နှစ်စဉ်တိုင်းမှာ အသက်ဟာ၊ အစဉ်ကြီးနေကြ၊
သိပင် သိလျက် တားဖို့ခက်၊ သိလျက် ငြိမ်နေရ၊
မိဘ အိုတာ၊ သားသမီးမှာ ၊ သိသာ သိ၍တားမရ၊
သားသမီး အိုတာ၊ မိဘမှာ၊ သိသာ သိ၍ တားမရ၊
မိဘ ရောဂါ၊ သားသမီးမှာ၊ မှန်စွာ ကိုယ်စား ခံမရ၊
သားသမီးရောဂါ၊ မိဘမှာ ၊ မှန်စွာ ကိုယ်စား ခံမရ၊
ကိုယ်အိုသည်ကို သိစေလို၊ အအို ( မွေးနေ့ ) ပွဲတွေ ကျင်းပကြ၊
ကျင်းပသော်လည်း ၊ ကိုယ့်တွက်ပဲ ၊ အမြတ်ရအောင် ရှာဖွေကြ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ အိုနေသည်ကို၊ သိသင့်လှ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ နာနေသည်ကို ၊ သိသင့်လှ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ သေရ မည်ကို၊ သိသင့်လှ၊
နေရစဉ်မှာ၊ ကုသိုလ်သာ၊ ဖွေရှာ ယူပါကြ၊
မယူတတ်က၊ ရှုံးမည်ပ၊ နောင်တ ကြီးစွာ ရလိမ့်မည်၊
အိုဘယ့် လူသား၊ အသင်ကား၊ စဉ်းစားသင့်ပေသည်၊
မနှစ်ကငါ နှင့် ဒီနှစ် ငါ၊ ဘယ်ဟာ သာ၍ ထူးသနည်း၊
မနှစ်က ကိုယ်ကျင့် ၊ ဒီနှစ် ဆင့်၊ ဘယ်ကျင့် သာ၍ ပိုသနည်း၊
မနှစ်က ချမ်းသာ၊ ခု ချမ်းသာ ၊ ဘယ်ဟာ သာ၍ မြတ်သနည်း၊
မနှစ်က အသိ၊ ဒီနှစ် ညှိ၊ ဘယ်သိ သာ၍ ထူးသနည်း၊
မထူးသေးလျင်၊ သင့်တွက်ပင်၊ ဧကန် ရှုံးတော့သည်၊
ထို့ကြောင့်လူသား၊ ဒါနများ၊ ကြိုးစားအားထုတ်လေ၊
ထို့ကြောင့်လူသား၊ သီလများ၊ ကြိုးစား စောင့်ထိမ်းလေ၊
ထို့ကြောင့်လူသား၊ ဘာဝနာများ၊ ကြိုးစား ပွားများလေ၊
ကြိုးစားလာလျင်၊ တစ်နေ့တွင်၊ ဧကန် နိဗ္ဗာန် ဆိုက်လိမ့်မည်။
မှတ်ချက်။ ။ 30.May. 2011 နေ့တွင် ကျရောက်သော မောင်ဖိုးသား ၏ ( 26 ) နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ကိုယ်ပိုင် ရေးဖွဲ့ပါသည်၊ ဖိုးသားရေ ကဗျာ ရေးတတ်လို့တော့ မဟုတ်ပါ၊ ဒီလောက်ဆို ကျေနပ်နိုင်မည် ထင်ပါသည်။ ။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
No comments:
Post a Comment