ဆိတ်ကျောင်းသား ဘ၀မှ စိတ်ကျောင်းသားဘ၀ သို့ ကူးပြောင်းကာ ၀ဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်မှု ကို ရှာဖွေခဲ့သော ရှာဖွေနေဆဲဖြစ်သော မထေရ်တစ်ပါး ရှိပါသည်။ ထိုမထေရ်ကား စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မလဲလာ ကန်ရင်း ရွာတို့၏ မြောက်ဘက်နားရှိ သံဘိုတောရကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဦးကောဝိဒ ဖြစ်၏။
စာရေးသူ လွန်ခဲ့သော တစ်နှစ်ကျော်(၂၀၀၉)ခုနှစ်က သီရိလင်္ကာနိုင်ငံတွင် M.A ဘွဲ့အတွက် ကျောင်းတက်နေစဉ် သတင်းတစ်ခု ကြားခဲ့ရ၏၊ အရာတော်မြို့နယ်အတွင်းတွင် တောရဆောက်တည်ကာ နေ့မနား ညမအား ဓုတင်ကျင့်သုံး နေသော ကြည်ညိုဖွယ် ဆရာတော်တပါးပေါ်ပေါက်နေသည် ဟူသောသတင်းပင်၊ ထိုအချိန်ကတည်းက ကိုယ့်ဇာတိနှင့် နီးကပ်သော နေရာမို့ ရောက်အောင် သွားဖူးမည်၊ အနည်းဆုံး ကုသိုလ်တော့ ရလိမ့်မည် ၊ အရှုံးတော့ မရှိနိုင် ဟူသောဆုံးဖြတ်ချက် ထားခဲ့၏၊ ရည်ရွယ်ချက်အတိုင်း ရောက်အောင် တကူးတက သွားရောက်ဖူး မြှော်သောအခါ တကယ်စင်စစ် ကြည်ညိုဖွယ် ရာများကို တွေ့ခဲ့ရ၏။
သာမာန် လူတို့ကတော့ ကြည်ညိုသော သဒ္ဓါတရားစိတ် တခုထဲနှင့် ရဟန္တာတစ်ပါး ဟူ၍ပင် တင်စားခေါ်ဝေါ်နေကြ၏၊ ထိုဆရာတော် ပြောသမျှ စကား၊ လုပ်သမျှ အမူအရာတို့ကို ကြည့်ကာ ကိုယ်လိုချင်သလို အတိတ်ကောက်ပြီး ဂဏန်းထိုးကြ သောလူတို့သည်လည်းအများအပြားပင်၊ ပေါက်သူတို့က မှန်သည် ဟု သတ်မှတ်ကြသော်လည်း မပေါက်သူတို့က ရေငုံနှုတ် ပိတ် နေတတ်ကြ၏၊ ထိုဆရာတော်ကား ဘယ်လို နည်းနှင့်မျှ ဂဏန်းပေးသည် မရှိဖူးချေ။
စာရေးသူသိသော ဆရာတော်၏ ကိုယ်ရေးအကျဉ်း
ဆရာတော်သည် ကန်ရင်းရွာ ဇာတိဖြစ်ပြီး ငယ်စဉ်ကပင် မရှိဆင်းရဲဖြစ်သောကြောင့် မူလတန်း အဆင့်လောက်ပင် ကျောင်းနေခဲ့ဖူးသည် ဟူ၏၊ မိဘ၂ ပါး စုံမရှိပဲ အမေတစ်ခု သားတစ်ခု ဘ၀ဖြင့် ကြီးပြင်းခဲ့ရကာ ရွာထဲမှ လယ်ပိုင်ရှင်တစ်ဦး ၏ အကောင်ရေ ( ၂၀၀ ) လောက်သော ဆိတ်အုပ်ကို ထိန်းကျောင်းကာ ဘ၀ကို ဖြစ်သလို ဖြတ်သန်းခဲ့ရသည်။
သို့သော်လည်း ငယ်စဉ်ကတည်းက စာဖတ် အလွန်ဝါသနာပါသောကြောင့် တွေ့သမျှ စာအုပ်မျိုးစုံကို တောတောင်ထဲ၌ ဆိတ်ကျောင်းရင်း ဖတ်ရှုခဲ့၏၊ ရသမျှ အချိန်တွေကို ဆိတ်ကျောင်းရင်း စာဖတ်ရင်း ဖြင့် ကုန်လွန်ခဲ့သည်ဟူ၏၊
အချိန်တွေ ကြာလာသည်နှင့်အမျှ စာဖတ်သက် ရင့်ကျက်လာသောအခါ စာကြီးပေကြီးများ၊ ကမ္မဋ္ဌာန်းကျမ်းများ၊ ၀ိပဿနာစာအုပ် များကို ဖတ်ပြီး လူ့လောက၏ မတည်မြဲပုံ၊ လောကဓံတို့၏ ရိုက်ခတ်မှု၊ တနှစ်ပြီးတနှစ် ကုန်ဆုံးကာ အသက်တွေကြီးရင့် လာပြီး လူ့လောက၏ အနှစ်သာရ မရှိမှု၊ နေရစဉ်အချိန်လေးအတွင်းမှာလဲ စိတ်ချမ်းသာချိန်ကနည်းနည်း၊ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ရှာဖွေနေရခြင်းကြောင့် မဆုံးနိုင်သော လူမှု ဒုက္ခ တို့ကို တွေ့မြင်လာပြီး ထိုမှတဆင့် လူ့လောကမှ ထွက်မြောက်နိုင်ရာ ရဟန်းဘ၀၊ ထိုမှ ထိုမှ တမဂ်တဖိုလ်ရဖို့အတွက် ကျင့်စဉ်လမ်းများ စသည်ကို တွေ့မြင်လာပြီး သာသနာ့ ဘောင် ၀င်ရောက်လိုသော စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည် ဟူ၏။
ထိုအခါ မိခင် ဖြစ်သူကို တောင်းပန်ကာ “ အမေ အမေ့ကို လုပ်ကျွေးလာတာ နှစ်ပေါင်း ၃၀ နီးပါးကြာခဲ့ပါပြီ၊ ဒီနှစ်မှာတော့ သား ရဟန်းဘောင်တက်လိုပါတယ်၊ သားအတွက် သင်္ကန်းတစ်စုံသာ ၀ယ်ပေးပါ ‘’ ဟု တောင်းဆိုသောအခါ မိခင်ဖြစ်သူက လဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်သောကြောင့် သာသနာ့ဘောင် ရောက်ခဲ့ရ၏။
ရဟန်းဘောင် ရောက်သည်မှ စ၍ ရှောင်ရန် ဆောင်ရန် ၀ိနည်းများကို လေ့လာပြီး တောရဆောက် တည်ကာ ကမ္မဋ္ဌာန်းတရားကို အသည်းအသန် ကြိုးစားတော့၏၊ ယနေ့အချိန်အထိနှစ်ပေါင်း ၃၀ ကြာခဲ့ပြီ၊ ကျောပြင်ခင်းကာ အိပ်စက် ဖူးခြင်းမရှိ ဟု ဆိုလျင် စာဖတ်ပရိသတ်များ ယုံနိုင်စရာ မရှိပေ၊ စာရေးသူလဲ ကိုယ်တိုင် ကြုံမှ ယုံမှတ်ကာ ကြည်ညိုရတော့သည်။
၂၄ နာရီတွင် ဆွမ်းတထပ်သာ ဘုဉ်းပေး၏၊ တနေရာတွင်သာ ဆွမ်းဘုန်း၏၊ ဆွမ်းခံလို့ ရသမျှ အချို၊ အချဉ်၊ အခါး အစပ် အားလုံး ပတ္တပိုဏ် သာ ဘုဉ်းပေး၏၊ ပံ့သုကူ သင်္ကန်းကိုသာ ၀တ်ရုံ၏၊ တကယ်တော့ သံဃာအချင်းချင်း ကြည်ညို ဖို့ တော်တော်ခဲယဉ်းတတ်သည်ကို ၀န်ခံရပါမည်၊ အဘယ့်ကြောင့် ဆိုသော် ၀ိနည်းသိက္ခာပုဒ်များကို နားလည်နေသော ကြောင့် ဘယ်လိုစကားပြောရင် ဘယ်အာပတ်သင့် သည်၊ ဘယ်လို ပြုမူရင် ဘယ်အမျိုးအစားအာပတ်သင့်သည် စသည် ဖြင့် သိနေ သောကြောင့်ပင်။
နောက်တဖန် ထိုဆရာတော်နှင့် စာရေးသူတို့ စကားစမည်ပြောဆိုကြသောအခါ ပညာရေးအကြောင်း၊ နိုင်ငံခြား သာသနာပြုနည်းများ၊ အိန္ဒိယ သီဟိုဠ်ကျွန်း ယနေ့ခေတ်သာသနာရေး အခြေအနေ စသည်ဖြင့် အချိန်တော်တော် ကြာ ကာပြောမိကြ၏၊
လာသမျှ ပရိသတ်အားလုံးကို ဒီလို ထန်းလက်တဲကုပ်လေးထဲမှာ အဖူးမျှော်ခံလေ့ရှိတယ်
သံဘိုတောရ ကျောင်းဝင်းအတွင်းမှ မဟာဗောဓိ ညောင်ပင်
ဒီနေရာက အရင်က သိမ်ဟောင်းရှိသော နေရာမှ သိမ်ငုတ်အချို့နှင့် စေတီလေးတစ်ဆူ
တရားရှိသူကို တရားက ပြန်လည် စောင့်ရှောက်သတဲ့၊ တောထဲတောင်ထဲ၌ စေတီတစ်ဆူ တည်ထားလိုသော ဆရာတော်၏ ဆန္ဒကို မည်သူက အကောင်အထည်ဖော်ကာ ဖြည့်ဆည်းပေးလေသည် မသိ၊ သီဟိုဠ်ကျွန်း စေတီပုံများနှင့် အိန္ဒိယ ဗုဒ္ဓဂါယာမှ ရှေးဟောင်းလက်ရာများ ပေါင်းစပ်ကာ တည်ထားခြင်းဖြစ်၏၊ စေတီအတွင်းတွင် အမျိုးပေါင်းများစွာသော မုဒြာပုံသဏ္ဍာန် ဆင်းတုတော်မျိုးစုံ တွေ့ရ၏၊ နောင်ကျမှ မုဒြာအကြောင်း သိကောင်းစရာ ဆောင်းပါးကို ဆက်တင်ပါအုံးမည်။
( စာရေးသူ တွေးမိသည်ကတော့ မမြင်နိုင်သော ပုဂ္ဂိုလ်အပေါင်း တို့၏ တောင်းပန်မှုကြောင့် တည်ထားသည် ဟု ထင်မြင်မိသည် )
ဟောဒီလို လက်ရာမြောက်တဲ့ ဘုရားရှင်ဆင်းတုတော်တွေကြောင့် ပိုပြီး ၀မ်းသာပီတိ ဖြစ်ရ၏
ဒီပုံလေးတွေက သံဘိုတောရကျောင်းအတွင်း မြေအောက် လှိုဏ်ခေါင်းတူးကာ တရားဓမ္မ ကျင့်ကြံအားထုတ်ရာနေရာများ
ဒီအတွင်းမှာ လှိုဏ်ခေါင်းရှိပြီး စကြံလျောက်ကာ ရှုမှတ်နိုင်ဖို့ စကြံလမ်းလဲ ပါတယ်
ဓာတ်ပုံကို ဆရာတော်မသိအောင် ရိုက်ခဲ့တာမို့ သဘာဝအတိုင်းသာ ဖူးမြင်နိုင်တာကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်
အခုလို လာရောက်ဖူးမြှော်နေသူတွေကလည်း အရပ်လေးမျက်နှာက လာကြတာ အများကြီးပါပဲ
ဒုတိယပိုင်း ဆက်ပါအုံးမည်
No comments:
Post a Comment