Tuesday, September 29, 2009
စွန်းလွန်းနှင့် သူ့တရားများ ( ၄ )
မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။ မှန်လှပါ ဘုရား၊
ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါဘုရား။
၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်
မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။
ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊
ဟုတ်ပါ၏ ဘုရား။
အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊
( မှတ်ချက် ) ။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
သို့ပါသော်လည်း စာအုပ်ပါ စိတ်ဝင်စားစရာ ကောင်းနိုးရာရာအကြောင်းအရာများကိုအလျင်းသင့်သလို ဖော်ပြသွားပါမည်၊
ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆ၇ာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။ စွန်းလွန်းဖြေကြားသော နိဗ္ဗာန် အကြောင်း ဆောင်းပါးကို ဆက်လက်ဖတ်ရှု့ကြပါကုန် ---- --

အဓိဋ္ဌာန်ပါရမီ = ပုတီးစိပ်ခြင်း
ဒါတွေဟာ ဘုရားဟောနှင့် ညီပါသလား။ ယခုလို မေးရခြင်းမှာ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ ယခုခေတ်လူတွေ တပည့်တော်မ အပါအ၀င် တစ်ချို့နေရာတွေမှာ ဗြဟ္မဏ အယူဝါဒတွေ ရောဝင်နေတတ်လို့ပါ ဘုရား။
အဓိဋ္ဌာန်ပါရမီဟူသည် ပါရမီဆယ်ပါးတွင် ပါဝင်သော ပါရမီတစ်ပါးပင်ဖြစ်သည်။ မြင့်မြတ်သူတို့၏ အလုပ်ကို ပါရမီဟုခေါ်သည်။ ပေးကမ်းခြင်း ဒါနကို လူတိုင်းပြုလုပ်ကြသည်။ သို့သော် ဒါနပြုတိုင်း ပါရမီအမည်ရသည် မဟုတ်။
မျှော်လင့်ချက် တစ်မျိုးမျိုးဖြင့် ပေးကမ်းလျှင် ဒါနတော့အမည်ရသည်။ ပါရမီအမည်ကား မရ။ အဘယ်ကြောင့်နည်း။ သူ၏ဒါနတွင် မြင့်မြတ်မှု မပါသောကြောင့်ပင်ဖြစ်သည်။
မည်သည့်မျှော်လင့်ချက်မှ မပါဘဲ အလှူခံချမ်းသာဖို့ စိတ်သက်သက်ဖြင့် လှူဒါန်းလိုက်လျှင် ပါရမီထိုက်သော ဒါနဖြစ်သည်။ ဆရာတော်သည် နွမ်းပါးသည့် ဆေးတက္ကသိုလ်ကျောင်းသား ၁၂ယောက် အပါအ၀င် တက္ကသိုလ် ကျောင်းသားပေါင်း ၃၅ယောက်ခန့်တို့အား တစ်လလျှင် ပညာသင်စရိတ် ၂၅သိန်းခန့် လစဉ် ထောက်ပံ့လျှက်ရှိသည်။ မည်သည့် မျှော်လင့်ချက်မှ မပါ ပါ။
သူတို့ပညာတတ်ဖို့၊ ချမ်းသာဖို့သာ ရည်ရွယ်သည်။ ဤဒါနမျိုးကား ပါရမီထိုက်ပေသည်။ ပြင်ဦးလွင်မြို့၊ စိုးစံ ဘော်ဒါကျောင်းပိုင်ရှင် ဒကားကြီးသည် မြို့နယ်ဆေးရုံအတွက် ငွေကျပ်သိန်းတစ်ထောင် ဘဏ်မှာ အပ်နှံလှူဒါန်း ထားသည်။ ရရှိလာသော အတိုးငွေဖြင့် နွမ်းပါးသော လူနာတို့အား ဆေးကုသပေးမည်ဖြစ်သည်။ ဤဒါနသည်လည်း ပါရမီထိုက်သော ဒါနပင်ဖြစ်သည်။
ဘာသာရေး တစ်ခုခုလုပ်သောအခါ ဘယ၊ လာဘ၊ ကုလစာရ တစ်ခုခုပါလျှင် ပါရမီမထိုက်ပေ။ ကြောက်စိတ် ကြောင့်သော်လည်းကောင်း၊ လိုချင်စိတ်ကြောင့်သော်လည်းကောင်း၊ ဆွေမျိုးတို့၏ အလေ့အကျင့်ကြောင့်သော် လည်း ကောင်း ပြုလုပ်သောကုသိုလ်မှန်သမျှ ပါရမီမထိုက်ပေ။
ဘုရားကို ကြည်ညိုသည် မဟုတ်ဘဲ၊ တစ်စုံတစ်ရာကို လိုချင်၍သော်လည်းကောင်း၊ အကြောက်တရား တစ်ခုခုကြောင့်သော်လည်းကောင်း၊ ဂုဏ်တော်ပွားခြင်း စသည်ကို ပြုခြင်းမျိုးအတွက် ပါရမီ အမည်မရပေ။
စပြီး ပုတီးစိပ်စဉ်က ပါရမီမထိုက်တော့ရာ ဘယ်နှစ်ပတ်ရအောင် စိပ်မည်စသည်ဖြင့် အဓိဋ္ဌာန်ခြင်းသည်လည်း ပါရမီမထိုက်သော အဓိဋ္ဌာန် မဖြစ်နိုင်တော့ချေ။ ပါရမီဆယ်ပါး ဖြည့်ဆည်းပုံ အကျယ်ကို ဆရာတော်ရေးသားသော အရှုံးမရှိသော ဒဿန အမည်ရှိသော စာအုပ်တွင်ဖတ်ပါ။ ယခုပါရမီဆယ်ပါးကို အကျဉ်း ဖော်ပြလိုက်ပါသည်။
၁။ ဒါနပါရမီ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။
၂။ သီလပါရမီ = ကိုယ်နှင့်နှုတ်ကို ထိန်းသိမ်းခြင်း။
၃။ နိက္ခမပါရမီ = မျှော်လင့်ချက်မှ ထွက်မြောက်ခြင်း။
၎။ ပညာပါရမီ = အသိဥာဏ်ကြီးထွားရန် ကြိုးစားခြင်း။
၅။ ၀ီရိယပါရမီ = ကုသိုလ်ပြုရန် အားထုတ်ခြင်း။
၆။ ခန္တီပါရမီ = အဖျက်အဆီးနှင့် ကြုံသောအခါ ကုသိုလ်အလုပ်ကို ဆက်လုပ်နိုင်ရန် သည်းခံခြင်း။
၇။ သစ္စာပါရမီ = မှန်တာကိုသာပြောခြင်း။
၈။ အဓိဋ္ဌာန်ပါရမီ = ကုသိုလ်ကို ဖြစ်မြောက်အောင် ပြီးဆုံးအောင် ပြုလုပ်ရန် ဆုံးဖြတ်ခြင်း။
၉။ မေတ္တာပါရမီ = သတ္တ၀ါမှန်သမျှကို ချမ်းသာစေလိုခြင်း။
၁၀။ ဥပေက္ခာပါရမီ = အကောင်းလောကဓံနှင့် ကြုံသောအခါ လောဘမဖြစ်ဘဲ၊ အဆိုးလောကဓံနှင့် ကြုံသော အခါ ဒေါသမဖြစ်ဘဲ အလယ်အလတ်၌ တည်ငြိမ်စွာ ထားနိုင်ခြင်း။
မေတ္တာဖြင့်
အရှင်ဇ၀န ( ရွှေပြည်သာ )

Monday, September 28, 2009
ကမ္ဘာပျက်ပုံ ဖြစ်ပုံများ
ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့မရအောင် များပြားလှပါတယ်။ ဗုဒ္ဓလက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံးထဲက ဂုဇ္ဈကုဋ်တာင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုတ်ဖို့ သားဖြစ်သူကို ပြတယ်။
ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀တွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။
ဥပသာလက နာမာနိ၊
သဟဿနိ စတုဒ္ဒသ။
အသ္မိံပဒေသေ ဒဂနိ
နတ္တိလောကေ အနာမတံ။
ပုဏ္ဏားကြီး သင်ယခုညွှန်ပြသော နေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်းကောင်ပေါင်း တစ်သောင်း လေးထောင်တိတိ မီးသဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေအပြင်၌လူသေကောင်ပုတ် မမြုတ်ဖူးသောနေရာ ဟူ၍ မရှိပေ။
တောင်ပေါ်က သုံးပေခြောက်ပေနေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း ဥပသာလကအမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုတ်နှံပြီးသွားပြီဆိုတော့ တခြားနာမည်နဲ့၊ တခြားမြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့မြှပ်နှံခဲ့မယ်ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။
ဘုရားတွေ ပွင့်တယ်ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ်ဆိုတာရယ်ကိုပေါင်းပြီး ဖြေပါမယ်။ ကမ္ဘာဟာ မီးဖျက်တဲ့ ကမ္ဘာ၊ ရေဖျက်တဲ့ ကမ္ဘာ၊ လေဖျက်တဲ့ ကမ္ဘာလို့ သုံးမျိုးရှိပါတယ်။
လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီး အငတ်ဘေးဆိုက်တယ်၊ လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီးပျက်စီးသွားရတယ်။ ကမ္ဘာဖျက်မီးလောင်ရင် မြေကြီးပါ မကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မဘုံ နှစ်ဆယ်ထဲက ပထမဈာန် ဗြဟ္မဘုံ ၃ဘုံ ပါသွားတယ်။
စိတ်ဆိုးတဲ့ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်၊ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။ ဒီထက် ဒေါသဓါတ်တွေများလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေလွှမ်းမိုးပြီး ပျက်စီးသွားရတယ်။ ရေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပ္ပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန် ဗြဟ္မဘုံ၃ဘုံ နှင့် ဒုတိယဈာန် ဗြဟ္မဘုံ ၃ဘုံ ပျက်စီးသွားပါတယ်။
အမှန်ကိုမသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးဆိုက်တယ်။ အေအိုင်ဒီအက်(စ်)တို့၊ ဆားစ်ရောဂါတို့၊ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေးရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊ ဒီ့ထက် မောဟဓါတ်တွေ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေလွှမ်း မိုးပြီး ပျက်စီးသွားရပါတယ်။
လေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန်ဗြဟ္မာဘုံသုံးဘုံ၊ ဒုတိယဈာန် ဗြဟ္မာဘုံသုံးဘုံ၊ တတိယဈာန်ဗြဟ္မာဘုံသုံးဘုံထိ ပျက်စိးသွားပါတယ်။ ကျန်တဲ့ဗြဟ္မာဘုံ (၁၁)ဘုံကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။ ကမ္ဘာလောကမှာ လူစဖြစ်တယ်ဆိုတာ အဲဒီကျန်ခဲ့တဲ့ ဗြဟ္မာဘုံ(၁၁)ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့သေပြီး လူ့ဘ၀ရောက်ရာကနေ စကြတာပါပဲ။
အကျဉ်းချူပ်လိုက်ရင်တော့ ဘာကြောင့်ကမ္ဘာပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါပဲ။ ဒါကြောင့် လောဘကုန်ဖို့ အတွက်
ဒါနများများပြုပါ
ဓူတင် ဆောက်တည်ပါ
အသုဘ ဘာဝနာပွါးပါ
ဝိပဿနာတရား နာကြားရှုပွါးပါ။
ဒေါသကုန်ဖို့ အတွက်
မေတ္တာဘာဝနာအမြဲပွါးပါ။
မောဟကုန်ဖို့အတွက် ရဟန္တာဖြစ်တဲ့အထိ ၀ိပဿနာတရားကို နာကြားရှုပွါးပါ။
၆ - ခုမြောက် ပုစ္ဆာမဖြေမီမှာ ဒါနနဲ့ပက်သက်ပြီး အရေးကြီးသိသင့်တဲ့ ဆရာတော်ရဲ့လိုတိုရှင်း ဒဿနလေးများကို ဓမ္မလက်ဆောင် ထည့်ပေးလိုက်ပါတယ်။
ရယူခြင်းနှင့် ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့်သူတော်ကောင်း ဖြစ်သည်။ မျှော်လင့်ချက်တစ်ခုခုဖြင့် ပေးကမ်းခြင်းကို ဒါနဟု မခေါ်သင့် အမြတ်ရဖို့ အရောင်းအ၀ယ်လုပ်ခြင်း၊ တစ်မျိုးဟုသာ ခေါ်သင့်သည်။
မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပေးကမ်းထောက်ပံမှုကိုသာ လောဘကုန်ဖို့ပြုသော ပါရမီထိုက်သည့် ဒါနဟု ဆိုသင့်သည်။
မည်မျှ လှူပြီးပြီဟု ကြွားဝါဖို့မလို လောဘကိလေသာ မည်မျှကုန်သွားပြီဟုသာ သိဖို့ လိုသည်။
ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျှက် ချမ်းသာအောင် စီးပွားရှာတာချင်းလည်း တူပါလျှက် လူတစ်ရာတွင် တစ်ယောက်သာချမ်းသာပြီး၊ ကျန် ၉၉ယောက်က ဆင်းရဲနေရသည်မှာ အဘယ်ကြောင့်နည်း။
အဖြေကား - လူတစ်ရာတွင် တစ်ယောက်ခန့်သာလှူရမှု၌ ပျော်မွေ့ပြီး၊ ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ ခဲ့သောကြောင့် ပေတည်း။
မျှော်လင့်ချက်တစ်ခုခုဖြင့် ပြုသောပါရမီမထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာ ကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့မပို့၊ အကြောင်းကား အလှူခံကောင်းစားဖို့၊ ချမ်းသာဖို့ လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်သည်။ ငါ-ဟူသည် ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိ နှင့် လောဘ၀င်ရှုပ်သောကြောင့် ပါရမီ မထိုက်သောဒါနသည် နိဗ္ဗာန်သို့  မပို့နိုင်ခြင်းဖြစ်၏။
မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပြုသောပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကိုလည်း ပေးသည်။ နိဗ္ဗာန်သို့လည်း ပို့သည်။ အကြောင်းကား ဒါနပြုစဉ်ကတည်းက ငါကောင်းစားဖို့ဟူသော ဒိဋ္ဌိနှင့် လောဘကို သတ်ပြီးသား ဖြစ်နေသောကြောင့်ပေတည်း။
သဒ္ဒါစိတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပိုနေတတ်သည်။ လောဘဓါတ် ကြီးမားသူ အတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်သည်။
အသာစံခြင်းဝါဒကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး ပန်းတိုင်သည် အပါယ်လေးပါး၊ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။ အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို ဆောင်ထားခြင်း ဖြစ်သည်။
အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင် တည်ထောင်တော်မူခဲ့သည်။ အနာခံခြင်းဝါဒ၏ နောင်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်ကိုယ်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီဖြစ်သည်။ အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့် လက်တွေ့ပယ်သတ်ခြင်း ဖြစ်သည်။
ကမ္ဘာတွင် ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျှက် အဆင်းရဲဆုံးတွင်လည်း မြန်မာဖြစ်နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့ သည့်နေရာများတွင် အိတ်သွန်ဖါမှောက် လှူနေကြ သောကြောင့်ပင်ဖြစ်သည်။
ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော စာသင်ကျောင်းပေါင်း လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ ကျန်နှစ်ထောင်ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။
ထိုကဲ့သို့သောနေရာတွင် မလှူဘဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင် အာဏာတည်မြဲအောင် ဟူသော ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဘုရားတည် နေကြခြင်းမျိုးပင်တည်း။
မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဒါနပြုပါလျှက် ဆင်းရဲရခြင်းအကြောင်း ၁၁ ချက်-
၁။ လိုအပ်နေသောနေရာတွင် မလှူဘဲ၊ မလိုအပ်သောနေရာတွင် စုပြုံ၍ လှူကြခြင်း။
၂။ သမ္ပဒါလေးးပါး ချို့ယွင်းခြင်း။
၃။ စီးပွါးရှာရာ၌ မေတ္တာစေတနာကို အဓိကမထားဘဲ၊ ငွေကြေးကိုသာ အဓိကထားခြင်း။
၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။
၅။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊ နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း၊ လောင်းကစား လုပ်ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထိုကြောင့် ခေတ်သစ် စကားပုံတစ်ခုပေါ်နေ၏ ။ မြန်မာ ကောင်းစား တစ်မွန်းတည့်။
၆။ အချိန်တန်ဖိုး မသိခြင်း၊ ကုန်သွားသော ဥစ္စာပစ္စည်းတစ်ခုခုကို အချိန်အားဖြင့် ပြန်ရှာ၍ရသော်လည်း အလကား ကုန်သွားသော အချိန်ကို မည်သည့်ဥစ္စာပစ္စည်းနှင့်မျှ မရနိုင်သောကြောင့် လောက၌ တန်ဖိုးဖြတ်၍ မရအောင် အဖိုးတန်သောအရာကား အချိန်ပင်ဖြစ်သည်။
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်၏။ ထို့ကြောင့် အချိန်ဟူသည် အသက်။ အသက်ဟူသည် အချိန်၊ အသက်တန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကိုတန်ဖိုးထားလျှင် လူ့ဘ၀နေရသမျှ အချိန်တိုင်းမှ ဥစ္စာ၊ ကုသိုလ်၊ ပညာဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရရှိနေရမည်။ ထိုသုံးမျိုးအနက် တစ်မျိုးမှမရဘဲ အချိန်ကိုဖြုန်းသူသည် မိမိ လူ့ဘ၀ရမည့် အသက်ကို ဖြုန်းခြင်းပင်ဖြစ်သည်။
၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း ကိုယ့်ထက်သာသူအပေါ် ၀မ်းသာလျှင် မုတိတာကုသိုလ် ဖြစ်သည်။ မနာလိုလျှင် ဣဿာအကုသိုလ် ဖြစ်သည်။ ကုသိုလ်ယူလို့ရပါလျှက်၊ အကုသိုလ်ကို ယူခြင်းသည် စိတ်ဓါတ်လူစဉ်မမီခြင်းပင် ဖြစ်သည်။
ဓမ္မပဒအဋ္ဌကထာ၌ ဆွမ်းငတ်ပြီး ပရိနိဗ္ဗာန်စံရသော လေသကတိဿ အမည်ရှိရဟန္တာတစ်ပါး အကြောင်း ပါရှိသည်။ သူသည် တစ်ခုသောဘ၀က ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သည်။ သူ့ကျောင်းတွင် ခေတ္တလာတည်းခိုသော ရဟန္တာတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်ဖြစ်ခါ ရဟန္တာ အတွက် ထည့်ပေးလိုက်သော ဆွမ်းနှင့်ဟင်းများကို လမ်းမှာ သွန်ပစ်ခဲ့သည်။ ထိုအကုသိုလ်ကံကြောင့် သေသောအခါ အ၀ီစိငရဲသို့ ကျရသည်။ ငရဲမှလွတ်သောအခါ ခွေးဘ၀ငါးရာ၊ ဘီလူးဘ၀ငါးရာ ဖြစ်ရသည်။ နောက်ဆုံး ယခုဘုရားလက်ထက် ရဟန္တာဖြစ်ရမည့် ဘ၀များမှပင် သူတောင်းစားရွာ၌ သွား ဖြစ်ရသည်။ ငယ်စဉ်ကတည်းက ငတ်ပြတ်ဆင်းရဲလိုက်သည်မှာ ရဟန္တာဖြစ်သည့် ဘ၀ထိဖြစ်သည်။ လောသကတိဿမထေရ်ကို ဆွမ်းလောင်းမည့် အလှည့်ရောက်လျှင် လောင်းလှူမည့် ဒကာ၊ ဒကာမတို့က သူ့အား ဆွမ်းလောင်းချင်သော်လည်း လောင်းလှူလို့  မရခြင်းဖြစ်သည်။
ထို့ ကြောင့် အသက်ငယ်ငယ်နှင့် ပရိနိဗ္ဗာန်စံခဲ့ရသည်။
မွေးမည့်မွေးလျှင် ကြက်တွေ၊ ဘဲတွေပဲ မွေးပါ။ မနာလိုစိတ်နှင့်ဝန်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း တူသော်လည်း ကြက်တွေဘဲတွေ မွေးခြင်းက ကြက်ဥ၊ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းအတွက်ကား ဘာမျှမစားရဘဲ အပါယ်လေးပါးသို့ ကျရသောကြောင့်ပင်တည်း။
၈။ စာပေဗဟုသုတမရှိသောကြောင့်
၉။ ဒေသန္တရဗဟုသုတမရှိသောကြောင့်
၁၀။ ခေါင်းဆောင်စိတ်မရှိသောကြောင့်
၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်မရှိသောကြောင့်
မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲနှင့် ဆင်းရဲနေကြရခြင်းဖြစ်သည်။
ဤ(၁၁)ချက်၏ အကြောင်းအရာအကျယ်ကိုသိလိုလျှင် ဆရာတော်ရေးသားသော “မေတ္တာဖြင့်စီးပွါးရှာခြင်း” စာအုပ်ကို ဖတ်ပါ။ မေတ္တာဖြင့်

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း
ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။
မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။
ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။
ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။
ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။
ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။
မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။
ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။
တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။
တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။
(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။
စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။
နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-
ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။
မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။
ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။
ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။
ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။
အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။
မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။
ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။
အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။
မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည် မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။
ကိုးကား--
ဝိနည်းစူဠ၀ါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠ၀ံသ
ဦးသာမြတ် “Buddhism in Southeast Asia”
www.nibbana.com

စွန်းလွန်း နှင့် သူ့တရားများ ( ၃ )
ဖြေ။ ။ သိချင်သလား၊ သိချင်လျင် ဇာတိမြင်အောင်ကြည့် ၊ ဇာတိ ကိန်းတယ်။
မေး။ ။ ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ။ ။ မြေ ရေ လေ မီး ဓာတ်ကြီး လေးပါး ရှိတယ် မဟုတ်လား၊ ၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု့ မှတ်မှု့ ခံစားမှု့ ဖြစ်ပေါ်၍ လာတယ်။ အဲတာ ဇာတိပဲ။ အဲဒီ ဇာတိကို မြင်အောင်ကြည့်က သိလိမ့် မယ်။
မေး။ ။ ရဟန်းများ၌ သိအပ်သော တရားငါးပါးကိုအမိန့်ရှိတော်မူပါဘုရား။
ဖြေ။ ။ ( ၁ ) အလိုရှိခြင်း၊
( ၂ ) ကျက်စားခြင်း၊
( ၃ ) ထောက်တည်ခြင်း၊
( ၄ ) နှလုံးသွင်းခြင်း၊
( ၅ ) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလှိုရှိတာတုံး ဆိုလျင်သုခချမ်းသာကို အလိုရှိတယ်၊
ပညာ ကို ကျက်စားတယ်၊
သီလ သမာဓိ ပညာကို ထောက်တည်တယ်၊
ကြောင့်ကြမှု့ တောင့်တမှု့ ကင်းတာကို နှလုံးသွင်းတယ်၊
နိဗ္ဗာန်ကို ပြီးဆုံးတယ်၊
အဲဒါ ရဟန်းများ၌ သိအပ်သော တရားငါးပါးပဲ။ ။
ဦးနု - စွန်းလွန်းနှင့် ပဌာန်းတရားတော်
တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား၊
ကြားပါ၏ ဘုရား။
အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။
ဆန့်ပါ၏ ဘုရား။
အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။
နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်၊
မှန်လှပါ၏ ဘုရား။
အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှငရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။
ဒကာကြီး ၀က်သားများ စားဘူးသလား။
စားဘူးပါ၏ ဘုရား။
အဲ ရှေးက ၀က်သားကို စားခဲ့ ဘူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။
ခွေးသားကော စားဘူးပါသလား။
မစားဘူးပါ ဘုရား။
အဲ ရှေးက ခွေးသား မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။
ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။
အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊
သွားပါ၏ ဘုရား၊
ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။
မှန်လှပါ ဘုရား။
အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။
မကြည့်ပါ ဘုရား။
နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။
မထောင်ပါ ဘုရား။
နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။
မရူပါ ဘုရား။
ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။
လုံပါ၏ ဘုရား။
အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။
ဆက်ရန် --

Friday, September 25, 2009
မုဒြာအကြောင်း သိကောင်းစရာ ( ၄ )
ဘူဖဿ မုဒြာ မြေကို သက်သေညွှန်းဟန် ( ဘူမိဖဿ ဟူ၍လည်း ရှိပါသည်၊ ဘူမိ မြေကြီးကို ၊ ဖဿ - ထိတွေ့၍ သက်သေတည်တော်မူဟန်၊
မြန်မာတို့ ကြားဖူးသော ဇာတ်လမ်း၌ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ကာနီး မာနတ် လာရောက် နှောက်ယှက်လေသောအခါ
ဤ အပရာဇိတ ပလ္လင်ကား ငါဘုရားကိုယ်တိုင် လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ဆည်းပြီးမှ ရရှိခြင်း ဖြစ်ပေတယ်၊ သင်မာနတ်နှင့် လုံးဝ မဆိုင်၊ ငါဘုရား သည်သုမေဓာ ရသေ့ဘ၀မှ စ၍ ဝေဿန္တရာ မင်းဘ၀တိုင်အောင် ဒါန ပါရမီ ကို ဖြည့်ဆည်းခဲ့ပြီး ဤမြေကြီးပေါ်မှာ ရေစက်ချ သက်သေညွန်းခဲ့သည်၊
ယခု အချိန်ဝယ် သက်၇ှိသတ္တ၀ါတွေကို ငါဘုရား မတိုင်တည်လိုပေ၊ သက်မဲ့ ဖြစ်သော ဤ ကမ္ဘာမြေကြီးသည် မသိလေရော့သလား- ဟု မိန့်တော်မူပြီး လက်တော်ဖြင့် မဟာ ပထ၀ီ မြေကြီးကို ညွန်ပြတော်မူရာ မဟာပထ၀ီ မြေကြီးသည် အိုးထိန်းစက်သဖွယ် သွက်သွက်ခါအောင် တုန်လှုပ်သဖြင့် မာနတ်စစ်တပ်လဲ လန့်ဖြန့်ကာ ထွက်ပြေးသော ဟူ၏၊
ထို့ကြောင့်ပင် ယခု အခါဝယ် အလှူဒါန ပြုပြီး ရေစက်ချ အမျှဝေရာ၌ မြေပေါ်သို့ သွန်းလောင်းခြင်း တနည်းအားဖြင့် သက်သေထားခြင်း ဖြစ်ပေသည်။ မေးစရာကား ရေစက်မချရင်ကော ဒါန မမြောက်ဘူးလား ဟု မေးခဲ့သော် မြောက်ပါသည်၊ ရေစက်ချခြင်းကား သက်သေ တည်ခြင်း သက်သက်သာ ဖြစ်ပေသည်၊ အကယ်၍ အခဲအခဲ တစုံတရာ ကြုံတွေ့ရချိန်ဝယ် ဖြေရှင်းဖို့အတွက် သက်သေပြု သစ္စာ ဆိုက ပြေပျောက်နိုင်သောကြောင့် ပြုလုပ်သင့်ပါသည်၊
လက်နှဖက်ယှက်ကာ လက်မ ထိပ်နှစ်ခု ထိထားသော ရုပ်ပုံတော်၊
လလိတ မုဒြာ- တင့်တယ် စံပယ်ဟန်၊
ဘယ်ခြေကို တင်ပလ္လင်ချိတ်ပြီး ညာခြေကို အောက်သို့ တွဲလောင်းချထားသောကြောင့် အထူးအားဖြင့် ခုံအမြင့်မှာ
ထိုင်သောအခါ သီတင်းသုံးဟန် ဖြစ်ပါသည်၊ လလိတ ပုံတော်ကို ရှာဖွေသော်လည်း မတွေ့ရသေးပါ၊