ပြီးခဲ့တဲ့နှစ် ( ၂၀၁၀ ) ခုနှစ်က ပြင်ဦးလွင်ကို ရောက်ဆဲမှာ အကယ်ဒမီ ပညာ့ဗိမာန် ဘော်ဒါဆောင်ရှိ ၇၊ ၈၊ ၉၊ ၁၀ တန်းကျောင်းသူ ကျောင်းသား( ၇၀၀ ) ကျော်ကို ဘ၀အောင်မြင်တိုးတက်ဖို့အတွက်စာကြိုးစားဖို့ လိုအပ်ကြောင်း၊ ငယ်ရွယ်စဉ်မှာ စာကျက်ရမှာ ပျင်းနေရင် အသက်ကြီးလာတဲ့အခါ ပညာမတတ် သူ၏၀န်ထမ်း ဆိုတဲ့အတိုင်း သူတပါး၏ လက်အောက်ခံဘ၀ဖြင့် ဘ၀ကို ဖြတ်သန်းရတတ်ကြောင်း စာပေဟော ပြောပွဲလေး ပြောပြဖြစ်ခဲ့တယ်။
တဆက်ထည်းမှာပဲ မိမိဇာတိ ရပ်ရွာရှိ အရာတော်မြို့နယ်၊ စံပြမင်းရွာရဲ့ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ( ယခုတော့ အလယ်တန်း ရရှိနေပါပြီ ) လေးရှိ ကျောင်းသူ ကျောင်းသားပေါင်း ( ၅၀၀ ) ကျော်ကို ဒုတိယအကြိမ် ဟောပြောပေးခဲ့ဖူးတယ် ၊ ဟောပြောဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေကတော့ ပြင်ဦးလွင်မှာ ပြောခဲ့တာတွေနဲ့ တော်တော်များများ တူညီပါတယ်။
သို့သော်လည်း ဒီတကြိမ်မှာတော့ အတန်းငယ် ကလေးတွေဖြစ်တာကြောင့် ပုံပြင်တွေ၊ ၀တ္ထုလေးတွေကို အများဆုံး ကလေးတွေ နှစ်သက်အောင် ပြောဖြစ်ခဲ့တယ်၊ အထူးသဖြင့် ကံ ဥာဏ် ၀ီရိယ တစ်မျိုး တစ်မျိုးစီကို ယုံကြည်ပြီး လက်ခံကျင့်သုံးရာက နောက်ဆုံးမှာ ကံကိုသာ အားကိုးကာ မကြိုးစားပဲ နေမိတဲ့ ငါးကလေးဟာ ဒယ်အိုးထဲ ရောက်ခဲ့ရ တယ် ဆိုတဲ့အကြောင်း၊
နောက်တစ်ခါ လူ့ဘ၀မှာ မျှော်လင့်ချက် ရည်မှန်းချက်ရှိမှသာ ဘ၀တိုးတက်နိုင်ကြောင်း၊ ဘ၀ပန်းတိုင် မရှိလျင် စိတ်လေပြီး ဘ၀ဟာ မတိုးတက်နိုင်ကြောင်းတွေနှင့် ပုံပြင်လေး တပုဒ်ကို ပြောခဲ့သေးတယ်၊ ပုံပြင်လေးက ဒီလို၊
ဟိုအရင်တုံးက အထက်အညာဒေသမှာ တောထဲမှာနေ၊ တောထဲမှာပဲ စား၊ တောထဲမှာပဲ အလုပ်လုပ်နေတဲ့ ထန်းတက်ပြီး အသက်မွေးဝမ်းကျောင်းရတဲ့ ထန်းတက်သမား မိသားစု တစ်စုရှိခဲ့တယ်၊ အဖေလုပ်သူက ထန်းပင်ပေါ်တက်ရင် သားလုပ်သူ ၁၀ နှစ်လောက် ကလေးလေး က နောက်ကနေ ထန်းရည်အိုးလေးတွေထမ်းထန်းလျက်ချက်ရာ သူတို့နေအိမ်
တဲကုပ်လေးဆီကို ပို့ပေး သယ်ပေးရတယ်ပေါ့၊( ဆင်းရဲရှာတော့ ကျောင်းတက်ဖို့ဆိုတာစဉ်းကို မစဉ်းစားနိုင်တာ၊ အခုခေတ် အနေအထားနဲ့ တက်နိုင်ဖို့လဲ မလွယ်ကူပါဘူး )
တနေ့မှာတော့ အဖေလုပ်သူက ထန်းပင်ပေါ်က ဆင်းလာချိန် ကလေးကို မေးတယ်၊
ငါ့သား မင်းကြီးလာရင် ဘာလုပ်မလဲ ပြောစမ်းကွာ …. ဆိုတော့
အာ အဖေကလဲ အဖေ့လိုပဲ ထန်းတက်ပြီး အသက်မွေးမှာပေါ့ဗျ … လို့ ဖြေလိုက်သတဲ့။
ဒီအခါ အဖေလုပ်သူက ထန်းပင်ပေါ်က ဆင်းလာကာစ မောမောပန်းပန်းဆိုတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ….
မင့် မအေ ငါ လုပ်လိုက်ရ … ငါငယ်ငယ်တုံးက လေယာဉ်ပျံကြီး မောင်းမယ် လို့ စိတ်ကူး ကြံရွယ်ခဲ့တာတောင် အခု ကြီးလာတော့ ထန်းတက်စားနေရတာ၊ မင်းက ထန်းတက်ရုံလောက်ပဲ ရည်မှန်းချက်ထားလို့ကတော့ … ဟင်း .. ဟင်း … မင်း ခွေးဖြစ်မဲ့အကောင် လို့ အော်ငေါက်ဆဲဆိုပြီး ခြေထောက်နဲ့ ကန်ကျောက်သတဲ့။
အဲဒီလို အောက်တန်းကျတဲ့ ရည်ရွယ်ချက်မျိုး မထားရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တော့ ကလေးတွေ တော်တော် သဘောတွေ့ကြတယ်၊ ဒါကြောင့် ဘ၀ရည်မှန်းချက်ဆိုတာ ဖြစ်တာ မဖြစ်တာ အသာထား၊ ကိုယ့်စိတ်ထဲ နှလုံးသား ထဲမှာတော့ မြင့်မြင့်မားမား ထားရှိဖို့ လိုအပ်ကြောင်း ဒါမှသာ အသက်အရွယ် ကြီးလာချိန်မှာ မှန်းထားသလောက် မဖြစ်လာတောင် အထိုက်အလျောက် အောင်မြင်မှု ရရှိနိုင်ကြောင်း စတာတွေ ပြောဖြစ်ခဲ့တယ်၊
နောက်ထပ်ပြောဖြစ်တာတွေကတော့
ရည်မှန်းချက်မရှိရင် ဘ၀ဟာ ထိန်းကွပ်မှုမဲ့ပြီး သူတပါးထက် အောက်ကျ နောက်ကျ ဖြစ်တတ်ကြောင်း၊
မိဘဆရာသမား တွေဆိုတာ လမ်းကြောင်းပေါ်ကိုပဲ တင်ပေးနိုင်ကြောင်း၊
ဆရာ ဆရာမတွေ ခိုင်းမှ မဟုတ်ပဲ မိမိတို့ကိုယ်တိုင်က ကြိုးစားချင်စိတ် ရှိမှသာ စာမေးပွဲဆိုတာ အောင်မြင်နိုင်ကြောင်း၊
အောင်မြင်လာတဲ့တနေ့မှာ အောက်ခြေမလွတ်ပဲ ပုံမှန်ဆက်လျောက်ဖို့ လိုအပ်ကြောင်း၊
အမြင့်က ပြုတ်ကျလျင် ပို၍ အကျနာတတ်ကြောင်း၊
ဥာဏ် ၀ီရိယ ပြည့်စုံသော်လည်း ကံ မကောင်းက မအောင်မြင်တတ်ကြောင်း၊
ကံကောင်းဖို့ အတွက် သရဏဂုံ၊ သမ္ဗုဒ္ဓေဂါထာ၊ စတာတွေကို ရွတ်ဖတ်သင့်ကြောင်း၊ ကံ ဥာဏ် ၀ီရိယ ပြည့်စုံနေလျင် ဘ၀မှာ ဘာမဆို ရယူနိုင်ကြောင်း နဲ့ ပြောဖြစ်ခဲ့တယ်၊ သရဏဂုံသုံးပါး နဲ့ သမ္ဗုဒ္ဓေ ဂါထာလေးတွေလဲ သင်ပေးခဲ့ရတယ်၊
ကျမ္မာရေးကို ဂရုမစိုက်ပဲ စာကိုသာ ဖိကျက်နေလျင် စာမေးပွဲနီးမှ နေမကောင်းဖြစ်ပြီး ဘာသာစုံအောင် မဖြေနိင်ဖြစ်တတ်ကြောင်း၊
စာမကျက်ချင်ပဲ စိတ်အလိုလိုက်ကာ နေလျင် အောင်မြင်တဲ့ ဘ၀အဆင့်အတန်းကို မရောက်နိုင်ကြောင်း၊ ပညာမတတ် လျင် ပထမဆုံး ကိုယ့်ဘ၀ မတိုးတက်ပဲ အောက်ကျ နောက်ကျဖြစ်တတ်ကြောင်း၊ ဒုတိယ ကိုယ့်မိသားစု၊ နောက် ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံ စသည်စသည်ဖြင့် ကိုယ်မကြိုးစားလိုက်တာနဲ့ နိုင်ငံနဲ့ ချီပြီး ထိခိုက်နစ် နာ နိုင်ကြော င်းတွေ လဲ ပြောခဲ့ရတယ်၊
ကိုယ့်ဘက်ကတော့ တော်စေချင်၊ တတ်စေချင်လို့ အများကြီး ပေးလိုက်မိတယ်၊ သူတို့ စွမ်းအားရှိသလောက် ယူကြလိမ့် မယ်လို့ တွေးပြီး ပီတိဖြစ် ၀မ်းသာခဲ့ရပါတယ်၊
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 27.Jun.2011
စိတ်ဝင်တစား နားထောင်နေကြတဲ့ ကလေးငယ်တွေ
ဖွံ့ဖြိုးဆဲ ဒေသတို့ ထုံးစံအတိုင်း မြေကြီးလောက် ကောင်းတဲ့ ဒေသမရှိဘူး၊ ပါကေးခင်းမလို၊ ဖယောင်းပုဆိုးမလို၊ သစ်သား ခင်းမလို၊ ကောင်းလိုက်တဲ့ ဟောခန်းမ လို့ ဆိုရမယ်
လက်အုပ်လေးတွေ ချီနေတာကိုက ချစ်စရာလေးတွေ၊ စာရေးသူက ပြောပါတယ်၊ စိတ်ကြိုက်ထိုင်လို့ရတယ်၊ လက်အုပ်မချီပဲ နေလို့ ရတယ်၊ ပြောတဲ့စကားလေးတွေကို နားလည်တယ်၊ သေသေချာချာ နားထောင်တယ် ဆိုရင် တော်ပြီ လို့ ပြောထားတာကို လက်အုပ်ကလေးတွေ ချီမြဲပဲ .. အဲဒီလောက် လိမ္မာကျပါတယ်၊ အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် လို့ ဆိုထားတယ် မဟုတ်လား ...
စာသင်ကျောင်းအုပ်ကြီး ၊ တာဝန်ရှိသူများနှင့် အမှတ်တရ
သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ၀ါဆို စတဲ့ အခါကြီးရက်ကြီးတွေ နဲ့ ကျောင်းလပတ်စာမေးပွဲတွေ ပြီးရင် ဒီလို သန့်ရှင်းရေးပေါ့
နောက်ထပ် လူကြီးတွေ လာရင်လဲ မဖြစ်မနေ သန့်ရှင်းရေး၊
ကျောင်းသား ငါးရာကျော်အတွက် ဒီလိုပဲ သောက်ရေလှောင်ကန် ထားပေးရတယ်၊ ဖြစ်သင့်တာကတော့ စတီးရေလှောင်ကန် ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲ လို့ တွေးနေမိတယ်၊ နောင်တစ်ချိန်မှာတော့ ဖြစ်နိုင်ကောင်းရဲ့ ၊ လာမယ့်နှစ်မှာ ၉ တန်း ၁၀ တန်းတွေလဲ တွဲဘက် အထက်တန်းကျောင်း ဖွင့်တော့မယ် ဆိုတော့ ....
အလယ်တန်းကျောင်းအတွက် အဓိက အဆောက်အဦးပါပဲ၊ လာမယ့်နှစ်မှာတော့ မန္တလေးက အလှူရှင်တစ်ဦးက မတည်ပြီး နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ဆောက်မယ်လို့ ကြားသိရတယ်၊ နောက်ထပ် လိုအပ်တာကတော့ အများကောင်းမှုပေါ့
အလယ်တန်းကျောင်းအတွက် အဓိက အဆောက်အဦးပါပဲ၊ လာမယ့်နှစ်မှာတော့ မန္တလေးက အလှူရှင်တစ်ဦးက မတည်ပြီး နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ဆောက်မယ်လို့ ကြားသိရတယ်၊ နောက်ထပ် လိုအပ်တာကတော့ အများကောင်းမှုပေါ့
No comments:
Post a Comment