မိဖုရားစောလုံနှင့် စိပ်ပုတီး
သို့ရာတွင် စာရေးသူ လက်မှမ်းမီသလောက် လေ့လာကြည့်ရာပုဂံခေတ်၊ သက္ကရာဇ် (၆၁၇) ခုနှစ်တွင် နန်းတက်သော နရသီဟပတေ့မင်း ( မင်းခွေးချေး ) လက်ထက်တွင် မြန်မာဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို ဘာသာရေးအသုံးအဆောင်အဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်း တွေ့ရှိရ၏။ အတန်ငယ်ချဲ့၍ ဆိုဦးအံ့။
ပုဂံပြည် နရသီဟပတေ့မင်းကား အစားအသောက်ကြူးရုံမက အပျော်အပါးလည်း ကြူး၏။ နွေလရောက်သည့်အခါ ရေဖျန်းကစားလေ့ရှိ၏။ ထိုအခါတွင် နန်းတော်မှ မြစ်ဆိပ်အထိ အရိပ်ကြီးစွာဆောက်လုပ်ပြီးလျှင် လူမမြင်ရအောင် ကာရံပြီးမှ မြစ်ဆိပ်တွင်လည်း မင်းတဲလုံခြုံစွာဆောက်၍ မိဖုရားမောင်းမမိဿံတို့နှင့် တဲတန်းဥမင်ဖြင့် ကြွတော်မူကာ ရေကစားတော်မူလေ့ရှိ၏။ ရေကစားသည့်နေ့တနေ့တွင် မောင်မငယ်တယောက်အား မိဖုရားစောလုံကို မျက်စိ မျက်နှာ ဦးဆံတို့ကိုပါ ရွှဲရွှဲစိုအောင် မင်းကြီးက ရေပက်ခိုင်း၏။
ထိုအခါ မိဖုရားစောလုံသည် ကျီစယ်သည်ကို သည်းမခံနိုင်ဘဲ အရှက်ကြီးရှက်၍ အမျက်ကြီးကာ ဘုရင်ကြီးအပေါ်တွင် စိတ်အနာကြီး နာသွားခဲ့သည်။ ထို့ကြောင့် မင်းကြီး၏စားတော်၌ ဆေးထည့်ပြီး မိဖုရားငယ် ရှင်မောက်အား စောမောက်-ငါ နေမကောင်း၊ ငါ့ကိုယ်စား မင်းကြီးကို စားတော်ဆက်ပါချေ-ဟု စားတော်ဆက်ခိုင်း၏။
မင်းကြီးသည် စားတော်ခေါ်အံ့ဆဲဆဲတွင် အောက်က ခွေးချေ၍ စားတော်မခေါ်သေးဘဲ ခွေးကိုကျွေး၏။ ခွေးလည်း စားသောခဏ၌ သေသွား၏။ မင်းကြီးသည် ရှင်မောက်ကိုမေးစစ်တော်မူရာ မိဖုရားစောလုံက သူနေမကောင်း ဖြစ်နေ၍ သူ့ကိုယ်စား စားတော်ဆက်ပါ-ဟု စေခိုင်း၍ စားတော်ဆက်ရကြောင်း လျှောက်တင်၏။
မင်းကြီးသည် စောလုံကို ခေါ်တော်မူ၍ စစ်မေးတော်မူရာ မိဖုရားစောလုံက
ဟဲ့-ပန်းပွတ်သည် မြေး၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကို နင်သူကောင်းပြုလျှင် ဤသို့ မိဖုရားအဖြစ်ရောက်ပြီးမှ ငါ့အား အများတကာရှေ့တွင် တကိုယ်လုံး ရွှဲရွှဲစိုအောင် မောင်းမငယ်ကို ရေနှင့်ပက်ခိုင်းတဲ့အတွက် နင့်ကို ငါမုန်း၍ သတ်သည်- - - - ဟု မကွယ်မထောင့် ဖြောင့်ဖြောင့်ပင် သံတော်ဦးတင်လိုက်သတဲ့။
ထိုအခါ မင်းကြီးသည် ပန်းပဲတထောင်ကို ခေါ်တော်မူ၍ သံကျပ်စင်ပြုလုပ်ကာ မိဖုရားစောလုံကို သံကျပ်တင်လေ-ဟု အမိန့်ချမှတ်လိုက်သည်။ မိဖုရားစောလုံသည် မင်းကြီး၏အမိန့်ကို သိရှိရသည့်အခါ သူသတ်တို့ကို တံစိုးလက်ဆောင် ရွှေငွေများစွာပေး၍ ခုရက်ကြာအောင် သံကျပ်စင်ကို လုပ်စေသည်။ သံကျပ်စင်လုပ်နေသည့် ခုရက်တွင် နေ့ညပတ်လုံး သီတင်းသီလဆောက်တည်၍ အဘိဓမ္မာတရားတော်ကို နာသည်။ ဣတိပိ သော ဘဂ၀ါ၊ သွက္ခာတော၊ သုပ္ပဋိပန္နော အစရှိသော ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များကို အောက်မေ့လျက် ပုတီးစိပ်သည်။
ခုရက်စေ့၍ သံကျပ်စင်ကြီး ပြီးစီးသည့်အခါ သူသတ်သမားတို့က လျောက်ပတ်ခြေငံသောစကားဖြင့် အရှင်မြောက်သားတော်-အမျက်တော်ကြီးလှသည်၊ လာတော်မူလော့-ဟု ခေါ်ကြ၏။ ထိုအခါ မိဖုရားစောလုံသည် ရတနာသုံးပါးဂုဏ်ကို အောက်မေ့လျက် ပုတီးစိပ်ကာ ရဲရဲတောက်လောင်နေသည့် သံကျပ်စင်ထက်သို့ တက်သည်။
မိဖုရားစောလုံ သံကျပ်စင်ပေါ်ရောက်သည်နှင့် တပြိုင်နက် ရဲရဲညီးညီးတောက်လောင်နေသည့် မီးကြီးသည် ရုတ်ချည်းငြိမ်း၍ သွားလေ၏။
ဤကဲ့သို့ ရတနာသုံပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အာရုံပြုကာ ပုတီးစိပ် ပွားများနေသည့်အတွက် သုံးကြိမ်သုံးခါ မီးများငြိမ်းပြီးသည့်အခါမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်ပါစေ၊ ငါတောင်းသည့်ဆုအတိုင်း ပြည်ပါစေ-ဟု အဓိဋ္ဌာန်ပြုလိုက်မှ မီးလောင်ကျွမ်းကာ သေဆုံးသွားရသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ လာရှိသည်။
ရှေးမြန်မာကြီးများနှင့် စိပ်ပုတီး
ဤမိဖုရားစောလုံ၏ အဖြစ်အပျက်ကိုကြည့်လျှင် စိပ်ပုတီးကို ပုဂံခေတ်ကပင် မြန်မာဗုဒ္ဓဘာသာတို့ ဘာသာရေးအသုံးအဆောင် ပစ္စည်းတခုအဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်းနှင့် စိပ်ပုတီးနှင့် ပွားများသော ဗုဒ္ဓါနုဿတိဘာဝနာ စသည်တို့သည် အလွန်အကျိုးရှိ တန်ခိုးရှိကြောင်း တွေ့ရ၏။
ရှေးထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာကြီးတို့သည် တန္တရ မန္တရ ဂိုဏ်းတို့နည်းကို အတုယူပြီး မိမိတို့ ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများကြသည့်နေရာမှာ ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်လည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်ဟု ယုံကြည်ရသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များကို ပွားများရာ၌သာ မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာယာဉ်သုံးပါးကို ဆင်ခြင်သည့်အခါတို့မှာ စိပ်ပုတီးကို တိုးချဲ့အသုံးပြုခဲ့ကြသည်။
အင်းဝခေတ်ဦးပိုင်းတွင် စစ်ကိုင်းတောင် ပုညရှင်စေတီအနီးတွင် ရေငုံဘုန်းတော်ကြီးခေါ် ဆရာတော်တပါးရှိ၏။ ကျမ်းဂန်တတ်၍ တရားဘာဝနာ စီးဖြန်းနေကာ တနေ့ စာသုံးဝါ ပို့ချအပြီးတွင် စကားပြောမိမည်စိုး၍ ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟု ခေါ်သည်။ ထိုဘုန်းတော်ကြီးသည် သံဃာ့ပရိသတ်တခု၌ ပုတီးစိပ်မှုနှင့်စပ်၍ သံဃာ့မထေရ်ကြီးများ အချင်းချင်းစကားလက်ဆုံကျနေ
ကြရာ တနေ့လျှင် ပုတီးအပတ် တထောင်ရတယ်၊ တသောင်းရတယ်၊ စသည်ဖြင့် ပြောနေကြသည်ကို ကြားသိရ၍ တို့များ အသက်ရှစ်ဆယ်ကျော်ပါပြီ။ တသက်လုံး စိပ်လာတာ အခုမှ ပုတီး-လေးလုံးပဲ ရသေးတယ်။ ဟု မိန့်တော်မူသတဲ့။
ဗုဒ္ဓါနုသတိ၊ မေတ္တာ၊ အသုဘနှင့် မရဏာနုဿတိ ခေါ် စတုရာရက္ခ ( အစောင့်တရား ) လေးပါးကို ပွားများနေကြောင်း ဆိုလိုဟန်ရှိ၏။ ဤသို့ အင်းဝခေတ်၌လည်း စိပ်ပုတီးကို အသုံးပြုလျက် ရှိနေကြပေသည်။
ဂါထာမန္တန်စသည့် လောကီပညာရပ်များ ထွန်းကားခဲ့သည့် ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်၌လည်း ညောင်ရမ်းမင်းတရားကြီးသည် လောကီပညာအရာ ကျော်ကြားတော်မူသော ဗားမဲ့ဆရာတော်ကြီးကို ကိုးကွယ်သကဲ့သို့ ရမည်းသင်းမင်းကလည်း ရေနဲနတ်စက်ရောင် ဆရာတော်ကို ကိုးကွယ်ခဲ့ကြ၏။
ထိုခေတ်တွင် ဂါထာမန္တန်များ ခေတ်စားနေသည့်အတွက် ဂါထာမန္တန်များကို (၃၇)အုပ် ရွတ်မှု၊ အကြိမ် (၁၀၀၀) ရွတ်ဆိုမှုများ ရှိခဲ့ရာ ထိုရွတ်ဆိုမှုများ၌လည်း အရေအတွက်သိအောင် စိပ်ပုတီးကိုပင် အသုံးပြုခဲ့ကြဟန် ရှိပေသည်။ ကုန်းဘောင်ခေတ်မတိုင်မှီတွင် စိန္တကျော်သူ ပြုစုခဲ့သည့် က၀ိလက္ခဏသတ်ပုံကျမ်း-၌လည်း ပုတီးလည်းစိပ်၊ မာန်ကိုနှိပ်၊ သိပ်သိပ်သည်းသည်းပင်-ဟု စပ်ဆိုခဲ့သည်ကိုလည်းကောင်း၊
ဘိုးတော်မင်းတရား လက်ထက်တွင် တွင်းသင်းမင်းကြီး စပ်ဆိုခဲ့သည့် မဟာဇနကပျို့တွင်= ဆယ်စုံကမ္မ၊ ပထမြောက်မြား၊ ဘိညာဉ်ငါးနှင့်၊ ရှစ်ပါးသမာပတ်၊ မလွတ်ရမှု၊ လုလ္လပြု၍၊ ဂရုကတ၊ နေ့ညသိပ်သိပ်၊ ပုတီးစိပ်သို့၊ နှိပ်နှိပ်ကွပ်ကွပ်၊ သတိကြပ်လျက်--- ဟု ဆိုခဲ့သည်ကိုလည်းကောင်း ထောက်ဆပါက ထိုညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့၌လည်း စိပ်ပုတီးအသုံး တွင်ကျယ်နေကြောင်း သိရှိရပေသည်။
နောက်ပိုင်းတွင် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာတို့ အများသုံး လက်စွဲပစ္စည်းအထိ အသုံးတွင်ကျယ်လာခဲ့ပေသည်။ ကျောင်းသို့ ဥပုသ်စောင့်သွားကြသည့်အခါ လူတိုင်းမှာပင် စိပ်ပုတီးပါကြသည်။ အယုတ်ဆုံးအားဖြင့် ရှင်ပြုသည့်အခါ၌ပင် ပရိက္ခရာ ရှစ်ပါးတွင် စိပ်ပုတီးမပါသော်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို သုံးဆောင်သည့်အခါ ရှင်သာမဏေတို့ ပဋိသင်္ခါ ယောနိသော စသည်ဖြင့် ဆင်ခြင်ရာတွင် စိပ်ပုတီးဖြင့် ဆင်ခြင်ရန် စိပ်ပုတီးကိုပါ သပိတ်ထဲထည့်ပေးကြရ၏။
သာသနာတော်တွင် ထိုပဋိသင်္ခါ ယောနိသော လေးပုဒ်ကို ပုတီးစိပ် ၄-ပုဒ်ဟု သုံးစွဲနေကြသည်အထိ တွင်ကျယ်လျက် ရှိနေပေသည်။ ၀ိပဿနာတရား ပြန့်ပွားလာသော ယခုအချိန်၌မူ စိပ်ပုတီးကိုင်သူ လူကြီးများ လျော့ပါးသွားပြီး လူငယ် လူလတ်ပိုင်းတို့သာ ပုတီးအကိုင်များသည်ကို တွေ့ရပေသည်။
အခြားဘာသာပိုင် စိပ်ပုတီးကို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သုံးစွဲသင့်၊ မသုံးစွဲသင့်ကို ဝေဖန်စိစစ်သောအားဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါမည်။ ရှင်တော်ဗုဒ္ဓသည် ကေသမုတ္တိခေါ် ကာလာမသုတ်၌ မည်သည့်အယူဝါဒ၊ မည်သည့်တရားကို မဆို တဆင့်စကား ကြားရုံမျှဖြင့် ၀ါ-အစဉ်အဆက် ကျင့်သုံးလာကာမျှဖြင့် လက်မခံလင့်ဦး။ ဒီတရားသည် အကုသိုလ်ဖြစ်သလား၊ အပြစ်ရှိသလား၊ ပညာရှိတို့ ကဲ့ရဲ့ထိုက်သလား၊ ပြုကျင့်လျှင် အစီးအပွားမဲ့၊ ဆင်းရဲးဒုက္ခဖြစ်သလား-ဟု စိစစ်ရမည်။ ဒီအတိုင်းဖြစ်လျှင် ဒီတရားကို ပယ်စွန့်ရမည်။ သို့မဟုတ် ဒီတရားသည် ကုသိုလ်ဖြစ်သလား၊ အပြစ်ကင်းသလား၊ ပညာရှိတို့ ချီးကျူးသလား၊ ပြုကျင့်လျှင် ချမ်းသာစီးပွားဖြစ်သလား-ဟု စိစစ်ရမည်။ ဒီအတိုင်းဖြစ်လျှင် ဒီတရားအတိုင်း ကျင့်သုံးရမည်ဟု လမ်းညွှန်ဟောကြားထား၏။
စိပ်ပုတီးကို သုံးစွဲကောင်းသလား
ထိုလမ်းညွှန်ချက်အတိုင်း စိပ်ပုတီးသုံးစွဲမှုကို စိစစ်လျှင် စိပ်ပုတီးသုံးစွဲခြင်းသည် ကုသိုလ်ဖြစ်သည်။ အပြစ်ကင်းသည်။ ပညာရှိတို့ ချီးကျူးသည်။ ချမ်းသာစီးပွားဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို သုံးစွဲကောင်းပါသည်။
အကြောင်းအမျိုးမျိုးကြောင့် တရားရိပ်သာသို့ မ၀င်နိုင်သေးသူများအဖို့ အိမ်၊ ဓမ္မာရုံ၊ ဘုရားကျောင်း၊ ဥပုသ်ဇရပ် စသည်တို့၌ ဗုဒ္ဓနုဿတိစသော အနုဿတိဘာဝနာ၊ မေတ္တာဘာဝနာ စသည်တို့ကို စိပ်ပုတီးဖြင့် ပွားများအားထုတ်လျှင် အချိန်ကို အချည်းနှီးကုန်လွန်စေမည့်အစား ကုသိုလ်များစွာ ရပါသည်။ စိတ်တည်ကြည်မှု သမာဓိလည်း ရသင့်သလောက် ရပါသည်။ သို့ရာတွင် မိဖုရားစောလုံကို အားကျပြီး စိပ်ပုတီးကိုချည်း စိပ်မနေသင့်ပါ။ ယခုလို ၀ိပဿနာတရားများ ပြန့်ပွားနေချိန်တွင် ပုတီးလွတ်ကာ ၀ိပဿနာစခန်းသို့ တက်လှမ်းသင့်ကြပါသတည်း။
ဓမ္မာစရိယ ဦးအေးနိုင်( ဘီ-အေ )
မူရင်း ကို ဒီနေရာက ယူပါသည်။ ။
No comments:
Post a Comment