Friday, June 10, 2011

Traveler in Myanmar ( ပြင်ဦးလွင် )


ပို့စ်သစ်တင်ရင်း တင်ရင်းနဲ့ ဆောင်းပါးတွေလဲ များလာပါတယ်၊ ဒါပေမယ့် ကိုယ်တိုင် စာဖတ်ရတာကို တခါတလေ ငြီးငွေ့လာတော့ စာရေးသူလိုပဲ သူများတွေ ငြီးငွေ့နေရှာရော့မယ်လို့ အတွေးဝင်မိတယ်၊ စာရေးသူက ပို့စ်တပုဒ်ရေးတော့မယ် ဆိုရင် ပရိသတ်အတွက် ဘ၀မှာ မှတ်သားစရာ တစ်ခုခု မက်ဆေ့ ပေးခဲ့ချင်တာပါ၊ အဲဒီလို မပေးနိုင်ရင်လဲ မရေးဖြစ်တော့ပါဘူး၊  ဒီတခါတော့ လွန်ခဲ့တဲ့ တနှစ်နီးပါး  2010 july လမှစ၍ 2011 April လအထိ အမိမြန်မာပြည်တလွှား အထက်ပိုင်း အောက်ပိုင်း အစုန် အဆန်  ရောက်ခဲ့သမျှ မှတ်တမ်း ဓာတ်ပုံတွေကို ပြုစုရင်း လှပတဲ့ တောတောင် ရှုခင်းများကို ခံစားကာ ဒေသန္တရ ဗဟုဿုတ ဖြစ်စေဖို့ သက်သက် ရည်ရွယ်ပြီး တင်လိုက်ပါတယ်၊  မရောက်ဖူးသေးသူများအတွက် အထူးအဆန်းဖြစ်သော် လည်း ရောက်ဖူးပြီး သူများကတော့ သည်းခံပြီး လာရောက်အား ပေး  ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ….  

ပထမဆုံး ဖော်ပြမှာကတော့ ပန်းကမ္ဘာ ပန်းမြို့တော် တောင်လှေခါးမြို့တော်၊ တောင်ပေါ်မြို့ လေးတမြို့ လို့ အမည်တွင် နေတဲ့ ပြင်ဦးလွင် ဖြစ်ပါတယ်၊

စာရေးသူဟာ ပြင်ဦးလွင်ကိုရောက်ဆဲ အနီးစခန်း မှာ ရှိတဲ့ “ အကယ်ဒမီ ပညာ့ဗိမာန် ”  ဘော်ဒါ ဆောင် မှာ စာရေးသူ၏   ကျေးဇူးရှင်များဖြစ်ကြတဲ့  ဒကာကြီး ဦးမြင့်မော်+ ဒေါ်မြင့်မြင့်သန်း ဆရာမ မဥမ္မာ၊ မအေးသော်  ဆရာကိုသက်ဦး ( စိုးစံဘော်ဒါဆောင်) တို့ မိသားစုနဲ့ တိုင်ပင်ကာ  ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ တန်းအထိ ကျောင်းသား ကျောင်းသူပေါင်း (၇၀၀) ကျော်ကို  စာပေဟောပြောပွဲ လုပ်ပေး ဖြစ်ခဲ့တယ်။ ဟောပြောခဲ့တဲ့ အကြောင်းအရာများကတော့ ………

လူငယ် မျိုးဆက်သစ်လေးတွေအနေနဲ့ ဘ၀မှာ ရည်မှန်းချက်ပန်းတိုင်ကို မြင့်မြင့်မားမား ထားရှိဖို့ လိုအပ်ကြောင်း၊
ရည်မှန်းချက်မရှိရင် ဘ၀ဟာ ထိန်းကွပ်မှုမဲ့ပြီး သူတပါးထက် အောက်ကျ နောက်ကျ ဖြစ်တတ်ကြောင်း၊
မိဘဆရာသမား တွေဆိုတာ လမ်းကြောင်းပေါ်ကိုပဲ တင်ပေးနိုင်ကြောင်း၊

တကယ် လျောက်လှမ်းဖို့အတွက် မိမိတို့ကိုယ်တိုင်က ကြိုးစားချင်စိတ် ရှိမှသာ ဘ၀ဆိုတာ အောင်မြင်နိုင်ကြောင်း၊
အောင်မြင်လာတဲ့တနေ့မှာ အောက်ခြေမလွတ်ပဲ ပုံမှန်ဆက်လျောက်ဖို့ လိုအပ်ကြောင်း၊ အမြင့်က ပြုတ်ကျလျင် ပို၍ အကျနာတတ်ကြောင်း၊
  
ဥာဏ် ၀ီရိယ ပြည့်စုံသော်လည်း ကံ မကောင်းက မအောင်မြင်တတ်ကြောင်း၊
 ကံကောင်းဖို့ အတွက် သရဏဂုံ၊ သမ္ဗုဒ္ဓေဂါထာ၊ ပဋ္ဌာန်း ၂၄ ပစ္စည်း စတာတွေကို ရွတ်ဖတ်သင့်ကြောင်း၊  ကံ ဥာဏ် ၀ီရိယ ပြည့်စုံနေလျင်
 ဘ၀မှာ ဘာမဆို ရယူနိုင်ကြောင်း၊ ပုံပြင် ဥပမာလေးတွေ နဲ့ ပြောဖြစ်ခဲ့တယ်၊

 ကျမ္မာရေးကို ဂရုမစိုက်ပဲ စာကိုသာ ဖိကျက်နေလျင် စာမေးပွဲနီးမှ နေမကောင်းဖြစ်ပြီး ဘာသာစုံအောင် မဖြေနိင်ဖြစ်တတ်ကြောင်း၊  စာမကျက်ချင်ပဲ စိတ်အလိုလိုက်ကာ နေမည်ဆိုက အောင်မြင်တဲ့ ဘ၀အဆင့်အတန်းကို မရောက်နိုင်ကြောင်း၊
  
ပန်းတိုင်ရှိနေလျင် ခဏတာ လပိုင်းအတွင်း ကြိုးစားပြီး( ထိုအချိန်က စာမေးပွဲနီးနေပြီ ) တနေ့မှာ အထက်တန်းကို လျောက်လှမ်းနိင်ကြောင်း၊ အဲဒါတွေအတွက် အခုချိန်မှာ စာကြိုးစားဖို့ လိုအပ်ကြောင်းတွေနဲ့ ဆောင်ရန် ရှောင်ရန်  စတာတွေကို ဟောပြောပြီး အားပေးစကားပြော ဖြစ်ခဲ့တယ်၊ 
 တစ်နှစ်တခါ ကျင်းပတဲ့ ပန်းပွဲတော်ကို ရုက္ခဗေဒဥယျာဉ်မှာ ကျင်းပပါတယ်၊  ဆုံရခဲတဲ့ ပွဲတော်တစ်ခုပေါ့ 


ရုက္ခဗေဒ ဥယျာဉ်ထဲက မြင်ကွင်းတစ်ခုပါ
ပြင်ဦးလွင်မှ နာမည်ကျော် မဟာနန္ဒမူ လှိုဏ်ဂူတော်
အနီးစခန်း အကယ်ဒမီ ပညာ့ဗိမာန် မှ စာပေဟောပြောပွဲ မြင်ကွင်းများ

ကျောင်းသား ကျောင်းသူလေးတွေကလဲ ငြိမ်သက်စွာ နားထောင်နေကြတယ်၊ မေးလိုက်ရင်လဲ ဒက်ကနဲ ဒက်ကနဲ ဖြေဆိုကြတာကို ကြည့်ပြီး ပီတိတွေ ဖြစ်ရပါရဲ့၊ ကျေးဇူးအများကြီး တင်ပါတယ် အကယ်ဒမီက ကျောင်းသားတွေရေ . အကယ်ဒမီမှာ တက်ပြီး degree  များစွာ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ....

အဲဒီအချိန် july August အချိန်မှာဆို ပန်းထိမ်ငို ပန်းစိုက်ခင်းတွေက မျက်စိတစ်ဆုံး ကြည့်မ၀ ရှုမ၀ပါ
ပန်းရဲ့ တည်ဆောက်ပုံ လှပပုံက အတုလုပ်မဲ့ ရွှေပန်းထိမ်သည်တွေတောင် ခက်ခဲလွန်းလို့ ငိုချင်ရပါသတဲ့၊ ဒါကြောင့် ပန်းထိမ်ငိုပန်း လို့ အမည်တွင်နေခဲ့တယ်။
အဖြူရောင် ပန်းဝတ်ဆံက တစ်ထပ် / သုံးထပ် ဆိုပြီး နှစ်မျိုး ရှိတယ်၊ ဒါက ရှားပါး လှပလှတဲ့ ၃ ထပ်ပန်းပါ
ပန်းထိမ်ငို ပန်းခင်းက ဖြစ်ထွန်းပြီ ဆိုရင် အဲဒီနှစ် သူဋ္ဌေးဖြစ်ပြီသာ မှတ်ပေတော့ တစ်ပင်ကို ကျပ် ၁၀၀ တောင် အခင်းက ရောင်းရတယ်၊ ၀ယ်သူ မကြိုက်ရင် မ၀ယ်နဲ့ ဈေးမဆစ်နဲ့၊ ခပ်တန်းတန်းပဲ ၊
 ပန်းထိမ်ငို ပန်းခင်း တကယ်ဖြစ်ပြီ ဆိုရင် ခိုးတဲ့သူတွေ ရှိလို့ ဒီလို ဒီလို တဲကုပ်လေးတွေ ဆောက်ပြီး ညအိပ်နေကြရတယ်။  
စာရေးသူ ပြင်ဦးလွင်မှာ နေစဉ်က ဘုရားပန်းတင်ထားရင် ၁၅ ရက်လောက်တောင် ခံနေတော့ ကြာတော့ ဘုရားပန်း မညှိုးလဲ လဲချင်နေတော့တယ်၊ အလကား လာလှူနေကြတော့ ဘုရားပန်းကိုပဲ လဲချင်နေမိတာ ...
 ပြန်မြင်ယောင်မိတယ်  ပန်းထိမ်ငိုရေ ...

ခရီးသွား ဆောင်းပါးများ ဆက်ပါအုံးမည် ....... 

No comments:

Post a Comment