Sunday, January 3, 2010

ပါရမီ ဖြည့်သူများ ( သို့ ) ဒါနသီရိလင်္ကာ အပိုင်း၂

မေတင် ရဲ့ လျောက်ထား မှု့များ



ဒေါက်တာ ဒေါ်သက်သက်နွယ် က သံဃာများအား လျောက်ထားစဉ်

ပရမာနံ ကမ္မံ ပါရမီ -

( မြင့်မြတ်သူတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်ပါပေ၏ )

ပရမာနံ အယံ ပါရမီ -

ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏၊



ဒီနှစ် ၂၀၀၉ ခုနှစ်မှာတော့ ပွင့်လင်းတဲ့ ပညာရေး ခေတ် ဖြစ်တာမို့ သံဃာ ဦးရေ ဟာ အဆမတန် များပြားလာပြီး ၀ါဆိုသံဃာ ၂၃ရ ပါး အထိ ရှိလာပါတယ်။ အရင်နှစ်တွေက များများစားစား လှူဒါန်းနိုင်ပေမယ့် ဒီနှစ်မှာတော့ သံဃာဦးရေ က များပြားလာတာမို့ ဒါနသီရိလင်္ကာအသင်း ရဲ့ မေလ ၁၁ ရက် လှူဒါန်းပွဲ မနက်ပိုင်းမှာ သံဃာအပါး ၁၅၀ ကျော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး နေ့ပိုင်း ၂ နာရီမှာတော့ ပရိဘောဂ အသုံးအဆောင် တန်ဖိုးတွေ မပါဘဲပညာသင်စရိတ် သက်သက် စာရင်းအရ စင်္ကာပူဒေါ်လာ ၅၆၀၀၀ နီးပါး အကုန်အကျခံသော လှူဒါန်းပွဲကို ကျင်းပဖြစ်ပါတယ်၊

၊အခမ်းအနားမှာ ဒါယကာမကြီး ၂ယောက်စလုံး က အသင်းရဲ့ အခြေအနေတွေ အခက်အခဲတွေနဲ့ ယခုကဲ့သို့ သာသနာကို ထောက်ပံ့ခွင့်၇တာ အလွန်ဝမ်းသာကြောင်း၊ အသက်ကြီးလာသော်လည်း ကျမ္မာရေး ကောင်းနေသ၍ အလုပ်လုပ်နိုင်သေးသမျှ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကျမ္မာရေး ကောင်းမွန်ဖို့ သားတော်တို့ ( ဦးဇင်းတို့ ) ဘက်မှ မေတ္တာပို့ပေးကြဖို့ လျောက်ထားပြီး အရင်နှစ်တွေကလောက် မလှူဒါန်းနိုင်တဲ့အတွက် ဒါယကာမကြီးတွေဟာ စိတ်မကောင်းပါဘူး လို့ ညည်းရှာပါတယ်၊

စာရေးသူ ကလဲ သံဃာ အားလုံးကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်၊

ဒါနသီရိလင်္ကာ အသင်းမှ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ စသည့် နိုင်ငံပေါင်းစုံမှ အသင်းသူ အသင်းသားတို့၏ နက်ရှိင်းသည့် သဒ္ဓါတရား ကို သံဃာအားလုံးကိုယ်စား လေးစားတန်ဖိုးထားပြီး ချီးကျူး သာဓုခေါ်ပါကြောင်း၊ အသင်းအနေဖြင့် အခက်အခဲ အမျိုးမျိုးကြားမှ အလှူငွေ ကောက်ခံရသည် ဟု သိရသောကြောင့် အသင်းကိုယ်စား အနစ်နာခံသည့် စိတ်ထားအတွက် ကြည်နူး ၀မ်းသာ ပီတိဖြစ်ရပါ ကြောင်း၊ အသင်းမှ လှူဒါန်းထောက်ပံ့လိုက်သည့် သံဃာ အများစုဟာ အတ္တတ္ထစရိယ၊ ဥာတတ္ထစရိယ၊ လောကတ္ထစရိယ ဆိုသော ဒေသနာအရ အစဉ်အတိုင်းဖြည့်ဆည်းရမှာဖြစ်ပြီး နောင်တချိန်တွင် အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် သာသနာ့ အာဇာနည်များ ဖြစ်လာမည် ဟု မျှော်လင့်နိုင်ကြောင်း၊ တနှစ်သာ မဟုတ်ပဲ နှစ်စဉ် ကုသိုလ်တိုးပွား အကျိုးများနေတာမို့ သံသရာအတွက်လဲ ရိက္ခာ ပြင်ဆင်ပြီးသား ဖြစ်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်။

နိုင်ငံများစွာ မှ အလှူရှင် ဒါယကာ ဒါယိကာမ များကလည်း မိမိတို့ လှူဒါန်းလိုက်သည့် သံဃာတော်များ၏ အကြောင်းကို သိရ၍ မုဒိတာပွား ၀မ်းမြောက်ကြရသည်လို့ ကြားသိရပါတယ်၊

တကယ်တော့ ယခုလှူဒါန်းနေတဲ့ ပုံစံက မြန်မာပြည်က ဘုရားပွဲတွေမှာ မဟာဒုတ် စာရေးတံမဲ နှိုက်ရသလိုပါပဲ၊ သံဃာများစွာထဲက ဘယ်ကိုယ်တော်နဲ့ ဘယ်နိုင်ငံက အလှူရှင်များ ရေစက်ဆုံမယ် ဆိုတာကြိုတင် မသိနိုင်ကြပါဘူး၊ ဒါက အလှူအတွက် ရင်ခုန်စရာ ကြိုတင်ပီတိ တနည်းအားဖြင့် ပုဗ္ဗစေတနာ ကို တိုးပွားစေပါတယ်။

တချို့ အလှူရှင်များကလဲ အဲဒီကတဆင့် မကုဋာရာမ မြန်မာကျောင်းမှာ သံဃာတွေ အများကြီး သီတင်းသုံးနေကြတယ် ဆိုပြီး သံဃာအများ ကို ရည်မှန်းပြီး အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လေ့ရှိကြပါတယ်၊

နိုင်ငံရပ်ခြားမှာ ယခုလို သံဃာတွေ အပါး ၂၀၀ ခန့် တစုတဝေးကြီး ဖူးမျှော်ကြည်ညိုခွင့် လှူဒါန်းခွင့်ရတာကလဲ အတိုင်းထက်အလွန် ၀မ်းသာကြည်နူးမှူ့ ကို ဖြစ်စေပါတယ် တဲ့။ ဘာပဲဖြစ်ဖြစ် ဒီလို ပီတိတွေဟာ ဒါနသီရိလင်္ကာအသင်းကနေ ကူးစက် ထွန်းညှိပေးလိုက်တာ ဆိုရင် မမှားပါဘူး၊

အမှတ်တရ အနေနဲ့ အသင်းဥက္ကဋ္ဌ ဒါယကာမကြီး မေတင် ရဲ့ ၂၀၀၆ ခုနှစ်က ရေးသားခဲ့တဲ့ စာလေးက သူ့စေတနာ နဲ့ အသင်းရဲ့ အနေအထားကို ထင်ဟပ်စေတာမို့ အရှိအတိုင်း ဖော်ပြလိုက်ပါတယ်၊

ယူလိုက်က ကြိုက်တယ် ထင်

ယခု ၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် ဒါနသီရိလင်္ကာအသင်းသည် ၉ နှစ်တင်းတင်း ပြည့်လေပြီ၊လွန်ခဲ့သည် ဆယ်နှစ်ခန့်က စင်္ကာပူ နှင် ယခုစင်္ကာပူ သည် အလွန်ကွာခြားပါသည်။ အရင်တုန်းက ဘုန်းကြီးဆို ရှားရှားပါးပါးပင်၊ မဟာစည်ဆရာတော်၊ သီတဂူဆရာတော် စသည့် သံဃာများသာ တခါတရံ ကြွကြသည်၊ စင်္ကာပူရှိ မြန်မာမိသာစုများလဲ တခုတည်း ရှိသော မြန်မာကျောင်းကို အားထားကြရသည်၊ ၄င်း အချိန်ကာလမှ ဤအသင်းကို စတင်ခဲ့ခြင်း ဖြစ်သည်၊

ယခုအခါ စင်္ကာပူတွင် မြန်မာဘုန်းကြီးကျောင်း အခြားနှစ်ကျောင်းရှိသည်၊ ယခုတဖန် ဓာတ်တော်တိုက် ဟူ၍ ပေါ်လာပြန်ပါသည်၊ မယ်သီလရှင်ကျောင်းလဲ ထောင်ထားသည်၊ မင်္ဂလာဝိဟာရမှာလဲ မြန်မာဘုန်းကြီး တစ်ပါး ရှိပြန်သည်၊ မေတင် တို့ အသင်းကဲ့သို့ နောက်ထပ် ငါးသင်းမျှ ရှိသည်။ လစဉ် အလှူငွေ ကောက်ခံကာ မြန်မာပြည်သို့ ပို့ကြသည်၊

နွေရာသီ ကလေးများကျောင်းပိတ်၍ မြန်မာပြည်မှ အပြန်တွင်လည်း အိမ်တိုင်းလိုလို အလှူခံဖြတ်ပိုင်းလေးများပါလာကြသည်၊ မိမိဒေသ အရပ်မှ ဇရပ် ကျောင်းစသည့် အဆောက်အဦးများအတွက် ဖြစ်သည်၊

မြန်မာပြည်တပြည်လုံးမှ နာမည်ကျော်တရားဟောဆရာတော်များ၊ တရားပြများ၊ စာချဆရာတော်ကြီးများ အားလုံး စင်္ကာပူသို့ ကြွလာကြသည်။ မေတင်မှာလဲ လူတကာဆီက အလှူခံနေသူ ဆိုတော့ ကိုယ့်ဆီပဲ ပထမဆုံး အလှူခံကြသည်၊ မေတင်လဲ အလှူခံရသည့် ဘ၀ကို ကိုယ်ချင်းစာကာ အမြဲ ၅၀ တန် တရွက်တော့ ထည့်သည်၊ စင်္ကာပူ ဒေါ်လာ ၅၀ ကို မိမိအတွက် အကျီတစ်ထည်တောင် ၀ယ်ဖို့ စဉ်းစားနေရသည်၊ တော်တော်နဲ့ မ၀ယ်ဖြစ်ပါ၊ အလှူကတော့ တပတ်ကို တခါ နှစ်ခါ အမြဲထည့်ရသည်၊ မိမိအတွက်တော့ အဆင်ပြေသလို ပုံကျအောင် ဖန်တီး ၀တ်ဆင်ရပါသည်၊

ကြာတော့လည်း အလှူခံ၇မည်ကို အားနာလာသည်။ယခုအခါ ဘဏ္ဍာရေးမှူး ဒေါ်ရင်ရင်ဝင်း အလုပ်ဝင်သွားပြီ ဖြစ်၍ ညာလက်ရုံးပြုတ်တော့သည်၊ ဒေါက်တာ ဒေါ်သက်မှာလည်း အသက်ကြီး အလုပ်များ လူမှူ့ကိစ္စများကြားမှ အသင်းကို အချိန်ပေး၍ လုပ်ပေးရှာသည်၊ မနှစ်က သီရိလင်္ကာ ခရီးစဉ်ထဲက မေတင်တယောက် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ပါ၊ဒေါက်တာဒေါ်သက် ၊ ဒေါ်ရင်ရင်ဝင်းတို့ မျက်နှာနှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော် ရဲဘက်ကို သစ္စာရှိသော အားဖြင့် ဆက်လက် လုပ်ဖြစ်နေပါသည်၊

ထိုအချိန်က သီရိလင်္ကာ သံအမတ်ကြိး ဦးသန်းထွန်းကလဲ ဒေါ်တင်တင်မြင့်၇ယ် အကျိုးကျေးဇူးကြီးမားလွန်းလို့ ဆက်လုပ်ပါ လို့ မေတ္တာရပ်ခံပါတယ်၊ ဒေါက်တာသက် ၏ ငယ်ပေါင်းမိတ်ဆွေ ဒေါက်တာ ဒေါ်ဝင်းမေကလဲ အမရယ် ဒီလောက်အောင်မြင်နေတဲ့ လုပ်ငန်းကြီးကို သိမ်းလိုက်ရမှာ နှမြောစရာကြီး၊ ကျမတို့ အားပေးနေပါမယ် ဆက်လုပ်ပါ လို့ တိုက်တွန်းပါတယ်၊

ပြီးခဲ့သည့်လက အလိုတော်ပြည့် ဆ၇ာတော်ဘုရားအား ဦးခင်မောင်မြင့် + ဒေါ်ခင်မာကြည် တို့နေအိမ် ဆွမ်းကျွေးတွင် တွေ့၇သည်၊ ဆရာတော်သည် သီရိလင်္ကာတွင် မကြာခဏ ကထိန် သွားခင်းလေ့ ရှိသည်၊ တကြိမ်တွင်လည်း ဒါယကာမကြီးက ဘုန်းကြီးထက် အသက်ငယ်ပါတယ်၊ ဒါပေမယ့် ဒီလုပ်ငန်းကြီးကို လုပ်တာ ချီးကျူး သာဓုခေါ်ပါတယ်၊ ကိုယ့်အမေလို အမလိုပဲ မယ်တော်ကြိးကို သဘောထားပါတယ် လို့ မိန့်ကြားသွားပါသည်၊ ယခုတော့ နှစ်ကုန်သည်နှင့်  အမရေ စပွန်ဆာအတွက် ငွေပို့ပေးရတော့မလား ဆိုသည့် စေတနာရှင်များကလည်း ရှိနေကြပါသည်၊ သူတို့စေတနာကိုလဲ ထောက်ရအုံးမည်၊

ဆေးတံတို တညိုလောက်၊

ရော့ သောက်တော့ ပေး၊

မယူလိုက်က မိုက်တယ် ထင်၊

ယူလိုက်ပြန်က ကြိုက်တယ် ထင်၊

သောက်စေချင် တံခါးကွယ်ခြားမှာ၊

ထားခဲ့တော့လေး-

မေတင်တို့ ဘ၀မှာလည်း ရှိတဲ့လူနဲ့ ဆက်ရုန်းရမလား၊ အပြီးပဲ ပိတ်လိုက်တော့မလား- မမိုက်မကြိုက် အဖြစ်နဲ့ ဥပေက္ခာ များစွာနဲ့ ရသလို ရှာ၍သာ ပို့လှူမည် ဟု ဆုံးဖြတ်လိုက်ပါကြောင်း သီရိလင်္ကာရှိ သံဃာတော်အပေါင်းတို့ရေ - -

မယ်တော်ကြီး ဒေါ်တင်တင်မြင့် ( မေတင် )

၂၇ - ၀၁ - ၂၀၀၆

ရေစုန်ကို မျှောလိုက်ဖို့ လွယ်ကူပေမယ့် ရေဆန်ကို လှော်ခတ်ဖို့ ပိုမို ကြိုးစားအားထုတ်ရသလို သူလို ငါလို ရေလိုက်ငါးလိုက် အေးအေးလူလူ နေလို့ ရပေမယ့် ဒုက္ခလွတ်မြောက်ရာ ကို သွားဖို့ နည်းနည်း အားစိုက်ကူးမှ်ေ၇ာက်နိုင်မှာပါ၊

ဒါကြောင့် ပါရမီတွေ မြောက်များစွာ ( ဒါနပါရမီ မေတ္တာပါရမီ ၀ီ၇ိယပါရမီ ကရုဏာပါရမီ မုဒိတာပါရမီ ) စတာတွေ ကို နှစ်စဉ်နှစ်တိုင်း ဖြည့်ကျင့် ဆည်းပူးနေတယ် ဆိုတာကို တွေးမိတိုင်း ပီတိဖြစ်ရပါလိမ့်မယ်၊ ဒီထက်ပိုပြီး သာသနာကို ဆထက်ထမ်းပိုး စောင့်ရှောက် နိုင်ပါစေ လို့ စာရေးသူက အားပေးစကားပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ - -



ကျမ္မာ ချမ်းသာ အသက်ရှည်၍ သာသနာပြုနိုင်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးလျက်ပါ-



No comments:

Post a Comment