Monday, March 29, 2010

အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း အပိုင်း ၁

စင်္ကာပူမှာကျေးဇူးရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ အဘိဓမ္မာဒေသနာတော်မြတ် ဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ တိုင်အောင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာ ကို ကြားသိနေရတဲ့ ဒကာလေး တစ်ယောက် က မေးတယ်၊

အရှင်ဘုရား - အခုလို ပဋ္ဌာန်းရွတ်တာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ တပည့်တော်တို့လဲ ရွတ်လိုပါတယ် နည်းလမ်း ညွန်ပြပေးပါ - တဲ့။

ဒကာလေး -
စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ) ရွတ်ခဲ့ဖူးတယ်၊ အောင်လဲ အောင်ခဲ့တယ်၊
လိုချင်တာ ဖြစ်ချင်တာတွေ ပြည့်ဝဖို့လဲ ရွတ်ခဲ့ဖူးတယ်၊ အချို့ ပြည့်စုံခဲ့တယ်၊
နောက်ဆုံး ပဋ္ဌာန်းတရား( ပရိတ် )တရား တော်နဲ့ လူ့ နှစ်ယောက်ကို အသက်ကယ် ခဲ့ဖူးတယ် - လို့ ပြောလိုက်တော့ တော်တော် စိတ်ဝင်စားသွားတယ် ထင်တယ်။

တင်ပါ - ပြောပါအုံး ဘုရား တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ တဲ့၊
အေး - ဘ၀မှာ ငယ်ငယ်ကတည်းက စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ၁၁ သုတ်ရော ) ရွတ်ခဲ့ဖူးတယ်၊ တကယ်လဲ အောင်နိုင်ခဲ့ပါတယ်၊ ဒါကလဲ ကိုယ့်ရှေ့က အောင်မြင်ပြီးသူတွေကို မေးလို့ သိရတာပါ၊ သူများက အောင်သွားပြီး ကိုယ်က တဘုံးဘုံးကျနေလို့ နည်းလမ်းလေးများ ရှိမလားလို့ မေးမိလို့ သိခဲ့၇တယ်၊

သစ်ရွက်မှာ ဂါထာတွေ ရေးပြီး ဆောင်ခိုင်းတာတို့၊ ခဲတံ ပေတံ ဘောပင် ကွန်ပါဘူး စတာတွေကို သိဒ္ဓိတင်ပြီး စာဖြေတာတွေလဲ ကြားနေ၇တယ်၊ ယတြာချေတာ၊ ခေါစာပစ်တာ ( ခေါစာ ပစ်ခြင်း ဆိုသည်မှာ ကြိမ်ခြင်း ပလစ်စတစ်ခြင်း တခုခု ထဲ၌ ထမင်း ဟင်း မုန့် သားရေစာ စသည် အစုံထည့်ပြီး လမ်းလေးခွဆုံနေရာ၌ တစ္ဆေ သရဲ မှင်စာ တို့ စားဖို့ စွန့်ကြဲ ပေးကမ်းခြင်းဖြစ်သည် ) တို့ မလုပ်ခဲ့မိပါဘူး။

တကယ်တော့ အရာရာ အောင်မြင်ဖို့ ကံ ဥာဏ် ၀ိရီယ စုံရသလိုပဲ ကိုယ့်ကုသိုလ်ကံ ကောင်းဖို့ မြှင့်တင်ပေးတဲ့ သဘောပါ၊ ဥာဏ်စိုက်ပြီး ကြိုးစားမှု့ ၀ီရိယ တော့ သုံးရမှာပါပဲ။ အရင်နှစ်တွေက ဥာဏ် ၀ီရိယ ရှိပေမယ့် မအောင်မြင်နိုင်တဲ့ စာမေးပွဲဟာ အဲဒီနှစ် ကံ ဥာဏ် ၀ိရီယ စုံတော့ အောင်ပြီပေါ့။

လူတွေမှာ ဆယ်တန်း စာမေးပွဲဟာ ဘ၀ တဆစ်ချိုး ပြောင်းပေးနိုင်တယ် ဆိုရင် စာရေးသူရည်ညွန်းတဲ့ စာမေးပွဲဟာလဲ ပြောင်းပေးနိုင်တယ်၊ တချို့များ ဘ၀ ပြောင်းပြီး လူ့ဘောင် ရောက်ကြရတဲ့ အထိပေါ့။
နောက်ပြီး အမှန်အတိုင်း ၀န်ခံရရင် လိုချင်တာတွေ ဖြစ်ချင်တာတွေ များလာပြီဆိုရင်လဲ ပဋ္ဌာန်း နဲ့ ပရိတ်ကို နာနာ ရွတ်မိတယ်၊ ၀တ်တခုအနေနဲ့ မပျက်မကွက်အောင် အဓိဋ္ဌာန် ရွတ်မိခဲ့တယ်၊ တကယ်လဲ လိုချင်တာတွေ အားလုံးနီးပါး ပြည့်စုံနိုင်ခဲ့တယ်၊

ဥပမာ ဒီနှစ် ငါ ဘယ်လို တွေ ဖြစ်အောင် လုပ်မယ်၊ ဘာတွေ ဖြစ်အောင် တော့ အားထုတ်လိုက်မယ် စသည်ပေါ့၊ တခုခုကို စိတ်ထဲက နှစ်နှစ် ကာကာ ဇောက်ချ လဲ လုပ်ပေးတယ်ဆိုရင် ဖြစ်လာတာက များတယ်၊ ပဋ္ဌာန်းပဲ ရွတ်နေပြီး စာမကျက်ပဲ အလုပ်မလုပ်ပဲ ထိုင်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊

နောက်တမျိုးက အလုပ်တခုကို အဓိပတိ တပ်ပြီး လုပ်ရတယ်၊ အဓိပတိကလည်းလေးပါးရှိတယ်၊ အဲဒီ လေးပါးလုံး ပြည့်စုံပါစေ - မဖြစ်ဘူး မအောင်မြင်ဘူး ဆိုတာ မရှိစေရဘူး လို့ ဘုရားရှင်က အာမခံထားတယ်၊

၁ ၊ ဆန္ဒာဓိပတိ - သာမာန် ဖြစ်ချင်တဲ့ စိတ်ဓာတ် မဟုတ်ပဲ စိတ်ဓာတ် ပြင်းထန်နေရမယ်၊ ( ဆန္ဒ - အဓိပတိ - သာမာန်စိတ်မဟုတ်ပဲ ကဲလွန်ခြင်း )
၂၊ ၀ီရိယာဓိပတိ - ကြိုးစားမှု့ ၀ီရိယ လဲ ရှိရမယ်၊ ( ၀ီရိယ - အဓိပတိ )
၃ ၊ စိတ္တာဓိပတိ - ငါ ဖြစ်ကို ဖြစ်ရမယ် အောင်မြင်စေရမယ် ဆိုတဲ့ စိတ်မျိုးပေါ့၊ သွားလဲ ဒီစိတ်၊ စားလဲ ဒီစိတ် ပုံစံမျိုး ပြင်းထန်ရမယ်၊ ( စိတ္တ - အဓိပတိ )
၎ ၊ ၀ီမံသာဓိပတိ - ဒါကို ဘယ်လို လုပ်ရင် အောင်မြင်နိုင်မလဲ ၊ စသည်တွေးတောကြံဆတာမျိုး၊ ရှေ့က လူတွေကို နည်းလမ်းမသိသေးရင် မေးမြန်းတာမျိုး ဆိုတဲ့ ထက်မြက်တဲ့ ဖြတ်ထိုးဥာဏ်မျိုးလဲ ရှိရမယ် တဲ့။
( ၀ီမံသ -ကြောင်းကျိုး စဉ်းစားတွေးခေါ်တတ်တဲ့ ပညာ ၊ အဓိပတိ )

ကဲ မင်းရော ဘယ်နှစ်မျိုး ပြည့်စုံနိုင်ပြီ လဲ -
လို့ အလစ်အငိုက် အမေးခံလိုက်ရတော့ -

တင်ပါ့ - အရှင်ဘုရား ရေရေ လည်လည် ထိတယ်၊ ဘာဖြေရမှန်းတောင် မသိတော့ဘူး တဲ့၊
အေး ထားပါတော့ - ဒါက မင်းတို့ဘ၀မှာ စီးပွားရေး လူမှုရေး ဘာသာရေး ဘာရေးပဲ ဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် လုပ်ချင်တယ် ဆိုရင် မှတ်သားထားပေါ့။

နောက်တချက်ကတော့ အဲဒီ ပဋ္ဌာန်း တရားနဲ့ လူ့အသက်ကို ၂ ယောက် ကယ်ခဲ့ဖူးတယ်၊ ကယ်လို့ မရခဲ့တာတွေလဲ ရှိတာပေါ့လေ။

ရဟန်းသံဃာ နဲ့ သေခါနီး လူနာ ဆိုတာက မိတ်ဆွေတွေကိုး၊ ဘုရားရှင် လက်ထက်တော်ကတည်းက ဒီအလေ့အထက ရှိခဲ့တယ် ဆိုတော့ မဆန်းပါဘူး၊
ဘယ်လိုမှ ကင်းလို့ မရဘူး၊ ရက်ကွက်ထဲ လူနာတယောက် အခြေအနေ သိပ် မဟန်တော့ဘူး ဆိုရင် သေခါနီး ဘ၀ကူးကောင်းဖို့ ပရိတ် ပဋ္ဌာန်း ရွတ်ပေးဖို့ လာပင့်ကြတော့တာကိုး၊ တချို့များ သေပြီး နောက် ၃ ၇က် ၄ ရက် အလောင်းကြီးကို ထားတယ်၊

အညာဒေသ နေကလဲ ပူ ဆိုတော့ အသုဘ ချတဲ့ရက် မှာ နံစော်နေပြီ၊ သံဃာတွေက အဲဒီအနားကပ်ပြီး အသုဘ ရှု့ရတယ်၊ နံလိုက်တာ မပြောပါနဲ့တော့၊ ဒါကတော့ ဘုန်းကြီး ဖြစ်ရတဲ့ ဒုက္ခပေါ့လေ။ တချို့လူများ သတိထားစရာ ကောင်းပါတယ်။

ဒါကြောင့် ကိုယ့်လက်ထဲ နဲ့ ကိုယ့်ရှေ့မှာ အသက်ထွက် သေသွားတဲ့ လူတွေ ဆရာတော်ကြီးတွေ ကတော့ တော်တော် များတယ်၊ ရေတွက်လို့တောင် မလွယ်ဘူး၊

ဒီအထဲကမှ ရှားရှားပါးပါး စာရေးသူ အသက် ၂၅ နှစ် သိက္ခာ ၅ ၀ါ အရွယ်လောက်ကပေါ့။ ဓမ္မာစရိယစာမေးပွဲ အောင်ပြီးကာစ စာတွေက ပါးစပ်ထဲမှာတော့ ရှိတယ်၊ လက်တွေ့ ပြင်ပလောကဘ၀မှာ အသုံးမချတတ်သေးဘူး၊

အဲဒီအချိန် တိုက်တိုက်ဆိုင်ဆိုင် ဧရာဝတီတိုင်း ကွမ်းခြံကုန်းမြို့နယ် မယ်ရကုန်းရွာ ဆိုတာ ရှိတယ် ၊ တော်တော် ဝေးလံ ခေါင်သီတဲ့နေရာပါ၊ သင်္ဘောတတန် ကားတတန် အဲဒီခေတ်က ထော်လာဂျီ နဲ့တောင် သွားရတယ်၊
ရောက်ပြီး လေးငါးရက် မြောက်မှာ စတည်းချတဲ့ ကျေးရွာ ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်က အိမ်တအိမ်မှာ အဖိုးကြီးတယောက် နေမကောင်းဖြစ်နေတာကြာပြီပေါ့လေ။

ဆက်ပါအုံးမည် - -

2 comments:

  1. မင်္ဂလာပါ...

    အဓိပတိ လေးပါးကို နားကြား ဖတ်ရှု့ရလို့ များစွာ တန်ဘိုးကြီးမားလှပါတယ် ဘုရား။

    ဆက်လက်ရေးသားပါအုန်း ဘုရား။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. စိတ်ဝင်စားစ၇ာပါပဲ။ အမြန်ဆက်တင်ပါဦးဘု၇ား

    ReplyDelete