Friday, February 12, 2010
ဗုဒ္ဓဘာသာ နှင့် စိတ်ပုတီး
ယခုအခါ မြန်မာဗုဒ္ဓဘာသာဝင်အများစုတို့ အသုံးပြုလျက်ရှိကြသော စိပ်ပုတီး-ကား ထေရ၀ါဒဗုဒ္ဓဘာသာတို့၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်း မဟုတ်ပါချေ။ အမှန်ဆိုရသော် ထေရ၀ါဒဗုဒ္ဓဘာသာ၌ ကျင့်စဉ်တရားများအနေဖြင့် ဒါနကျင့်စဉ်၊ သီလကျင့်စဉ်၊ သမထဘာဝနာ (သမာဓိ)ကျင့်စဉ်၊ ၀ိပဿနာဘာဝနာ (ပညာ)ကျင့်စဉ် ဟူ၍ ကျင့်စဉ်ကြီးလေးရပ်ရှိ၏။ ထိုကျင့်စဉ်များတွင် ဒါနကျင့်စဉ် သီလကျင့်စဉ်တို့၌ စိပ်ပုတီးကို မလိုကြောင်းထင်ရှားသိသာပါ၏။
သမထဘာဝနာကား သမာဓိအားကောင်းအောင် ထူထောင်ရသော ကျင့်စဉ်ဖြစ်၏။ သမာဓိအားကောင်းမှ ကျင့်စဉ်၏ အကျိုးဖြစ်သော ဈာန်၊ အဘိညာဉ်တို့ကို ရနိုင်၏။ စိပ်ပုတီးကား ဈာန်၊ အဘိညာဉ်ရလောက်သည့် သမာဓိ၏ အဟန့်အတား အနှောက်အယှက်ဖြစ်၍ သမထဘာဝနာအကျင့်၌လည်း စိပ်ပုတီးအသုံးမ၀င်ချေ။ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်သော ၀ိပဿနာဘာဝနာအကျင့်ကား ရုပ် နာမ် တရားတို့၏ မမြဲပုံ ဆင်းရဲပုံ အတ္တမဟုတ်ပုံတို့ကို အမြဲမပြတ် တရစပ် ရှုမှတ်ပွားများ အားထုတ်ရသော ပညာကျင့်စဉ်ဖြစ်၍ စိပ်ပုတီးသည် ပို၍အနှောက်အယှက်ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် ဘုရားရှင်၏ တပည့်သာဝကတွေမှာ စိပ်ပုတီးရှိကြောင်း၊ စိပ်ပုတီးကို သုံးစွဲလေ့ရှိကြောင်း ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်လုံး၌ အရိပ်အမြွက်မျှ မတွေ့ရခြင်းဖြစ်သည်။ အယုတ်ဆုံးအားဖြင့် ပိဋကတ်၌ စိပ်ပုတီးဟော ပါဠိဝေါဟာရပင် မရှိသည်ကို တွေ့ရ၏။
သို့ဖြစ်၍ = သုံးလူ့များထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်း-
ဆိုသည့် ကျည်းကန်ကိုရင်ကြီး အမေးကို ရွှေတောင်မြို့ ဇိနတ္ထပကာသနီ ကျမ်းပြု ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက ပုတီးရှိကြောင်းကို ကျမ်းဂန်၌ မတွေ့ရဘူးချေ။ အကယ်၍ ပုတီးဆောင်တော်မူသည်ဖြစ်အံ့ ထိုပုတီးကို မည်သည့်ဒါယကာ လှူသည်၊ မည်သို့သုံးဆောင်တော်မူသည်၊ မည်မျှလောက် အကျိုးရှိသည်၊ မည်သည့်ရဟန်း အမွေခံရသည်-ဟု ကျမ်းဂန်လာရာ၏။ ယင်းသို့မလာသောကြောင့် ဘုရားမှာ ပုတီးမရှိဟူ၍ သိသင့်သည်-ဟု ဖြေဆိုထားသည်ကို စွယ်စုံကျော်ထင်ကျမ်း၌ တွေ့ရသည်။
(တန္တရ မန္တရဂိုဏ်းတို့၏ အသုံးအဆောင်ပစ္စည်း)
မှန်ပါသည်။ မြတ်စွာဘုရား၏ သာသနာတော်သို့ ၀င်သည့်အခါ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ အသုံးပြုဖို့ သာသနာ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပရိက္ခရာ ရှစ်ပါးကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့၏။ ထို ၈-ပါးမှာ သပိတ်, သင်းပိုင်, ဧကသီ, ဒုကုဋ် ( နှစ်ထပ်သင်္ကန်းကြီး ) , ခါးပန်းကြိုး, သင်တုန်းဓား, အပ်, ရေစစ်-တို့ ဖြစ်သည်။ ဤသာသနာ့အသုံးအဆောင်ပစ္စည်း ပရိက္ခရာ ၈-ပါးထဲမှာ စိပ်ပုတီးမပါသည့်အတွက် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်းတခုမဟုတ်ကြောင်း ထင်ရှားသိသာပေသည်။
အမှန်ဆိုရသော် စိပ်ပုတီးသည် ဟိန္ဒူဗြဟ္မဏဘာသာမှ တန္တရ မန္တရ ဂိုဏ်းသားတို့၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းဖြစ်၏။ ဂါထာမန္တရားတွေကို မန်းမှုတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ်သည့်အခါ အခေါက်ရေကို တိတိကျကျသိရအောင် သူတို့စိပ်ပုတီးကို အသုံးပြုကြခြင်းဖြစ်သည်။
( စိပ်-ရွတ်ဆိုမန်းမှုတ်သည့်၊ ပုတီး-ပုတီး) မဟာယာနဗုဒ္ဓဘာသာမှာလည်း တန္တရ မန္တရဂိုဏ်းများ ရှိ၏။
( မြန်မာသာသနာဝင်နှင့် တန္တရ မန္တရဂိုဏ်း )
မြန်မာသာသနာဝင်ကို ကြည့်လျှင် ပျူတို့၏ သရေခေတ္တရာတွင်မူ ထေရ၀ါဒက အားကောင်းနေသော်လည်း မဟာယာန၀ါဒကလည်း ရှိနေပြီဖြစ်၏။ ထို့ပြင် ဗိဿနိုးကိုးကွယ်သည့် ဗြဟ္မဏ၀ါဒနှင့် ရိုးရာကိုးကွယ်ယုံကြည်မှုများ၊ ဗေဒင်နှင့် ( ဂါထာ မန္တန် ယုံကြည်မှုများလည်းရှိခဲ့၏။ ပုဂံခေတ်တွင် အနော်ရထာ မတိုင်မီ၌ ပျူခေတ်က အားကောင်းခဲ့သော ထေရ၀ါဒမှာ မှေးမှိန်ပျောက်ကွယ်သလောက် ဖြစ်နေ၏။
ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရဗျစ်၊ မည်းညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့-
ဟု ဆရာကြီး ဦးပုည ဆိုထားသကဲ့သို့ ပုဂံပြည် သမထီးအရပ်၌ အရည်းကြီး သုံးကျိပ်နှင့် တပည့်ခြောက်သောင်းတို့ သီတင်းသုံး နေထိုင်ကြ၏။ ပုဂံပြည်မင်းအဆက်ဆက်နှင့် ပြည်သူတို့သည် သူတို့ကို ကိုးကွယ်နေကြသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ ဆို၏။
ထိုအရည်းကြီးတို့ ဟောသောတရားမှာ သူ့အသက်ကို သတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကိုသတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ စသည်ဖြင့် မဟုတ်မတရားသော အဓမ္မကို ဓမ္မဟူ၍ ဟောကြားကြ၏။ အမှန်စင်စစ် ထိုအရည်းကြီးတို့သည် ဗြာဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ မန္တရဂိုဏ်းဝင်များ ဖြစ်ကြသည်။ အနော်ရထာဘုရင်လက်ထက်တွင် ရင့်ကျက်သော ပါရမီရှိသည့်ဘုရင်ဖြစ်၍ ထိုအရည်းကြီး ကိုးကွယ်မှုကို နှစ်သက်တော်မမူဘဲ တရားမှန်ကို တောင့်တနေချိန်တွင် သထုံမှ ရှင်အရဟံ ရဟန္တာမထေရ်မြတ် ပုဂံသို့ ကြွတော်မူလာရာ အယူမှန်ဖြစ်သော ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခွင့် ရသွား၏။
ထိုအခါ ပုဂံပြည့်ရှင် အနော်ရထာဘုရင်သည် အရည်းကြီးသုံးကျိပ်နှင့် နောက်လိုက်တပည့် ခြောက်သောင်းတို့ကို လူဝတ်လဲစေပြီး ရှင်အရဟံမထေရ်မြတ်၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို အားပေးချီးမြှောက်သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာသည် ပုဂံပြည်တွင် နေရောင် လရောင်ပမာ ထွန်းလင်းဖြာခဲ့ပေသည်။ ဤသို့ အနော်ရထာမင်းကြီးလက်ထက်တွင် တန္တရ မန္တရဂိုဏ်းများ ပျောက်ကွယ်သလိုဖြစ်သွားသော်လည်း နောက်မင်းများလက်ထက်တွင် ထိုဂိုဏ်းများနှင့် မဟာယာနဂိုဏ်းတို့ တစတစ ပြန်ပေါ်လာခဲ့၏။
ကျန်စစ်သားမင်းကြီး လက်ထက်၌ ထိုတန္တရ မန္တရ ဂိုဏ်းများအပြင် ဗိဿနိုးနတ် ကိုးကွယ်မှုစသည့် ဗြဟ္မဏအယူဝါဒများ ပြန့်ပွားလာသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံတွင် ထေရ၀ါဒသာသနာသည် ပုဂံခေတ်ဦးပိုင်းမှစ၍ အားကောင်းလာခဲ့သော်လည်း မဟာယာန၊ ဗြာဟ္မဏ၀ါဒ၊ တန္တရ မန္တရ စသော ၀ါဒများမှာ ထေရ၀ါဒအားနည်းအောင် အင်းဝခေတ် ဟံသာဝတီခေတ်တို့ တိုင်အောင် အစဉ်နှောက်ယှက်လျက် ရှိနေကြပေသည်။
ထို့ကြောင့် ထိုဂိုဏ်းတို့မှ ကိုးကွယ်မှုဆိုင်ရာနှင့် ဘာသာရေးအသုံးအဆောင် ပစ္စည်းအချို့တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာထဲသို့ ရောနှောဝင်ရောက်ခဲ့ကြပေသည်။ ထိုအထဲတွင် စိပ်ပုတီး-ဟူသော ဘာသာရေးအသုံးအဆောင် ပစ္စည်းသည်လည်း တခုအပါအ၀င်ဖြစ်၏။ စိပ်ပုတီးသည် တန္တရ မန္တရဂိုဏ်းသုံးဖြစ်၍ ထိုတန္တရ မန္တရဂိုဏ်းများမှ တဆင့် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသည်ဟု ယူဆရသည်။ ထိုဂိုဏ်းများသည် အနော်ရထာမင်း မတိုင်မီကပင် ရှိနေပြီဖြစ်၍ စိပ်ပုတီး-သည် မည်သည့်အချိန်တွင် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်ခဲ့သည်ဟု အတိအကျ ပြောဆိုရန် ခဲယဉ်း၏။
ဆက်ပါအုံးမည် ---
Labels:
စိတ်ပုတီး
Subscribe to:
Post Comments (Atom)
ပြန်လည်တင်ပြပါရစေ။
ReplyDelete