အံ့သြစရာ ကောင်းလွန်းသည်ကား ကံရင်းရွာအနီး တောထဲ တောင်ထဲတွင်သာ တသက်လုံး သီတင်းသုံးနေသော ဆရာတော်သည် သီဟိုဠ်ကျွန်းမှ စေတီပုထိုးများ၊ သမိုင်းဝင်နေရာများ၊ အိန္ဒိယ ဗုဒ္ဓဂါယာမှ စေတီပုထိုးများကို ဘယ်နေရာ မှာ ဘာရှိသည်၊ ဘယ်နေရာရဲ့ အရှေ့ဘက်နားမှာ ဘာရှိသည် စသဖြင့် တန်းစီကာ ပြောသွားသည်မှာ မိမိကိုယ်တိုင် ရောက်ခဲ့ သွားခဲ့သော စာရေးသူပင် ပါးစပ်အဟောင်းသားနှင့် ငေးနေရ၏၊
တချိန်တည်းပင် စိတ်ထဲမှလည်း အကြိမ်ကြိမ် ဦးညွတ်နေမိသည်။ နောက်ဆုံးအကြိမ်အဖြစ် စာရေးသူ၏ စိတ်ကို ထိတ်လန့်စေသောအရာကား စိတ်ထဲမှ မေးလိုက်သော မေးခွန်းကို ပါးစပ်မှ အလိုအလျောက်ဖြေကြားခြင်းပင်၊ ထိုအခါမှစ၍ စကားကိုရော၊ စိတ်ကိုရော ဘရိတ်အုပ်လိုက်ရ၏၊ စိတ်လွတ် ကိုယ်လွတ် မပြောဆိုရဲတော့ပေ။
ဆရာတော်နှင့် စာရေးသူတို့ ပြောဆိုသော စကားအချို့---
ဦးဇင်းလေးတို့ ဘယ်က ကြွလာပြီး ဘယ်မှာ သီတင်းသုံးကြသလဲ .
တပည့်တော်တို့ ( စာရေးသူနှင့် မိတ်ဆွေတစ်ပါး ပါသည် )ဇာတိက ဒီအရာတော်နယ်ထဲကပဲ အရှေ့ဖက် မင်းရွာကြီး ကပါဘုရား၊ နေတာက တော့ တပည့်တော်က မနှစ်က သီဟိုဠ်မှာ ၀ါဆိုခဲ့ပါ တယ်ဘုရား၊
အော် နိုင်ငံခြား သာသနာပြုမယ့် သူကိုး၊ ကြိုးစားပေါ့ နိုင်ငံခြားသာသနာပြုဆရာတော် ဘိက္ခုအရိယဓမ္မ တို့လို အောင်မြင်အောင် လုပ်ပါ၊ တပည့်တော်တို့တော့ အရှင်ဘုရားတို့လို ဘွဲ့တွေ ဒီဂရီတွေ ရအောင် မလုပ်နိုင်ပါဘူး၊
( ထိုဆရာတော်ပြောသော စကားတွင် ဘိက္ခုအရိယဓမ္မ၏ ဗုဒ္ဓ၀ါဒ ပြဿနာအမေးအဖြေများ စာအုပ်သည် စာရေးသူ လွန်ခဲ့သော ဆယ်နှစ်ကျော် ရဟန်းဖြစ်ကာစက စာအုပ်ဆိုင်တိုင်းတွင် ၀ယ်လို့မရသောကြောင့် ခက်ခက်ခဲခဲ မန္တလေး ညဈေးတန်း စာအုပ်အဟောင်းဆိုင်တခုတွင် တွေ့သောကြောင့်ဝယ်ထားကာ လက်မလွတ်တန်းဖတ်နေသည်ကား ယနေ့ အထိပင်၊ ရှားပါးစာအုပ်ဟု ပြောရပေမည်၊ တောထဲ တောင်ထဲမှာ နေသော ဆရာတော်ကြီးသည် ထိုစာအုပ်ပါ အကြောင်း အရာတို့ကို ပြောလာတော့ စာရေးသူမှာ လေးစားအထင်ကြီးမိ၏)
တင်ပါ့ဘုရား၊ ဒါပေမယ့် တပည့်တော်ကတော့ ဆရာတော့်လို သစ်တပင်အောက် ၀ါးတစ်ပင်အောက် ၀ိပဿနာတရား အားထုတ်နေတာကို နှစ်သက်ကြည်ညိပြီး အားကျမိပါတယ်ဘုရား၊ တပည့်တော်တို့ ဘွဲ့တွေများစွာ ရနေသော်လည်း မြတ်စွာဘုရားကတော့ စာတွေ ပိဋကတ်တွေ ဘယ်လောက်တတ်တတ်၊ အမြင့်ဆုံး တိပိဋကဓရ ပုဂ္ဂိုလ်များကိုတောင် မချီးမွမ်းပဲ တောတောင်ထဲမှာ သီတင်းသုံးလေ့ရှိတဲ့ အရှင်ဘုရား တို့ကိုသာ ချီးမွမ်းတော် မူတာပါဘုရား ..
အင်း ဘုရားကတော့ ဟောထားပြီးသားပါ၊ နတ်သုဒ္ဓါ ကောင်းမှန်း သိကြသော်လည်း အားလုံးကတော့ ခံစားနိုင်ဖို့ ရဖို့ကို အားမထုတ်ချင်ကြဘူး၊ အချိန်မပေးနိုင်ကြဘူး၊
တင်ပါ့ တပည့်တော်လဲ စိတ်ကူးရှိပါတယ်ဘုရား၊ တစ်ချိန်မှာတော့ စိတ်ကြိုက် အချိန်ပေးပြီး အားထုတ်ဖြစ်အောင် ကြိုးစားမှာပါဘုရား၊
( သတိထားသင့်သည်ကား လူဖြစ်စေ ရဟန်းဖြစ်စေ ပညာတွေ တတ်လေလေ ဆင်ခြင် စဉ်းစားဥာဏ်တွေ များလာကာ ကိစ္စတော်တော်များများကို လွယ်လွယ်ဖြင့် မယုံကြည်တတ်တော့ပေ။ ဟိုဟာကို ဆန်းစစ်ခြင်၊ ဒီဟာကို ဆန်းစစ်ခြင် ဖြစ်လာပြီး လက်တွေ့ကို ပိုအားသန်လာတတ်၏၊ ဆိုလိုသည်မှာ စိတ်ကူးယဉ်ဆန်သော စကားများ၊ ဇာတ်တော်လာ ၀တ္ထုကြောင်းများ၊ ကံအကြောင်း၊ ဈာန်အဘိဥာဉ်အကြောင်း၊ သံသရာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ မြင့်မိုရ်တောင် ရှိမရှိ စသည်စသည် တို့ကို ရာနှုန်းပြည့် လက်ခံနိုင်ဖို့ ခဲယဉ်းလာတတ်၏၊
ထိုသို့ ခဲယဉ်းခဲယဉ်းလာရာမှ နောက်ပိုင်းတွင် လမ်းလွဲသို့ ရောက်သွားကြသော ရဟန်းပညာရှင်၊ လူပညာရှင်များမှာ သာသာနာ့သမိုင်းတွင် တော်တော်များများ ရှိခဲ့ဖူး၏။ ယခုလဲ နိုင်ငံရပ်ခြားတွင် ပညာရပ်မျိုးစုံကို သင်ယူနေကြကုန်သော မျိုးဆက်သစ် လူငယ်လေးများ ဘာသာရေးအကြောင်းကို သေသေချာချာ မလေ့လာပါပဲ အနောက်တိုင်းက အတွေးအခေါ် စာမျိုးတွေကို ဖတ်ကာ ဗုဒ္ဓစာပေများနှင့် ရောနှောပြီး ဝေဖန်လိုက်သောအခါ ဘာသာရေး အသိက အားနည်းနေသော ကြောင့် လမ်းလွဲသို့ ပါသွားတတ်ကြ၏ ၊ သတိထားဖွယ်ပင်။
ဆက်လက်ကာ ပဋိသန္ထာရစကား လျောက်ထားဖြစ် သည်များက ---
ယခု ဆရာတော့် ခန္ဓာကိုယ်မှာ ၀တ်ရုံထားတဲ့ သင်္ကန်းဟာ ဘယ်နှစ်နှစ် ရှိပါပြီလဲဘုရား …
ခဏမျှ စဉ်းစားနေပြီးနောက် .. ၁၂ နှစ်ရှိပါပြီ …
အိုး မိုင် ဗုဒ္ဓ ဟု ရေရွတ်လိုက်မိတော့၏ ( ပါးစပ်ကမဟုတ်ပါ၊ စိတ်ထဲကသာ )
သက်တော်ရော သိပါရစေဘုရား …
၆၃ နှစ် ရှိပါပြီ ( သာသနာ့ဘောင် ၀င်တာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ )
စာပေမှ ပေးသော အသိပညာဖြင့် ဘ၀ကို ပြောင်းပြန်လှန်ကာ ဆိတ်အုပ်ကို ကျောင်းသော ဆိတ်ကျောင်းသား ဘ၀မှ ကိုယ့်စိတ်ကို ဘာဖြစ်နေသလဲ ဘာတွေ ကြံစည်နေသလဲ ရာဂစိတ်တွ ဖြစ်နေသလား ဒေါသစိတ်တွေ များနေသလား စသည်ဖြင့် အချိန်ပြည့် ဆန်းစစ်နေသော စိတ်ကျောင်းသား ဘ၀ရောက်အောင် တက်လှမ်းခဲ့ခြင်းကား သာသနာတော် အတွက် အားတက်စရာ အံ့သြစရာပါပေ၊ နောက်ဆုံးတွင် စာရေးသူတို့ ပြန်ခါနီး၌ --
ဆရာတော်ဘုရား တပည့်တော် ငယ်ရွယ်သည့်အလျောက် ကံသုံးပါးတို့တွင် တပါးပါးဖြင့် ပြစ်မှားမိသည်များ ရှိခဲ့လျင် ခွင့်လွတ်သည်းခံတော်မူပါဘုရား ဟု တောင်းပန်လျောက်ထားကာ နှုတ်ဆက်ထွက်ခွာခဲ့တော့သည်။
ထိုဆရာတော်အား စာရေးသူကိုယ်တိုင် အနီးကပ်လေ့လာ ဖူးတွေ့ပြီး အကဲခတ်ကြည့်မိသောအခါ …
ဆရာတော်သည် --
၁။ ပံသုကူဓုတင် - ပံသုကူ သင်္ကန်းကိုသာ ၀တ်ရုံ၏၊
၂။ တိစီဝရိတ်ဓုတင် - ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံသင်္ကန်းနှင့် ၂ထပ်သင်္ကန်းဟူသော သုံးထည်သော သင်္ကန်းကိုသာ အမြဲ သုံးစွဲ၏၊
၃။ ပတ္တပိဏ္ဍိကဓုတင် - ဆွမ်းခံရသမျှ အချိုအချဉ်ရောကာ ပတ္တပိုဏ် ဘုဉ်းပေး၏၊
၎။ အာရညကင်ဓုတင် - တောအရပ်၌သာ သီတင်းသုံး၏၊
၅။ ပိဏ္ဍပါတိက ဓုတင် - ဆွမ်းခံ၍ ရရှိလာသော သပိတ်အတွင်းမှ ဆွမ်းကိုသာ ဘုဉ်းပေးလေ့ရှိ၏၊
၆။ ဧကာသနိကဓုတင် - တနေရာ တထပ်တည်းသာ ဘုဉ်းပေးတော်မူ၏၊
၇။ ခလုပစ္ဆာဘတ္တိကဓုတင် - ဆွမ်းဘုဉ်းနေစဉ် နောက်ထပ် လောင်းလှူသော ဆွမ်းကိုမဘုဉ်းပေးတော့ပေ။
၈။ သပဒါနစာရိကဓုတင် - အိပ်စဉ်ရပ်လျက်သာ ဆွမ်းခံလေ့ရှိ၏၊
၉။ ယထာသန္တတိက ဓုတင် - ခင်းထားတိုင်းသော နေရာ သို့မဟုတ် ကျောင်း၌သာ သီတင်းသုံးလေ့ ရှိ၏၊
၁၀။ နေသဇ္ဇိဓုတင် - နေ့ဖြစ်စေ ညဖြစ်စေ ကျောခင်းကာ လျောင်းစက် ကျိန်းစက်ခြင်းမရှိပေ။
( အကယ်၍ မခံနိုင်လောက်အောင် ညောင်းညာကိုက်ခဲနေပါက သစ်ပင်တစ်ပင်ကို မှီကာ ခေတ္တခဏမျှ မှေးစက်လို့ ရသည် ဟု ဗုဒ္ဓစာပေမှာ လာရှိသည် )
ဆရာတော်သည် ( ကိလေသေ ဓုနာတီတိ ဓုတော ) ဟူသော သဒ္ဒါရေး ဂရမ်မာအရ ကိလေသာတို့ကို ခေါင်းပါးအောင် ကျင့်ခြင်း၌ ပြင်းထန်လှသော သာမာန် ရဟန်းတော်များ မကျင့်သုံးနိုင်သော ဓုတင် အကျင့် ၁၃ ပါးရှိရာတွင် ( ၁၀ ) ပါးတိတိ ပြည့်စုံနေကြောင်း ကြည်ညိုဖွယ် တွေ့ရှိရ၏။ ဆရာတော်ဆီသို့ အနယ်နယ် အရပ်ရပ်မှ လူပရိသတ်များ အမြဲမပြတ်သွားရောက်ဖူးနေကြ၏၊ အကယ်၍ စာဖတ်ပရိသတ်များ သွားရောက်ဖူးလိုပါက မုံရွာ ကျောက္ကာ အရာတော် မြို့ မြောက်ဘက်လမ်းမှ သွားလျင် မြင်းမူဆီသို့ မရောက်မီ ( ၁၂ ) မိုင်ခန့် ကားနှင့် ဆိုင်ကယ်နှင့် သွားလျင် ရောက်နိုင်ပါသည်။
တောင်ဘက်လမ်းကြော မြင်းမူဘက်မှ သွားလျင် ထီးဆောင်းလမ်းခွဲမှ ( ၁၈ ) မိုင်ခန့် မြောက်တည့်တည့် မောင်းသွားပြီး မလဲသာ ကန်ရင်းရွာ ဟု မေးကာ သွားလျင် ရောက်နိုင်ပါသည်။
တစ်ချို့လဲ အချိန်ကို မသိပဲ ခက်ခက်ခဲခဲ သွားရောက်ပြီးမှာ ဆရာတော်ကို မဖူးရသည်လည်း ရှိတတ်ကြ၏၊ အကြောင်းကား ဆရာတော်သည် မနက်ပိုင်း ဆွမ်းခံထွက်ချိန် ၇ နာရီခန့်လောက်နှင့် နေ့ဆွမ်း မဘုဉ်းမီ အထိသာ ဖူးမျှော်ခံလေ့ရှိ၏၊ နေ့လည်ပိုင်းမှစ၍ ညနေပိုင်း ၆ နာရီကျော်လောက်အထိ လူသူ ကင်းဆိတ်သော သရက်တောထဲ၌သာ တပါးတည်း တရားရှုမှတ်ကာ နေလေ့ရှိ၏။
နေ့လည် ၂ နာရီလောက် မည်သည့်ဧည့်သည်ကိုမျှ အတွေ့မခံပဲ တပါးတည်း အရိပ်အာဝါသကောင်းသော သရက်တောကြီးအတွင်း တရားအား ထုတ်နေသောဆရာတော်အား နောက်တခေါက် စာရေးသူတို့ ရောက်သွားချိန်တွင် မဖူးမြင်ရသောကြောင့် ဆရာတော်ရှိရာ သရက်တောကြီးအတွင်းပိုင်းအထိ လိုက်သွားကာ အားပါးတရ ဖူးမျှော်ခဲ့၏၊ သစ်ပင်ရိပ် ကလည်း အေးစိမ့်နေ၏၊ ငှက်အော်သံ မျိုးစုံ ကြားရပြီး တော်တော် စိတ်ကြည်နူးစရာပါပေ၊ သေချာကြည့်လျင်လူတရပ်စာ မလွတ်သော ထန်းလက်တဲကုပ်လေးအတွင်း၌ သင်္ကန်းရော င်လေး မြင်ရပေမည်၊ ထိုကား ဆရာတော်၏ ပုံတော်ဖြစ်၏
တဲကုပ်လေးဘေးမှ ဆရာတော်သောက်သုံးသော ရေအိုးနှင့် ရေစစ်ပါ သောက်ရေခွက်ကလေး ( ဘယ်လောက် ရိုးရှင်း လိုက်တဲ့ဘ၀ ဖြစ်သလဲ စဉ်းစားနေမိတယ် )
ဆရာတော် တည်ထားသော သယမ္ဘူစေတီ ဘေးမှ စိုက်ပျိုးထားသော ညောင်ဗုဒ္ဓဟေ ဗောဓိပင်ပျို လို့ သိရတယ်၊
ပင်စည်လုံးပတ်ကလဲ ချောမွတ်ပြောင်ချော နေတာပဲ၊ ဗောဓိပင်တိုင်းမှာ တွေ့ရခဲတဲ့ ညောင်ပင်မျိုးလို့ ဆိုရမယ်
သရက်တောကြီးနှင့် မလှမ်းမကမ်းတွင် စုပေါင်းအလှူရှင်များက မြေအောက် လှိုဏ်ခေါင်းပါ ကျောင်းဆောင်ကို အားတက်သရော ဆောက်လုပ်နေကြလေရဲ့
လှိုဏ်ခေါင်း ခေါင်မိုးနှင့် ပကတိမြေပြင် အညီအမျှ တည်ဆောက်နေကြဆဲ
မြေအောက် လှိုဏ်အတွင်း၌ ပေ ( ၆၀ )ကျယ်ဝန်းသော စကြံလမ်းကိုလဲ မပါမဖြစ် ဆောက်လုပ်ကြတယ်
စာရေးဆရာတို့ ထုံးစံအတိုင်း ပြောင်းတောကိုလဲ ဖြတ်ခဲ့တယ်၊ ပေါင်းတော မြက်တောကိုလဲ ဖြတ်ကာ ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားရောက်ဖူးမြှော်ခဲ့တယ်၊ မိတ်ဆွေရဟန်းတပါးက မေးတယ်၊ အပင်ပန်းခံကာ သွားနေတာလား တဲ့၊ ပြန်ဖြေလိုက်ပါတယ်၊ အချိန်ပြည့် ကုသိုလ်ဇောစိတ်တွေ ဖြစ်နေတာကြောင့် နိဗ္ဗာန်နဲ့ ပိုနီးနိုင်တာပေါ့ လို့။ ဟုတ်တယ်လေ ဘုရားစာပေတွေထဲမှာ စိတ်ကလေးနဲ့ ဘုရားရှင်ကို ကြည်ညိုသူအတွက် နတ်ပြည်ရောက်နိုင်တယ် တရားထူးရနိုင်ဖို့ ကုသိုလ်အထောက်အပံ့ ဖြစ်တယ် လို့ ဟောထားတာပဲ၊ အခုလဲ သံဃာနုဿတိကုသိုလ်ဖြစ်တာပေါ့လို့ ဖြေလိုက်တယ်။
ထိုနေရာမှ အပြန် မိတ်ဆွေ ဓမ္မကထိက ရဟန်းတပါးက မှတ်ချက်ပြုသည်မှာ -- အော် ငါတို့ အပါအ၀င် အခုခေတ် ဘုန်းကြီးများဟာ ကျောင်းဆိုရင်လဲ ထန်းလက်တဲကုပ် ၊ သစ်သားကျောင်းများမှာ နေဖို့ဝေးစွ၊ အာစီ တိုက်ကျောင်း ပြောင်ပြောင်လက်လက်တွေမှ သီတင်းသုံးချင်နေကြတယ်၊ သင်္ကန်းဆိုရင်လဲ တန်ဖိုးများ မာတင်သင်္ကန်း သရီးရိုင်ဖယ် စသဖြင့် အကောင်းစားမှ ၀တ်ချင်ရုံချင်ကြတယ်၊ ဆွမ်းကျပြန်တော့ ဘာထူးသလဲ အသားဟင်းတွေ ဟင်းကောင်းတွေ ပါမှ ဘုဉ်းပေးချင်ကြတယ်၊ ဆေးပစ္စည်းဆိုရင်လဲ နိုင်ငံခြားဖြစ်ဆေးတွေမှ သုံးစွဲချင်တယ်၊ အင်း ……ဒီဆရာတော်နဲ့တော့ တစ်ခုမှ နှိုင်းယှဉ်လို့ မရနိုင်ပါလား …ငါတို့ကတော့ သင်္ကန်းကောင်းကောင်းနဲ့ ကားကောင်းကောင်းကြီး စီးပြီး ခါးမှာ ဟန်းဖုန်းတွေ ချိတ်လို့ ပိုက်ဆံအိပ်ထဲမှာလဲ အနည်းဆုံး ငါးသောင်း လောက် ထည့်ကာ မော်ကြွားမာန်တက်နေသမျှ ဒီနေရာရောက်မှ မာန်တွေ အလိုလို ကျမိတော့တယ်၊ ရှက်စရာ ကောင်းလိုက်တာ မောင်သုနန်ရာ တဲ့။
အင်း အဲဒီလို အမြင်မှန်ရသွားတာကပဲ အားလုံးအတွက် သာသနာအတွက် အနာဂါတ်ကောင်းကို ဖန်တီးနိုင်ဖို့ လမ်းစပဲပေါ့၊ ဘ၀အောင်မြင်ရေးထက် ဘ၀ကိုတန်ဖိုးရှိစွာ နေထိုင်ရေးက ပိုအရေးကြီးတယ် တဲ့၊ သူလည်းပဲ တပည့်တော်တို့လို ဘ၀အောင်မြင်ရေးတွေကို အလေးမထားပဲ ဘ၀မှာ အကျိုးရှိစွာ နေထိုင်နိုင်ဖို့ကိုပဲ ကြိုးစားနေတာဆိုတော့ တပည့် တော်တော့ သာဓုအကြိမ်ကြိမ် ခေါ်နေမိတယ်၊ နောက်ဆုံးတော့ ကုသိုလ်တွေ အများကြီးလဲ ရပါတယ် အရှင်ဘုရားရယ် လို့ အားပေးစကားပြော ရင်း ဒီတစ်ကြိမ် ခရီးသွားက အပြန်လမ်းမှာလဲ နှုတ်ဆိတ်နေကာ လိုက်ပါလာမိပါတော့သည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.23.Jun.2011