Thursday, June 16, 2011

Traveler in Myanmar ( လယ်တီဆရာတော်ဇာတိ၊ စိုင်ပြင်ကြီး )


ဒီတစ်ခေါက်ခရီးသွား မှတ်တမ်းကဏ္ဍမှာတော့ မြန်မာနိုင်ငံ သာသနာ့သမိုင်းတွင် တစ်ခေတ်မှာ တစ်ယောက်၊ တယောက် မှာ တစ်ပါး ဟု ဆိုရလောက်အောင် ရာစုနှစ်၏ ပါရမီရှင် ဟု တင်စားပြီး ထင်ရှား ကျော်ကြားကာ ဘာသာ သာသနာ အကျိုးတို့ကို စွမ်းစွမ်းတမံ သယ်ပိုးရုံမက ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံ နှံ့စပ် ကျွမ်းကျင်တော်မူသော ပထမလယ်တီ ဆရာတော် ဘုရားကြီး မွေးဖွားသန့်စင်တော်မူခဲ့ရာ စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်၊  စိုင်ပြင်ကြီးကျေးရွာ အထိ ရောက်ရှိခဲ့ပါတယ်။

စိုင်ပြင်ကြီး ရွာသည် မုံရွာမြို့မှ မြောက်စူးစူး အရပ်တွင် တည်ရှိပြီး  မုံရွာမြို့ မှ   မုံရွာ ရေဦး တည့်ဆည် ကားကို စီးကာ သွားလျင် ၄ နာရီခန့်  စီးရပြီး ရွာလယ်ခေါင်မှ ဖြတ်သွားရပါသည်။ မုံရွာမှ ဘုတလင်မြို့နယ်ကို ကျော်လျင် ဒီပဲရင်းနယ် ကို ရောက်ပြီး မကြာခင် စိုင်ပြင်ကို ရောက်ပါမည်၊ ရွာလယ်ခေါင် လမ်းမကြီးမှ ကားလမ်းဖောက်ထားသည် ဖြစ်ရာ လမ်းမှားစရာ မရှိပါပေ။ စိုင်ပြင်ရွာကြီးသည် အိမ်ခြေတစ်ထောင်ကျော် ရှိရာ တောရွာနှင့် မတူပဲ တောမြို့လောက် စည်ကားပါသည်။  မြတ်စွာဘုရား ဟောထားသော ဒေသနာအရ ထိုရွာမျိုးကို နိဂုံးရွာ ဟု ဆိုရပါမည်။  မဟာဗုဒ္ဓ၀င်တွင် သေနာနိဂုံးရွာ သုဇာတာ   အမျိုးသမီး ဆက်ကပ်သော ဃနာ နို့ဆွမ်းကို ဘုဉ်းပေးတော်မူရ၏ စသည်စသည် တွေ့ရနိုင်၏။ ထိုမျှလောက်ကြီးမားသော ရွာကြီးတွင် ၀ယ်လိုသော ပစ္စည်း မှန်သမျှ အားလုံး ရနိုင်သည်ချည်း ဖြစ်၏။

ထိုသို့သော နေရာ ၊ အောင်မြေဖြစ်သော နေရာမျိုးဝယ် ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် ဖွားမြင်တော် မူခဲ့၏။  ယခုအခါ ဆရာတော်ကြီး မွေးဖွားခဲ့ရာ နေရာတွင် နှောင်းလူတို့ သတိတရ ကိုးကွယ်ကြစိမ့်သောငှါ  မဟာအောင်မြေ လယ်တီ သာသနာ့ဗိမာန်တော် ကြီး တည်ဆောက်ကာ သမိုင်း အမွေအနှစ်များ ထိန်းသိမ်းရန် လယ်တီမေတ္တာ လူငယ် အသင်းအဖွဲ့များ ဖွဲ့စည်းကာ ဘာသာအကျိုး သာသနာအကျိုး ရပ်ရွာအကျိုး တို့ကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြ သည် ကို တွေ့ရတော့ အော် ဒီလို အောင်မြေမျိုးမှာ သာသနာအရှိန် မကုန်ခန်းသေးပါလား လို့ ကျိတ်ကာ ၀မ်းသာပီတိ ဖြစ်ရ၏။ ယခုအခါ မြန်မာနိုင်ငံမှ နာမည်ကျော် ဓမ္မကထိက များသည် လယ်တီ သာသနာ့ဗိမာန် အတွင်း၌ တရားရေအေး မတိုက်ကျွေးဖူးသော ဆရာတော်ဟူ၍  မရှိသလောက် ရှားပါမည်။

အတိတ်ထူး နိမိတ်ထူး ထွက်ပေါ်ခြင်း
ဆရာတော်ဘုရားကြီးလောင်းလျာသည်  သက္ကရာဇ် ( ၁၂၀၈ ) ခုနှစ် နတ်တော်လဆန်း ၁၃ ရက်တွင် ဖွားမြင်တော်မူကာ မွေးချင်း ၆ ယောက်တွင် ဒုတိယ သားရတနာဖြစ်သည်။ ငယ်မည် မောင်တက်ခေါင် ဖြစ်၏။
ဆရာတော်လျောင်းလျာ ဖွားမြင်ချိန်တွင် အိမ်ဘေးမန်ကျည်းပင်ကြီးတွင် ထောင်ထားသော ၀ါးလုံးများကြားမှ  ရောင်စုံသက်တန့်ရောင်ကြီးသည် ကောင်းကင်ယံသို့  ဖြာထွက်လာပြီးလျင် အိမ်တွင်းသို့ ၀င်ရောက်လာပြီး တဖန် ကောင်းကင်ယံသို့ ပျံတက်သွားသည် ဟူ၏။  ယခုအခါ မွေးဖွားသည့်အချိန်မှ စ၍ ရေတွက်ပါလျင်  ၁၃၇၃ ခုနှစ်အထိ နှစ်ပေါင်း ( ၁၆၅ )  နှစ် ကြာခဲ့ပြီဖြစ် သော်လည်း  ဆရာတော်ကြီး၏ လက်ရာများ ဖြစ် ကြသော ဒီပနီပေါင်း များစွာကား ယနေ့အချိန်အထိ နေလို လလိုထွန်းတောက်နေကြဆဲ ဖြစ်သည်။


ဒီပနီကျမ်းပေါင်း များစွာတို့တွင် ပါရမီဒီပနီ ကျမ်းသည် အဦးဆုံး  အစောဆုံးဖြစ်၏ ဟု ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ တနေရာတွင် ဖော်ပြထား၏၊ ထိုကျမ်းကို ရေးချိန်တွင်  ဆရာတော်လျောင်းလျာ ဖြစ်သော ရဟန်းတော် အရှင်ဥာဏဓဇ သည်  ( ၀ါတော် ၁၄ ) ၀ါသာ ရှိသေး၏။  ဆရာဖြစ်သော မန္တလေး စံကျောင်း ဆရာတော်ဘုရားကြီးက ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏ ပါရမီနှင့် စပ်ဆိုင်သော မေးခွန်းပေါင်းအချက်၂၀ကို ဖြေဆိုစေလိုသောကြောင့် ပါဠိလို မေးမြန်းတော် မူသည် တွင် မေးခွန်းအဆုံး၌ကား -
ဤပါရမီဆိုင်ရာ မေးခွန်းများသည် သာသနာတော်၏ တံခွန်၊ ဇမ္ဗူဒီပါ ၏ တံခွန်ဖြစ်သော ပညာရှိတို့အတွက် သက်သက် ဖြစ်၏။  ပညာမရှိသော သူတို့သည် ကုတ်၍ နောက်ဆုတ်နေကြကုန်လော၊ သင်တို့ ကြောင့်ကြစရာ မဟုတ်ကုန်၊ အဘယ်ကြောင့်ဆိုသော် ဤပြဿနာများကို သာသနာ့တံခွန် အာဇာနည်များသည် ဖြေဆိုကြလိမ့်မည် ဟု အဆုံးသတ်ထားကာ မေးတော်မူခဲ့၏။

ထိုအကြောင်းအရာကို မြင်သော လယ်တီလျောင်းလျာ ရဟန်းတော်သည် ဤပုစ္ဆာ ၂၀ တို့ကား ငါ့အတွက် ဖြစ်ချေတော့ သည် ဟု နှလုံးသွင်းကာ နိကာယ်ငါးရပ် ပိဋကတ်တို့ကို မွှေနှောက်ခြောက်ခြားကာ ပထမဆုံးကျမ်းစာ ပါရမီဒီပနီ ကို ပါဠိဘာသာဖြင့် ဖြေဆိုတော်မူခဲ့၏။ ထိုအချိန်မှ ချခဲ့မိသော ကလောင်မျိုးစေ့သည် မုံရွာမြို့၌ လယ်တီကျောင်းတိုက်ကြီး တည်ထောင်တော် မူခြင်း၊ မင်းတုန်းမင်းတရားကြီးနှင့် ပဉ္စမသင်္ဂါယနာတင်ရာတွင်လည်း အဘိဓမ္မာ ကထာဝတ္ထုကျမ်းကို ပြန်ဆိုတော်မူကာ အထောက်အပံ့ပေးတော်မူခဲ့ခြင်းစသော သာသနာပြုလုပ်ငန်းများကို   ဘ၀ဇာတ်သိမ်းသည်အထိ ဝေနေယျသတ္တ၀ါ အားလုံးအတွက် မနေမနားကြိုးစားတော်မူခဲ့သည်ဟု ဆိုရပါမည်။

ထိုအချိန်မှ စတင်ခဲ့သော လယ်တီဆရာတော်ကြီး၏ ၀ိပဿနာကမ္မဋ္ဌာန်း နည်းများသည် သေက္ချတောင် ဆရာတော်၊  အနာဂါမ်ဆရာသက်ကြီး ၊ ဆရာကြီး ဦးဘခင်၊ ဆရာကြီး  ဦးဂိုအင်ကာ စသည်ဖြင့်  အစဉ်အဆက် မပြတ် ဓမ္မအရသာတို့ကို ခံစားနေကြရသည်ဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သော အရာများပါပေ။ 
၁၂၀၈ ခုနှစ် ဆရာတော်လျောင်းလျာ ဖွားမြင်ချိန်တွင် အိမ်ဘေးမန်ကျည်းပင်ကြီးတွင် ထောင်ထားသော ၀ါးလုံးများကြားမှ  ရောင်စုံသက်တန့်ရောင်ကြီးသည် ကောင်းကင်ယံသို့  ဖြာထွက်လာပြီးလျင် အိမ်တွင်းသို့ ၀င်ရောက်လာပြီး တဖန် ကောင်းကင်ယံသို့ ပျံတက်သွားသည် ဟူ၏။


၁၂၂၈ ခုနှစ်တွင် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍသိမ်တွင် ရဟန်းဖြစ်တော်မူသည်၊ ဥပေဇ္ဈာယ်ကား ကျောင်းမကျောင်းဆ၇ာတော် ဦးနန္ဒ ဖြစ်၏
 ကင်းဝန်မင်းကြီး အိမ်တော်တွင် ပြဿနာများ ဖြေကြားစဉ်


လယ်တီဆရာတော် နှင့် မဃဒေ၀ ကျမ်းပြုအကျော် မန်လည်ဆရာတော်တို့ မော်လမြိုင်ဆိပ်ကမ်းမှ မုဒ်ပွန် သို့ ကြွတော်မူကြပုံ
 လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ကျော်က မန်ကျည်းပင်သည် ယခုထိ ရှိနေသေး၏
ဤပုံသည် သက်တန့်ရောင် များ ဖြာထွက်ရာ မန်ကျည်းပင် အခေါင်းကြီးကို အင်္ဂတေဖြင့် ပိတ်ထားကြ၏၊ သက်ဆိုင်ရာ အာဏာပိုင်တို့က ပိတ်ထားခိုင်းသည် ဟု သိရ၏။

 လယ်တီ သာသနာ့ဗိမာန်ကို အဝေးမှ မြင်ရပုံ
လယ်တီ ဗိမာန်တော်၏ အတွင်းပိုင်းကို မြင်ရပုံ
ကားလမ်းမဘေးတွင် တည်ရှိသော လယ်တီဗိမာန် မုဒ်ဦး 
  
ပို့စ် ရှည်လွန်းနေသောကြောင့် ဒုတိယပိုင်း ဆက်ပါအုံးမည် .

No comments:

Post a Comment