲ အတူတူပဲ ၊ ည မှောင်ရီပျိုးစ အချိန် သွေးရူးသွေးတန်း အော်နေလို့ လာပင့်ကြပြန်တယ်၊ အိမ်ကိုကြွဖို့ ပြင်နေဆဲမှာပဲ ကျောင်းမှာ ဝေယျာဝစ္စ ခိုင်းစရာ လုပ်နေတဲ့ ဒကာတယောက်က ထစ်ထစ်ငေါ့ငေါ့ နဲ့ လျောက်တယ်၊ ( သူက စကားထစ်နေတယ် )သူပြောတာလဲ ဟုတ်ပါတယ်၊ အဲဒီ အိမ်က ဘာမှ မလှူနိုင်လို့ ရွာခံ ကိုယ်တော်တွေကိုတောင် မပင့်ရဲလို့ မပင့်ဘူး တဲ့၊ ဒါကြောင့် လူစိမ်း အာဂန္တုဖြစ်တဲ့ ဦးဇင်းကို ပင့်တယ်ပေါ့လေ။

ကြွမသွားပါနဲ့၊ အဲဒီအိမ် ပရိတ်ရွတ်ကြွရင် ဦးဇင်း ဘာမှ ရမှာ မဟုတ်ဘူးတဲ့၊
သူက တခြား ဘုန်းကြီးတွေ ပရိတ်ရွတ်ရင် ၀တ္ထုငွေ ရတယ် ဆိုတာ သိနေတာကိုး၊ ဒီတော့မှ -
အေး ငါက ဘာမှ မရနိုင်ဘူးဆိုတာ သိတယ်၊ ငါက စေတနာ သက်သက်နဲ့ ရွတ်ပေးမှာ လို့ သူ့ကို နားလည်အောင် ပြောရသေးတယ်၊
ဒုတိယနေ့မှာလဲ အရင်ရက်ကလိုပဲ ရွတ်ပေးရတယ်၊ ပဋ္ဌာန်း နဲ့ ပရိတ်ကြီး ၁၁ သုတ်လုံးပဲ၊ နောက်တော့ အမျှဝေ ပေးခဲ့တာပါ၊ အဲဒီနောက်တော့ ရွာကနေ ရန်ကုန်ကို ပြန်ကြွလာခဲ့၇တယ်၊ အံ့သြစရာ ကောင်းတာက အဲဒီဒကာကြီးက နောက် တပတ်လောက်ကြာ တဲ့ အခါ နာလန်ထူလာပြီး လူကောင်းပကတိ လို သွား လာ လှုပ်ရှားနေတယ် လို့ ဒကာတွေက လျောက်ထားလို့ သိရတယ်၊ ကိုယ်တိုင်လဲ ပီတိဖြစ်ရတာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အဖြစ်အပျက် ဆိုတော့ အခုအထိ အသက်ရှင်သေးသလား ဆိုတာရယ် ၊ နာမည်ရယ်တော့ မှတ်မထားမိဘူး၊ ခဏတွေ့တုံး ကယ်တင်ပေးလိုက်တာပါ၊

နောက်တယောက်ကတော့ ဒကာမကြီးတယောက် မန္တလေးက၊ သူလဲ အတူတူပါပဲ၊ အဲဒီလို အော်ခေါ်နေတယ်၊ မလိုက်နိုင်ဘူး၊ မခေါ်နဲ့ - စသည် အော်နေတာပေါ့။ သားသမီးတွေက ဘာလုပ်ရမလဲ မသိဘူး၊ ဒါနဲ့ ကိုယ်လဲ လူနာ သွားမေးတဲ့ အချိန်နဲ့ ကြုံနေတာကြောင့် ရွတ်ပေးခဲ့တယ်၊ နောက်၇က်တွေမှာ သာမာန် ဖျားနာတဲ့ သူလိုပဲ ဖြစ်တော့တယ်၊ ကျမ္မာလာတယ်လို့ သိရပါတယ်၊

တကယ်တော့ နည်းလမ်း သိသွားပြီလေ၊ အနာ သိတော့ ဆေးက ရှိနေပြီကိုး၊ ဒီဆေးနည်းပဲ ပေးရုံ ရှိတယ်၊ ဒီနည်းကလဲ ရောဂါပျောက်တယ် သက်သာတယ် ဆိုတော့ ပြီးပြီပေါ့၊
တိုက်တိုက်ဆိုင်ဆိုင် စကားစပ်မိလို့ ပြောရအုံးမယ်၊ အဲဒီ မယ်ရကုန်း ရွာမှာပဲ ဒကာမကြီးတယောက်ရှိတယ်၊ သူက ဘာသာရေး သိပ်လိုက်စားပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစင်္ကြာသုတ် အနတ္တလက္ခဏသုတ် အို စုံနေတာပဲ အမြဲ ရွတ်ဖတ် သရဇ္ဈာယ်တယ် ဆိုပဲ၊ နောက်ပြီး နတ် ဗြဟ္မာတွေ ချစ်ခံရအောင် လို့တဲ့ ၊ မဟာသမယသုတ်ကိုလဲ ညည သန်းခေါင် ၁၂ နာရီလောက် တရွာလုံး အိပ်နေချိန်မှာ အော်အော်ပြီး ရွတ်တယ်၊ မရွတ်ခင် ပရလောကက ပုဂ္ဂိုလ်အားလုံးကိုလဲ လာေ၇ာက်တရား နာယူကြဖို့ ဖိတ်ခေါ်တယ် တဲ့၊

ည သန်းခေါင် လောက် မဟာသမယသုတ်ကို ရွတ်နေဆဲအချိန် တရက်တော့ စိတ်ထဲမှာ သူရွတ်နေတာကို အများက ၀ိုင်းဝန်း စိုက်ကြည့်နေကြတယ် လို့ ခံစားမိတာနဲ့ အိမ်ဝင်း အပြင်ဘက်လှမ်းကြည့် လိုက် ချိန်မှာ -- အိုး - - ပုံစံ မျိုးစုံ မျက်နှာ မျိုးစုံ နဲ့ အိမ်ထဲကို စုပြုံပြီး စိုက်ကြည့်နေကြတာကို မြင်နေ၇ သတဲ့၊ ဒီနောက်တော့ ဒကာမလဲ ကြောက်လို့ မရွတ်ဖတ် ရဲတော့ဘူး၊ ပြဿနာကို စာရေးသူကို မေးတယ်၊

အေး ကိုယ်က ဖိတ်ထားမှတော့ သူတို့က လာပြီပေါ့၊ လာမှ ကြောက်မနေတော့နဲ့၊ အထူးသဖြင့် နာမည်တွေ ဘာတွေ ရွတ်ပြီး မဖိတ်ပါနဲ့၊ ရွတ်လိုက် မရွတ်လိုက် ဖြစ်၇င် သူတို့က ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့် လူသားတွေတောင်မှ ကိုယ်က မေတ္တာပေးလိုက် မပေးလိုက်လုပ်ရင် စိတ်ကွက်တာ တွေ စိတ်ဆိုးတာတွေ ရှိတတ်ကြတယ်၊ လို့၊

တကယ်တော့ နာနာဘာဝတွေက အမျှကုသိုလ် လိုချင်လို့ ၀ိုင်းရံနေကြတာပါ၊ သူက ကြောက်နေတော့ မဖြစ်တော့ဘူးပေါ့။ဒါကြောင့် ရွတ်ဖတ်တာကိုလဲ သတိထား ရွတ်စေချင်ပါတယ်၊ သူများထက် ထူးပြီး လုပ်ရင် ထူးပြီး ဖြစ်တတ်တယ် ဆိုတာ သတိထားဖို့ပါ။

ကဲ ဒီလောက်ဆို ပဋ္ဌာန်းရွတ်တာ က ဘယ်လောက် အကျိုးများတယ် ဆိုတာ သိလောက်ပါပြီ ဒကာလေးရေ ၊
ဘုရားရှင်ရဲ့ တရားတော်တွေက အသုံးချတတ်ရင် အသုံးချတတ်သလို ပစ္စုပ္ပန်ဘ၀ တမလွန်တွေမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည် သတ္တိတွေ ရှိနေပါတယ်၊ လက်တွေ့လဲ အသုံးချနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊

2 comments:

  1. မင်္ဂလာပါ...

    အခု အပိုင်း ၂ ကို ဖတ်ပြီး ကြက်သီးတွေ ထလာမိတယ် ဘုရား...

    ဒကာတစ်ယောက်က ၀တ္ထုငွေ ရမှာမဟုတ်လို့ သွားပြီး မရွတ်ပါနဲ့လို့ လျောက်ထားတော့... အရှင်းဘုရား ပြန်လည် မိန့်ကြားတဲ့ " အေး ငါက ဘာမှ မရနိုင်ဘူးဆိုတာ သိတယ်၊ ငါက စေတနာ သက်သက်နဲ့ ရွတ်ပေးမှာ" ဆိုတဲ့ စကားကြောင့် ကြက်သီးတွေ ထသွားမိပါတယ် ဘုရား...

    စေတနာအကျိုး... ပရိတ်တရားတော်ရဲ့ အကျိုးကြောင့် သတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ယုံကြည်မိပါတယ် ဘုရား...

    သာသနာအကျိုး..လောကအကျိုး.. ဆထက်တိုးလို့ ထမ်းပိုးဆောင်ရွက် အောင်မြင်နိုင်ပါစေလို့...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. တပည့်တော် ပဌာန်းရွတ်ခြင်းအကျိုးကို လာဖတ်ပါတယ် ဘုန်း၂ ဘုရား ဦးချကန်တော့ပါတယ် ...

    ReplyDelete