Monday, October 12, 2009

ဓာတုပရိနိဗ္ဗာန် ဝင်စံသည့်အခါ


မေး။ ။ ဗုဒ္ဓသာသနာတော် နောက်ဆုံးကွယ်ချိန်၌ ဓာတုသာသနာ ကွယ်မည်ဟု ဆိုပါသည်။ ထိုဓာတုသာသနာတွင် ဘုရားရှင်၏ အရိုးတော် စွယ်တော် စသည့် ဓါတ်တော်များသည် နေရာအနှံ့အပြားမှ လာရောက်စုရုံး၍ ဘုရားရှင်၏ ပကတိပုံတော်အတိုင်း ဖြစ်တည်တော်မူ လျက် တရားဟောမည်၊ ဘုရားပွင့်တော်မူရာ မဇ္ဈိမဒေသ ဗောဓိပင်ရင်း၌ပင် တရားဟောအပြီး သတ္တ၀ါများ နောက်ဆုံးကျွတ်တမ်း ဝင်ကြဦးမည်၊ ပြီးလျှင်ဓာတုပရိနိဗ္ဗာန် စံဝင်တော်မူမည်ဟု မှတ်သားရပါသည်။

ထိုဓာတုပရိနိဗ္ဗာန် မဝင်စံမီ ဓာတုနိမ္မိတရုပ်ပွားတော် (သို့) ဓါတ်ပုံတော် ဘုရားရှင်၏အတွင်း၌ စိတ် စေတသိက် စိတ္တဇ ရုပ်များ ရှိနေပါသလော။ ယင်းအရာများရှိက ပရိနိဗ္ဗာန်ဝင်စံလျှင် ထပ်၍ ရုပ်ကြွင်း(ဓာတ်တော်)များ ကျန်လိမ့်ဦးမည်-ဟု ထင်မြင်မိပါသည်။ (သို့မဟုတ်) အကုန်အစင် ကွယ်ပျောက်ပါသလား။ ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း၊ အဓိဋ္ဌာန်တော်မူချက်ကော ပါပါသလား။

သာသနာတော် ဘယ်နှစ်ခုနှစ်မျှလောက်မှာ ဖြစ်နိုင်မည်နည်း။ ပါဠိ+အဋ္ဌကထာ+ဋီကာများက မည်သို့ဆိုပါသနည်း။ ပညာရှင်များ ဖြေကြားပေးတော်မူကြပါရန်။
သုတဂဝေသီတစ်ဦး (ဘားအံ)

ဖြေ။ ။ ရှေးဦးစွာ ကွယ်ခြင်းငါးမျိုးကို သိအပ်၏။ အဓိဂမအန္တရဓာန၊ ပဋိပတ္တိအန္တရဓာန၊ ပရိယတ္တိအန္တရဓာန၊ လိင်္ဂအန္တရဓာန၊ ဓာတုအန္တရဓာနဟု ကွယ်ပျောက်ခြင်း ငါးမျိုးရှိပါသည်။

(၁) အဓိဂမအန္တရဓာန = တရားထူး ကွယ်ပျောက်ခြင်း

တရားထူးဟူသည် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့တည်း။
ထိုတရားတို့သည် ဆုတ်ယုတ်လတ်သော် ပဋိသမ္ဘိဒါလေးပါးမှ စ၍ ဆုတ်ယုတ်၏။ မှန်၏။ ဘုရားရှင်တို့၏ ပရိနိဗ္ဗာန် စံပြီးရာအခါမှ အနှစ်တစ်ထောင်အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏။ ထိုမှနောက်၌ အဘိညာဉ်ခြောက်ပါးကိုသာ ဖြစ်စေခြင်းငှါ စွမ်းနိုင်၏။ ထိုမှနောက်၌ ထိုအဘိညာဉ်ခြောက်ပါးတို့ကိုပင် ဖြစ်စေခြင်းငှါ မစွမ်းနိုင်ကြတော့ဘဲ ဝိဇ္ဇာသုံးပါးတို့ကိုသာ ဖြစ်စေနိုင်ကြ တော့၏။ ကာလကြာသောအခါ သုက္ခဝိပဿက ရဟန္တာတို့သာ ဖြစ်ကြတော့၏။ ဤသို့သောနည်းဖြင့်သာလျှင် အနာဂါမ်များ၊ သကဒါဂါမ်များ၊ သောတာပန်များသာ ဖြစ်ကြတော့၏။ ထိုသောတာပန် များ ထင်ရှားရှိကုန်စဉ် အဓိဂမသာသနာ မကွယ်သေး။ နောက်ဆုံးဖြစ်သော သောတာပန် သေဆုံးသည်ရှိသော် အဓိဂမသာသနာ ကွယ်တော့၏။

(၂) ပဋိပတ္တိအန္တရဓာန = အကျင့်ကွယ်ပျောက်ခြင်း

ဈာန်-ဝိပဿနာ-မဂ်-ဖိုလ်တို့ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ကြကုန် သည်ရှိသော် စတုပါရိသုဒ္ဓိသီလမျှကို စောင့်ရှောက်ကြကုန်၏။ ကာလကြာမြင့်လတ်သော် “သီလကို ပြည့်စုံစွာ စောင့်ထိန်းကြကုန်အံ့၊ ကမ္မဋ္ဌာန်းတရားကိုလည်း အားထုတ်ကြကုန်အံ့၊ မဂ်ကိုလည်းကောင်း ဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှါကား မစွမ်းနိုင်ကြကုန်ပြီ၊ ယခုအခါ အရိယာတို့၏ တရားကို ထိုးထွင်းသိမြင်ခြင်း မရှိတော့”ဟု ဆုံးဖြတ်ချက် ချကုန်၍ ပျင်းရိခြင်းများကုန်လျက် အချင်းချင်း မစောဒနာကြကုန်၊ မအောက်မေ့စေကြကုန်၊ ဝိနယကုက္ကုစ္စ မရှိကြတော့ကုန်။ ထိုအခါမှစ၍ အသေးအမွှား သိက္ခာပုဒ်တို့ကို နင်းနယ်လွန်ကျူးကြကုန်၏။ ကာလကြာမြင့်သော် ပါစိတ်အာပတ်၊ ထုလ္လစဉ်းအာပတ်တို့သို့ သင့်ရောက်ကြကုန်၏။ ထို့နောက် ဂရုကဖြစ်သော သဃာဒိသေသ်အာပတ်သို့ သင့်ရောက်ကြကုန်၏။ ပါရာဇိကအာပတ်သို့သာ မရောက်ဘဲ တည်ရှိ၏။ ပါရာဇိကအာပတ် လေးပါးတို့ကို စောင့်ထိန်းကုန်သော ရဟန်းတို့ အရာအထောင် တည်ရှိနေသေးလျှင် ပဋိပတ္တိကွယ်သည် မမည်သေး။ ပါရာဇိကမကျသေးသော နောက်ဆုံးရဟန်း၏ သီလပျက်လျှင်သော် လည်းကောင်း၊ သေဆုံးလျှင်သော်လည်းကောင်း ပဋိပတ္တိကွယ်ပျောက် သည်မည်၏။

(၃) ပရိယတ္တိအန္တရဓာန = ပရိယတ် ကွယ်ပျောက်ခြင်း

အဋ္ဌကထာနှင့်တကွသော ဘုရားဟောပါဠိတော် ပိဋကတ်သုံးပုံ သည် ပရိယတ္တိမည်၏။ ထိုပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ တည်ရှိသမျှ ပရိယတ် ပြည့်စုံသည် မည်၏။ ကာလကြာသော် မင်းကြီး မင်းငယ်တို့ တရားမစောင့်ကုန်။ ထိုပုဂ္ဂိုလ်များ တရားမစောင့်သောအခါ အမတ်စသည်တို့ တရားမစောင့်ကုန်။ ထို့နောက် တိုင်းသူပြည်သားတို့ တရားမစောင့်ကုန်။ ထိုပုဂ္ဂိုလ်တို့ တရားမစောင့်သောအခါ မိုးလေဝသ မကောင်း၊ မိုးလေဝသမမှန်သောကြောင့် ကောက်ပဲသီးနှံများ မပြည့်စုံ။ ထိုသို့ ကောက်ပဲသီးနှံများ မပြည့်စုံသဖြင့် ပစ္စည်းလေးပါး ရှားပါးကာ ရဟန်းတော်များ စာပေကျမ်းဂန် ကောင်းစွာသင်အံလေ့ကျက်မှု မပြုနိုင်ကြ။ ကာလကြာမြင့်သော် အဘိဓမ္မာပိဋကတ်မှ စ၍ ပရိယတ် ဆုတ်ယုတ်လာရာ နောက်ဆုံးဘုရားဟော ဂါထာတစ်ပုဒ်လောက်မျှ သိသူ မရှိကြတော့လျှင် ပရိယတ္တိကွယ်ပျောက်သည် မည်၏။ (ကျယ်လွန်းသဖြင့် ချူံ့လိုက်သည်။)

(၄) လိင်္ဂအန္တရဓာန = အသွင်ကွယ်ပျောက်ခြင်း

ကာလကြာသော် သင်္ကန်းကိုင်ခြင်း၊ သပိတ်ကိုင်ခြင်း၊ ကွေးခြင်း ဆန့်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်းတို့သည် ကြည်ညိုဖွယ် မဆောင်ကုန်။ နိဂဏ္ဌရဟန်းတို့သည် ဘူးတောင်းသပိတ်ကို လက်ရုံးလက်ဖျံ၌ တင်ယူ၍ သွားလာသကဲ့သို့ ရဟန်းတို့သည် လက်ရုံး လက်ဖျံ၌ တင်၍ သွားလာကြလိမ့်မည်။ ဤမျှလောက်ဖြင့်လည်း လိင်္ဂသာသနာ မကွယ်ပျောက်သေးသည်သာ ဖြစ်၏။ ကာလကြာသော် လက်ရုံးလက်ဖျံမှ ချ၍ လက်ဖြင့်လည်းကောင်း၊ ဆိုင်းဖြင့်လည်းကောင်း တွဲလောင်းချ၍ သွားလာကြလိမ့်မည်။ သင်္ကန်းကိုလည်း ဆိုးရည်ဖြင့် တင့်တယ်ခြင်း မပြုမူ၍ သင်္ကန်းအရောင်အဆင်း တင့်တယ်အောင် မဆိုးမူ၍ သင်္ကန်းအသွင်မျှကို ပြု၍ ဝတ်ရုံသုံးဆောင်ကြလိမ့်မည်။ နောင်အခါ သင်္ကန်းချုပ်ရမည့် အင်္ဂါနှင့်အညီ ချုပ်၍ သင်္ကန်းအသွင် အပြင်ကိုလည်း ပြုလုပ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သင်္ကန်းကို ကောင်းစွာ ဆိုးရည်ဖြင့်ဆိုးခြင်း၊ သင်္ကန်းအင်္ဂါနှင့် အညီချုပ်၍ သင်္ကန်း အသွင်အပြင်ကို ပြုခြင်းကို မပြုကြကုန်မူ၍ ပရဗိုဇ်တို့ကဲ့သို့ အဝတ်ပိုင်း သင်္ကန်းပိုင်းကို ဝတ်ရုံ၍ သွားလာကြလိမ့်မည်။

ကာလကြာသော် “ငါတို့အား ဤအဝတ်ပိုင်း သင်္ကန်းပိုင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း” ဟု သင်္ကန်းပိုင်းငယ်ကလေးကို လက်၌လည်းကောင်း၊ လည်ပင်း၌ လည်းကောင်း ဖွဲ့ချည်ထားကြလိမ့်မည်။ ဆံပင်တို့၌လည်း ငြိတွယ်စေကြလိမ့်မည်။ သားမယား မွေးမြူခြင်းကို ပြုကုန်လျက် လယ်ထွန်စိုက်ပျိုး၍ အသက်မွေးကာ လှည့်လည်သွားလာကြလိမ့်မည်။ ထိုအခါ မြတ်သောအလှူကို ပေးလှူတတ်သောသူတို့သည် ထိုပုဂ္ဂိုလ် တို့အား ပေးလှူကြလိမ့်မည်။ ဤကဲ့သို့ ပေးလှူခြင်းကို ရည်ရွယ်၍ မြတ်စွာဘုရားသည်--

“အာနန္ဒာ၊ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်းလည်ပင်း၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသောတရားရှိသူတို့သည် ဖြစ်ကုန်လတ္တံ့။ ထိုသီလမရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့။ အာနန္ဒာ-- ထိုအခါ၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏-ဟု ငါဟော၏။ အာနန္ဒာ မည်သည့်နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏-ဟု ငါမဟော”။ (မ၊ မြန်၊ ၃၊ ၂၈၆) ဟု မိန့်တော်မူ၏။

ထို့နောက် ကာလကြာသော် အထူးထူးအပြားပြားသော အမှုတို့ကို ပြုကြကုန်လျက် ဤသင်္ကန်းစကလေးသည် အလုပ်ကျယ်၏။ အလုပ်ပို၏။ ဤသင်္ကန်းစကလေးဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း-ဟု သင်္ကန်းစကလေး သင်္ကန်းပိုင်းကလေးကို ဖြတ်၍ တော၌ ပစ်ချကြလိမ့်မည်။ ထိုအခါ လိင်္ဂသာသနာ ကွယ်ပျောက်သည် မည်၏။


(၅) ဓာတုအန္တရဓာန = ဓာတ်တော်ကွယ်ပျောက်ခြင်း

ဓါတ်တော်များကွယ်ပျောက်ခြင်းကို ဤသို့မှတ်ရမည်။ ပရိနိဗ္ဗာန် တို့သည် ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန်၊ ဓာတုပရိနိဗ္ဗာန်-ဟု သုံးမျိုးရှိ၏။ ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်စံခြင်းသည် ဗောဓိပလ္လင်၌ ဖြစ်၏။ ခန္ဓပရိနိဗ္ဗာန် ဝင်စံခြင်းသည် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဖြစ်၏။ ဓာတုပရိနိဗ္ဗာန်စံခြင်းသည် နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့။
အဘယ်သို့ ဖြစ်လတ္တံ့နည်းဟူမူကား - မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့သည် ထိုထိုအရပ်တို့၌ ကောင်းစွာပူဇော် ကိုးကွယ်မှုကို မရကြတော့လျှင် မြတ်စွာဘုရား၏ အဓိဋ္ဌာန် အစွမ်းအားလျော်စွာ ပူဇော်ကိုးကွယ်မှု ရရာအရပ်သို့ ကြွသွားကြလိမ့်မည်။ (ဓါတ်တော်ပွားသည် ဆိုခြင်းမှာ မိမိက ရိုသေလေးမြတ်စွာ ပူဇော်လျှင် မိမိကဲ့သို့ ရိုရိုသေသေ မပူဇော်သော အရပ်ဒေသတို့မှ မိမိထံသို့ ရောက်လာခြင်းဖြစ်၏။) ထို့နောက် သာသနာတော် ကုန်ဆုံးသောအခါ သီဟိုဠ်ကျွန်းတွင် ဓာတ်တော်အားလုံး စုပေါင်းကာ မဟာစေတီကြီး၌ တည်လာလိမ့်မည်။ ထို့နောက် နာဂဒီပကျွန်းတွင် ရာဇယတနစေတီ၌ တည်ပြီးနောက် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ကြွရောက်လာကြကုန်လတ္တံ့။ ဓာတ်တော်မွေတော်အားလုံးသည် မုန်ညင်းစေ့မျှလောက်ပင် မကြွင်းမကျန်ဘဲ ကြွရောက်လာကြကုန်လတ္တံ့။

ဓါတ်တော်မွေတော် အားလုံးတို့သည် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်၌ စုဝေးကြပြီးနောက် မြတ်စွာဘုရား အသွင်တော်ကို ယူ၍ ဗောဓိမဏ္ဍိုင်၌ တင်ပလ္လင်ခွေ ထိုင်တော်မူကာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် တကွ ထက်ဝန်းကျင်မှ ရောင်ခြည်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓအသရေတော် ကို ဆောင်တော်မူလျက် သက်တော်ထင်ရှား ရှိတော်မူစဉ်က ယမိုက် ပြာဋိဟာ ပြတော်မူသကဲ့သို့ ရေမီးအစုံအစုံသော တန်ခိုးတော်တို့ကို ပြတော်မူလတ္တံ့။

ထိုအခါ ထိုနေရာသို့ လူသတ္တဝါတို့ မရောက်နိုင်ကြဘဲ စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအားလုံးတို့ စုဝေးရောက်လာကြကုန် လျက် “ယနေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ၊ ဤနေ့မှစ၍ အမှောင်တိုက်ကြီး ဖြစ်ကုန်ပြီ”ဟုဆိုကာ ငိုကြွေးကြကုန်လတ္တံ့။ ထို့နောက် ဓာတ်တော်မွေတော် ရုပ်ပုံတော်မှ မီးအလျှံကြီး ဖြစ်ပေါ်၍လာကာ ဓာတ်တော်မွေတော် ကိုယ်တော်မကြွင်း လောင်ကျွမ်းခြင်းသို့ရောက်ကာ မီးအလျှံကြီးသည် ဤလူ့ပြည်မှ ဗြဟ္မာ့ ပြည်တိုင်အောင် တက်ရောက်သွားပေလတ္တံ့။ ထို့နောက် ဓာတ်တော် မွေတော်ဟူ၍ မုန်ညင်းစေ့ငယ်လောက်မျှ မကျန်တော့ဘဲ လောင်ကျွမ်း၍ သွားပေလတ္တံ့။

ထိုအခါ စည်းဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအားလုံးတို့ သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံသောနေ့၌ကဲ့သို့ နတ်ပန်းနံ့သာ တူရိယာတို့ဖြင့် ပူဇော်ကြကုန်လျက် သုံးကြိမ်တိုင် လက်ယာရစ် လှည့်ပတ်၍ ပူဇော်ကာ “နောင်ပွင့်လတ္တံ့သော မြတ်စွာဘုရားရှင်အား ပူဇော်ခွင့်ကို ရရပါလို၏” ဟု ဆုတောင်းမြွက်ဆိုကြကာ မိမိတို့နေရာ ထိုထိုအရပ်တို့သို့ ပြန်ကြကုန်လတ္တံ့။ (အံ၊ဋ္ဌ၊၁၊ ၇၀)

အထက်ပါ အဋ္ဌကထာမြန်မာပြန်ကို ကြည့်လျှင် ဓာတုသာသနာ ကွယ်ချိန်၌ ဘုရားရှင်၏ ဓာတ်တော်များ မဟာဗောဓိမဏ္ဍိုင်တွင် လာရောက်စုရုံး၍ ဘုရားရှင်၏ ပကတိပုံတော်အတိုင်း ဖြစ်တည်မည်မှာ မှန်ပါသည်။ သို့ရာတွင် အဓိဋ္ဌာန်တော်မူချက်အရ ရေမီးအစုံအစုံသော ယမိုက်ပြာဋိဟာ ပြသည်ဟူ၍သာ ပါသည်။ တရားဟောမည် ဟူ၍ မပါ။ ပရိနိဗ္ဗာန်ဝင်စံပြီးသော ဘုရားရှင်သည် မည်သို့ တရားဟောနိုင်ပါ တော့အံ့နည်း။ မဟာယာနဝါဒီများလို ဘုရားရှင်သည် နိဗ္ဗာန်ဘုံ၌ ချမ်းသာသုခများ ခံစားနေ၏-ဟု ယူဆလျှင်ကာ ဖြစ်နိုင်ဖွယ်ရှိ၏။ ဓာတ်တော်ပုံတော် ဘုရားရှင်အတွင်း၌ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ကျန်ရှိနေဖို့ကား ပို၍ မဖြစ်နိုင်သော အရာဖြစ်၏။ အကယ်၍ စိတ်၊စေတသိက်၊ စိတ္တဇရုပ်များ ကျန်ရှိနေသေးလျှင် ဘုရားရှင် (ခန္ဓ)ပရိနိဗ္ဗာန် ဝင်စံပြီးဟူ၍ပင် မဆိုနိုင်။ သက်တော်ထင်ရှား ဘုရားရှင်-ဟူ၍သာ ဆိုရပေလိမ့်မည်။

ထိုဓာတ်ပုံတော်ဘုရားရှင်အတွင်း၌ စိတ်-စေတသိက်-စိတ္တဇရုပ် များ ရှိနေခဲ့သော် မေးခွန်းရှင်ယူဆသကဲ့သို့ ဓာတုပရိနိဗ္ဗာန် ဝင်စံပြီးလျှင်ပင် ထိုစိတ်-စေတသိက်များ မှီတည်ဖို့ရာ ဓာတ်တော်များ ထပ်မံ၍ ကြွင်းကျန်ရပေလိမ့်မည်။ ဤနည်းဖြင့် ထိုဓာတုဘုရားရှင်က တရားဟောလိုက်၊ ကျွတ်တမ်းဝင်လိုက်၊ ထပ်မံ၍ ရဟန်းပြုပေးလိုက် ဖြင့် နောက်ဘုရားပင် ပွင့်စရာလိုတော့မည် မဟုတ်တော့ပေ။

ယခုကား ထိုသို့မဟုတ်ပါ။ ထိုဓာတ်တော်များအတွင်း၌ စိတ်-စေတသိက်-စိတ္တဇရုပ်များ မရှိတော့ပါ။ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်းမှာ ခန္ဓပရိနိဗ္ဗာန် ဝင်စံကတည်းက အပြီးအပိုင် ချုပ်ငြိမ်းပြီးဖြစ်ပါသည်။ တရားလည်း မဟောနိုင်တော့ပါ။ မည်သူမျှလည်း ကျွတ်တမ်းမဝင်ပါ။ (နောက်ဘုရားကို ဖူးမြင်နိုင်ဖို့ရာ ဆုတောင်းကြသည်ကိုထောက်) ။ ဓာတုပရိနိဗ္ဗာန် ဝင်စံမှန်းသိသာရုံ ဓမ္မသံဝေဂဖြစ်စေရုံမျှ အဓိဋ္ဌာန်တော်မူကာ တန်ခိုးပြာဋိဟာ ပြတော်မူစေခြင်း ဖြစ်မည်ထင်ပါသည်။ နောက်ထပ်လည်း ဓာတ်တော်များ မကြွင်းကျန်တော့ပါ။ ကြွင်းကျန်ဦးမည်ဆိုလျှင် ကွယ်ပျောက်ချုပ်ငြိမ်းသည်ဟု မခေါ်နိုင်သေးပါ။

သာသနာတော် ဘယ်နှခုနှစ်လောက်မှာ ဖြစ်နိုင်မည်နည်း- ဟူရာ၌ ခုနှစ်အတိအကျ မတွေ့ရပါ။ “အနာဂတေ ဘဝိဿတိ”- ဆိုသည့်အတိုင်း နောင်အနာဂတ်ကာလ၌ ဖြစ်လိမ့်မည်ဟု ဖြေရမည်ပင် ဖြစ်ပါသည်။

စွယ်စုံကျော်ထင် အဖြေကျမ်းတွင်ကား- “ဓာတုနိဗ္ဗာန်၊ ဧဝကန်၊ အမှန် ဘယ်လ ရက်နေ့နည်း” ဟူသော အမေးပုစ္ဆာကို ဤသို့ ဖြေဆိုထားသည်ကို တွေ့ရ၏။

“ဓာတုပရိနိဗ္ဗာနံ နာမ အနာဂတေ သာသနန္တရဓာနေ ဘဝိဿတိ” ဟူသော ဗုဒ္ဓဝင်အဋ္ဌကထာတို့နှင့်ညီစွာ ဓာတ်တော်တို့၏ အဆုံးဝင်ခြင်းသည် နောင်အခါ သာသနာတော် ငါးထောင်အစေ့တွင် ဖြစ်လတ္တံ့ဟူ၍ ဆိုသည်။ ရက်နေ့ကို တိုက်ရိုက်မပြချေ။ ယင်းသို့ မပြချေသော်လည်း သာသနာတော် ငါးထောင်ကို လ-ဖြင့် ရေတွက်သော် လပေါင်းခြောက်သောင်း ရှိသည်။ ရက်ဖြင့် ရေတွက်သော် တစ်သန်းရှစ်သန်းရှိသည်။ ဘုရားသခင်သည် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ ပရိနိဗ္ဗာန်ပြုတော်မူသောကြောင့် ထိုလပြည့်ကျော် တစ်ရက်မှစ၍ ရေတွက်သဖြင့် အနှစ်ငါးထောင်၊ လပေါင်းခြောက်သောင်း၊ ရက်ပေါင်း တစ်သန်းရှစ်သိန်းတို့သည် ကဆုန်လပြည့် သောကြာနေ့တွင် ပြည့်ရာသည်။ ထိုနေ့တွင်ပင် ဓာတုနိဗ္ဗာန်ဖြစ်မည်ဟု သိသင့်၏။ (စာ-၃၆၉)


ဓာတုပရိနိဗ္ဗာန်စံရာသို့ လူများမရောက်နိုင်ကြောင်း တိုက်ရိုက်ဆိုထားသဖြင့် ထိုဓာတုပရိနိဗ္ဗာန် စံရာအခါ၌ ကျွတ်ခွင့်ရရန် မျှော်လင့်ခြင်း၊ နောက်ဘုရားပွင့်လာသောအခါ ကျွတ်ခွင့်ရရန် မျှော်လင့်ခြင်းတို့ကို စွန့်လွှတ်ကြကုန်လျက် ဘုရားရှင်၏ ရူပကာယတော် ဓမ္မကာယတော်ဟူသော ကာယတော်နှစ်မျိုးတွင် ရူပကာယတော်အချို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀-ခန့်က ချုပ်ငြိမ်းခဲ့ပြီ၊ ဓာတော်မွေတော်ဟူသော ကျန်ရူပကာယတော် အချို့လည်း နောက်နှစ်ပေါင်း ၁၄၅ဝ-ခန့်တွင် အပြီးအပိုင် ချုပ်ငြိမ်းနိုင်သည်။ ဓမ္မက္ခန္ဓာ ၈၄၀၀၀-ဟူသော ဓမ္မကာယတော်ကိုကား လိုက်နာကျင့်ကြံ၍ ပူဇော်ခြင်းဟူသော အမြတ်ဆုံးပူဇော်ခြင်းဖြင့် ငါတို့ မြန်မာနိုင်ငံအနေဖြင့် အလွယ်တကူ မှန်မှန်ကန်ကန် ပူဇော်နိုင်ကြပေ၏- ဟု သိရှိကြကာ အမြတ်ဆုံးသော ကာယတော်ကို အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်ကြကာ အမြတ်ဆုံးနိဗ္ဗာန်ကို လွယ်ကူလျှင်မြန်စွာ ရောက်ရှိနိုင်ကြပါစေ။ ။

အရှင်ကောဝိဒ (ယော)

No comments:

Post a Comment