Friday, January 29, 2010

လူသား နှင့် ကျွန်းကြီး လေးကျွန်း အပိုင်း ၃

တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပါ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။

ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။

• ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
• အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
• အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။

တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊

• ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
• မဟောဗောဓိပင်နှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
• ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
• စကြာ မန္ဓာတ်မင်းမြတ်တို့၏ ဖြစ်ပေါ်ရာဖြစ်ခြင်း၊
• နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

မွေးဖွားပုံ ( ၄ ) မျိုး

`ဂဗ ၻေသယ်က ပဋိသေႏၶ´= လူတို့သည် ပုံမှန်အားဖြင့် `ဂဗ ၻေသယ်က ပဋိသေႏၶ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။

`ဥပပတ် ပဋိသန္ဓေ´ = ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`သံသေဒဇ ပဋိသန္ဓေ´= သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘ၀မှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမ၀တီ မိဖုရား၊ ပဒုမ၀တီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ၀ိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။ အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)

သေဆုံးပုံ ( ၄ ) မျိုး

မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။

• အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း။ ( ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
• ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊ ( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
• ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း၊ ( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
• ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)

ကျမ်းကိုး
• န၀အင်္ဂုတ္တရအဌကထာ
• န၀ကအင်္ဂုတ္တိုရ် ပါဠိတော်
• မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
• တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
• ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
• ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´

2 comments:

  1. `အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

    အဲဒီစာကြောင်းကို သိပ်မရှင်းဖြစ်နေပါတယ်ဘုရား။
    ဥပမာ။ တိရစ္ဆာန်အချင်းချင်းအကြောင်းပါ၍ ဖြစ်ပေါ်လာတဲ့ ဥ ပေါ့ဘုရား။ အဲဒါကို အဏ္ဍဇ လို့ခေါ်လို့ရနိုင်မယ်ထင်လို့ပါ။

    ပြီးတော့ တိရစ္ဆာန်တွေမှာကော မွေးဖွားပုံ ၄ မျိုးလုံးရှိပါသလား။

    ကျွန်းတွေ အသီးသီးရဲ့  တည်နေရာတွေ။ အကျယ်အ၀န်းတွေ။

    ၁၅ ယူဇနာရှိသော ဇမ္ဗူ့ သပြေပင်။

    ပြီးတော့ မြောက်ကျွန်းသားတွေရဲ့  အနေအထိုင် (ဥပမာ။ သားမှတ်မှတ် မယားမှတ်မှတ်ထားကြပုံမပေါ်)

    မျက်စိကတော့ လည်ကုန်ပြီဘုရား။

    ReplyDelete
  2. အီးမေးလ်ကတစ်ဆင့် သေချာရှင်းပြပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဘုရား။

    ဆက်လက်ပြီး သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။

    ReplyDelete