Monday, May 31, 2010

ချင်းတောင်တန်း ရဲ့ သခင်ကြီး

ချင်းတောင်တန်း တစ်ကြောလုံး မိုးမရွာတာကြာပြီ၊ ဘယ်လိုတွေဖြစ်နေပါလိမ့် --- --
ဒါဆို သခင်ကြီး လုပ်ထားတာပဲ ဖြစ်မယ် - လာ သွားကြစို့ သခင်ကြီးကို သွားပြောကြမယ် ---

ဒီနေ့ နေမပွင့်နိုင်လောက်အောင် မြူခိုးတွေ ပိတ်သဲနေတာပဲ၊ တောင်ယာ လုပ်ချင်တာတောင် လုပ်လို့ မရကြဘူး၊ မြူတွေ ဆိုင်းနေတာ သခင်ကြီး လုပ်ထားလို့ ဖြစ်မယ် --
လာ သွားကြစို့ရဲ့ သခင်ကြီးကို သွားပြောပြီး နေပူအောင် လုပ်ပေးခိုင်းကြမယ် -- -

ဒကာတို့-- ဒီနေ့ တောလိုက် မသွားကြပါနဲ့၊ အန္တရာယ်နဲ့ တိုးလိမ့်မယ်၊ သားကောင်လဲ ရမှာ မဟုတ်ဘူး၊
သခင်ကြီး -- -- ကယ်ပါအုံး - ဒီမှာ လူတယောက် တောဝက် အပက်ခံလိုက်ရလို့ပါ - --

အဲလို အဲလိုမျိုး ဒုက္ခအားလုံး တို့ရဲ့ ကယ်တင်ရှင်၊ ချင်းတမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုက်ကြီးသည် ကလေးမမွေးနိုင်တာက အစ လိုက်လံ ကူညီပေးခဲ့ရတဲ့ သခင်ကြီး ခေါ် တောင်တန်းဆရာတော်ကြီးရဲ့ ဘ၀ဟာ ခက်ခဲကြမ်းတမ်း ပင်ပန်းခဲ့ပါတယ်။

ဆောင်းတွင်းကာလရဲ့ တခုသော ညမှာတော့ ဆရာတော်ကြီး သီတင်းသုံးတဲ့ တောင်ပေါ်ကျောင်းဝင်း
ပြင်လေးထဲမှာ ကပ္ပိယချင်းဒကာတယောက်ရယ်၊ ဆရာတော်ကြီးရယ် မီးလှုံနေပါသတဲ့၊ ကျားတကောင်
ကလည်း ချမ်းလွန်းလို့ ထင်ပါရဲ့ မီးပုံဘေးနားအထိ ရောက်လာပြီး ငြိမ်ဝပ်စွာ မီးလှုံနေတယ်၊ ဒီမှာတင် ချင်းဒကာက ကျားကြီးကို ကြည့်ကာ သတ်ပြီး ရောင်းစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ စိတ်တွင်းက ကြံစည်ကာ အကုသိုလ်စိတ်များ ဖြစ်လာတာနဲ့ တပြိုင်နက်ထဲ ကျားကြီးဟာ အမှတ်မထင် ဟောက်လိုက်ပါသတဲ့၊ ဒီမှာတင် ဆရာတော်ဘုရားကြီးက --

ဒကာကြီးက သူ့ကို ရန်ပြုဖို့ ဘာကြောင့် စိတ်ကူးရတာလဲ ပါဏာတိပါတ ကို မလုပ်ရဘူးလေ -
တင်ပါ တပည့်တော် စောစောကတော့ ကြောက်နေတာပါ၊ နောက်တော့ သူက ရန်မပြုမှန်း သိတာကြောင့် အကုသိုလ်စိတ်တွေ ၀င်လာမိတာပါဘုရား -- ဟု လျောက်ထားသတဲ့၊

ချင်းတောင်တန်းက အတွေ့အကြုံများ

အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။

အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ချိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊

တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလ၀ယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများ
ဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြ၇သည်။

အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသောေ၇များ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။

လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။

ဘ၀မှာ ထိုက်တန်စွာ ဘာဝနာ ပွားများအားထုတ် ထားသူအတွက် ကောင်းရာ သုဂတိ ရောက်စေဖို့ ဆုတောင်း ပေးနေစရာ မလိုတော့ပါဘူးလေ၊

တက္ကသိုလ်ဘုန်းနိုင်က သဇင်ပန်းကို တင်စားသလို စာရေးသူကလဲ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သော ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့်ရေးသား ပူဇော်အပ်ပါသည်၊

မေတ္တာဝိဟာရီ ( သို့ ) တောင်တန်းသာသနာပြုဆရာတော်

ငယ်စဉ်ဘ၀ စခဲ့ရ

ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နွေတွင်းကုန်းကျေးရွာ တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။

စာပေလေ့လာ ဘ၀မှာ

ဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ ကို တတ်စွမ်းသမျှ သင်ယူ ခဲ့သည်။ ရှေးခေတ်စာသင်နည်းအရ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူခဲ့ပြီး အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။

သာသနာပြုတို့ အတုယူစရာ

စာပေများ သင်ယူတတ်မြောက်ပြီး၍ သပိတ်တလုံး ပိုက်ကာ တောထွက်တော်မူခဲ့သည်၊ နှစ်ပေါင်း ၅၀ ကျော်ကာလပတ်လုံး ချင်းတောင်တန်းတလျောက် သာသနာပြုတော်မူပြီး ရံဖန် ရံခါမှသာ ပြည်မကြီးမှာ ဒကာဒကာမတို့ ပင့်လျောက်ချက်အရ ကြွေ၇ာက် ချီးမြှောက်တော်မူသည်၊

တဘ၀ ချုပ်ငြိမ်းချိန်

၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

1. ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
2. ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
3. ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
4. ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
5. တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်

6. တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
7. ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
8. ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
9. ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
10. ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်

11. မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
12. မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
13. ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
14. ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
15. သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်

စာစောင်အသီးသီးတွင် ရေးသားခဲ့သော ဓမ္မဆောင်းပါးများ

1. ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
2. ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
3. ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
4. တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
5. တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ

    (၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
6. ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း        အမှတ်     (၉၃) (၆/၁၉၄၁)
7. နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
8. နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
9. နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
10. ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)

11. မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
12. မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
13. မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
14. မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
15. မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)

16. ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
17. ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
18. သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
19. သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
20. အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
21. အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊

Saturday, May 29, 2010

ပေါရိသာဒ နှင့် နတ်ချစ် ဂါထာများ

အို --

လောကစောင့်ကြပ် နတ်များအပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
မြေစောင့်နတ်၊ ရေစောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀လာဟကနတ်၊ ပဇ္ဇုန်နတ် အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော၊
နဂါး ၊ ဂဠုန် ၊ ဂုမ္ဘာန်၊ ယက္ခိုက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
ဝိဇ္ဖာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော ဥပါသကာအပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
အလုံးစုံသော အပါယ်( ၄ ) ဘုံသားအပေါင်း၊ လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်းတို့ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊

အကျွနုပ်သည် ကဿပဘုရားရှင်သည် ဟောကြားထားတော်မူထားအပ်သော တဂါထာလျင် အဖိုးတသိန်းစီ ထိုက်တန်သော အလွန်ကြားနာရခဲလှစွာသော သတသဟဿာရဟ ဂါထာတို့ကို သတ္တ၀ါတို့၏ စီးပွားအလို့ငှါ ချမ်းသာကို ဖြစ်စေခြင်းငှါ ကောင်းမြတ်သော သမ္မာဆန္ဒဖြင့် ရွတ်ဖတ်ပူဇော်ပါအံ့၊ အသင်တို့သည် ဤအရပ်ဋ္ဌာနသို့ လာရောက်ကြကုန်၍ ရိုသေစွာ နာယူကြပါ သူတော်ကောင်းအပေါင်းတို့ - - -

သဟဿာရဟဂါထာတော် နတ်ချစ် ဂါထာတော်

သကိ ဒေ၀ မဟာရာဇ၊ သဗ္ဘိ ( သပ်ဘိ ) ဟောတိ သမာဂမော။
သာ နံ သင်္ဂတိ ( သင်ဂတိ ) ပါလေတိ၊ နာ သဗ္ဘိ ဗဟုသင်္ဂမော။( ဗဟု သင်ဂမော )

မင်းမြတ်. သူတော်ကောင်းတို့ နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံ ရခြင်းသည် မိမိဘ၀အတွက် ဘေးရန် ကင်းရှင်း ချမ်းသာရအောင် တစ်ဘ၀လုံး စောင့်ရှောက်နိုင်ပေ၏။ သူယုတ်မာတို့ နှင့် အကြိမ်ပေါင်းများစွာ ပေါင်းသင်း ရသော်လည်း ဘေးရန်အားလုံး လုံခြုံစိတ်ချရမှု့ မရှိနိုင်ပါ။

သဗ္ဘိ ရေ၀ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထ၀ံ။ ( ကုတ်ဗေထ သန်ထ၀ံ )
သတံ သဒ္ဓမ္မ ( သတ်ဒမ်မ ) မညာယ၊ ( မင်ညာယ ) သေယော ဟောတိ န ပါပိယော။

မင်းမြတ်. ဒီလိုအကြောင်းတွေကြောင့် သူတော်ကောင်းတို့နှင့် သာ ပေါင်းသင်းကာ မိတ်ဆွေဖွဲ့ သင့်တယ်၊ အကျွမ်းတ၀င် ရှိအောင် ပြုသင့်တယ်။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းနေတဲ့အတွက် သူတော်
ကောင်းတရားတွေကို ကြားနာရပြီး ကိုယ်တိုင်လဲ သူတော်ကောင်းဖြစ်နိုင်တယ်၊ ဘယ်တော့မှ ယုတ်မာသောသူ လူမိုက် မဖြစ်နိုင်တော့ဘူး။

ဇီရန္တိ( ဇီ ရန်တိ ) ဝေ ရာဇရထာ သုစိတ္တာ၊( သုစိတ်တာ ) အထော သရီရမ္ပိ ( သရီရမ် ပိ ) ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

မင်းမြတ်. လှလှပပ အဆန်းတကြယ် ပြုလုပ်စီမံထားတဲ့ မင်းမြတ်ရဲ့ ၇ထားဟာ ဘယ်လောက်ပင် တောင့်တင်း ခိုင်ခံ့သော်လည်း တနေ့မှာတော့ ဆွေးမြေ့ပျက်စီးရမယ့် ဇရာ သဘောတရားကို မလွန်ဆန်နိုင်ဘူး၊ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော သူတော်ကောင်းတရား
ဆိုတာကတော့ ခေတ်ကာလ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက် ကြာညောင်းနေပါစေ၊ ဆွေးမြေ့
ပျက်စီးသွားတယ်၊ အိုမင်းဟောင်းနွမ်းပြီး သုံးမရတော့ဘူးဆိုတာ မရှိနိုင်ပါဘူး။

နဘဉ္စ( နဘင် စ ) ဒူရေ ပထ၀ီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ ( သမုဒ် ဒတ်သ ) တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ၊ သတဉ္စ ( သတဉ် စ ) ဓမ္မော အသတဉ္စ ရာဇ။

မင်းမြတ်. ကောင်းကင် နှင့် မြေပြင်ဟာ ဘယ်လိုမှ ဆက်စပ်လို့ မရအောင် သိပ်ကို ဝေးကွာပါတယ်၊ အဲဒီလိုပဲ မဟာ သမုဒ္ဒရာရဲ့ ဟိုဖက်ကမ်းနဲ့ ဒီမှာ ဘက်ကမ်း ဆိုတာကလဲ ဝေးကွာလွန်းလှတယ်၊ ဒါပေမယ့် သူတော်ကောင်း တရားနှင့် မသူတော်တို့၏ တရားတို့ကတော့ ကောင်းကင်နဲ့ မြေကြီး၊ သမုဒ္ဒရာ ဟိုဖက်ကမ်းနဲ့ ဒီဘက်ကမ်း ထက်ကို ဝေးကွာကြတယ်၊ အရှေ့နဲ့ အနောက်လို ဆန့်ကျင်နေကြတယ်။

ပါဠိ မဖတ်တတ်သူများအတွက် ပါဋ္ဌ်ဆင့်များကို ( ) ဖြင့် ဖော်ပြထားပါသည်။

အထက်ပါ ဂါထာတွေကတော့ တောင်တန်းသာသနာပြု ဆရာတော်၊ တနည်းအားဖြင့် ရေဆူ ဆရာတော်လို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ လက်ခံထားခဲ့ကြတဲ့ ဆရာတော်ကြီး ဦးဥတ္တမသာရ ရဲ့ ဘ၀အတ္ထုပ္ပတ္တိ
အကြောင်းကို ဖတ်မိကတည်းက စာရေးသူလဲ ရွတ်ပွားနေမိတဲ့ ဓမ္မလက်ဆောင်ဂါထာလေးတွေ ပါ။ ဆရာတော်တရားဟောနေစဉ်၊ ပရိတ်ရွတ်နေစဉ်အတွင်း ဆရာတော်ရှေ့တွင် ရှိသော ရေများမှာ ဆူဝေ
လာသောကြောင့် ရေဆူဆရာတော် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။မေတ္တာတရားကြီးမားတော်မူသော ဆရာတော်ကြီးသည် အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရား ဓမ္မများ ကျင့်ကြံ ပွားများ နိုင်ရေး အတွက် မေတ္တာတော် ကြီးမားစွာ သာသနာ ပြုတော် မူခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများသို့ လှည့်လည့်ကြွရောက် သာသနာ ပြုတော် မူခဲ့သည်။

ဆရာတော်ကြီးဟာ ဘ၀တလျောက်လုံး ဒီဂါထာတွေကို အမြဲ ရွတ်ပွား သရဇ္ဈာယ်နေခဲ့တယ် ဆိုတာကို သူ့ရဲ့ ဘ၀အတွေ့အကြုံ စာအုပ်များမှာ ဖတ်မှတ်ကြည်ညိုပြီး သိရှိခဲ့ရပါတယ်၊ကျမ်းစာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့ အထဲမှာ စာရေးသူ အကြိုက်ဆုံးစာအုပ်ကတော့ ချမ်းမြေ့စွာ ဘ၀နေနည်း စာအုပ်ပါပဲ၊ အင်တာနက် စာမျက်နှာများမှာ အဲဒီစာအုပ် ရှိခဲ့လျင်လည်း စာဖတ်သူများကို ဓမ္မဒါနပြုဖို့ အသိပေးဖို့ တောင်းဆိုပါတယ်၊ ဘယ်ဆိုက်မှာ ရနိုင်မလဲ ဆိုတာကို ညွန်းပေးစေချင်တယ်၊

ဆရာတော်ကြီးအသက် ထင်ရှား ရှိစဉ်က
ဂါထာများရဲ့ နောက်ခံသမိုင်း

တကယ်တော့ ဒီဂါထာတွေဟာ အများသိပြီးသားဖြစ်ကြတဲ့အတိုင်း လူသားစား ပေါရိသာဒ ဇာတ်တော်မှာ ဘုရားအလောင်းတော် မဟာသုတသောမမင်းကြီးရဲ့ လည်ချောင်းသွေးနဲ့ ပေါရိသာဒ က ယဇ်ပူဇော်ဖို့ ဖမ်းခေါ်သွားတယ်၊ ဖမ်းမိပြီးကာမှ --
အမောင် ပေါရိသာဒ အမောင်ကို တောင်းဆိုစရာ တခုရှိပါတယ်၊
ပြောပါ - ခွင့်ပြုနိုင်ရင် ပြုပါမယ် -

ဒီနေရာကို မလာခင် ငါ့မှာ ဆန္ဒတခု ရှိခဲ့တယ်၊ ဆရာနန္ဒပုဏ္ဏားဆီကနေ တရားနာယူဖို့အတွက် ခေါင်းဆေးမင်္ဂလာ လုပ်နေဆဲမှာပဲ ဖမ်းခေါ်လာလို့ မနာလိုက်ရသေးဘူး၊ အဲဒီတရားတော်တွေကလဲ တပုဒ် တပုဒ်ကို အသပြာ တစ်ရာ တန်တယ် လို့ ကြားသိခဲ့ရတယ်၊ အမောင် ခွင့်ပြုမယ် ဆိုရင် တရားတော်ကို နာယူပြီးမှ ငါ့ကို သတ်ပါတော့လား၊ အခုတော့ ငါ့တိုင်းပြည်ကို ပြန်ပြီး တရားနာယူပါရစေအုံး --

ဟုတ်ရဲ့လား - မင်းကြီး၊ သေရမှာ ကြောက်လို့ ဥပါယ်တံမျဉ် သုံးနေတာလား --
မဟုတ်ရပါအမောင်ပေါရိသာဒ၊မင်းမှာသစ္စာ၊လူမှာကတိ၊ယောင်္ကျားမြတ်တို့မည်သည်ပြောပြီးသားစကားကို
တည်တံ့အောင် ထိန်းသိမ်းလေ့ရှိကြတယ်၊ ငါမင်းမြတ် ကတိပေးပါတယ် -
ကောင်းပါပြီ မင်းမြတ်၊ ကတိတည်ပါစေ - သွားခွင့်ပြုပါတယ်၊ ပြန်လာဖို့ မမေ့ပါနဲ့၊

ဒီလိုနဲ့ ဘုရားအလောင်းတော် သုတသောမမင်းဟာ တရားတော်ကို နာယူပြီး ဆရာ နန္ဒပုဏ္ဏားကို သူများတွေက ဂါထာတပုဒ်ကို အသပြာ တရာနဲ့ ပူဇော်တယ်၊ ငါကတော့ ဒီလောက် တန်ဖိုး၇ှိတဲ့ တရားတော်ကို တိုင်းပြည်နဲ့ ပူဇော်လိုတယ်၊ ဆိုပြီး စိတ်ကူးရှိသော်လည်း ပုဏ္ဏားရဲ့ ရုပ်ရည် လက္ခဏာကို ကြည့်လိုက်တဲ့အခါ ရှင်ဘုရင် ရာထူးနဲ့ မထိုက်တန်တာကို သိမြင်တဲ့အတွက် ဂါထာတပုဒ်ကို အသပြာ တစ်ထောင်နဲ့ ပူဇော်မယ် ဆိုပြီး အသပြာ လေးထောင်နဲ့ ဆုချခဲ့ပြီး ပေါရိသာဒဆီ ပြန်သွားခဲ့တယ်၊

ကိုယ့်အသက် သေရမှာ ကို သိသိကြီးနဲ့ ပြန်လာတဲ့ သုတသောမမင်းကို ကြည့်ပြီး ပေါရိသာဒကလည်း အံ့သြနေရှာတယ်၊ နောက်ဆုံးတော့ လူသတ်သမား လူသားစား ပေါရိသာဒ ဟာ ဘုရားလောင်း သုတသောမမင်းဆီက တရားတော်ကို နာယူပြီး သူတော်ကောင်းဖြစ်ကာ အကျွတ်တရား ရသွားရှာတယ်၊

ပေါရိသာဒ နာယူခဲ့တဲ့ တရားတော်ကတော့ အထက်က ဂါထာ ( ၄ ) ပုဒ်ပါပဲ၊ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ ဂါထာများကို ရွတ်ပွားခဲ့တဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီးကတော့ နတ်ဗြဟ္မာတွေရဲ့ ချစ်ခင်ကြင်နာမှု့ကို လိုချင်လျင် အမြဲတမ်း ရွတ်ဖတ်သင့်တယ် လို့ တိုက်တွန်းထားတယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိ တွေမှာလည်း ဝေးလံခေါင်သီတဲ့ ချင်းတောင်တန်း နာဂ တောင်တန်း ဒေသတွေမှာ နေသော်လည်း ဘယ်လို သားရဲတိရိစ္ဆာန် ကမှ အန္တရာယ်မပြုကြကြောင်း၊ တချို့ ကျားတွေ ဆင်တွေ ဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်း လာရောက်အိမ်စက် အနားယူလေ့ ရှိကြကြောင်း၊ တောတောင်စောင့်နတ် ရုက္ခစိုးမှ အစ နတ်အများစုတို့သည် ညအခါ လာရောက်ဖူးမြော် မေးမြန်းကြလေ့ ရှိကြကြောင်း သိရှိရပါတယ်။

ဘ၀တလျောက်လုံး ဘေးရန်အန္တရာယ် ကင်းရှင်းစွာဖြင့် ချမ်းသာစွာနေနိုင်ပြီး နတ်ဗြဟ္မာတို့ရဲ့ မေတ္တာကို ရယူလိုသူများ ရွတ်ပွားနိုင်စေရန် အသိပေး မျှဝေလိုက်ပါတယ်။

အကိုး
မဟာသုတသောမ ဇာတက
ဇာတက ဋ္ဌကထာ ၂. ၂၁. ၄၁၁
မဟာသုတသောမ စ၇ိယာဝဏ္ဏနာ
ယုဓဉ္စယ ၀ဂ်၊
စရိယာပိဋက အဋ္ဌကထာ၊

နောက်ပို့စ်မှာတော့ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့ ဆရာတော်ကြီး၏ ဘ၀အကြောင်းကို ရေးပါအုံးမည်။

Friday, May 28, 2010

မာန-ပယ်မှ နိဗ္ဗာန်ရောက်နိုင်မယ် ( သို့ ) သြဃတရဏသုတ်

အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်တွင် သီတင်သုံးနေစဉ် ညသန်း
ခေါင်ယံအချိန်ဝယ်ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပလျက် နတ်သားတယောက်ရောက်လာ
ကာ “ မြတ်စွာဘုရားသည် အဘယ်သို့သော အကြောင်းခြင်းရာဖြင့် သံသရာ ၀ဲသြဃကို ကူးမြောက်
တော်မူခဲ့ပါသနည်း ”- ဟုမေးလေ၏။

“ ဒါယကာ နတ်သား -ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည် ”
“ ဘယ်လိုပါလဲဘုရား တပည့်တော် နားမလည်နိုင်ပါ၊ ထပ်မံ ရှင်းလင်းဟောတော်မူပါအုံး ”

“ ဒါယကာနတ်သား၊ ရပ်နေရင် နစ်မြုစ်သွားမယ်၊ အားထုတ်ရင်တော့ သြဃတွေ မျောပါးသွားမယ် - ဤသို့လျင် ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည် ”ဟု မိန့်တော်မူ၏။ တရားဆုံးသောအခါ -- နတ်သားသည် -

“ သတ္တလောက၌ ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာသြဃကို ကူးမြောက်တော်မူပြီးသော မကောင်းမှု့အားလုံးကိုပယ်ခွာကာကိလေသာတို့မှငြိမ်းတော်မူပြီးသောဘုရားရှင်ကို နှစ်ပေါင်းများစွာ
ကြာမြင့်မှ ဖူးမြင်ရလေစွတကား ”- ဂါထာစီကုံးကာ လျောက်ထားလေ၏။
ထိုစကားကို ဘုရားရှင်သည် ဆိတ်ဆိတ်လက်ခံတော်မူသောကြောင့် ငါ့စကားကို မြတ်စွာဘုရား
လက်ခံပေတယ် - ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ကွယ်ပျောက်သွားလေတော့၏။

သုတ္တန် အဖွင့်နှင့် အနှစ်ချုပ်များ

မြတ်စွာဘုရားသည် တရားဟောတော်မူသောအခါ အမြဲတမ်းချိုသာတော်မမူပဲ နာယူသူ အလိုအဇ္ဈာသယအလိုက် သင့်တော်သလို ဖြေတော်မူ၏၊တခါတရံ ပြဿနာမေးမြန်းသူကို နှိပ်ကွပ်၍တမျိုး အထက်စီးမှ လွှမ်းမိုး၍တဖုံ အကြောင့်သင့်သည့်အတိုင်း ဖြေတော်မူခဲ့သည်၊ တရားဟောရာတွင် ရည်ရွယ်ချက်လည်း ကွဲပြားသေး ဟူ၏၊ အချို့နေရာတွင် တရားနာသူကို နှိပ်ကွပ်၍ ဟောခြင်းဟူသော နိဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း၊( တိတ္ထိ ပရဗိုဇ်တို့အား ဟောကြားခြင်းမျိးဖြစ်သည်) အချို့နေရာတွင် စိတ်ဓာတ်တို့ တက်ကြွကြည်လင်လာအောင် ဟောကြားခြင်း ပဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း
( စတင်ဖူးမြင်ရကတည်းက ကြည်ညိုရင်းစွဲ ရှိသူတို့အား ဟောကြားခြင်းမျိး ) အားဖြင့် ဟောတော်မူလေ့ရှိ၏။

နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ၀က္ခာမိ၊ ပ၀ယှ ပ၀ယှ ၀က္ခာမိ၊ ယော သာရော သော ဋ္ဌဿတီ တိ၊( မ. နိ. ၃. ၁၉၆ )

“ အာနန္ဒာ ငါဘုရားဟာ တရားတော်ကို နှိပ်ကွပ်ပြီးလဲ ဟောတော်မူတယ်၊ လွမ်းမိုးပြီးလည်း ဟော်တော်မူတယ်၊ တကယ်ဆိုတော့ သဒ္ဓါ သီလ ၀ီ၇ိယ ပညာ စတဲ့ အနှစ်သာရ ရှိသူများဟာ တရားတော်ကို ထိုးထွင်းသိနိုင်ပေလိမ့်မယ် ”- ဟု မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်တွင် ဖွင့်ပြထားသေး၏၊

အထက်ပါ မေးခွန်းမေးသော နတ်သားသည် အလွန်အကဲ မာနကြီးကာ ကိုယ့်ကိုယ်ကို ပညာရှိဟု မှတ်ထင်နေပြီး သူတပါးကို အထင်သေးတတ်၏၊ ငါသာလျင် အားလုံး သိပြီး တတ်ပြီးဖြစ်သည်ဟု ယူဆထားသတတ်။ သူ့ဘ၀အမှန်ကား ကဿပဘုရားရှင်လက်ထက်၌ တရားကျင့်ကြံကာ နတ်စည်းစိမ်ခံစားနေပြီး ယခုဂေါတမဘုရားရှင်ကို ဖူးရသောအခါ၌လည်း - လောကမှာ ငါသိပြီးသားတွေ အများကြီးပဲ၊ မသိသေးတာတွေက နည်းနည်းပဲ ရှိတယ်၊ ဒါကြောင့် မသိသေးတာတွေကို ဘုရားကို မေးမယ် ဆိုကာ လိုရင်းတိုရှင်းဖြင့် အကဲစမ်းကာ မေးမြန်းလေ၏၊

မြတ်ဗုဒ္ဓကလည်း -“ ဒီနတ်သားဟာ တော်တော်မာနကြီးတာပဲ၊ ညစ်ပတ်ပေကျံနေတဲ့ လက်သုတ်ပုဝါကို အရောင်ထပ်မံ ဆိုးရင်ဖြင့် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့ မာနကို မပယ်ဘဲနှင့် တရားထူး ရဖို့ မဖြစ်နိုင်ဘူး၊ အရင်ဦးဆုံး သူ့မာန ကျိုးသွားအောင် ဟောမှ ဖြစ်မယ် ” ဟု ဆိုကာ တိုတိုတုတ်တုတ် စကား နှစ်ခွန်းသာဖြေတော်မူပြီး အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးသကဲ့သို့ ဖြေတော်မူ၏။

အဖြေကို နားမလည်နိုင်သော နတ်သားသည် ထိုအခါကျမှ မာနစိတ်ကို နှိမ်ချကာ အကျယ်ချဲ့ ဟောတော်မူပါအုံးဘုရား -ဟု လျောက်ထားလေရာ -

ဒါယကာနတ်သား လောကမှာ ကာမဂုဏ်ငါးပါးလို့ဆိုတဲ့ ကာမောဃ၊ ရူပဘ၀ အရူပဘ၀တွေမှာ တက်မက်တွယ်တာတတ်တဲ့ တဏှာဆိုတဲ့ ဘဝေါဃ၊ မိစ္ဆာဒိဋ္ဌိအယူ ၆၂ ပါးမှာ ကပ်ငြိနေတတ်တဲ့ ဒိဋ္ဌောဃ၊ သံသရာတလျောက် သစ္စာတရားကို မသိနိုင်ခြင်း မောဟဆိုတဲ့ အ၀ိဇ္ဇောဃ တရား ၄ ပါးရှိနေသမျှ သတ္တ၀ါတွေဟာ အပါယ်လေးပါးမှာ နစ်မြုပ်နေကြအုံးမှာပဲ -

ဒီနေရာမှာတော့ ၃၁ ဘုံလုံးမှာ ရှိနေတဲ့ ကိလေသာအစုအပုံလို့ ဆိုရမယ့် သြဃတရားတွေထဲမှာ မကျင့်ကြံပဲ ရပ်နေရင် သံသရာမှာ နစ်မြုပ်နေအုံးမှာပဲ၊ ကြိုးစား အားထုတ်မယ် ဆိုရင်တော့ နိဗ္ဗာန်တဖက်ကမ်းကို ကူးမြောက်သွားနိုင်လိမ့်မယ်၊ ငါဘုရားသည် လွန်မြောက်ပြီးသား ဖြစ်တဲ့အတွက် အားမထုတ်တော့ဘူး၊ ဒီနည်းနဲ့ သံသရာ သြဃကို ကူးမြောက်ခဲ့ပါတယ် -

တရားတော်အဆုံးမှာတော့ နတ်သားဟာ သောတာပန် တည်သွားတာကြောင့် အထက်ပါ ဂါထာကို ရွတ်ဆိုကာ ပန်း နံ့သာ မျိုးစုံနဲ့ ပူဇော်ပြီး ပြန်သွားလေတော့၏။

ကျမ်းကိုး
သြဃတရဏသုတ္တံ၊
နဠ၀ဂ်၊
ဒေ၀တာသံယုတ်
သဂါထာဝဂ္ဂ အဋ္ဌကထာ - ဋီကာ
မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်

Wednesday, May 26, 2010

နားလည်မိသော အပြုံးများ

“ မပြုံးတတ်သောသူ ဈေးမရောင်းရ ” ( A man without a smilling face must not open a shop) ဆိုတဲ့ တရုတ်စကားပုံကို သတိရမိရင်း ဒီပို့စ်ကို ရေးမိပါတယ်၊ရိုသေးကျိုးနွံသော ဗုဒ္ဓ၏တပည့်
တစ်ယောက်အနေဖြင့်မူ-‘ကျွန်ုပ်သည် ဗုဒ္ဓအကြောင်းကို ပိုသိလေလေ၊ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညို
လေ ဖြစ်မိပါသည်။ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညိုလာသည်နှင့်အမျှလည်း ဗုဒ္ဓ အကြောင်းကို ပို၍ သိလာခဲ့ရပါသည်’ ဟူ၍ ပြောဆိုရလိမ့်မည် ဖြစ်ပါသည်”။ ဒါလေးကတော့ နာရဒမဟာ ထေရ်ရေးသား
တဲ့ Buddhism in a nutshell စာအုပ်မှာပါ။ အင်္ဂလိပ်လို ဖတ်ချင်သူများအတွက်တော့ A humble follower of his would say “ the more I know Him, the more I love Him; the more I love Him, the more I know Him.”အပြုံးနဲ့စပ်ဆက်လို့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ကတော့ အများသား။

ရှက်ပြုံး၊ မဲ့ပြုံး၊ ပီတိအပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ နွမ်းလျလျအပြုံး၊ ကျက်သရေရှိတဲအပြုံး၊ မိုနာလီဇာအပြုံး၊ မာယာအပြုံး စသဖြင့်ပါ။ အငိုမျက်လုံး အပြုံးမျက်နှာ-ဆိုတဲ့ စကားကလည်း ရှိသေးတာပါ။ ဘယ်လောက်ပဲများပါစေ အပြုံးကို လူတိုင်း ခင်မင်တွယ်တာကြသလို အပြုံး ပိုင်ရှင်တွေဟာလည်း လူချစ်လူခင် ပေါများလှတာကတော့ အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံကြည်မိပြန်တယ်။ ခပ်တည်တည်ကြီးနဲ့ဆိုတော့လဲ “ဘယ်လို လူကြီးလဲ” ဖြစ်မှာပါ။

ရောက်ခဲ့ဘူးတဲ့နိုင်ငံတွေမှာတော့ သီဟိုလ်သူများ ပိုလို့များ ပြုံးကြသလား မသိပါ။ မြန်မာ့ အပြုံးများကတော့ မိုနာလီဇာအပြုံးလား နွမ်းလျလျဆန်နေသလားဆိုတာတော့ ဝေခွဲဖို့ ခက်ပါသေးတယ်။ တစ်နေတာမှာ အမျိုးသားများထက် အမျိုးသမီးများက ပိုလို့ ရယ်ကြတယ်လို့ သုတေသနတစ်ခုက ဆိုထားပြန်တော့ ဘာ့ကြောင့် ပိုလို့ ရယ်ပါသလဲဆိုတာတော့ မေ့ခဲ့ပြီးဖြစ်တဲ့ အဖြေတစ်ခုပါ။ အိန္ဒိယနိုင်ငံမှာတော့ လူအများစုပေါင်းပြီး ရယ်ပွဲကျြီးများကို သီးသန့်ကျင်းပ
ကြတယ်လို့ သိရှိရပြန်တယ်။ ဒါကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချင်သလို ရယ်ချလိုက်တော့ စိတ်ထဲမှာလေးလံနေတာတွေ ပေါ့ပါးသွားအောင်ပါ။ ဒီလိုဆိုတော့ ပြုံးဖို့ ရယ်မောဖို့ဟာ ပျော်ရွှင်မှု အတွက်၊ကျန်းမာရေးအတွက်လိုအပ်နေတယ်လို့ပြောရမှာပါ။အခြားတစ်ဖက်မှာလည်း ပြုံးခြင်းကို ဒီလို ပြောကြပြန်တယ်။ သူပြုံးနေသည် ညာတော့မယ်-တဲ့။ မျက်နှာများ တယ်-တဲ့။

သင် - ဒီလို အားရပါးရ ပြုံးဖူးပါသလား 

Body language စာအုပ်မှာ နှုတ်ခမ်းက အောက်ကွေးပြုံးနေယင် ရက်စက်တတ်တယ်။ အစစ်အမှန်ပြုံးခြင်းကတော့မျက်လုံးကော မျက်နှာကော ပြုံးနေတယ်။ အတုအယောင်ပြုံးခြင်းမှာတော့ မျက်နှာပဲ ပြုံးပြီး မျက်လုံးကတော့ မပြုံးဘူးလို့ ဆိုပါတယ်။ ရဟန်းတော်များမှာတော့ ပြုံးရွှင်တတ်ဖို့ကို ဘိက္ခုပါတိမောက်၊ ပါစိတ္တိယပါဠိ၊ မုသာဝါဒ၀ဂ်၊ သြမသ၀ါဒသိက္ခာပုဒ်မှာ မိန့်ကြားထာပါတယ်။ အဲသလိုအပြုံးရဲ့အဆိုးအကောင်းများကိုအမျိုးမျိုး ပြောဆိုကြတာဆိုတော့ပြုံးတတ်ဖို့လိုပါလိမ့်မယ် လို့ထင်မြင်မိပြန်တယ်။

နိုင်ငံခြားတိုင်းပြည်တွေက အင်တာဗျူးလုပ်ကြတဲ့နေရာတွေမှာ လူကဲခတ်ကျွမ်းကျင်တဲ့ တစ်နည်းတော့ body language ကို ကျွမ်းကျင်တဲ့သူများက အင်တာဗျူးကြတယ်လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူလဲ လူကဲခတ်မညံ့အောင် body language စာအုပ်လေးငါးအုပ်လောက်တော့ဖတ်ထားဖူးပေမယ့်လဲညံ့ဆဲပါပဲ။
သုတေသနတစ်ခုကတောဒီလို ဆိုပါတယ်။ အချို့ကျွမ်းကျင်သူပညာရှင်များက လူတိုင်းရဲ့မျက်နှာမှာ ခြားနားတဲ့ ဖော်ပြချက် ခုနှစ်ထောင်ထက်မကများစွာကို ထုတ်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

( In fact, some experts believe that your face can produce more than seven thousand different expressions!) အကြောင်းကတော့ မျက်နှာပေါ်မှ muscles-တွေကြောင့်ပါ။ ဒီmuscles-များဟာ မျက်နှာပြင် တစ်ဝိုက် အရေ ဖျားအောက် ပါးတဲ့အလွှာအထပ်မှာ တည်ရှိနေပါတယ်။ တစ်ချိန်တည်းမှာ muscles-တွေဟာ တစ်ခု ဒါမှမဟုတ် အများအပြား ရွေ့လျားနိုင်ပါတယ်။ ဒီ muscles-များ အသီးသီး ပေါင်းစပ်ခြင်းများက ခြားနားတဲ့ မျက်နှာ ဆိုင်ရာကို ဖော်ပြပါတယ်။ ကျွမ်းကျင်သူသုသေသနသမားများကတော့ ကမ္ဘာပေါ်မှာ လူတိုင်း သတိထားနိုင်တဲ့ မျက်နှာထားအမူအရာ အနည်းဆုံး ခြောက်ခုရှိတယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်လန့်မှု၊ အံသြမှုနှင့် စပ်ဆုပ်ရွံရှာမှုတို့ ဖြစ်ပါတယ်။

But experts say there are at least six facial expressions that everyone on earth can recognize. These expressions are happiness, sadness, anger, fear, surprise and disgust. သုတေသနသမားများဟာ အာရုံခံ ကိရိယာများနဲ့ ကင်မရာများ အသုံးပြုပြီး ကလေးငယ်များကို စမ်းသပ်ကြည့်ကြခြင်း ဖြစ်ပါတယ်။ ဒီအလိုအရ ပြုံးတယ်ဆိုတာ muscles များရဲ့ ရွေ့  လျားခြင်း ပုံစံတစ်မျိုးပါ။

မျက်နှာဖတ်ခြင်းအတတ်မှာ တော်တဲ့သူများအတွက် ဆက်သွယ်မှုတည်ဆောက်ရာမှာ အကောင်းဆုံး အခွင့် အရေးများ၊ အလုပ်များနှင့် အခြားသော အကျိုးများစွာကို ရရှိစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် မျက်နှာထားဟာ လှုမှုအဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ကူညီသလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်
ပေါင်းကူးပေးတဲ့အရာလည်းဖြစ်ပါတယ်။

ပါဠိစာပေများမှာတော့ စိတ်ကို သိပုံအခြင်းအရာ လေးမျိုးကို ပြဆိုတားပါတယ်။ (၁) နိမိတ်ကောက်၍ သိခြင်း (၂) အသံကြား၍ သိခြင်း (၃) ယောင်ယမ်းမြည်တမ်းသံကို ကြား၍သိခြင်း (၄) စေတောပရိယအဘိညာဉ်ဖြင့် သိခြင်းတို့ပါ။ ဒါကိုတော့ ပါထိက၀၀္ဂ၊ သမ္ပသာဒနီယသုတ်မှာ တွေ့ရှိရပါတယ်။ (၄)နံပါတ်မှတစ်ပါး ကျန်တဲ့ (၃) ခုက body language မှာ အကြုံးဝင်နိုင်ပါတယ်။

ဒီလို မဲ့ပြုံး - သရော်ပြုံးမျိုးကတော့ အကျိုးရှိမည် မထင်

အဘိဓမ္မာအလို ရယ်ရွှင်ချင်းကို ဖြစ်စေတဲ့စိတ်များက လောဘမူ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကုသိုလ် - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကြိယာ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ် ၁-ပါး ပေါင်း ၁၃-ပါး ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပုထုဇဉ်ပုဂ္ဂိုလ်မှာ အစဉ်အတိုင်း ပထမ ၈-ပါး၊ သေက္ခပုဂ္ဂိုလ်ကျတော့ အဲဒီ ၈-ပါးထဲကမှ ဒိဋ္ဌိဂတသဟဂုတ်စိတ် ၂-ပါးကို ချန်ထား ကျန် ၆-ပါးနဲ့ ပြုံးရယ်ကြပါတယ်။ အသေက္ခပုဂ္ဂိုလ်ကျတော့ ပုထုဇဉ်ပုဂ္ဂိုလ်နဲ့သေက္ခပုဂ္ဂိုလ်မှအခြား နောက် ၅-ပါးနဲ့ ပြုံးရယ် ပါတယ်။ မြတ်ဗုဒ္ဓကတော့ အဲဒီ ၅-ပါးထဲကမှ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ်ကို ချန်ထား ကျန် ၄-ပါးနဲ့ ပြုံးတော်မူပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ အတိတ်, အနာဂါတ်, ပစ္စုပ္ပန်နဲ့ ကာယကံ, ၀စီကံ, မနောကံ တို့မှာ ညဏ်နဲ့ အမြဲ ယှဉ်နေပါတယ်။ ဒါကတော့ သင်္ဂဟ၊ ရုပ်ပိုင်းနဲ့ ဋီကာကျော်များမှာ ကြည့်ရှု့နိုင်ပါတယ်။

အဘိဓာနပ္ပဒီပိကာမှာတော့ ရယ်ခြင်း-ဟသနံ၊ ဟသိတ၊ ဟာသ။ ပြုံးခြင်း-မိဟိတ၊ သိတ။ ပြင်းစွာရယ်ခြင်း- အဋဟာသ၊ မဟာဟာသ-လို့ ဖွင့်ဆိုထားပါတယ်။ ရယ်တာနဲ့ပြုံးတာဟာ အဆင့်တစ်ဆင့်အနေနဲ့ ကွာခြားတယ် ထူးခြားတယ်လို့ ပြောနိုင်ပေမယ့် အတိအကျ တိုင်းတာဖို့တော့ ခက်ပါလိမ့်မယ်။

ရယ်ခြင်း ခြောက်မျိုးကိုတော့ ဒီအတိုင်း မှတ်နိုင်ပါတယ်။
(၁) သိတ- ပြုံးသည်မည်ရုံမျှ ပြုံးခြင်း
(၂) ဟသိတ-သွားပေါ်ရုံမျှ-နှုတ်ခမ်းလှုပ်ရုံမျှရယ်ခြင်း
(၃) ၀ိဟသိတ-ညင်သာသော အသံထွက်အောင်ရယ်ခြင်း
(၄) ဥပဟသိတ-ဦးခေါင်း-ပခုံး-လက်ရုံးများ လှုပ်အောင် ရယ်ခြင်း
(၅) အပဟသိတ-မျက်ရည်ထွက်အောင် ရယ်ခြင်း
(၆) အတိဟသိတ-ခြေရော-လက်ပါ တစ်ကိုယ်လုံး လှုပ်ခါ၍ ရယ်ခြင်းတို့ပါ။ ဒီရယ်ခြင်းအသွင်များကပဲ လူ့ယဉ်ကျေးမှုရဲ့ အဆင့် ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုအဆင့်ကို ဖော်ပြနေတယ်ဆိုယင်လဲဆိုခွင့်ရှိမှာပါ။

ကလေးတို့ ငိုခြင်း ရယ်ခြင်းသဘောနဲ့ပတ်သက်လို့ -
ဒုဂ္ဂတိဘ၀မှလာတဲ့ကလေးက မပြတ်ငိုတတ်ကြောင်း၊ လန့်၍ အော်တတ်ကြောင်းကို ပြဆိုထားပါတယ်။ သုဂတိဘ၀မှလာတဲ့ ကလေးကတော့ အမြဲလိုလို ပြုံးရွှင် နေတတ်ကြကြောင်း ဖွင့်ပြထားပါတယ်။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ၊ ခန္ဓ၀ဂ္ဂသံယုတ္တအဋ္ဌကထာ၊ မဇ္ဓျိမပဏ္ဏာသ အဋ္ဌကထာ-တို့မှာ လေ့လာနိုင်ပါတယ်။ ဒါကတော့ ယတိပြတ်အဆိုထက် ယေဘုယျသဘောကို ရည်ညွန်းကောင်း ရည်ညွန်တာလဲဖြစ်နိုင်ပါတယ်။

စာရေးသူ ငယ်ငယ်ကတည်းက ကြားဖူးထားတာက “ဘုရားရှင်သည် ပြုံးတော်မူ၏” ဆိုတာပါ။ ဘုရားရှင် ပြုံး တော်မူခြင်းဟာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိလို့ပါ။ မြတ်စွာဘုရားရှင်တို့၏ ဘ၀တစ်သက်တာမှာ အကြိမ် ဘယ်လောက်ပြုံးခဲ့တယ် ဆိုတာကိုတော့ လေ့လာနေဆဲပါ။ ဘုရားရှင်တို့ရဲ့ အပြုံးဟာ လူသာမန်တို့ရဲ့အပြုံးနဲ့ အဓိပ္ပါယ်မတူထူးခြားတဲ့အတွက် နှိုင်းယှဉ်မမိရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဘဂ၀ါဂုဏ်တော်မှာပါရှိတဲ့ သိရီဘုန်းတော်မှာ “ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စ၍မကြွင်း၊ ပင်လုံးဝန်းသည်၊ ပန်းမာန်အနေ၊ ကျက်သရေမင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပါယ်တော်မူသော၊ သိရီဘုန်းတော်” ဆိုထားတဲ့အတွက် မပြုံးခဲ့သည့်တိုင် အမြဲကျက်သရေရှိနေတာကတော့ဘုရားရှင်တို့ရဲ့အနှိုင်းမဲ့ဂုဏ်ပုဒ်ပါ။

အရိယာတို့ရဲ့နယ်ပယ်မှာတော့ လူကြီးလူကောင်းဆန်တဲ့ ပြုံးရယ်ခြင်းမျိုးပဲ ရှိပါတော့တယ်။ ဒါကိုပဲ ညင်သာ သိမ်မွေ့တဲ့ ပြုံးခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ရုဏ္ဏသုတ်၊ တတိယပဏ္ဏာသ၊ တိကနိပါတ်။ အင်္ဂုတ္တရနိကာယ-မှာ မိန့်ဆိုထားတာက သက်သေတစ်ခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကတော့“ ရဟန်းတို့-အပိုင်းအခြားကို လွန်၍ သွားပေါ်အောင် ပြင်းစွာရယ်ခြင်းသည်အရိယာ၏အဆုံးအမ၌ကလေးသူငယ်တို့ပြုအပ်သောအလုပ်မည်၏”
လို့မိန့်ထားလို့ပါပဲ။

ဒီနေရာမှာ ပြောကြည့်ချင်တာတစ်ခုက အချို့အရာတွေမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေ ဒါမှမဟုတ် ဘာသာရေး နယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လူသာမန်တို့အတွက် နှိုင်းယှဉ်ပြီး သုံးသပ်သင့်, မသင့်နဲ့ အတုယူ လိုက်နာကျင့်ကြံဖို့ သင့်, မသင့်ကို စဉ်းစားမိခြင်းပါ။ ဘာသာရေးနယ်ပယ်မှာ ထားရမယ့်အရာနဲ့ လူမှုနယ်ပယ်မှာ ထားရမယ့်အရာတွေကို သီးခြားခွဲထုတ်ကြည့်ခြင်းကသာ ပိုလို့ အပြုသဘောဆောင်နိုင်ပြီး ဘ၀ကို ပိုလို့နေပျော်စေမယ် ထင်မိလို့ပါ။ 

ဘာသာရေးနယ်ပယ်မှာ ချမှတ်ထားတာတွေကို လူမှုအသိုင်းအ၀ိုင်း မှာ ကျင့်သုံးနေမယ်ဆိုယင် ဘ၀ကို ပျင်းရိခြောက်သွေ့စေပြီး ပျော်ရွှင်ဖွယ်တွေနဲ့ ဆိတ်သုဉ်းနေမှာလားလို့ပါ။ ဘာသာတရားနယ်ပယ်က စကားလုံးဝေါဟာရတွေနဲ့ လူမှုနယ်ပယ်မှာ ချမှတ်ကျင့်သုံးနေတဲ့စံတွေကို ခွဲခြား မထားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဝါဒကို အဆိုးမြင်ဝါဒ(pessimism)အဖြစ် တွန်းပို့နေသလား ဆိုတာပါ။
( Some critics argue that Buddhism is morbid, cynical, hovering on the dark and shadowy side of life, an enemy of harmless pleasures, and an unfeeling trampler on the innocent joys of life. They see Buddhism as being pessimistic, as fostering an attitude of hopelessness towards life, as encouraging a vague, general feeling that pain and evil predominate in human affairs.) လောကဟိတာယ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ-ဆိုတဲ့ သတ္တ၀ါအများ ချမ်းသာစေဖို့ဆိုတာမှာ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ရဲ့ ချမ်းသာများကိုသာ ရည်ညွန်းထားတာမဟုတ်ဘဲ လက်ရှိလူ့ဘ၀ ချမ်းသာကိုလည်း ပစ်ပယ်မထားဘူးဆိုတာကိုပါ။

ဒါနဲ့စပ်ဆက်လို့ ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီးကို မေးတဲ့မေးခွန်းလေးတစ်ခုကို သွားလို့ သတိရ မိတယ်။ အဲဒါကတော့ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားမှာနေတဲ့ အမျိုးသားတစ်ယောက်က “ နိဗ္ဗာန်ချမ်းသာ-ဆိုတာ ဘယ်လိုဟာမျိုးလဲ”လို့ မေးပါတယ်။ ဒီအခါမှာ ဆရာတော်ဘုရားကြီးက- မင်း နိုင်ငံခြားမှာ စီးပွါးလာရှာတာ ချမ်းသာချင်လို့မဟုတ်လား။ အဲဒီ မင်း လိုချင်တဲ့အရာတွေရလို့ ချမ်းသာပြီးတဲ့ တစ်နေ့မှာတော့ နိဗ္ဗာန် ချမ်းသာအကြောင်း ဆက်ဆွေးနွေးကြတာပေါ့-တဲ့။ ဆရာတော်ဘုရားကြီးကတော့ ခပ်မြင့်မြင့်စကားတွေ မမိန့်ပါဘူး။ နိဗ္ဗာန်ချမ်းသာဆိုတာတွေထက် လက်ရှိတိုင်းပြည်နဲ့လူမျိုး ချမ်းသာနေယင် ကျေနပ်တော်မူနေတာပါ။

ဒီတော့ နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ လိုအပ်နေမှာပါ။ ဘယ်လို ကြည့် မလဲ-ဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပေမဲ့ စာရေးသူနှစ်သက်တဲ့ ဆရာတော် ဒေါက်တာ K.Sri dhammananda ရေးသားထားတဲ့ what Buddhists believe စာအုပ်လာ စာသားလေးကတော့ ဒီလိုပါ။
“ The world is like a mirror and if you look at the mirror with a smiling face, you can see your own, beautiful smiling face. On the other hand, if you look at it with a long face, you will invariably see ugliness. Similarly, if you treat the world kindly the world will also certainly treat you kindly. Learn to be peaceful with yourself and the world will Also be peaceful with you.” ဆိုခဲ့ပြီးတဲ့စကားများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-က ဗုဒ္ဓမိန့်ခဲ့တဲ့၊ တပည့်သာဝကတွေ ပြောခဲ့တဲ့ အပြုံးနဲ့ ပတ်သက်တာတွေကို ယနေ့ခေတ် ပြောနေတဲ့ “အပြုံး၊ ရယ်မောခြင်း” ဆိုတဲ့ ဝေါဟာရတွေပေါ်မှာ ခံစားနှိုင်းယှဉ်ပြောဆို
မိခဲ့ခြင်းပါ။

ဘုရားရှင်ရဲ့တရားဓမ္မလာစကားလေးတွေ သိရပြန်တော့ “မြတ်ဗုဒ္ဓတရားကို သိလေလေ မြတ်ဗုဒ္ဓကို ကြည်ညိုလေလေ” ဆိုသလိုပါပဲ ပိုလို့သာ ကြည်ညိုမိပြန်တာပါ။ အဲဒီစာပေများရဲ့ အခြား တစ်ဖက်မှာကြပြန်တော့ အပြုံးရဲ့ ရလဒ်ကလေးတွေကို စိုးစဉ်းမျှ နားလည်ထားမိခြင်းကပဲ “အပြုံးရဲ့တန်ဖိုးကို နားလည်လေလေ အားလုံးကို ပြုံးစေချင်လာလေလေ”လို့ ဆန္ဒဖြစ်မိတာကကော
အပြစ်တစ်ခုလို့များဆိုနေကြမလားစဉ်းစားမိခြင်းပါ။ ပြုံးပျော်နိုင်ကြပါစေဟု ဆန္ဒပြုရင်း----------
မောင်တင့်ယဉ် ခံစားရေးဖွဲ့သည်။

Monday, May 24, 2010

အကဲခတ်ခြင်း အတတ်ပညာ

တစ်ခါတစ်လေမှာတော့ သူက ကိုယ့်ကို အကဲဖြတ်တယ်။ တစ်ခါတစ်လေများတော့ ကိုယ်က သူ့ကို အကဲဖြတ်ကြည့်တယ်။ တစ်ရံတစ်ခါများမှာ သူကော ကိုယ်ကော အကဲဖြတ်နေမိကြတယ်။ ရံခါအချိန်များကြတော့လဲ တစ်ယောက်နဲ့တစ်ယောက် အကဲမဖြတ်ဖြစ်ကြဘဲ မေ့မေ့လျော့လျော့နဲ့ ပြီးသွားကြတယ်။
သူသူကိုယ်ကိုယ် အသက်ရှင်သန်နေထိုင်ကြတဲ့ ဒီကမ္ဘာမြေကြီးပေါ်မှာ တစ်နေရာရာမှာ ဆုံဆည်းမိကြပြီဆိုယင် ခုနက ပြောခဲ့သလို့ စုံးစမ်းအကဲဖြတ်မှုတွေ သိစိတ်ကဖြစ်ဖြစ် ဒါမှမဟုတ် မသိစိတ်ကဖြစ်ဖြစ် အကဲဖြတ်စုံစမ်းနေတတ်ကြတာပါ။ဆုံဆည်းကြတယ်ဆိုတာကတော့ အမျိုးမျိုးရှိမှာပါ။ 

အချို့ကလည်း လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ချင်ဖြစ်မှာပါ။ အချို့ကတော့ အသံကနေ တစ်ဆင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့ကျတော့ စာတွေမှတစ်ဆင့်လို့ပဲ ပြောရမလားပါပဲ။ အမျိုးမျိုးသော ဆုံဆည်းမှုတွေ ရှိနေကြမှာပါ။ အဲဒီဆုံဆည်းမှုကနေပဲ အစပြုလို့ အကဲဖြတ်မှုတွေ စုံစမ်းမှုတွေ တပါတည်းပါလာတယ်လို့ ဆိုရမှာပါ။ ဒီလို အကဲဖြတ်မှုတွေကလည်း မှန်တဲ့အခါ တွေ့ ကြုံ ရနိုင်သလို မှားတဲ့အခါကလည်း အကြိမ်များစွာ နေမှာပါ။ မှန်ကန်စွာ အကဲဖြတ်နိုင်ခြင်းနဲ့ မှားယွင်းစွာ အကဲဖြတ်ခြင်းတို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကလေးတွေကလည်း အကဲဖြတ်ခြင်းနဲ့အတူ ကပ်လို့လိုက်ပါနေမှာပါ။
လူတစ်ဦးတစ်ယောက်ကို နှိုင်းဆအကဲဖြတ်ကြရာမှာ အချို့ကိုတော့ နှိုင်းဆအကဲဖြတ်ရတာလွယ်ကူလို့ သူ့ ကို သုပ္ပမေယျပုဂ္ဂိုလ်လို့ ပြောပါတယ်။ အချို့များကိုတော့ နှိုင်းဆအကဲဖြတ်ရာမှာ ခက်ခဲလွန်းလို့ သူ့ကို ဒုပ္ပမေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အပ္ပမေယျဆိုတာကြတော့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးလိုမဟုတ်တော့ဘဲ သူက နှိုင်းဆအကဲဖြတ်ဖို့မဖြစ်နိုင်တော့တဲ့ပုဂ္ဂိုလ်ပါ။
ကျမ်းဂန်မှာတော့ အကဲဖြတ်ဖို့ လွယ်ကူတဲ့သူရဲ့ စရိုက်လက္ခဏာတွေကို ဒီလိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စိတ်ပျံလွင့်နေမယ်၊ တက်ကြွနေမယ်၊ လျပ်ပေါ်တဲ့စိတ်ဖြစ်ပေါ်နေမယ်၊ နှုတ်အပြောအဆို မနုးညံ့ဖြစ်နေမယ်၊ ပရမ်းပတာ ပြောဆိုတတ်လာမယ်၊ သတိလက်လွတ်ဖြစ်နေမယ်၊ ပညာအဆင်အခြင် ကင်းမဲ့နေမယ်၊ တည်ကြည်မှုတွေ ဆိတ်သုဉ်းနေမယ်၊ စိတ်တွေ တုန်လှုပ်နေမယ်၊ ပေါ်လွင်ထင်ရှားနေတဲ့ အိနြေ္ဒ ရှိနေမယ် -ဆို တဲ့ လက္ခဏာတွေပါ။

အဲဒီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နှုတ်ချိုခြင်း၊ သိမ်သိမ်မွေ့ မွေ့  ပြောဆိုတတ်ခြင်း၊ အမြဲသတိကပ်နေခြင်း၊ ပညာအမြော်အမြင်ရှိခြင်း၊ တည်ငြိမ်ခြင်း၊ ညင်သာတဲ့ အိနြေ္ဒ ရှိခြင်း စသဖြင့်ကတော့ အကဲဖြတ်ဖို့ ခက်ခဲတဲ့သူတွေမှာရှိတဲ့စရိုက်လက္ခဏာတွေပါ။မနှိုင်းဆနိုင်တဲ့အပ္ပမေယျပုဂ္ဂိုလ်ဆိုတာကတော့အရဟတ္တဖိုလ်ကိုရောက်ရှိပြီးတဲ့သူတွေဖြစ်ပါတယ်။

အဲသလို အကဲဖြတ်စူးစမ်းကြရာမှာ ရုပ်အဆင်းကို ကြည့်မြင်ပြီး အကဲဖြတ်သလား၊ ကျော်စောဂုဏ်သတင်းကို အားကျပြီး အကဲဖြတ်သလား၊
ဒါမှမဟုတ် ထူးထူးခြားခြားခေါင်းခေါင်းပါးပါးတွေ ကျင့်သုံးနေတာတွေ့ လို့ အကဲဖြတ်နေသလား၊ ဒီလိုမဟုတ်ပြန်ယင် ကိုယ်ကျင့်တရားတွေ ဘုရားကျောင်းကန်သုံးစွဲနေကျစကားဖြစ်တဲ့ သီလ သမာဓိ ပညာတွေ ပြည့်စုံနေတာတွေ့မြင်လို့ အကဲဖြတ်သလား။
ဒီအကဲဖြတ်လေးခုအပေါ်မှာ မူတည်ပြီးလို့ လောကမှာ အလေးစားခံ အသိအမှတ်အပြုခံ အကြည်ညိုခံပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ အချို့က ရုပ်အဆင်းကို နှစ်သက်သဘောကျလို့ မြတ်နိုးခင်မင်ကြတယ်။ အချို့ မှာက ဂုဏ် သတင်းကျော်စောတာကို စိတ်ဝင်စားလို့ တန်းဖိုးထားကြတယ်။ အချို့ကတော့ လူအများမလုပ်နိုင်တဲ့ ထူးထူး ခြားခြား ခြိုးခြိုးခြံခြံ ခေါင်းခေါင်းပါးပါးတွေ လိုက်နာကျင့်သုံးနေတာ တွေလို့လေးစားပူဇော်ကြတယ်။ အချို့များကတော့ ဓမ္မဆိုတဲ့ မြင့်မြတ်တဲ့အရာတွေ ကျင့်သုံးဆောက်တည်နေလို့ ဆည်းကပ်ခစားကြတယ် ဆိုတာပါ။

ဒါတွေကို နောက်ထပ် ခွဲခြားပြီး ကြည့်တဲ့အခါ အချိုးအစား မညီမျှတာကို သိရမှာ ဖြစ်ပါတယ်။
အဲဒီအထဲကမှ - ရုပ်အဆင်းကို နှစ်သက်မြတ်နိုးတတ်တာက ၃-ပုံ ပုံလျင် ၂-ပုံခန့်။
ထင်ပေါ်ကျော်ကြားတာကို တန်းဖိုးထားကြတာက ၅-ပုံ ပုံလျင် ၄-ပုံခန့်။
ခေါင်းပါးခြိုးခြံတာတွေ ကျင့်သုံးနေလို့ လေးစားကြတာက ၁၀-ပုံ ပုံလျင် ၉-ပုံခန့်။
သီလ သမာဓိ ပညာဆိုတဲ့ မြင့်မြတ်တဲ့ ဓမ္မတွေ ကျင့်သုံးနေသူကို တကယ်တမ်းကြည်ညိုတတ်သူက တစ်သိန်း (၁၀၀,၀၀၀)မှာတစ်ယောက်(၁)ခန့်ဖြစ်ပါတယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီး အမြတ်နိုးခံ၊ တန်ဖိုးအထားခံ၊ အလေးစားခံ၊ အကြည်ညိုခံနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ လောကကြီးမှာ ရှားရှားပါးပါးနေမှာပါ။ ဒါကိုပဲ ဘာသာရေးမျက်စိနဲ့ အကဲမဖြတ်ဘဲ ကြည့်ရိုးကြည့်စဉ် သာမန်နဲ့ အကဲဖြတ်မယ်ဆိုယင်တော့ ရုပ်ဆင်းအင်္ဂါ၊ ထင်ပေါ်ကျော်ကြားမှု၊ ကိုယ်ကျင့်တရားဆိုတဲ့ အချက် သုံးချက်အပေါ်မှာ အခြေခံပြီး တန်ဖို့ထားမှုချင်း ကွဲပြားသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကတော့ အလေးစားခံ အမြတ်နိုးခံ အချစ်ခံ အကြည်ညိုခံရတဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတဲ့ ချစ်တဲ့ လေးစားတဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဘက်က ရှု မြင်ကြည့်ခြင်းပါ။ အဲဒီရဲ့အခြားတစ်ဖက် ပြောင်းပြန်လှည့်ကြည့်ယင် အလေးစားခံ အချစ်ခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကကော သူ့ ကို မြတ်နိုးသူ ချစ်နေသူ လေးစားနေသူ ကြည်ညိုနေသူကိုပြန်လည်လို့ဘယ်လိုအကဲဖြတ်နေသလဲဆိုတာပါ။

ဒီနေရာမှာ အကဲဖြတ်ရာမှာ မှန်ကန်တဲ့အဖြေကို အနီးစပ်ဆုံးပေးနိုင်တဲ့ အကဲဖြတ်နည်း တစ်နည်းအားဖြင့်တော့-လူကဲခတ်နည်းများကိုပြောကြည့်ချင်ပါတယ်။

တစ်နံပါတ်က လူတစ်ယောက်ရဲ့ သီလရှိမှု မရှိမှု၊ ကိုယ်ကျင့်တရားကောင်း မကောင်းကို အတူတကွ နေကြည့်မှ သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်တယ်ဆိုရာမှာလည်း ကြာမြင့်စွာနေကြည့်မှ သိနိုင်မှာပါ။ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ ဒါကလည်း စိတ်နှလုံးထဲမှာ ထည့်သွင်းထားမှ သိနိုင်တာပါ။ စိတ်နှလုံးထည့်သွင်းမထားဘူးဆိုယင် မသိနိုင်ပါဘူး။ ဒါတွေ ပြည့်စုံပေမယ့်လည်း ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ သိမြင်နိုင်မှာပါ။ပညာမရှိယင်တော့သိမြင်ဖို့ခဲယဉ်းပါလိမ့်မယ်။

နှစ်နံပါတ်က လူတစ်ဦးတစ်ယောက် စင်ကြယ်မှုရှိ မရှိကို နှီးနှောပြောဆိုကြည့်မှ သိနိုင်မှာပါ။ အဲဒီလို နှီးနှော ပြောဆိုကြည့်ရာမှာလည်း ကြာမြင့်စွာ ပြောဆိုကြည့်မှ၊ စိတ်နှလုံးထဲ ထည့်သွင်းထားမှ၊ ပညာရှိသူလည်းဖြစ်မှ သိနိုင်မှာပါ။

သုံးနံပါတ်က လူတစ်ဦးတစ်ယောက် ညဏ်စွမ်းရည် ရှိ မရှိကို ဘေးရန်ကျရောက်လာတဲ့အခါမှ သိနိုင်မှာပါ။ အဲဒါ ကလည်း အချိန်တိုအတွင်းမှာ၊ စိတ်ထဲနှလုံးသွင်းမထားယင်၊ ပညာအားနည်းနေမယ်ဆိုယင် မသိနိုင်ပါဘူး။

လေးနံပါတ်က လူတစ်ဦးတစ်ယောက် ပညာ ရှိ မရှိကို ဆွေးနွေးပြောဆိုကြည့်မှ သိနိုင်မှာပါ။ အထက်သုံးခုက ပြောခဲ့သလိုပါပဲ အချိန်အတိုင်းအတာ၊ နှလုံးသွင်းတဲ့စိတ်ထား၊ ပညာ အနိမ့်အမြင့်တွေပေါ်မှာမူတည်ပြီးမှသာ သိမြင်နိုင်အကဲဖြတ်နိုင်မှာပါ။

ဒီစကားလေးချက်ကို ထောက်ဆကြည့်မယ်ဆိုယင် သာမန်လူသားတစ်ယောက်က အလေးစားခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကို ရွေးချယ်တတ်ဖို့ဆိုတာ တကယ်တော့ ခဲယဉ်းနေဦးမယ် ဆိုတာပါ။ ဒီခဲယဉ်းနေခြင်းကပဲ အကြည်ညိုခံ အလေးစားခံပုဂ္ဂိုလ်တွေအတွက် အခွင့်အရေး အားသာသွားစေတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်လည်း လောကမှာ အကိုးကွယ်ခံတွေက နေရာတိုင်းလိုလိုမှာ များပြားနေတာပါ။ ဇာတံ သရဏတော ဘယံ-ဆိုတဲ့ စကားလေးက ကိုးကွယ်ခြင်းကြောင့် ဘေးအန္တရာယ်တွေ ကျရောက်လာတတ်တယ်ဆိုတာပါ။ ဒါကိုပဲ ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာရေးဆန်တဲ့ ဝေါဟာရကိုမသုံးဘဲ သာမန်ပြောကြည့်မယ်ဆိုယင်တော့ ကိုယ်က သူ့ ကို အမြတ်တနိုးတန်ဖိုးတွေထားခြင်းကပဲ ရံခါများမှာ ကိုယ့်ဆီကို စိတ်ဆင်းရဲစေတာတွေ သယ်ဆောင်လာတယ် လို့ဆိုနိုင်ပါတယ်။ကိုးကွယ်တယ်ဆိုတာ တကယ်တော့ အမြတ်တနိုးတန်ဖိုးထားခြင်းပါပဲ။

ဒီလိုအမြတ်တနိုးတန်ဖိုးထားကြတယ်ဆိုတာလောကမှာအများသားနေမှာပါ။ဘာသာရေးအားသန်သူများကတော့ ဗုဒ္ဓ၊ ခရစ်တော်၊ မိုဟာမက်၊ ကွန်ဖြူးသျှပ်တို့လို့ ဘာသာရေးခေါင်းဆောင်တွေကို တန်ဖိုးထားကြမှာပါ။ အတွေးအခေါ်အားသန်သူများကတော့ သူတို့တန်ဖိုးထားတာက အရစ္စတိုတယ်၊ ပလေတို၊ ဘာထရန်ရပ်ဆယ် စသဖြင့် အများသားနေမှာပါ။ အဲသလိုပါပဲ စာပေကိုတန်ဖိုးထားသူများ၊ သိပ္ပံပညာကို မြတ်နိုးသူများ၊ သူတော်စင်ကို စိတ်ဝင်စားသူများ၊ ဂီတကို ခုံမင်သူများ၊ ပရဟိတကို အားကျသူများ၊ ကဗျာကို စွဲလမ်းနေသူများ၊ ချစ်ခြင်းမှာ သာယာပျော်မွေ့ သူများ၊ စစ်ရေး နိုင်ငံရေးတွေမှာ ပျော်ပိုက်နေသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်လိုသူများစသဖြင့်သူတို့နှလုံးသားက တောင်းဆိုတဲ့အတိုင်း အမြတ်တနိုးတန်ဖိုးထားနေကြတာပါ။ တန်ဖိုးထားကြပုံချင်း မတူညီကြတာနဲ့အမျှ တန်ဖိုးအထားခံ အမြတ်နိုးခံ ပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုး ကွဲပြားနေကြမှာပါ။ ဒါတွေကလဲ တကယ်တော့ အကဲဖြတ်ခြင်းအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတဲ့ အမြတ်တနိုးတန်ဖိုးထားမှုတွေပါ။

ဒီနေရာမှာတော့ ကိုယ်ချစ်ခင်တဲ့အရာတွေဟာချစ်ခင်မှုနဲ့အတူညီမျှနေဖို့၊ကိုယ်တန်ဖိုးထားတဲ့အရာတွေဟာ
တန်ဖိုးထားမှုနဲ့အတူ ထိုက်တန်နေဖို့၊ ကိုယ်မြတ်နိုးတဲ့အရာဟာ မြတ်နိုးမှုနဲ့အတူ တပြေးညီဖြစ်နေဖို့၊ ကိုယ်လေးစားတဲ့ အရာတွေဟာ လေးစားမှုနဲ့အတူ လိုက်လျောညီထွေ ဖြစ်နေဖို့၊ ကိုယ်ကြည်ညိုတဲ့အရာတွေဟာ ကြည်ညိုမှုနဲ့အတူ တန်းတူဖြစ်နေဖို့ လိုအပ်နေမလားလို့ပါ။ ဘာ့ကြောင့်လဲလို့ မေးခဲ့မယ်ဆိုယင်တော့ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ “ပုဂ္ဂိုလ်ခင်မှ တရားမင်”ဆိုတဲ့စကားအတိုင်း ချစ်ခင်သူ၊ တန်ဖိုးထားသူ၊ မြတ်နိုးသူ၊ လေးစားသူ၊ ကြည်ညိုသူရဲ့ စကားတွေ အပြုအမူတွေကို လိုက်ပါဆောင်ရွက်ဖို့ နာခံတတ်တဲ့ အလေ့အကျင့်တွေ ပါနေပြီးသား ဖြစ်နေလို့ပါ။ 
အကယ်လို့ ကိုယ် အကဲဖြတ်ထားတဲ့သူဟာ ကိုယ်အကဲဖြတ်တဲ့အတိုင်း တန်ဖိုးမြင့်နေပါက ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဆုံဆည်းမှုပါ။ မိမိအကျိုးကိုလဲ ဆောင်ရွက်ပေးနိုင်မှာပါ။
ဒါပေမယ့် ကိုယ် အကဲဖြတ်ထားတဲ့သူက ကိုယ်မြင့်တင်ထားတဲ့ တန်ဖိုးအတိုင် ထင်သလောက် မဟုတ်ခဲ့ယင် အဲဒီဆုံဆည်းမှုဟာ စိတ်ပင်ပန်းစရာတွေကို သယ်ဆောင်လာနိုင်တဲ့အတွက် ကောင်းသောဆုံဆည်မှုလို့ ပြောဖို့ခက်မှာပါ။မိမိအကျိုးစီးပွါးကိုလည်းဆောင်ရွက်ပေးဖို့ဖြစ်ကောင်းမှဖြစ်နိုင်မှာပါ။

အဲဒီတော့ ကိုယ်ကသူ့ကို သူကကိုယ့်ကို တစ်ဦးနဲ့တစ်ဦး အကဲဖြတ်ကြရာမှာ တန်ဖိုးကိုတွက်ကြရာမှာ
မြတ်ဘုရားမိန့်ခဲ့သလိုပါပဲ အချိန်လေးတွေပေးဖို့ လိုအပ်သလို နှလုံးသားထဲမှာလဲ နေရာပေးဖို့ လိုအပ်နေမှာပါ။ ညဏ်အမြော်အမြင်လေးတွေနဲ့ ဆင်ခြင်ဖို့ဆိုတာကတော့ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်ပါလို့………

Sunday, May 23, 2010

ပထမအကြိမ် ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ

ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ မှ ၂၈-၅-၂၀၁၀ တွင် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ မြန်မာ ရင်သွေးငယ်လေးများကို ယဉ်ကျေးလိမ္မာကလေးတရားပွဲအဖြစ် ဟောကြား ချီးမြှင့်မည်ဖြစ်ကြောင်း ကြားသိရပါသည်၊

အချိန် - Morning Session
အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် မနက်ပိုင်း စင်္ကာပူစံတော်ချိန် ၉ နာရီမှ ၁၂ နာရီအထိ၊

Evening Session
အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းကလေးများအတွက် နေ့ ၁ နာရီမှ ညနေ ၄ နာရီအထိ၊

တရားပွဲကျင်းပမည့်နေရာ -
Informatics Jurong Campus No,(10). Science Centre Road,
Singapore 609079 (Near Jurong East MRT)

ဆက်သွယ်ရန် လိပ်စာ - mcchild.dhammatalk@gmail.com
Eschild.dhammatalk@gmail.com

စာရင်းပိတ်မည့် နောက်ဆုံးရက် - 25 . 5. 2010

Registration Form Sample :
Name _ _ _ _ _ _ _ _ _ _
Age _ _ _ _ _ _ _ _ _ _
Gender _ _ _ _ _ _ _ _ _ _
Education _ _ _ _ _ _ _ _ _ _
Parent _ _ _ _ _ _ _ _ _ _
Address _ _ _ _ _ _ _ _ _ _
Phone _ _ _ _ _ _ _ _ _ _
email _ _ _ _ _ _ _ _ _ _
အုပ်ထိန်းသူ တယောက်ယောက် လိုက်ပါ စောင့်ရှောက်ပေးနိုင်မှ စာရင်းပေးသွင်းကြဖို့ကိုလဲ တိုက်တွန်းအပ်ပါသည်။အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
For More Enquiry :

Ko Zin Min Yu : 90049227 / 81172324
Ko Thaung Hteik : 81608064
Ma Lae Lae Win : 82984170 (after office hours)
Ko Thar Zaw : 92391989 (after office hours)
Ko Sai : 81576443 (after office hours)
Ko Ye' : 91192126 (after office hours)

“ကလေး ကလေး အထင်မသေးနဲ့ ၊ ကလေးက လူကြီးဖြစ်တာ .....
ကလေးကောင်းမှ လူကြီးကောင်းမှာ ၊ လူကြီးကောင်းမှ အားလုံးကောင်းမှာ .... ”
ဆိုတဲ့ ရွှေဥမင် ဆရာတော်ဘုရားရဲ့ လင်္ကာလေးအတိုင်း မိမိတို့ရဲ့ ကလေးငယ်လေးများ ပြည်ပမှာ နေထိုင်ကြီးပြင်းကြရပေမယ့် ဘာသာရေး အသိစိတ်ဓါတ်မြင့်မားတိုးတက်လာအောင် သွင်သင်ဆုံးမလျှက်ရှိတော်မူသော ဆရာတော်ဘုရား၏ ယဉ်ကျေးလိမ္မာအထူးတရားပွဲသို့ တတ်ရောက်နာယူနိုင်ကြပြီး အသိအလိမ္မာ ၊ ဥာဏ်ပညာများ ဖွံ့ဖြိုးတိုးတတ်လာကြစေရန် အလို့ငှါ နိဗ္ဗာန်အကျိုးမျှော်လျှက် ... အသိပေး နှိုးဆော်အပ်ပါသည်။

ပေးပို့သော Dhammadownload.com မှ ဒကာ ကိုကျော်ဇေလှ အား အထူးကျေးဇူးတင်ပါသည်။

နိဗ္ဗာန် ဂုဏ်ရည်များ

`နိဗ္ဗာန်´ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာသည်ပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် `နိဗ္ဗာန်´ ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်း အစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်းတလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် နိဗ္ဗာန် ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ

1. ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့် ဖြစ်သည် ။
2. ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန် ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှုမရှိသောကြောင့် ဖြစ်သည်။
3. ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။

တဏှာကုန်ဆုံးရာနိဗ္ဗာန်

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းအေးသည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့နိုင်သည်။)
တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ၀ါန =နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ လွတ်ငြမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖ်ပြန်လည်ခြင်း မရှိတော့ပေ။ နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။
အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘ၀တစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။

မိလိန္ဒမင်းနှင့် အရှင်နာဂသိန် တို့၏ နိဗ္ဗာန်ဆိုင်ရာ အမေး အဖြေ

ထေရ် - မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။
ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိဥာဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ်သော ၊အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊မြင်နိုင်သည်။
မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။

ထေရ် - မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။
မင်း - ရှိပါသည် ၊ အရှင် ။
ထေရ် - လေသည် အဆင်း ၊ ပုံသဏ္ဍာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။
မင်း - လေကို ညွှန်ပြ ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။
ထေရ် - သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။
မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။
ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဍာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။

မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။

ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ၀ါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။
စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဖုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏ ။
မင်း - လက်ခံပါပြီ ဘုရား ။ ။

နိဗ္ဗာန် နှစ်မျိုး

ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။
1. သဥပါဒိသေသ နိဗ္ဗာန်
2. အနုပါဒိသေသ နိဗ္ဗာန် တို့ဖြစ်သည်။
သဥပါဒိသေသ နိဗ္ဗာန်
မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော မဂ်ဖိုလ်ချမ်းသာကို သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။
• ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပတ္တိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။

အနုပါဒသေသ နိဗ္ဗာန်

သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သောမဂ်ဖိုလ်ချမ်းသာကို အနုပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။
• စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍ နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
1. မာန်မယစ်ရာ နိဗ္ဗာန်။ ( မဒနိမ္မဒန)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယ)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋ)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယ)

6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိရောဓ)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စ)

11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)

16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတ)
18. ဘေးမရှိသော နှောက်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိက)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏ)

21. သြဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)

26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခ)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌ)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရ)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တ)

ဆင်တူဝေါဟာရ နှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန် ၏ ဂုဏ်ပုဒ်များမှာ -

ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘ၀ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။
ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည် ။ သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။

ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။
တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊
ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ထက်မြက်၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ လာကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။
ဖော်ဝက်မေးလ်မှ ရရှိသည်ကို ပြန်လည် မှတ်တမ်းတင်ထားအပ်ပါသည်။