Wednesday, February 10, 2010

ဝါသနာ အထုံ ပါလျင်ဖြင့် - -



မြတ်စွာဘုရား  တပည့်တော် မနေနိုင်လို့ လျောက်ထားပါရစေ၊  အရှင်ဘုရား ရဲ့ တရားဟောသံ ဟာ  ပရိသတ် ကို ဖမ်းစားနိုင်ပါတယ်၊ မိန့်တော်မူလိုက်တဲ့  အသံတော် ဟာလဲ ပရိသတ်အပြင်ဘက် ကို ကျော်လွန်သွားရိုး ထုံးစံ မရှိပါဘူး။
အသံတော်ကို နာကြားမိတဲ့ သူတွေ ဟာလဲ  ခန္ဓာကိုယ် အရေ အသားတွေကို ဖောက်ပြီး အတွင်းပိုင်း ရိုးတွင်း ခြင်ဆီ အထိတောင်  စီးမျော ပျော်ဝင်လို့  ပီတိတွေ တဖွားဖွား နဲ့  တသိမ့်သိမ့်  ခံစားရတာကြောင့် တရားတော် အဆုံးမှာ  အတိုင်းအဆ မရှိသော သတ္တ၀ါတွေဟာ သစ္စာကို ထိုးထွင်း သိကြရပါတယ်၊
အခုတော့ ကြည့်ပါအုံး ဘုရား၊  အရှင်ဘုရားကသာ စကြာဝဠာတခုလုံး တုန်လှုပ်သွားလောက်အောင် အားပါးတရ နဲ့  မိုးခြိမ်းသံ  ထစ်ချုန်းလိုက်သလို  တရားဟောနေတာ၊ ဒီဒကာတွေ တရားနာနေကြတာကို ကြည့်ပြီး တပည့်တော်ကတော့ လုံးဝ မကျေနပ်ဘူး၊ မြတ်စွာဘုရား တရားဟောနေတာကိုမှ မထောက်၊

တယောက်က  စိတ်ချလက်ချ အိပ်နေတယ်ဘုရား၊ တစ်ယောက်ကတော့ တရားတော်ကို  နားမထောင်ပဲ မြေကြီးကို လက်ချောင်းနဲ့  ခြစ် ကစားနေတယ်၊ တတိယတယောက်ကတော့  အနားက သစ်ပင်ပေါက်လေးကို လှုပ်ပြီး ဆော့နေတယ်၊  နောက်တယောက်ကျပြန်တော့  တရားမနာပဲ  ကောင်းကင်ကိုပဲ မော့ကြည့်နေတယ်။ ထူးထူးခြားခြား  နောက်ဆုံးတယောက်ပဲ ကောင်းကောင်း တရားနာနေတယ် ဘုရား၊
ဒီဒကာတွေကို အရှင်ဘု၇ားက တန်ခိုးတော်နဲ့  တရားကို ရိုရိုသေသေ လေးလေးစားစား  နာယူအောင် မလုပ်ဘူးလား ဘုရား၊ တပည့်တော်ကတော့ အဲဒီလို နာစေချင်ပါတယ်။
ဟုတ်တယ်လေ၊ ကျွနုပ်က  မြတ်စွာဘုရား တရားဟောနေတာကို ကြည်ညိုလွန်းလို့  တရားနာယူရင်း အနားကနေ ဘုရားရှင်ကိုယ်တော်ကို သပ္ပါယမျှတစေဖို့ ယပ်တောင် နဲ့ ခပ်ပေး ကုသိုလ်ယူနေတာ၊ သူတို့က အလိုက်ကန်းဆိုးမသိ ဖြစ်ပျက်နေကြတာကို ကျွန်ုပ်က မနေနိုင်တော့ လျောက်မိတာပေါ့။

 ဖွားဘက်တော်လဲ ဟုတ် အလုပ်အကြွေးလဲ ဖြစ်ပြန် ချစ်ခင် ရင်းနှီး ကြည်ညိုမှု့တွေပါ ပေါင်းလိုက်တော့  ရင်ထဲရှိတာကို အောင့်အီး မထားနိုင်ဘူး၊  ဒါကြောင့်လဲ အလုပ်အကြွေး တာဝန် ခန့်အပ်စဉ်ကတည်းက  မြတ်ဘုရား ဟောထားတဲ့ တ၇ားတော်မှန်သမျှကို  ကွယ်ရာမှာ ဟောသော်လည်း တပည့်တော် မနာယူရသေးလျင်ဖြင့် ထပ်မံ ဟောပေးတော်မူပါ လို့ အထူးဆုအနေနဲ့  နောင်တော် ဘုရားကို တောင်းခဲ့သေးတာပေါ့။ ဒီအတွက်လဲ ကျွနုပ်ကို ဧတဒဂ် ဘွဲ့ထူးတွေ ငါးခုတောင် ချီးမြှင့် ပေးခဲ့တာ မကျေနပ်နိုင်လောက်အောင်ပါပဲ၊ ဒီလို သံယောဇဉ်တွေ ကြောင့်လဲ ဒီလို စကားမျိုးကို လျောက်ထားဝံ့တာ ဆိုရင် မမှားပါဘူး။

ကျွနုပ် စကားလဲ ဆုံးရော နောင်တော်ဘုရားက  အမေးစကားလေးနဲ့ မိန့်တော်မူတယ်၊
ချစ်သား အာနန္ဒာ -   ဒီဒကာတွေ ကို မသိသေးဘူးလား၊
မသိသေးပါဘုရား၊ တပည့်တော်က  ဘာကို သိရမှာလဲ ဘုရား -
ဟောဒီ ငါဘုရားရှေ့မှာ တ၇ားနာနေကြတဲ့  ဒကာတွေထဲမှာ  ဟောဟို တရားနာရင်း အိပ်ငိုက်နေတဲ့ တယောက်ကို တွေ့တယ် မဟုတ်လား - အဲဒီဒကာက  ဟို အရင်ဘ၀က ဘ၀ပေါင်း ငါးရာ တိတိ မြွေဘ၀ မှာဖြစ်ခဲ့ဖူးတယ်၊ အဲဒီဘ၀မှာ စားလိုက် အိပ်လိုက် ကာမဂုဏ် ခံစားလိုက်တဲ့ နေလာခဲ့တာ အခု လူ့ဘ၀ ရောက်လာတဲ့ အထိ အဲဒီ အိပ်တဲ့ အကျင့် အထုံဝါသနာ ကို မပယ်နိုင်သေးဘူး၊ သူလို လူကိုလဲ ငါဘုရား တ၇ားသံက မတိုးနိုင်သေးဘူးကွယ် -

နောင်တော်ဘုရား - အဲဒီ ဘ၀ငါးရာက ဆက်တိုက်လား ဘုရား -
ဆက်တိုက်ပေါ့ အာနန္ဒာ၊  ဆက်တိုက်  မဟုတ်ပဲ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရိစ္ဆာန်ဖြစ်လိုက် ဘ၀တွေပါ ထပ်ပေါင်းရေတွက်ရရင် ငါဘုရား ရဲ့ သဗ္ဗညုတဥာဏ်တော် နဲ့ တောင် ရေတွက်ဖို့ ခဲယဉ်းလိမ့်မယ်၊ အဲဒီလောက်အထိ ဘ၀တွေက များပြားလှပါတယ်၊
မြေကြီးကို လက်နဲ့ ခြစ်နေတဲ့ ဒုတိယတယောက် ကျတော့ တီကောင်ဘ၀ကို ငါးရာတိတိ ဆက်တိုက် ဖြစ်ခဲ့ဖူးလို့ အခု လဲ ၀ါသနာအထုံကို မပါယ်နိုင်သေးဘူး အာနန္ဒာ၊
သစ်ပင်ပေါက်လေးကို ဆော့နေတဲ့ တယောက်ကတော့ မျောက်ဘ၀မှာ ငါးရာတိတိ ကျက်စားခဲ့တာမို့ သူ့နားထဲကိုလဲ ငါဘုရား တရားသံဟာ မ၀င်နိုင်ဘူး ဖြစ်နေတယ်၊
ဟို မိုးကောင်းကင်ကို မော့နေတဲ့ တယောက်ကတော့  ဘ၀ပေါင်း ငါးရာတိတိ နက္ခတ်ဖတ်ပြီး ရှေ့ဖြစ် နောက်ဖြစ် ပြောပြတတ်တဲ့  ဆရာကြီး ဖြစ်ခဲ့ဖူးတယ်၊  ဒါကြောင့်လဲ အခုထိ မိုးပေါ် မော့ကြည့်တာ အကျင့်ပါနေတယ်၊
နောက်ဆုံး တယောက်ကတော့ သူလဲပဲ  ဘ၀ပေါင်း ငါးရာ မန္တာန်ဖတ် ပုဏ္ဏား၊ ဗေဒင်သုံးပုံတဖက်ကမ်းခတ် တတ်မြောက်ခဲ့ဖူးတယ်၊ အခုလဲ သူက  မန္တာန်ရွတ်သလို  စဉ်းစားခန်း ၀င်ပြီး တ၇ားနာနေတာ၊ သူကတော့ ပါရမီ ရှိတယ် ပြောရမယ်၊
အခု ငါဘုရား  ဟောနေတဲ့ တ၇ားတွေကို ချစ်သား က လွယ်လွယ်ကူကူ နာယူနေနိုင်တယ် လို့များ စိတ်က ထင်နေသလား -
နို့ - ဒါဆို  ခဲခဲ ယဉ်းယဉ်း နာနေရလို့လား ဘုရား -

ချစ်သား အာနန္ဒာ -  သတ္တ၀ါတွေ ဟာ  ငါဘုရားရဲ့ တရားတော်တွေကို  နာယူဖို့ တော်တော် ခဲယဉ်းကြတယ်၊  အကုသိုလ် တရား ဖြစ်ပွားစေနိုင်တဲ့  ပျော်ပွဲ ရွှင်ပွဲ အရက်ဆိုင် စားသောက်ဆိုင် ကစားဝိုင်း စတဲ့  နေရာတွေမှာတော့  ကြိတ်ကြိတ်တိုး စည်ကားနေကြတာ ဘာကြောင့်လဲ သိသလား -
မသိပါဘုရား  ဘာကြောင့်ပါလဲ သိပါရစေ -
သတ္တ၀ါတွေဟာ သံသရာမှာ ကျင်လည်နေသမျှ ကာလပတ်လုံး ဘုရား တရား သံဃာ ဆိုတဲ့ စကားကို  မကြားဖူးခဲ့ကြဘူး၊ ကြားဖို့ရန်လဲ နှစ်ပေါင်း ကမ္ဘာပေါင်းများစွာ  ဘုရားပွင့်တာနဲ့ ဆုံနိုင်ပါမှ ကြားခွင့်ရနိုင်တာ ဆိုတော့  နားစိမ်းနေတယ်၊  ယဉ်ပါးဖို့ အထုံဝါသနာ ပါဖို့တော့ တော်တော်ဝေးပြိပေါ့၊
ဘ၀ ဘ၀တိုင်း မှာ  ဘုရားတရား  သံဃာနဲ့ မစပ်ဆိုင်တဲ့  ကာမဂုဏ်နဲ့ စပ်ဆိုင်တာတွေပဲ ကြားနေခဲ့ကြရတယ်၊ ဒါတွေကပဲ ဘ၀တိုင်းမှာ  အထုံပါနေတယ်၊ ၀ါသနာအနေနဲ့ ပယ်ဖျောက်ဖို့ မလွယ်ကူတော့ဘူး၊

ကျွနုပ်ကလဲ   အဓိက တရားခံကို သိချင်နေသူ ဆိုတော့ ထပ်ပြီး မေးမိပြန်တယ်၊
သတ္တ၀ါတွေ  အခုလို အထုံဝါသနာ ကို မစွန့်လွှတ်နိုင်ရတာ ဘာကြောင့်လဲ ဘုရား - -
 အာနန္ဒာ - လောကမှာ  ရာဂ ဆိုတဲ့  မီးဟာ တော်တော် ဆိုးတယ်၊  ကမ္ဘာဖျက်မယ့် မီးတောင် လောင်စရာ လောင်စာ ကုန်သွားရင် ရပ်သွားတယ်၊ အဲဒီမီးကလဲ တခါတလေ ရှားရှားပါးပါး လောင်တာမျိုးပါ၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ရာဂ  မီးကတော့ အမြဲတမ်း တောက်လောင်နေတဲ့ အတွက်  ကမ္ဘာဖျက်မီးထက် တောင် ဆိုးတဲ့ အတွက် အဆိုးဆုံး မီးလို့ ပြောရမှာပဲ။ အခိုး မထွက်ဘဲ လူ့ စိတ်ကို တမြေ့မြေ့ နှိပ်စက်ပြီး အိပ်မပျော် စားမ၀င်အောင် လုပ်နေတာပဲ မြင်သာနေတယ်၊
ဒေါသ ဆိုတဲ့ အညိုး အာဃာတ ထားမိရင်လဲ တော်တော် ဆိုးတယ်၊
မောဟ နဲ့ တူတဲ့  မသိ နားမလည် လို့ အမိ ခံလိုက်ရတဲ့ ထောင်ချောက်က  ဥပမာနိုင်းလို့ တောင် မရနိုင်ဘူး၊
မြစ်တွေ ချောင်းတွေ ဆိုတာက တခါတလေ ပြည့်လျံတာမျိုး ရှိပေမယ့် တဏှာ ဆိုတဲ့  လိုချင်တဲ့ စိတ်လေး၊  ဟိုဟာ လိုချင်၊ ဒီဟာ လိုချင် တတ်တဲ့ စိတ် ကတော့ အကဲဆုံး အဆိုးဆုံးပဲ၊ 

နောင်တော်ဘုရားက ကျွနုပ်ကို  အပြန်အလှန် မိန့်တော်မူသလိုလိုနဲ့ ဂါထာတပုဒ် ကို ဟောလိုက်တာ ကျွနုပ်တောင် သတိမထားလိုက်မိဘူး၊  တရားတော်က ပြီးနေပြီတဲ့။

ဒါပေမယ့်  ကျွနုပ် ကျေနပ်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့  စောစောက ရိုရိုသေသေ တ၇ားနာနေတဲ့ ဒကာတယောက်တော့ တ၇ားထူး ရသွားလေရဲ့၊  အကယ်၍သာ ကျွုနုပ်က   နောင်တော်ဘုရားကို စကားမစပဲ ဘာသိဘာသာ နေမိခဲ့ရင်   အဲဒီဒကာလေး တရားထူးရပါ့မလား လို့ စဉ်းစားနေမိသေးတယ်။  

ဒီနေရာမှာ ကျွနုပ် သတိပေးချင်တာက  “  ပါပသ္မိံ ရမတိ မနော ‘’  ဆိုတဲ့ အတိုင်း စိတ်ဟာ မကောင်းမှု့မှာ မွေ့လျော် နေကြဖြစ်တာမို့ တရားနာယူခြင်း ဆိုတဲ့  ကုသိုလ်ကို  ခဲခဲယဉ်းယဉ်း ကြိုးစားပါမှ အောင်မြင်နိုင်တယ်၊
အထုံ ၀ါသနာ ပါလာရင်တော့  ကျွနုပ်လဲ  မကယ်နိုင်၊ နောင်တော်ဘုရားလဲ မတတ်နိုင်တာကြောင့်  ဆက်ပြီး မျောလိုက်ကြလေအုံး လို့ပဲ ပြောပါရစေတော့ - -

1 comment:

  1. အလွန်တန်ဖိုးရှိတဲ့ ပိုစ့်တစ်ပုဒ်ပါ ဘုန်းဘုန်းဘုရား။ ဘုရားရှင်ကို အာနန္ဒာကမေးမြန်းထားခြင်းလေးကလည်း သိသင့်သိထိုက်တာလေးများဖြစ်တာကြောင့် ဗဟုသုတ တိုးရပါတယ်။ ပိုစ့်ကိုပြန်လည်ဖတ်နိုင်အောင် ကူးယူသွားပါ တယ်ဘုန်းဘုန်းဘုရား။
    အဆင်ပြေပျော်ရွှင်ပါစေ။ သာသနာ အဓွန့်ရှည်ပါစေ။
    မျှဝေပေးခြင်းအတွက်လည်း သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်။

    ReplyDelete