ဥစ္စာစောင့် ဘ၀က လာတယ် ဆိုတာ တကယ်ပြောနေတာလား - -
ဟု အားလုံးက တအံ့တသြမေးမိကြ၏၊
အော် ဒါဆို ဘာဖြစ်လို့ လူ့ဘ၀ကို လာတာလဲ - အခု ရောက်နေတော့ရော ဘာထူးသလဲ ပြောပါအုံး -
တကယ်တော့ သူ့ပုံစံက အပူအပင် ကင်းမဲ့ နေဟန် ကလေးလေး တယောက်လိုပါ၊ အဲဒီအချိန်တော့ အပူ ရှိနေပြီ ၊ သူ့မှာ ရည်းစားတယောက်ရနေတာ ပြောပြရှာတယ်၊ အသက် ၃၄ ဆိုပေမယ့် ဘယ်လိုမှ မထင်ရဘူး၊ ၂၀ ၀န်းကျင်ပဲ ထင်ရတယ်၊ နောက်မှ အသက်ကြီးမှန်းသိရတယ် ၊
ဒါပေမယ့် သိတယ် မဟုတ်လား ဥစ္စာစောင့် ဘ၀က လာတာဆိုတော့ ရုပ်ရည်က ချောမှချော လို့ ပြောရမယ်၊ ဆံပင်က ယောကျာ်းလေးလို ဂုတ်ဝဲ ခေါ်မလားပဲ -
လူ့ဘ၀ကပျော်စရာကောင်းတယ် လို့ပြောကြလို့ပါ၊ နောက်ပြီး ရောက်ဖူးတယ် ရှိအောင်လို့၊ တကယ်တော့ လူတွေက ကတိ သစ္စာ ကို သိပ်တန်ဖိုး မထားကြဘူးပဲ၊ တပည့်တော်တို့ဆီမှာတော့ ကတိတည်ကြတယ်၊ သစ္စာရှိကြတယ်-လူတိုင်း ဆိုပါတော့ -ကလေး လူကြီး အားလုံးပဲ -
ဟုတ်လား -- -
ဒါဆို မဝေက အဲဒီဘ၀ ကိုပဲ ပိုတန်ဖိုးထားတယ် အကောင်းမြင်တယ်ပေါ့ ၊
စာရေးသူလဲ ပြောဖို့ အခွင့်သာလာပြီလေ၊ ဒါနဲ့ ၀ိဥာဉ် လောကမှာ ကုသိုလ်ကောင်းမှု့ မလုပ်နိင်ပဲ လူ့ဘ၀မှာသာ ဆည်းပူးခွင့်ရတဲ့ အကြောင်း၊ ဗုဒ္ဒဘာသာ ကိုးကွယ်တာမှန်ရင် နိဗ္ဗာန် ပန်းတိုင်ကို ရောက်ဖို့ လူတိုင်း ကျင့်ကြံရမှာဖြစ်ကြောင်း၊
မဝေ တို့ ဘ၀မှာ ဒါန သီလ ဘာဝနာ တခုမျှ အားကိုးစရာ ရှာဖို့မလွယ်ကြောင်း၊ နောက်ပြီး မဝေတို့ ဘုံဘ၀တွေက အသက်ရှည်ကြီးနေရတယ် ကြားဖူးတယ် လူ့သက်တမ်းနဲ့ ဆို နှစ်ပေါင်းများစွာပေါ့၊
ဒါကြောင့် အခုလို ဘုရားပွင့်တဲ့ အချိန်နဲ့ ကြုံ့ကြိုက်ဖို့ ဆိုတာလဲ မလွယ်ကူကြောင်း၊ ကုသိုလ်ကောင်းမှု့မရှိဘဲ အဲဒီ ဥစ္စာစောင့် ဘ၀မှာ နေနေရတာ အချိန်တွေကုန်ပြီး တော်တော် နှမြောစရာ ကောင်းကြောင်း ၊
သူများတွေလို လူ့ဘ၀ကို လာတယ် ဆိုရင်လဲ သိုက်နဲ့ အဆက်အသွယ်ပြတ်သွားအောင် သိုက်ကြိုးဖြတ်ပြီး လူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေပြီး ကုသိုလ်ကောင်းမှု့တွေ လုပ်ခွင့်ရနေရင် တွေးလိုက်တိုင်း ဘယ်လောက်ပျော်စရာကောင်းကြောင်း ပြောထည့်လိုက်မိတယ် -
စာရေးသူလဲ ဘယ်လောက် ပြောမိ တရားဟောမိသလဲ မသိဘူး၊ တခါထဲ စကားမဆုံးသေးဘူး ၊ တရှုတ်ရုတ်နဲ့ ၀မ်းနည်းလို့ ငိုပါလေရော -
ဟယ် မဝေ - အဲလို ကြီးတော့ ဘုန်းကြီးကျောင်းမှာ မငိုပါနဲ့ ၊မသင့်တော်ဘူး၊ ငါကလဲ နင်တို့ဘ၀ ကို သနားလို့ စေတနာနဲ့ ပြောမိတာပါ၊
တင်ပါ တပည့်တော်စေတနာ နဲ့ ပြောတယ်ဆိုတာ နားလည်ပါတယ် ဘုရား၊ ဒါကြောင့် ၀မ်းနည်းလို့ပါ တဲ့ ၊
ထိုခဏမှာပင် မဝေ သည် စကားပြောနေရင်း မူးမေ့လဲကျတော့ မည့်ဟန်လိုလို ဖြစ်သွားလေ၏၊ တကယ် လဲမကျသေးပါ၊ အခြေအနေ ကိုသိနေသော ညီမငယ်က ထိန်းပေးထားရှာ၏။ ဒါပေမယ့် ပုံမှန် အခြေအနေ မဟုတ်တော့တာကိုတော့ သိနေ၏၊ နောက် မျက်နှာသုတ်ပ၀ါ တထည်ကို တောင်းရာ ဘာလုပ်ဖို့လဲ - ဟု မေးမိ၏ -
ညီမ နှစ်ယောက်လုံး မဖြေသေးပေ၊ ဒါနဲ့ စာရေးသူတို့လဲ ဘုမသိ ဘမသိ ပေးလိုက်ပြန်၏၊
နောက် ထိုတဘက်ဖြင့် ရင်ဘတ်ကို နတ်ကတော်တို့ နတ်ပွဲ ကသလိုပုံစံပါပဲ စည်းနှောင်ပြီး စက္ကန့်ပိုင်းပဲ ကြာလိမ့်မည်ထင်သည်၊ တယောက်ယောက် ၀င်ပူးတော့မည် ဆိုတာ သိနေပြန်၏။
ထိုအချိန်မှာ စာရေးသူ က ဘာလုပ်လိုက်သည် ထင်ပါသလဲ - ၀င်ပူးလိုသူက ၀င်လို့ မရဘူး ဆိုပြီး ကြိုတင်တောင်းပန် မ၀င်မိခြင်းအတွက် တောင်းပန်ပါတယ် ဆိုတဲ့ အကြောင်း ၀င်ခွင့်တောင်းတယ် -
စာရေးသူတို့သည် ထိုအချိန်က အခန်းတွင်း၌ သောက်ရေအတွက် ညတရေးနိုး အလွယ်တကူ သောက်လိုက သောက်နိုင်ရန် ရေသန့်ဗူးလေးတွေကို ရေထည့်ပြီး ကိုယ့်နေရာ အနီး၌ ဆောင်ထားလေ့ရှိ၏။
ပုံမှန် မဟုတ်သော အခြေအနေကို သိရသည်နှင့် တပြိုင်နက် ရေကို လက်ခုတ်ထဲ ထည့်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ ပြီး မဝေ နဖူးဆီကို ပက်ထည့်လိုက်ပါတယ် -
အဲဒီအချိန်မှာ သံဗုဒ္ဓေ ဂါထာ ကိုလည်း ရွတ်ဖို့ သတိရပေမယ့် အချိန် မရှိတော့တဲ့ အတွက်ကြောင့် ဒီလောက် ရတနာသုံးပါးကိုပဲ ရွတ်ဆိုပက်ဖျန်းလိုက်တာပါ၊
- အံသြစရာ ကောင်းတာက ၀င်ပူးလိုသူက ၀င်လို့ မရဘူး ဆိုတာပဲ - ဒါဟာ ရတနာ သုံးပါး ကျေးဇူးပါ- ဒါကြောင့် ဘုရားရှင် တရားတော်တွေဟာ သုံးတတ်ရင် သုံးတတ်သလို အကျိုးရှိပါတယ် ၊
ဦးဇင်း ပါးစပ်က ဘာတွေ ရွတ်နေသလဲ ဦးဇင်းတို့ကို အန္တရာယ် မပေးပါဘူး မရွတ်ပါနဲ့ တောင်းပန်ပါတယ် ဆိုတော့ အေး ဒါဆိုလဲ ပြီးတာပဲ မရွတ်တော့ ပါဘူး ဆိုပြီး အသာငြိမ်နေလိုက်ကြတယ်၊
ဒီလိုနဲ့ ၀င်ပူးတာ ၅ မိနစ် ကျော်လောက် ကြာမယ်ထင်တယ်၊အားလုံး ငြိမ်နေပြီးတော့မှ သူလဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ် -
မဝေ - စောစောက ဘာဖြစ်တာလဲ -
အော် တင်ပါ သိုက်က လိုက်ပြီး စောင့်ရှောက်နေသူက လာပြီး အပြစ်ပေးတာပါ၊ ကြိမ်ဒဏ် ၅ ချက် ရိုက်ခံလိုက်ရတယ်၊စောစောလေးကမှ -
ဘာအပြစ် ရှိလို့လဲ -
တကယ်တော့ တပည့်တော်တို့မှာ လက္ခဏာကြည့်စရာ မလိုအပ်ဘူး၊ အချိန်တန်ရင် ပြန်သွားရမယ်၊ အခု တပည့်တော်က အဲဒီအပြစ်လုပ်ပြီး သိုက်အကြောင်းတွေ ပြောပြမိလို့ပါ -
ဟင် - အံ့သြပြီးရင်း အံ့သြနေရပါလား - -
No comments:
Post a Comment