၁။ နွားလေးကောင် အိပ်မက်
နွားနက် လေးခု ၊ ဝှေ့မှု ဟန်ပြင် ။
မဝှေ့ကြပဲ ၊ ရှောင်လွဲသည်မြင် ။
အရှေ့-အနောက် ၊ တောင်-မြောက် မိုးဆင် ။
ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင် ။
၂။ သစ်ပင်ငယ် အိပ်မက်
မြေက မကြွ ၊ ငယ်လှ သစ်ပင် ။
ဖူးငုံ ရင့်ပြီး ၊ ပွင်းသီးတွေမြင် ။
အရွယ် မမျှ ၊ ပျိုမ မယ်ခင် ။
သမီး သား ၊ လင်ထား အိမ်ထောင်ချင် ။
၃။ နွားကြီးနို့စို့ အိပ်မက်
ယနေ့ ဖွားစ ၊ နွားမ နို့သာ ။
မိခင် နွားကြီး ၊ စို့ပြီး နေရှာ ။
သမီးနှင့် သား ၊ စီးပွားပိုင်ရာ ။
မိနှင့် ဖ ၊ ကျွေးမှ စားရမှာ ။
၎။ နွားးငယ်ဝန်တိုက် အိပ်မက်
နွားကြီး မကြိုက် ၊ ၀န်တိုက် နွားငယ် ။
မရုန်းနိုင်ဘဲ ၊ ၀ပ်လဲ နေတယ် ။
ကြီးသူ ပယ်ရှား ၊ မြှောက်စား လူငယ် ။
တိုင်းပြည်ရေး ၊ ရှုပ်ထွေး ပွေတော့မယ် ။
၅။ ခံတွင်းနှစ်ခွမြင်း အိပ်မက်
ခံတွင်း နှစ်ခွ ၊ မြင်းလှ ရာဇာ ။
ကျွေးကျွေး သမျှ ၊ မ၀ နိုင်ပါ ။
မှူးမတ် မင်းစိုး ၊ လာဘ်ထိုးသူရှာ ။
နှစ်ဖက်စား ၊ တရား စီရင်မှာ ။
၆။ ရွှေခွက်နှင့်ခွေး အိပ်မက်
ခွေးအိုထံဆက် ၊ ရွှေခွက် သိန်းတန် ။
ကျင်ငယ် အမြဲ ၊ ခွက်ထဲ စွန့်ပြန် ။
မျိုးမြတ် သမီး ၊ ပစ္စည်း မက်ဟန် ။
အမျိုးယုတ် ၊ လင်လုပ် ပေါင်းဆက်ဆံ ။
၇။ ခွေးသူခိုးမ အိပ်မက်
ရှေ့က ကျစ်ချ ၊ လွန်စ ကြိုးကို ။
ခွေးမ ခိုးစား ၊ ကိုက်ဝါးကာမျို ။
လင်ကြီး ပစ္စည်း ၊ သိမ်းဆည်း မသို ။
လင်မြှောင်အား ၊ မယား လောကွတ်ပို ။
၈။ ရေပြည့်အိုး အိပ်မက်
အိုးငယ် ချည်းနှီး ၊ အိုးကြီး ရေလျှံ ။
အိုးကြီးကိုပဲ ၊ ရေဆွဲလောင်းပြန် ။
ဆင်းရဲသူများ ၊ ၀တ်စားမကျန် ။
အခွန်တွက် ၊ နှိပ်စက် ငွေတောင်းခံ ။
၉။ ရေကန်ကြီး အိပ်မက်
ကြာမျိုး ငါးဝ ၊ ပွင့်ကြ ရေကန် ။
ရေလယ် နောက်လျက် ၊ ကမ်းဘက် ကြည်ပြန် ။
မြို့တွင်း ပူရှုပ် ၊ ခွန်တုတ် ကောက်ခံ ။
မြို့ပြင်ထွက် ၊ ပြည့်နှက် စည်ကားရန် ။
၁၀။ ထမင်းအိုး အိပ်မက်
တအိုးတည်းချက် ၊ အကျက် မညီ ။
ထမင်း မာဆတ် ၊ ပျော့နပ် သုံးလီ ။
မင်းနှင့် လူများ ၊ တရား မမှီ ။
မိုးသုံးစား ၊ ကွက်ကျား ရွာချမည် ။
၁၁။ စန္ဒကူးနှစ် အိပ်မက်
မွှေးထုံနံ့ကြူး ၊ စန္ဒကူး သိန်းတန် ။
ပုန်းရည်နှင့်လဲ ၊ သုံးစွဲ စားပြန် ။
အလဇ္ဇီများ ၊ တရား ဖိုးတန် ။
ငွေနှင့်လဲ ၊ အမြဲ ဟောမည်မှန် ။
၁၂။ ဗူးတောင်း အိပ်မက်
သံကြေး မပေါင်း ၊ ဗူးတောင်း ဗူးအုံ ။
ရေတွင် စုပ်စုပ် ၊ နစ်မြုပ် လုံးစုံ ။
ပညာရှိများ ၊ စကား ဥဿုံ ။
ပြောသမျှ ၊ လောက မသုံးကုန် ။
၁၃။ ကျောက်ခဲကြီး အိပ်မက်
အိမ်လုံး တောင်လုံး ၊ ကျောက်တုံး ကျောက်ဖြာ ။
ရေမှ ဘွားဘွား ၊ ထင်ရှားပေါ်လာ ။
ရဟန်း ရှင် ဆိုး ၊ လူဆိုးများသာ ။
ဂုဏ်ရောင်တိုး ၊ တန်ခိုး ပေါ်ထွက်မှာ ။
၁၄။ ဖားငယ်မ အိပ်မက်
အဆိပ် ပြင်းတောက် ၊ မြွေဟောက်ကြီးကို ။
ဖားငယ်မများ ၊ ကိုက်ဝါးကာမျို ။
ကညာ ယူထား ၊ သက်ထား ဖိုးအို ။
မယားဆဲ ၊ အမြဲ အော်ငေါက်ဆို ။
၁၅။ ကျီးငှက် အိပ်မက်
အဆင်း မည်းနက် ၊ ကျီးငှက် ထံမှာ ။
ရွှေဟင်္သာများ ၊ ခ-စား နေပါ ။
ပညာ သီလ ၊ ပြည့်ဝသူဟာ ။
သူယုတ်အား ၊ ၀ပ်တွား နေရမှာ ။
၁၆။ သစ်နှင့်ဆိတ် အိပ်မက်
ဆိတ်ကို မြင်ငြား ၊ ကြောက်အား ပြင်းထန် ။
ခြင်္သေ့ သစ်ကျား ၊ ခုန်လွှား ပြေးပြန် ။
သူယုတ်မာများ ၊ ထောင်လွှား နိုင်ငံ ။
သူတော်ကောင်း ၊ ပုန်းအောင်း တောမြိုင်ယံ ။
မှတ်ချက်။
လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး-ရေးဖွဲ့သော ကဗျာများ ဖြစ်ပါသည်။
ရှေ့ ၂-ပိုဒ်ကို ကောသလမင်း၏ အိပ်မက် စကား၊
နောက် ၂-ပိုဒ်ကို မြတ်စွာဘုရား၏ အဖြေစကား-ဟု မှတ်ယူကြပါ။
အမေ့အိမ် မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။
"ကောသလအိပ်မက် ၁၆ချက်" ကို တပည့်တော်မ ကူးယူသွားပါတယ် ဘုရား။ တပည့်တော်မမှာရှိတဲ့ ပုံလေးတွေနဲ့ ပြန်ဖော်ပြလိုပါတယ် ဘုရား။
ReplyDeleteလာရောက်လေ့လာ ဖတ်မှတ်သွားပါတယ် ဘုရား ...။ ကြားဘူးပေမယ့် တိတိကျကျ အခုမှ ဖတ်ခွင့်ရလို့ ကျေးဇူးတင် ၀မ်းမြောက်မိပါတယ် ...။
ReplyDeleteဂုဏ်ကို ရည်မှန်းလျှက် ဦးတင်ပါ၏ ဘုရား...။