လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း၊ ရှင်စေလို ရေနွေးလောင်း။
ငယ်ရွယ်စဉ် အခါက ဦးနှောက်နဲ့ လိုက်မမှီိနိုင်ခဲ့လို့ မှတ်ထားဖူးတဲ့ စာပုဒ်လေးတခုကို ခုထိ အလွတ်ရနေဆဲပါ၊ သဘာဝနိယာမနဲ့ ဆန့်ကျင်နေတဲ့အတွက် အဖြေကို သိချင်လွန်းလို့ လက်လှမ်းမှီရာစာအုပ်တွေကို ရှာကြည့်တော့လဲ မတွေ့နိုင်တော့တဲ့ အဆုံး လက်လျော့ထားခဲ့ရတယ်၊ ပညာရေးလိုအပ်ချက်အရ သီဟိုဠ်ကျွန်းကို ရောက်မှ ကံကောင်းထောက်မစွာ အဖြေကို မထင်မှတ်ပဲ တွေ့ခဲ့ရတယ်၊
တချိန်က သာသနာမှာ ရဟန္တာတဆူလို့ ကျော်ကြားခဲ့တဲ့ ထွန်ထောင် ဆရာတော် ( လူ့ဘ၀တုံးက ထွန်ကိုထောင် နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့ )စွန်းလွန်းဂူ ဆရာတော် ဦးက၀ိ ကို နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က ဖူးမျှော်ရင်း မေး+ဖြေ ခဲ့တဲ့စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတအုပ်ကို သက်သေခံအဖြစ် တွေ့လိုက်ရပါတယ်၊ စာဖတ်သူတို့လဲ ပညာရှင်နှစ်ဦးရဲ့ အဘိဓမ္မာဆိုင်ရာ အမေးအဖြေတွေကို ခံစားစေချင်လို့ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်၊
မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊
ဖြေ။ ။ လူတို့ပြည်တွင် သစ်လေးပင် ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရယ်လို့ လောကဝေါဟာရ အားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး
လူ့ပြည်မှာလို့ ကြားဖူးပါတယ်ဘုရား
အဲ ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင် ဟုဆိုသည်။
သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေ ကို ဆိုလိုသည်။
ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ ဒေါသ မောဟ ရေနွေးကို ဆိုလိုသည်။
မေး။ ။ မထိုင်ခင်က ခြေဆင်း၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ၀တ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါဘုရား၊
ဖြေ။ ။ အေး အဲဒါ ၀ိတက် လို့ခေါ်တယ်၊
( ၀ိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်၊ )
မေး။ ။ အကြောင်းပြ ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေ နှစ်ဆယ် ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတသိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ်၊ ကျန်သော သတ္တ၀ါ ဟာ ရော့သလား မရော့ဘူးလားဘုရား၊
ဖြေ။ ။ ဒကာကြီးမေးတဲ့ အတိုင်းပဲ ရော့သလား ဆို ရော့တယ်၊ မရော့ဘူးလားဆိုရင်လဲ မလျော့ဘူးပေါ့၊
မေး။ ။ ရော့တာ ဘယ်လို မရော့တာ ဘယ်ပုံ ဆိုတာ သိလိုကြောင်းပါဘုရား၊
ဖြေ။ ။ ရော့တယ် ဆိုတာက ဥပမာ ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက်ဆင်းသွားလျှင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ ရော့တာပေါ့၊ မရော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား မရော့ဘူး၊
အထက်ပါစကားအရ စာရေးသူတို့သည် စာသိသာရှိ၍ လက်တွေ့ပညာမရှိသေးသဖြင့်သာ အမေးများကို မဖြေနိုင်သည်မှာ ထင်ရှားလှပါသည်။ လောက၌ရှိသော ဘယ်ပညာမဆို စာပေအတိုင်း သင်ယူခြင်းဖြင့် မပြည့်စုံနိုင်ပါ။ ယခုခေတ်၌ လက်တွေ့ကွင်းဆင်း training သင်တန်းဆိုသည်ကို ပညာရပ်အားလုံးနီးပါး၌ တွေ့နေရပေပြီ။ စက်မှု့ပညာ လက်မှု့ပညာအစ သိပ္ပံပညာ ဆေးပညာအဆုံး လက်တွေ့မပါပဲ မကျွမ်းကျင် မတတ်မြောက်နိုင်တော့ပေ။
လက်တွေ့ပညာနှင့် ပတ်သက်လို့ ငယ်ရွယ်စဉ်က အဖြစ်အပျက်လေးကို သတိရမိတော့သည်။ စာရေးသူတို့ ငယ်စဉ်က ဧရာဝတီမြစ်ရေကြီးချိန် သူငယ်ချင်းအားလုံး ပျော်ပျော်ပါးပါးခရီးထွက်စဉ် ကမ်းနား၌ လှေတစီးကို တွေ့၍ ပတ်ဝန်းကျင် ရှု့ခင်းကြည့်ရင်း လေညှင်းခံရန် လှေလှော်ကြမည်ဟုဆိုကာ မြစ်အတွင်း လှေလှော်သွားကြ၏။ လှော်ရင်းလှော်ရင်းဖြင့် ရေလည်ခေါင်မှာ လှေသည် လိုရာအရပ်သို့ မရောက်ပဲ ချာချာလည်နေသောကြောင့် စက်လှေဖြင့် လိုက်ဆွဲမှသာ ကမ်းပေါ်သို့ ရောက်ခဲ့ဖူး၏။ အဲဒီကတည်းက လှေလှော်ခြင်း ပညာမှာလည်း ခက်ခဲတာတွေ ရှိပါသေးလားဆိုပြီး တွေးလိုက်မိတယ်။
လက်တွေ့နှင့်စပ်၍ ဆရာဆုံးမခဲ့ဖူးသည့် သြ၀ါဒစကားတို့ကို ပြန်လည် သတိရမိသေး၏။ တပည့်တို့ ဒီနေ့တော့ ပညာတစ်ခုနဲ့ ပတ်သက်လို့ လက်တွေ့ကပိုပြီး အသုံးဝင်ပုံကို ဥပမာလေးနဲ့ ပြောပြမယ်။ တကယ်တော့ အခု မင်းတို့ သင်နေကြတာဟာ စာအုပ်ထဲကအတိုင်းဆိုတော့ ပြင်ပလောကမှာ အားလုံးကိုက်ညီဖို့ ခဲယဉ်းလိမ့်မယ်။ အဲဒီအခါ မင်းတို့ ဒုက္ခတွေ့ကြရမှာပဲ။ တချို့ပညာတွေကိုလက်တွေ့အသိပညာယူနိုင်အောင်ကြိုးစားကြပါ။ ငါကစာပေအရအကုန်သိထားတာပဲ၊ လုံလောက်ပါတယ်ဆိုပြီး မာန်မတက်သင့်ဖူး။ ပြင်ပကမ္ဘာဟာ သိပ်ကျယ်ဝန်းပြီး တို့မသိနိုင်တာတွေလည်း အများအပြားရှိနေသေးတယ်။ ဆရာကတော့ မင်းတို့ကို စကားတခွန်းပြောချင်တယ်။
No comments:
Post a Comment