Thursday, December 3, 2009

စေတနာ မှန်ကန်ဖို့ အဓိက


တခါက ဖြစ်ပါသည်၊ သီဟိုဠ်ကျွန်း(ယခုခေတ်အခေါ် သီရိလင်္ကာနိုင်ငံ) မဟာဂါမ ရွာစားဖြစ်သော တိဿအမတ်မင်းသည် တသက်ပတ်လုံး မပျက်ကွက်သော ၀တ်တခုကို ဆောက်တည်ထားလေ၏၊ ထိုဝတ်ကား အခြားမဟုတ် အလှူခံ သံဃာအားဖြစ်စေ ရဟန်းပုဏ္ဏားဖြစ်စေ အောက်ထစ်ဆုံး မြတ်သောအကျင့်ကိုကျင့်သူအားသော်၎င်း ဦးဦးဖျားဖျား ဆွမ်းကို မလှူဒါန်းပဲ ပွဲတော်တည်လေ့မရှိခြင်းပင်၊ တနေ့သော် အလုပ်ကိစ္စ များနေသောကြောင့် မွန်းတည့်ချိန်ကျော်မှ ထမင်းစားခွင့်ကြုံရလေ၏၊ ” အင်း ဒီအချိန်ဟာ ဆွမ်းစားချိန်လဲ မဟုတ်တော့ဘူး၊ ငါ့ရဲ့ နိဗဒ္ဓ ၀တ်ကိုလည်း မပျက်စေချင်ဘူး။ ဘယ်သူ့ကို လှူရရင် ကောင်းမလဲ ‚‘‘လို့ စဉ်းစားလိုက်တဲ့ အခါ သူတော်ကောင်းအမည်ခံထားတဲ့ သချိုင်းမှာ နေသော ပဏ္ဍရင်္ဂ ပရဗိုဇ်ကို သတိရမိလေ၏၊

‚‘‘ ဒီပုဂ္ဂိုလ်ဟာ အကျင့်ကောင်းသူ မဟုတ်ငြားသော်လည်း ရဟန်းတော်များနှင့် အသွင်တူသူ ဖြစ်ပေတယ်၊ သူ့ကိုပဲ ငါ လှူရတော့မယ် ‚‘‘ ဆိုပြီး အကြံဖြစ်ပြီးတာနဲ့ တပြိုင်နက် မင်းချင်းတယောက်ကို အလှူခိုင်းလိုက်တော့၏၊ ထိုအချိန်ဝယ် ပရဗိုဇ် လည်း သချိုင်းအနီးမှ ရေကန်ဘောင်ပေါ် အရက်မူးမူးနှင့် ငါးမျှားနေခိုက် လူရိပ်လူခြေ မြင်သည်နှင့် တပြိုင်နက် ငါးမျှားတံကို ရေမှာနှစ်ပြီး ခြေထောက်ဖြင့် နင်းကာ မယောင်မလည် လုပ်နေလေ၏၊

အခြေအနေအားလုံးကို မြင်တွေ့လိုက်ရသော မင်းချင်းသည် ’’ ဒီလောက်ယုတ်မာသူဟာ ဆွမ်းဦးနှင့် မထိုက်တန် ‚‘‘ ဟုဆိုကာမလှူတော့ဘဲ ပြန်လည်ယူဆောင်သွားလေ၏၊ ထိုအကြောင်းစုံကို တိဿအမတ်မင်း ကြားရသောအခါ ‚‘‘ ပဏ္ဍရင်္ဂဟာ ဘယ်လောက်ယုတ်မာ သူပင်ဖြစ်ပါစေ၊ မောင်မင်းကို မြင်တော့ မကောင်းမှု့ကို ရှက်တဲ့ စိတ်နဲ့ ငါးမျှားတံကို ရေမှာ နှစ်ပြီး ၀ှက်ထားရှာတယ်ကွယ်၊ အဲဒီ မကောင်းမှု့ကို ရှက်တတ်တဲ့ စိတ် ( ဟိရီ ) တရားသည်ပင် အလှူခံဖို့ ထိုက်တန်နေပြီ၊ အဲဒီ အကြောင်းကို ရည်မှန်းပြီး ငါ၏ စားဦးဘောဇဉ်ကို သွားပြီးလှူလိုက်ပါ ‚‘‘ဟု အကောင်းမြင်စိတ်ဖြင့် လှူခိုင်းလိုက်လေ၏။

သူ့ ဘ၀တလျောက်လုံး ကြီးကျယ် ခမ်းနားသော အလှူဒါနကြီးများ ပေးလှူခဲ့သော်လည်း စုတေခါနီးအခါ ထူးခြားသော ထိုဒါနကလေးကိုပင် သတိရမိသောကြောင့် အထက်နတ်ပြည်ခြောက်ထပ်၌ ဖြစ်နိုင်သော်လည်း တည်ပင်စောင့်နတ်ကြီးရှိရာ မဟာဝိဟာရ ကျောင်းအနီးရှိ စရည်းပင်ကြီးဝယ် ဘုန်းတန်ခိုးကြီးမားသော ဘုမ္မစိုးနတ်ကြီး ဖြစ်ရလေ၏။

တကယ်တော့ စေတနာဖြင့်ပေးလှူလျင် အလှူဒါနအားလုံး အကျိုးပေးသည်သာ ဖြစ်ပါသည်၊ ဥပမာ ရေမြောင်းထဲမှာ ရှိနေတဲ့ ပိုးမွှား တိရိစ္ဆာန်လေးတွေကို ကိုယ့်ရဲ့ ထမင်းကျန် ဟင်းကျန်လေးတွေ ပက်ကျွေးပြီး သူတို့လေးတွေ ဒီအာဟာရနဲ့ မျှတကြပါစေ ဆိုပြီး စွန့်ကြဲပေးလှူရင်ပဲ အဲဒီ ဒါန အကျိုးက ဘ၀ပေါင်း တစ်ရာတိတိ အကျိုးပေးနိုင်ပါတယ်၊ ဒီထက် အဆင့်အတန်းသာလွန်တဲ့ လူသားအချင်းချင်း ဆို ဘ၀ပေါင်း တစ်ထောင်တိတိအကျိုးပေးနိုင်ပါတယ်လို့ (ဓမ္မပဒ ဗာလ၀ဂ် အညတရပုရိသ၀တ္ထု ) ဟောထားတာရှိပါတယ်၊ ဒီလိုနဲ့ အဆင့်ဆင့် ပုထုဇဉ်ထဲမှာပဲ ငါးပါးသီလလုံခြုံသူ၊ ၈ ပါး ၁၀ပါးသီလ လုံခြုံသူ၊ ကလျာဏပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင် အားဖြင့် ပေးလှူတဲ့ဒါန အကျိုးက မရေမတွက်နိုင်အောင် အကျိုးပေးနိုင်တာပါ၊

နောက်ဆုံးပန်းတိုင်အနေနဲ့ နိဗ္ဗာန်ကို သွားဖို့ ဒါန ကို တံတား ခင်းနေကြခြင်းပင်။ ဆိုတော့ အကောင်းဆုံး အခိုင်မာဆုံး တံတားကိုသာ ခင်းနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါရစေ -

No comments:

Post a Comment