Tuesday, March 2, 2010

၁၅၀၀ + ၅၂၈ = ၂၀၂၈



ဦးကျော် ကိစ္စတခုကို မေးချင်လို့ မေးလို့ရမလား ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် သိချင်တဲ့ ဆန္ဒက များနေလို့ပါ၊

ဘာများလဲ ဦးဇင်း- - ဒီလောက် စကားပျိုးနေပုံထောက်တော့ ထူးထူးဆန်းဆန်းပါပဲလား၊ မေးပါ ရပါတယ်၊ ကိုယ့်ဦးဇင်းတွေ ဆိုတော့ ပြောပေးရမှာပေါ့၊

သူကတော့ စာရေးသူတို့ ငယ်ငယ်က ကျောင်းမှာ အမြဲတမ်း ၀င်ထွက်ပြီး ဖခင်တယောက်လို ဦးလေးတယောက် ဆွေမျိုးတယောက်လို သံဃာတော်တွေနဲ့ ရင်းရင်းနှီးနှီး နေပြီး သံဃာတွေ ဆွမ်းကွမ်းကိစ္စကအစ ကျောင်းတိုက် အဆောက်အဦး ၀ါဆိုကထိန် ပါမကျန် ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံ သာသနာတော်ကို ထောက်ပံ့ပေးနေတဲ့ ဒကာကြီးတယောက်ပါ။ သူကိုယ်တိုင်ကလဲ ဘာမှ လိုလေသေးမရှိ ချမ်းသာပြည့်စုံနေပြီး စေတနာ သဒ္ဓါတရားကလဲ အားကောင်းလေတော့ လိုသမျှ ဖြည့်ဆည်းပေးတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်၊

အင်း - - မေးရမှာ အားနာနာပါပဲ၊ ဦးဇင်းတို့ ဘုရားကလဲ ဟောထားတာ မိန်းမသားတွေ အပြစ်တွေကိုချည်း ပိဋကတ်ကျမ်းစာတွေမှာတွေ့နေရတယ်၊ ကောင်းတာက နည်းနည်းရယ်၊ နောက်ပြီး အခုခေတ် အိမ်ထောင်သည် ယောကျာ်းတွေကလဲ အိမ်ထောင်သက် နှစ်ပေါင်းတော်တော်ကြာလာရင် သည်းခံနိုင်စွမ်းတွေ လျော့နည်းလာပြီး မိန်းမဖြစ်သူတွေကို သံယောဇဉ်လျော့နည်းလာကြတယ်၊ အချစ်တွေ လျော့လာကြတယ်၊ နောက်ဆုံး ထွက်ပေါက်အမျိုးမျိုးရှာပြီး ကွဲကြ၊ ခွာကြ တွေ ဖြစ်ကုန်တယ် လို့ အိမ်ထောင်သည် ယောင်္ကျာတိုင်းက ပြောတာလဲ ကြားဖူး မြင်ဖူးနေတယ်။

အခုဆို ဦးကျော်က ဘ၀မှာ ပိုက်ဆံလဲ ပြည့်စုံတယ်၊ ရုပ်ရည် ဥပဓိလဲ ရှိတယ်၊ ရာထူးဂုဏ်ဒြပ်တွေလဲ ရှိတယ်၊ လူတိုင်းက ရောက်တဲ့ နေရာတိုင်းမှာ လေးစား ချစ်ခင်ကြတယ်၊ ဇနီး သားသမီးတွေမြေးတွေနဲ့ပျော်စရာကောင်းလို့သူများ အားကျစရာ အခြေအနေပေါ့လေ၊

အခုလို ဦးကျော်ရော ဒကာမကြီးရော အသက် ၆၀ ကျော်တဲ့ အထိ ဘယ်လို စိတ်ထားမျိုးနဲ့ အိမ်ထောင်သက်ကို တည်မြဲအောင် ထိန်းထားသလဲ သိချင်လို့ပါ၊
ဦးဇင်းတို့ တွေ့နေ မြင်နေရတယ်၊ တခါတလေ ဒကာမကြီးက ဂဂျီ ဂဂျောင်များတယ်၊ ပြော၇ရင် ဂျီကျတယ်ပေါ့၊ အဲလို အခါမျိုးမှာ ဘယ်လို စိတ် ထားသလဲ - သိချင်ပါတယ်၊

ဦးဇင်းလေး- - - အမှန်အတိုင်း ၀န်ခံရရင် ငယ်ရွယ်စဉ်ကတော့ အိမ်ထောင်ပြုတာ ၁၅၀၀ တဏှာချစ်နဲ့ ပြုခဲ့တာပါ၊ နောက်ပိုင်း အသက်အရွယ်လေး ရလာပြီး သားတွေ သမီးတွေ နဲ့ ဖြစ်လာတော့ တယောက်နဲ့ တယောက် နားလည်မှု့ လေးတွေ ကိုယ်ချင်းစာစိတ်လေးတွေ ကိုယ်စီနဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပြီး တဏှာချစ် နဲ့တင် မလုံလောက်တော့ဘူး၊

ကိုယ်ကလဲ သူ့ကို ငယ်ရင် ညီမ၊ ကြီးရင် အမ တယောက်လို သဘောထားရတယ်၊ သူကလဲ မောင်တယောက်လို ၅၂၈ မေတ္တာနဲ့ တန်ဖိုးထားရတယ်၊ အသက်ကြီးနေချိန်မှာ သာယာမှု့ တဏှာချစ် ကိုသာ အဓိကထားမယ် ဆို အိမ်ထောင်က မတည်မြဲနိုင်ဘူး၊ နောက်ဆုံးတော့ တဏှာချစ်အပေါ်မှာ ၅၂၈ ရော ပေါင်းထည့်ပေးနိုင်မှပဲ ရေရှည်လက်တွဲနိုင်လိမ့်မယ်။

အော် နားလည်ပါပြီ၊ ဦးကျော်ရေ၊ တော်တော် ကျေးဇူးများတဲ့ သက်ကြီး စကားပါပဲ၊
ဒီလိုနဲ့ ဦးကျော်ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုဿုတ ဆိုတာကို သိခဲ့ကြားခဲ့ဖူးတယ်၊

လူတွေ တော်တော်များများ ငြီးတွားတာလဲ ကြားရဖူးတယ်၊

လောကကြီးက မတရားဘူး -တဲ့၊
တကယ်ဆို သက်မဲ့လောကကြီးက သူ့ပင်ကိုယ်အတိုင်း နေနေတာပါ၊ လူတွေရဲ့ စိတ်မှာဖြစ်နေတဲ့ အလိုမကျမှု့ စိတ်ဆင်းရဲမှု့ ၀မ်းနည်းမှု့တွေကြောင့် လောကကြီးကို အပြစ်ပုံချနေကြတယ်၊ မဆိုင်တာကို ဆွဲထည့်နေတာကို ပြောပါတယ်။

မြတ်စွာဘုရားကတော့ ဟောထားတယ်၊

ပိယတော ဇာယတိ သောကော၊ ပိယတော ဇာယတိ ဘယံ၊
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ ( ဓမ္မပဒ၊ ပိယ၀ဂ် )

အချစ်ရှိရင် သောက ခံစားရမယ်၊ ကိုယ်စိတ် ပူလောင်တာလဲ ကြုံရမှာပဲ၊ အချစ်မရှိတော့ဘူး၊ ချစ်ခြင်းကို အ၀င်မခံဘူး ဆိုရင်တော့ ဒုက္ခတွေ အားလုံး ငြိမ်းပြီပေါ့၊

စာရေးဆရာတွေကလဲ အမျိုးမျိုး ရေးကြပါတယ်၊ သီချင်းတွေဖွဲ့နွဲ့တာမျိုးလဲ ကြားဖူးတယ်၊

အချစ်တခုရှိရင် သောက တခုရှိမယ် ၊
အချစ် များများရှိရင် သောကများမယ်၊
ချစ်စရာ နည်းရင် သောက နည်းမယ်၊
ချစ်စရာ များရင် သောက များမယ်၊
များများ ချစ်ရင် များများ စိတ်ဆင်းရဲရမယ်၊
နည်းနည်း ချစ်ရင် နည်းနည်း စိတ်ဆင်းရဲရမယ် - တဲ့ ၊

ကဲ သင်ရော ဘယ်အမျိုးအစားထဲ ပါနေသလဲ - - သတိထားကြည့်ပါအုံး ၊ ၅၂၈ ကို ပေါင်းထည့်ပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်၊ ဒါဆို လောကကြီးရော ကိုယ့်ပတ်ဝန်းကျင်ရော အားလုံးဟာ သာယာ လှပနေပါလိမ့်မယ်၊

 မဆိုင်တာတွေ ရေးတယ်လို့ မထင်လိုက်ပါနဲ့၊အထူးသဖြင့် အိမ်ထောင်သည် အားလုံးအတွက် ရည်ရွယ်ပြီး တွေးမိတာလေးတွေ ချရေးမိပါတယ်၊
အားလုံး သတိထားပြီး မေတ္တာဖြင့် ဆက်လက် ရှင်သန်နိုင်ကြပါစေ --

3 comments:

  1. မချစ်ဘဲ နေနိုင်ကြရင်တော့ အကောင်းဆုံးပေါ့ ဘုရား.. ခက်တာက အမုန်းကိုသာ ရှောင်လိုကြတယ်.. အချစ်ကိုတော့ မရှောင်လိုကြတဲ့ ပုထုဇဉ်တွေကတော့ မီးခဲကို ပူမှန်း သိလျက် ကိုင်နေသလိုပဲပေါ့ ဘုရား...

    ရှိခိုးဦးချလျက်
    ထိပ်ထား

    ReplyDelete
  2. မှန်ပါတယ် ဘုရား ၁၅၀၀ ကြီးပဲဆို ဘယ်လိုမှ ကြာကြာမတည်မြဲနိုင်ပါဘူး ၅၂၈ ဆိုတာကို ထည့်ပေါင်းမှ တည်မြဲမှာပါ. . .

    ReplyDelete
  3. ၅၂၈ အခြေခံတဲ့ ၁၅၀၀ ဒါမှ မဟုတ်
    ၁၅၀၀ မှာ ၅၂၈ ပေါင်းတဲ့ မေတ္တာလွှမ်းခြုံတဲ့ အိမ်ထောင် မျိုးမှ ရေရှည်မှာတည်တံ့ မယ်ဆိုတာ အသေအချာပါပဲ။ ဘုန်းဘုန်း။ အချစ်ဟာ ပူလောင်တ်ာပေမဲ့...မှန်ကန်စွာချစ်တတ်ဖို့တော့လိုတာပေါ့နော်။

    ဘုန်းဘုန်း ပိုစ့်လေးဖတ်ရတာ ကျေးဇူးပါ။ ဖတ်မိသူတိုင်းမှန်ကန်စွာချစ်နိုင်ကြပါစေ။

    ReplyDelete