Tuesday, March 23, 2010

ယုံကြည်ချက် ရှိဖို့လိုတယ် ( ဒု )

သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်လုပ်ကြလို့ အူကြောင်ကြောင် ဖြစ်သွားကြသူတွေ ဆိုတာ အဲဒီလို မျှော်လင့်ချက်နဲ့ လုပ်သူ တွေပေါ့။

ယုံကြည်ချက် ခံယူချက်နဲ့သာ လုပ်မယ်ဆိုရင် တို့ဘုရားအလောင်းဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ စကားတော်ကို အခိုင်အမာ ယုံကြည်ခံယူပြီး ကတည်း က ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာလို့ နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ အရိုးပေါ် အရေသာ ကျန်တဲ့အထိ ခြောက်နှစ်ကြီးများ တောင် အပြင်းအထိန်ကြိုးစားစား အားထုတ်ခဲ့ပေမယ့် ရူးဖို့နေနေသာသာ ကြောက်ရွံ့တဲ့စိတ် နောက်တွန့်တဲ့စိတ်ကလေးတောင် တစ်ချက်မှ မဖြစ်ခဲ့ ပါဘူး တဲ့၊ အဲဒါ စဉ်းစားကြည့်ပေါ့ကွာ။

ပြီးတော့ ခုနမင်းပြောတဲ့ စကားထဲမှာ “မခံချင်စိတ်တွေဖြစ်လို့ တနေ့လုံး ဘယ်သူနဲံမှ အတွေ့မခံဘဲ အိပ်ရာထဲမှာ ငိုနေရတယ်”လို့ ပြောတယ်နော်၊ အဲဒါ လည်း သေသေ ချာချာ စဉ်းစားဖို့လိုတဲ့ ကိစ္စပဲကွ၊ လူတော်တော်များများဟာ “ရှက်နေတာနဲ့ ရှက်တတ်တာ၊ နာနေတာနဲ့ နာတတ်တာ၊ မခံနိုင်စိတ်နဲ့ မခံ ချင်စိတ်” ဆိုတာတွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြဘူးနဲ့တူတယ်၊ မင်းလည်း အခုဖြစ်တာ ဘာစိတ်လဲ ဆိုတာ ကိုယ့်ဟာကိုယ် သဘောပေါက်ပုံ မရဘူး၊ မှတ်ထား.. အခုမင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ မခံချင်စိတ်တွေ မဟုတ်ဘူး မခံနိုင်စိတ်တွေ ဖြစ်နေတာ… ကြားလား၊

အေး… ဒါဆိုရင် မခံနိုင် စိတ်နဲ့ မခံချင်စိတ်ကို မင်း ကွဲကွဲပြားပြား သဘောပေါက်သွားအောင် အခု ငါဖတ်လက်စဖြစ်တဲံ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့ရဲ့ အဓိပတိ နာယကဆရာတော်“ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ” ရဲ့ စိန်ရတု အထိမ်းအမှတ် သြ၀ါဒ တရားတော်များထဲက လူငယ်နှစ်ယောက်အကြောင်းကို ပြောပြမယ်၊ သေသေ ချာချာ နားထောင်နော်။

လူငယ်နှစ်ယောက်မှာ တစ်ယောက်က မောင်ဌေးလွင်တဲ့၊ သူက လူဝတ်နဲ့ ( ဦးသူတော် ဘ၀တုန်းက) ပထမငယ်တန်း ၀င်ဖြေတာ စာမေးပွဲ ကျလို့ တစ်ရက် နှစ်ရက် ဆက်ပြီး ငိုနေခဲ့တယ်တဲ့။
နောက်တစ်ယောက်က မောင်ခင်တဲ့၊

သူကတော့ သာသနာ့ဘောင်ဝင်ပြီး လို့ ရဟန်းဖြစ်စ ရောက်တဲ့အခါ အငယ်တန်၊ အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော် အထိ အောင်ပြီးပြီ၊ သူလည်း မြန်မာပြည် ပရိယတ္တိစာမေးပွဲ လောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာ ကျတယ်၊ ကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားတဲ့ပြီး
“ဦးဇင်းး..ဒကာကြီးတို့ အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်၊ ဒီနှစ်ကျချင် ကျပါစေ၊ နောက်နှစ်မှာ တော့ ဒကာကြီးတို့ရဲ့ စာမေးပွဲ စာသင်တန်းမှာ ဦးဇင်း ပထမ ရလိမ့်မယ်”ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့သတဲ့။

အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်က နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။ အဲဒီနောက်တစ်နှစ်မှာ စာချ တန်းဆိုတာကို ဖြေတော့လည်း သကျသီဟ စာမေးပွဲတလျှောက်မှာ တစ်ခါမျှ မကြုံဘူးသေးတဲ့ ”စာသင်တန်း၊ စာချတန်း ဆက်တိုက်နှစ်ချင်းပေါက် သုံးကျမ်းပြီး အဖြစ်နဲ့အောင်တယ်၊

ဒီဦးဇင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုကြောင့် အသင်းလူကြီး တွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး ရိုးရိုးစာချဘွဲ မျိုးပေးလို့တော့ မတော်ဘူး၊ ဂုဏ်ထူးနဲ့ ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီး ပေးသင့်တယ် ဆိုပြီး “၀ဋံသကာ” ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရတယ်တဲ့။ မြန်မာလိုကတော့ “ဦးဆောက်ပန်း” လို့ ခေါ်တာပေါ့၊ အထွတ်အမြတ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဲဒီ ဦးဇင်းငယ်ဆိုတာ နောက်တော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသလို့ ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင် ဆရာတော်ကြီးဖြစ်လာတာပေါ့။
စောစောကပြောတဲ့ မောင်ဌေးလွင်ဆိုတာလည်း နောက်တော့ ဆရာ သမားများက ဖျောင်းဖျသွန်သင်
တဲ့အတိုင်း မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ် လိုက် နိုင်ပါတယ်၊

သာသနာတော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အဲဒီ ဦးဇင်း ငယ်လည်း သကျသီဟ စာမေးပွဲကြီးမှာ စာသင်တန်း စာချတန်းတွေ အောင်မြင် သွားရုံမကဘူး၊ ကျန်းဂန်တွေ အများကြီးပြုစုခဲ့လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို သက်တော်-၀ါတော် အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဘာသာဋီကာကျန်းပြုအကျော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆိုတာ ဖြစ်လာတာပေါ့၊ ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ “တစ်ဘ၀သံသရာ” ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်မှာ အဲဒီအကြောင်းတွေကို ထည့်ရေးထားပါသတဲ့၊ ဒီလောက်ဆိုရင် မခံနိုင်စိတ်နဲ့ မခံချင်စိတ်တို့ရဲ့ ခြားနားချက်တွေကို မင်း ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။

မခံနိုင်စိတ်ရှိသူက မခံနိုင်ဘူးဆိုပြီး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အတွက် အချိန်ပြုန်း လူနုံးနဲံ ကျက်သရေတုံး နေမယ်၊ ဘာမှကောင်းကျိုး မပြီးဘူး၊ “နေမင်းကြီး ၀င်သွားလို့ သင်ထိုင်ငိုနေလျှင် လမင်းကြီးနဲ့လဲ သင်လွဲအုံးမှာပါ”ပဲ ဆိုတဲ့ စာဆိုကြီးတဂိုးရဲ့ ကဗျာလေးလိုပေါ့၊ မခံချင်စိတ်ရှိသူက နောက်တစ်ခါ ဒီလိုမျိုး မခံစားရအောင်ဆိုပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ကြိုးစားတယ်၊ အဲဒီတော့ သူ့မှာ ကောင်းကျိုး ချမ်းသာတွေ ကျက်သရေမင်္ဂလာတွေ တိုး သည်ထက် တိုးလာတာပေါ့။

မင်းကိုယ်မင်းပြန်မေးကြည့်ပေါ့ကွာ“ကျက်သရေတုံးနေချင်တာလား၊ကျက်သရေတိုးနေချင်တာလား”ဆိုတော့ အဲဒီကလေးက “ကျက်သရေ တိုးနေချင်တာပါ”တဲ့ ၊ အေး.. ဒီလိုဆိုရင် မခံနိုင်စိတ်တွေကို ဖယ်ရှားပစ်
လိုက်ပြီး မခံချင်စိတ်ကို မွေးပါ လို့ ပြောလိုက်ပါတယ်။

မှန်ပါ…. အဲဒီလို ဖြစ်အောင် ကြိုးစားပါမယ်၊ ကတိပြုပါတယ်ဘုရား လို့ ပြန်ပြောပါတယ်၊ အေး… ရည်မှန်းချက်တို့ ကတိစကားတို့ဆိုတာ လုပ်ဆောင် ချက်နဲ့ သက်သေပြမှ ယုံကြည်အားကိုး လေးစားထိုက်သူ ဖြစ်မယ်နော်”ဆိုတော့ သူက နည်းနည်းရယ်သံပါပြီး မှန်ပါ.. စိတ်ချပါ ဘုရားလို့ ကတိထပ်ပေးပါတယ်။
ပြီးတော့ နည်းနည်းထပ်ပြောဦးမယ်၊ မင်းရဲ့ ရည်မှန်းချက်တွေထဲမှာ စာမေး ပွဲ အောင်ဖို့ ၊ အလုပ်အကိုင်တွေ ရပြီး စည်းစိမ်ဥစ္စာတွေနဲ့ ပျှော်မွေ့နေဖို့လောင် တင် ရပ်မနေနဲ့ဦး၊ လူဖြစ်ကျိုးနပ်တဲ့ ကျက်သရေဆိုတာ အလုပ်အကိုင်တွေ ရာထူးတွေ စည်းစိမ်တွေကို ဆိုလိုတာမဟုတ်ဘူး၊ တကယ့် ကျက်သရေအစစ် ဆိုတာ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ၊ လေးစားထိုက်သူဖြစ်အောင် လောကအကျိုး ဓမ္မအကျိုးတွေကိုလဲ စွမ်းနိုင်သမျှ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်တဲ့ ဂုဏ်သိက္ခာကို ခေါ်တာ၊ မင်းလည်း ဘာပဲ လုပ်လုပ် ရာထူးတိုးဖို့ စီးပွားဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို အဓိကမထားဘဲ ဂုဏ်သိက္ခာရှိဖို့ ကျက်သရေရှိဖို့ ဆိုတာကို အဓိကထားရမယ်နော်”လို့ ပြောလိုက်တော့ လုံးဝ စိတ်ချပါဘုရား လို့ တော့ ပြောတာပဲ။ လုံးဝ တင် ရပ်မနေဘဲ စိတ်ချရသူများ ဖြစ်ကြပါစေလို့သာ ဆုတောင်းလိုက်ပါတော့တယ်။
ယုံကြည် လေးစား အားကိုး ထိုက်တဲ့ ကျက်သရေရှင်များ ဖြစ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

1 comment:

  1. ပြီးဆုံးအောင် ဖတ်သွားပါတယ်ဘုရား....
    အမှန်ပဲ ယုံကြည်ချက် ရှိဖို့ လိုကြောင်းကို မှတ်သားသွားပါတယ် ဘုရား....

    ထိပ်ထား

    ReplyDelete