ဂုဏ၀န္တေ ပဿန္တိ ဇနာ -
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ကြီးမြတ်ပြည့်စုံကြကုန်သော ဂုဏ်ရှိသူ ( အထက်တန်း ရောက်သူ ) တို့ကို ရဟန်း ရှင်လူအပေါင်းတို့သည် အရေးတယူ လေးစား ပူဇော်မြတ်နိုး ကြကုန်၏၊
ငယ်ငယ် သာမဏေဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ ကစ္စည်းသဒ္ဒါကြီးပါဋ္ဌ် ထဲက စာသားလေးပါ၊ သိပ်ပြီးတော့ ထိမိ လေးနက်တဲ့ အဓိပ္ပါယ်တွေ များစွာပါဝင်နေတဲ့ စကားဆိုရင်လဲ မမှားပါဘူး၊ နောက်ထပ်လဲ ( သိပ္ပါ သမံ ဓနံ နတ္ထိ ) ပညာနှင့်တူသော ဥစ္စာ မရှိဘူး။ လို့ ကျမ်းဂန်များမှာ ဆိုထားတာ ရှိပါသေးတယ်။
ဆိုလိုချင်တာက ပူဇော်ထိုက်သူကို ပူဇော်ဖို့အတွက် ရင်ထဲမှာ ၀မ်းသာကြည်နူး မုဒိတာ စိတ်နဲ့ လှိုက်လှိုက်လှဲလှဲ ဖြစ်မိတဲ့ အတွက် ဒီပို့စ်လေးကို ရေးပြီး ပူဇော်မိပါတယ်။ မြန်မာပြည် ပညာရေးရဲ့ အဆင့်မြင့်ဆုံး စာမေးပွဲ အခက်ဆုံး ရက်အရှည်ကြာဆုံး ( အာဂုံစာမေးပွဲ အတွက် တစ်လ တိတိကြာမြင့်ပါတယ် ) ရေးဖြေစာမေးပွဲအတွက် မပါသေးပါဘူး။ အဲဒီလောက် ခက်ခဲတဲ့ ဆိုရမယ့် တိပိဋကဓရ စာမေပွဲကြီးကို ကျင်းပလာခဲ့တာ နှစ်ပေါင်း ၆၂ နှစ် ရှိခဲ့ပါပြီ၊
အားလုံးပေါင်း ပိဋကတ်သုံးပုံကို အာဂုံရော ရေးဖြေပါ အောင်မြင်တော်မူကြတဲ့ ဆရာတော်များကတော့ သမိုင်းကြောင်းအရ ရှားရှားပါးပါး ၁၂ ပါးသာ ရှိခဲ့ပါတယ်။ ယခု နောက်ဆုံး အောင်မြင်တော်မူသော အရှင်အဘိဇာတာဘိဝံသ နှင့်တကွ ရှေးရှေးသော တိပိဋက ဆရာတော်များကို ဂုဏ်ပြုပူဇော်သောအားဖြင့် အခြားသော ရဟန်းရှင်လူများလဲ သိရှိနားလည် ကြည်ညိုစေချင်လို့ပါ။
ကမ္ဘာ့ မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် အင်္ဂလန် နိုင်ငံက ၁၉၈၅ ခုနှစ်ထုတ် ဂရင်းနစ် မှတ်တမ်းစာအုပ် စာမျက်နှာ ၁၆ မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်း အတင်ခံရတဲ့ သုတဗုဒ္ဓ ဘဒ္ဒန္တ၀ိစိတ္တသာရာ ဘိဝံသ မှာ အစဦးဆုံး တိပိဋကဓရ ဆရာတော်ကြီး အဖြစ်မြန်မာမှာမက ကမ္ဘာ့နိုင်ငံတွေကပါ အသိအမှတ်ပြုထားခံရဆဲပါ။
၁။ ကမ္ဘာ့ မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုပုံစံလဲ ?
၂။သူ့ရုပ်ရည် နဲ့ ဦးခေါင်းတော်က ဘယ်လိုပုံစံဖြစ်မလဲ ?
၃။ဘယ်လို နေထိုင်သီတင်း သုံးပြီး ဘ၀ကို ဖြတ်သန်းခဲ့သလဲ ?
စတဲ့ သိလိုသော စူးစမ်းလိုသော ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်းစုံက နိုင်ငံခြားသားများစွာဟာ မှတ်တမ်းစာအုပ်ကို ဖတ်မိပြီး မင်းကွန်းဒေသအထိ ကုန်းကြောင်း နဲ့ တမျိုး ရေကြောင်း မော်တော်နဲ့တဖုံ အရောက်သွားလေ့လာခဲ့ကြတဲ့ အဖွဲ့ပေါင်းများစွာ ကို စာရေးသူကိုယ်တိုင် အင်တာဗျူးအနေနဲ့ ခဏခဏ မေးမြန်းဘူးပါတယ်၊
ဒီကို ဘာကြောင့် လာကြတာလဲ ဆိုတော့ အထက်ကအတိုင်း စိတ်ဝင်စားလို့ စူးစမ်းလိုလို့ ယနေ့ အချိန်အထိလည်း သွားလာနေကြဆဲပဲဖြစ်ပါတယ်။ မင်းကွန်းဒေသက ဆရာတော်ကြီးရဲ့ အထိမ်းအမှတ်ပြတိုက်မှာလဲ ယနေ့အချိန်အထိ မှတ်တမ်းမှတ်ရာတွေ ရှိနေခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့အား အစဉ်ထာဝရ ဦးညွတ်လျက် ပြည့်စုံတဲ့ ထေရုပ္ပတ္တိ တစ်စောင်ကို အောက်မှာ သက်သက် ပို့စ်တပုဒ်အဖြစ် ဖော်ပြလိုက်ပါတယ်။
နှစ်ပေါင်း ၆၀ ကျော်အတွင်း ပေါ်ထွက်လာသော
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၂ ပါး -
၁။ မင်းကွန်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ ( ပျံလွန် )
၂။ ဘဒ္ဒန္တ နေမိန္ဒ ( ပခုက္ကူ ဆရာတော်) ( ပျံလွန် )
၃။ ဘဒ္ဒန္တ ကောသလ္လ ( ပြည်ဆရာတော် ) ( ပျံလွန် )
၎။ ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ ( ပျံလွန် ) တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ၊
၅။ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ( ယော ဆရာတော် ဗဟန်း ၀ိသုဒ္ဓါရုံကျောင်းတိုက် )
၆။ ဘဒ္ဒန္တ ၀ါယမိန္ဒာ ဘိဝံသ ( ရေစကြို ဆရာတော် မင်းကွန်း) တိပိဋက ဂန္တ၀င်ကျောင်းတိုက် ( လက်ရှိ )
၇။ ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ ( မော်လမြိုင်ကျွန်း ဆရာတော် မင်းကွန်း )
၈။ ဘဒ္ဒန္တ ၀ံသပါလာ လင်္ကာရ ( မြင်းမူ ဆရာတော် မင်းကွန်း )
၉။ ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရ ( မြင်းခြံ ဆရာတော် မင်းကွန်း )
၁၀။ ဘဒ္ဒန္တ သုန္ဒရ ( စွန်းလွန်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ရန်ကုန် )
၁၁။ဘဒ္ဒန္တ္က ဣန္ဒပါလ ( ရမ္မာဝတီ ဆရာတော် မင်းကွန်း )
၁၂။ ဘဒ္ဒန္တ အဘိဇာတာ ဘိဝံသ ( မဟာသုဗောဓာရုံ ကျောင်းတိုက် စစ်ကိုင်း )
၁၂ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်အဘိဇာတာ ဘိဝံသ ပုံတော်
စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ တိုက်ကြပ်(ဒုတိယ) ဆရာတော် အရှင် အဘိဇာတာလင်္ကာရာဘိဝံသသည် (၆၂)ကြိမ်မြောက် တိပိဋက ရွေးချယ်ပွဲ စာမေးပွဲတွင် (၁၂)ပါးမြောက် 'တိပိဋကဓရတိပိဋကကောဝိဒ' ဘွဲ့တံဆိပ်တော်ကို အောင်မြင်တော် မူခဲ့ပြီဖြစ်သည်။ ဆရာတော် အရှင်အဘိဇာတာ၏ ထူးခြားချက်မှာ မင်းကွန်းဆရာတော်နှင့် ယောဆရာတော်တို့ ရရှိသည့် သက်တော် (၄၂)နှစ်တွင် ပိဋကတ်(၃)ပုံ အာဂုံဆောင်နိုင်တော်မူခဲ့ခြင်း ဖြစ်လေသည်။
ဖွားရာ ဇာတိ =
ဆရာတော် ကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ (၂၉၊၉၊၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့ခြင်း ဖြစ်သည်။ မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်သည်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္ဈာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။
၎င်းနှစ် (၁၄၊၁၂၊၁၉၇၉) ရက်တွင် ဦးလေးတော်၊ နောင်တော်များရှိရာ စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံ ကျောင်းတိုက်သို့ပညာရင်နို့သောက်စို့ရန် ရောက်ရှိခဲ့သည်။ ရှင်သာမဏေဘဝတွင် ဦးလေးတော်၊ နောင်တော်တို့၏ အနီးကပ် ကြပ်မတ်ပဲ့ပြင်မှုဖြင့် သင်ကြားခဲ့ရာ 'သာသနာလင်္ကာရ သာမဏေကျော်' ဘွဲ့နှင့် 'သာသန ဓဇဓမ္မာစရိယ' ဘွဲ့တော်တို့ကို ရှင်သာမဏေ ဘဝမှာပင် ရရှိခဲ့သည်။
ဆရာတော်သည်( ၄၊ ၁၊ ၁၉၈၈ )ရက်တွင် ဝက် လက်မြို့၊ ကြံ့ခိုင်ရပ်၊ ဦးသန်းထွန်း +ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို့၊ သီရိရပ်၊ ဓမ္မာရုံကျောင်း၊ သာသနဝိလာသိနီသိမ်တော်တွင် မြင့်မြတ်သော ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ နောင်တွင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဖြစ်လာမည့် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက် ပဓာနာယက ဆရာတော် ဖြစ်သည်။ နောင်တွင် ကုသိုလ်ရှင် (၃၂)ဦးတို့က သိက္ခာထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။
ဆရာတော်သည် တစ်ဖက်တွင်ကျောင်းတိုက် အတွက် စာပေပို့ချမှု၊ အုပ်ချုပ်မှုတာဝန်များကို အထက်မထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိအတွက် အထက်တန်းပိဋကစာပေများကို လေ့လာဆည်းပူးကာ မြန်မာပြည်အရပ်ရပ်ရှိ စာပြန်ပွဲ၊ စာမေးပွဲများ၌ တတ်စွမ်းသမျှ ဝင်ရောက်ပြန်ဆို ဖြေဆိုခဲ့ရာ ယခု(၁၃၇၁)ခုနှစ် အထိ စာပြန်ပွဲ၊ စာမေးပွဲပေါင်း (၅ဝ)ကျော် (၆ဝ)ခန့်ကို ပြန်ဖြေဆို အောင်မြင်ခဲ့သည်။ ဓမ္မာစရိယ (၉)ဘွဲ့၊ ပါဠိပါရဂူဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၄)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၃)ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။
ဆရာတော်၏ စာပေကျေးဇူးရှင်များ
(၁)ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာ ကျောင်းဆရာတော်၊ (၂)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အာရာမသမုဋ္ဌာပက ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် နိကာယ ဥပက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဆရာတော်၊ (၃)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်(ဒုတိယ) ပဓာနနာယက၊
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ပါမောက္ခချုပ် ၊အဘိဓမ္မာမဟာသိပ္ပံပါမောက္ခချုပ်၊ စစ်ကိုင်းမြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ၊ (၄)မတ္တရာမြို့၊ သာသနဇောတာရုံ ကျောင်းတိုက် နာယကဆရာတော်၊ (၅) သုဗောဓက ဂဏဝါစကများ ဖြစ်ကြသော အရှင်အဓိဝါသ၊ အရှင်ဓိနောရသ၊ အရှင်ပိဏ္ဍောလာဘိဝံသ၊ (၆) ဦးလေး တော်နောင်ချိုမြို့၊ ကတီပင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊ (၇)နောင်တော်-မန္တလေးမြို့၊ ဓမ္မမာနိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊ (၈)ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။
ဆရာတော်၏ ထူးခြားချက်တစ်ခုမှာ နောင်တော် ဘဒ္ဒန္တမာနိတာဘိဝံသနှင့် ညီတော် ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ ( သစသအ ) ဓမ္မာစရိယတို့နှင့် အတူ ညီအစ်ကို (၃)ဦးစလုံး သာသနာလင်္ကာရ ဘွဲ့ကို သာမဏေဘဝတွင် ရရှိခဲ့သူဖြစ်သည်။
( သ စ သ အ အဓိပ္ပါယ် )
အဘိဝံသ စာမေးပွဲအတွက် ကျင်းပသော
၁။ မန္တလေးမြို့ သကျသီဟ ဓမ္မာစရိယ၊
၂။ ရန်ကုန်မြို့ စေတိယင်္ဂဏ ဓမ္မာစရိယ၊
၃။ မြင်းခြံမြို့ သဒ္ဓမ္မပါလ ဓမ္မာစရိယ၊
၎။ နိုင်ငံတော်အစိုးရ ဓမ္မာစရိယ၊
တို့ဖြစ်ကြပါသည်။
ဆရာတော်သည် ရဟန်းဖြစ်သည့် နှစ်မှစ၍ ယနေ့တိုင်အောင် နှစ်ရှည်လများသော တုဇနတို့အား စာဝါများ ပို့ချခဲ့သည်။ ကျေးဇူးရှင်(ပထမ) ပဓာနနာယက ဆရာတော်ကြီး၏ တွဲဖက်ဒုတိယတိုက်ကြပ်အဖြစ် (၁၉၈၈)ခုနှစ်၊ ဒုတိယတိုက်ကြပ် အဖြစ်(၂ဝဝ၇)ခုနှစ်တွင် တာဝန်ပေးချီးမြှောက်မှုကို ခံယူခဲ့ရသည်။
ထို့အပြင် ဆရာတော်ကြီး၏ အမိန့်အရ သောတုဇနငယ်များ လေ့လာရန် (၁)သုဗောဓက အင်္ဂုတ္တရနီတိ (ပထမအဆင့်)၊ (၂)သုဗောဓကဓမ္မပဒနီတိ(ပထမဆင့်)၊ (၃) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလပထမအဆင့်)၊ (၄) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလဒုတိယအဆင့်)၊ (၅) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး ( မူလတတိယအဆင့် ) ကျမ်းစာငယ်တို့ကို ပြန်လည်စုစည်းဖော်ထုတ်ရေးသား ခဲ့သည်။ ဓမ္မဒါနပြုခဲ့သည်။
ဆရာတော်၏ စာရေးဆရာ ကလောင်အမည်များမှာ မေ့သားလှ(အောင်မြေ)နှင့် ဓမ္မာစရိယဓမ္မအောင်စည်တို့ ဖြင့်လည်း သာသနာပြု ကဗျာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။
ယခုအခါ ဆရာတော် အသျှင်အဘိဇာတာဘိဝံသသည် မိခင်တိုက်တာရင်း စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်မှာပင် ဒုတိယတိုက်ကြပ် တာဝန်ကို ထမ်းဆောင်လျှက် တစ်ဖက်က စာပေများကို ပို့ချရင်း မပြီးဆုံးသေးသော သာသနာခရီးကို ဆက်လက် လျှောက်လှမ်းလျက် ရှိနေပေသည်။ ဆရာတော်သည် ဆက်လက်၍ ဖြေသင့် ဖြေထိုက်သော စာမေးပွဲများကို ဆက်လက် ဖြေဆိုသွားမည်ဟု မိန့်တော်မူခဲ့သည်။
မူရင်း ပို့စ်ကို ပြန်လည် ဖြည့်စွက် ရေးဖွဲ့ပါသည်။
မသိသေးတဲ့ဆရာတော်ဘုရားရဲ့အကြောင်းက
ReplyDeleteိုဖေါ်ပြပေးတဲ့အတွက်တန်ဖိုးရှိလှပါတယ်ဘုရား..။ အရှင်ဘုရားကျန်းမာပါစေ..
တပည့်တော်
သဒ္ဓါ