Saturday, February 27, 2010

နာဂဒီပကျွန်းသို့ ခရီးတစ်ခေါက်

‘’ မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်း( ယခုအခေါ် သီရိလင်္ကာ) ရှိ နာဂဒီပကျွန်းဆွယ် လေးကို ဒုတိယ အကြိမ်၊ ပထမအကြိမ်အဖြစ် မဟိန္ဒလေ့တောင်တော်ဆီကို မဇ္ဈိမဒေသ အိန္ဒိယကနေ ကြွတော်မူခဲ့ ပြီး သစ္စာမျိုးစေ့ ချပေးခဲ့ ဖူးတယ်၊ အဲဒီကတဆင့်မှ သီဟိုဠ်သာသနာ မြန်မာသာသနာဆိုတာ ပြန့်ပွားကူးစက် ပြီး ယခုအချိန်ထိ ဆက်လက် ရှင်သန်နေခဲ့တယ် ‘’ တဲ့။

ဒါက သမိုင်းက ပေးတဲ့ အသိလေးပါ၊ အဲဒီအသိလေးက နှိုးဆော်နေမိလို့ နာဂဒီပကျွန်းကို မရောက်ရောက်အောင် သွားမယ် လို့ ဆုံးဖြတ်ပြီး စာရေးသူတို့ အဖွဲ့ဟာ ကိုလံဘို မြို့ကနေ ကီလိုမီတာပေါင်း ၅၀၀ နီးပါးလောက်ဝေးတဲ့ နေရာကို နာရီပေါင်းများစွာ ခရီးက ကြမ်းတမ်းသမို့ ခက်ခဲပင်ပန်းစွာ သွားရောက်ခဲ့ပါတယ်၊ ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့ နိုင်ငံဒေသတခုကို ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်ပြီး သစ္စာမျိုးစေ့ ကြဲချနိုင်ခဲ့သလဲ ဆိုတာကို လေ့လာရင်း သတ္တ၀ါဝေနေယျတွေကို ချေချွတ်ဖို့ အတွက် ၄၅ နှစ်ပတ်လုံး နေ့မနား ညမနား တရားရေအေး တိုက်ကြွေးပြီး ချေချွတ်ခဲ့တဲ့ ဘုရားရှင်ကိုလဲ မှန်းဆ ကြည်ညိုမိရပါတယ်။

ယခုအချိန်ထိ မတိုးတက်သေးတဲ့ နာဂဒီပ ကျွန်း ဆိုတာလေးကို ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ဆိုရင် ဘယ်လို အခြေအနေ တွေ ရှိနေမလဲ ဆိုတာ မှန်းဆပြီး အဖဘုရားရဲ့ ၀ီရိယတွေ ကရုဏာတွေ သည်းခံနိုင်မှု့တွေကို တွေးရင်း မောပန်းနွမ်းနယ်သမျှ ပြေပျောက်ရပါတယ်။

တကယ်တော့ အဲဒီကျွန်းက သီရိလင်္ကာနိုင်ငံမြေပုံရဲ့ ဟို အစွန်ဆုံး အရှေ့မြောက်ဒေါင့် အရပ်လောက်မှာ တည်ရှိပြီး တဖက်မှာတော့ အိန္ဒိယ သမုဒ္ဒရာကြီးက ပတ်လည်ဝိုင်းထားတာပါ။ နယ်စပ်ဒေသ ဖြစ်တာကတကြောင်း၊ ခရီးက ဝေးလွန်းတာက တကြောင်း၊ စစ်ဘေးစစ်ဒဏ်တွေကြောင့် အဆောက်အဦး သစ်ပင်ကအစ အားလုံးဟာ ကြည့်ရှု့ချင်စရာမရှိလောက်အောင်ပျက်စီးနေတာတွေကြောင့်အများစုက ရောက်ဖူးဖို့ ခဲယဉ်းတတ်ကြတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့ ည ၁၂ နာရီ ကျော်ကျော်ကနေ ခရီးစတင် ထွက်ခဲ့တာ မနက်လင်းတော့ နယ်စပ်မြို့ ဂိတ်ပေါက်ကို ရောက်နေပြီ။ မနက်လင်းလင်းချင်း သတင်းစကားတခုက ဂိတ်ပေါက်ကနေ ကြိုဆိုနေပါတယ်၊ ဒီနေရာတွေကို နိုင်ငံခြားသားတွေ ၀င်ရောက်လေ့လာခွင့် မပြုပါဘူး တဲ့။

ဘာဖြစ်လို့လဲ ဆိုတော့ ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါး အချိန်ကတည်းက အဲဒီနေရာတွေဟာ နယ်မြေ ခွဲထွက်ရေး တမီးလ် ကျားသူပုန်တွေ အုပ်စိုးခဲ့တဲ့ နေရာတွေကို ပြီးခဲ့တဲ့ နှစ် ၂၀၀၉ ကမှ သီရိလင်္ကာ အစိုးရက အပြီးသတ် နည်းမျိုးစုံနဲ့ နှိမ်နှင်းပစ်လိုက်တာ တမီးလ်တွေရဲ့ မြို့တွေ ရွာတွေဆိုတာ အခုထိ ပြောင်သလင်း ခါနေဆဲ၊ ခြောက်ကပ်နေဆဲပေါ့၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၃၅၀ လောက် အိန္ဒိယ က အသောက မင်းကြီးရဲ့ တတိယ သင်္ဂါယနာ နဲ့ သီဟိုဠ်မှာ တင်တဲ့ စတုတ္ထသံဂါင်္ယနာ မတင်မှီ ကြားကာလ က သာသနာသမိုင်းမှာ တော်တော် အရုပ်ဆိုးအကျည်းတန်အောင် သာသနာကို ဖျက်ဆီးခဲ့တဲ့ ဒမိဠ လူမျိုး၊ မိလက္ခလူရိုင်းတွေ ဆိုတာ တမီးလ်းကျားသူပုန်တွေပါပဲ၊ ဒမိဠ - မှ တမိလ၊ တမိလ မှ တမီးလ် ဖြစ်လာတယ်လို့ ယူဆရပါတယ် ( စာရေးသူရဲ့ definition ဖွင့်ဆိုချက်သက်သက်ပါ ဒါကြောင့် သူတို့ရဲ့ သမိုင်းကြောင်းကလည်း တော်တော်ရှည်လျား ပြီးကြောက်စရာ ကောင်းခဲ့တယ်လို့ ဆိုရပါမယ်၊

စတုတ္ထ သံင်္ဂါယနာမတင်မှီ ကာလမှာ သီရိလင်္ကာ တနိုင်ငံလုံး တမီးလ်တွေ အာဏာရချိန်မှာ သာသနာရဲ့ ရှိသမျှ အဆောက်အဦးအားလုံး မီးရှို့ဖျက်ဆီးရုံတင် မကပဲ တွေ့သမျှ သံဃာတွေ အားလုံးကို အကုန်သုတ်သင်ပစ်ခိုင်းခဲ့တာလဲ သီဟိုဠ်သာသနာရဲ့ ၀မ်းနည်း ဖွယ်ရာ မမေ့နိုင်စရာ အဖြစ်အပျက် တစ်ခုပါ၊

ယနေ့ အချိန်မှာတော့ အဲဒီ တမီးလ်တွေဟာ ကျူပင်ခုတ် ကျူငုတ်ပါ မကျန် ကလေးရော လူကြီးရော အားလုံး အပြတ်ရှင်းခံလိုက်ရပြီမို့ သူတို့ရဲ့ နေရာတွေဟာ သုဿာန်တစပြင်လို ဖြစ်နေပါတယ်။ ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ၊ အရာဝတ္ထုအားလုံးဟာ ဖြစ်ပြီးရင် ပျက်ရမှာ ဓမ္မတာပါပဲ လို့ ဓမ္မစကြာသုတ်မှာ ဟောထားတာကို တွေးပြီး သံဝေဂလဲ ပွားမိပါရဲ့၊

ဒီ နိုင်ငံ အစိုးရကလဲ အဲဒီ စစ်တလင်းပြင်တွေ အားလုံးကို အရှိအတိုင်းမထားပဲ ဖြိုသင့်တာ ဖြို၊ ဖျက်သင့်တာ ဖျက်ပြီး ပြန်လည်ပြုပြင် တည်ဆောက်ရေးတွေ အင်တိုက်အားတိုက် လုပ်နေသော်လည်း ဝေးလံခေါင်သီတဲ့ နယ်စပ်မြို့မှာ ပြည့်စုံတဲ့ အခြေအနေရောက်ဖို့ လိုအပ်နေပါသေးတယ်၊ ဘာပဲပြောပြော ပြန်လည်တွေးကြည့်လိုက်ရင် ဒီနေရာတွေဟာ မကြာသေးခင်ကမှ သွေးညှီနံ့တွေ၊ ကျည်ဆံတွေ အမြောက်တွေကြောင့် အသက်ပေါင်းများစွာ စတေးခဲ့ရတာမို့ ကရုဏာသက်မိရုံက လွဲပြီး မပျော်နိုင်ခဲ့ပါဘူး၊


တော်တော် စိတ်ညစ်ခဲ့ရတဲ့ ဂိတ်ပေါက်ကို ဓာတ်ပုံပေါင်းများစွာ ရိုက်ခဲ့မိတယ်
တချိန်ကတော့ ဒီလို ဒီလို ညီညွတ်ခဲ့ကြဖူးတယ်
တမီးလ်ကျားသူပုန် တို့၏ မညီညွတ်မှု့ကြောင့် အချင်းချင်းတိုက်ခိုက်ပြီး အဓိကပစ်မှတ် ရေလှောင်ကန်ကြီးကို ဒီလို ဖျက်ဆီးခဲ့ကြ သတဲ့၊
ဒီလို ခရီးကြမ်းကိုလဲ ဖြတ်သန်းခဲ့ရတယ်

ပေါ်တူဂီ နယ်သာလန် စသော နယ်ချဲ့တို့ကို တွန်းလှန်ရာ အဓိက နေရာ ခံတပ်မှာ အမှတ်တရ 
 
ဗုဒ္ဓဂါယာ အိန္ဒိယ မှ မဟာဗောဓိပင်၏ တောင်ဘက်ကိုင်းကို ဖြတ်ပြီး သီဟိုဠ်ကျွန်းသို့ သယ်ဆောင်လာသော ရဟန္တာထေရီ သံဃမိတ္တာ ပထမဆုံးခြေချရာ နေရာအထိမ်းအမှတ် 
( ထိုအကြောင်းကို ပို့စ်သီးသန့် ရေးပါအုံးမည် )

ဆက်ပါအုံးမည် --

No comments:

Post a Comment