ဓာတ် ၁၈ ပါးနှင့် ပက်သက်၍ စိတ်ဖြစ်စဉ် အခံဓာတ်၊ အတိုက်ဓာတ်၊ အပွင့်ဓာတ် များကို သိလိုပါသည် ဟု ဦးရည်မွန် ကမေးလာပါသည်၊ ဤကဲ့သို့ နက်နဲသော အဘိဓမ္မာမေးခွန်းများကို စာရေးသူအနေနဲ့ နားလည်တတ် ကျွမ်းသည်တော့မဟုတ်ပါ၊ သို့သော် လည်း သိလို၍ မေးလာသောကြောင့် လက်လှမ်းမှီသလောက် ဥာဏ်မှီသလောက် ဖြေကြား လိုက် ပါသည်၊
အခံဓာတ်များ အတိုက်ဓာတ်များ အပွင့်ဓာတ်များ
စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်
သောတဓာတ် သဒ္ဒဓာတ် သောတ၀ိညာဏဓာတ်
ဂန္ဓဓာတ် ဂန္ဓဓာတ် ဃာန၀ိညာဏဓာတ်
ဇိဝှါဓာတ် ရသဓာတ် ဇိဝှါဝိညာဏဓာတ်
ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ် ကာယ၀ိညာဏဓာတ်
မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ်
အခုလို သရုပ်များကို ခွဲပြထားသည်မျှနှင့် မေးခွန်းရှင် မေးထားသောစကားက လုံလောက်နေပြီ ထင်ပါသည်၊ သို့သော်ငြား ဘယ်လို အခံဓာတ်ဖြစ်တယ်၊ ဘယ်လိုကြောင့် အတိုက်ဓာတ် ဖြစ်ရတယ်၊ ဘယ့်ကြောင့် အပွင့်ဓာတ် ဖြစ်ကြတယ် စသည် များကို သိထားပါမှ မှတ်ရလွယ်ကူပြီး ရှင်းလင်းစွာ နားလည်နိုင်ပါမည်။ ထို့ကြောင့် ဓာတ်သဘောတရားများ ဖြစ်ပုံကို ဆက်လက် တင်ပြလိုပါသည်။
ဓာတ် မည်ခြင်းအကြောင်း
လူတိုင်း လူတိုင်း သတ္တ၀ါကိုယ်စီရဲ့ ခန္ဓာကိုယ်တိုင်းမှာ ဓာတ် ( ၁၈ ) ပါးကိုယ်စီရှိနေကြပါသည်၊ သို့ပါသော် လည်း ငါက တော့ ကောင်းတဲ့ ရူပါရုံ ဆိုတဲ့ ဓာတ်သဘောလေး ဖြစ်ချင်တယ်ကွာ၊ သာယာ ချိုမြတဲ့ သဒ္ဒါရုံ အသံဓာတ်လေး ကြားချင် တယ်ကွာ၊ အနံ့ကောင်းကောင်း၊ အရသာကောင်းကောင်း၊ အတွေ့အထိ အာရုံ နုးနုးညံ့ ညံ့လေးကိုပဲ တွေ့ထိ ခံစားချင်တယ် ဆိုပြီး တောင့်တနေလို့ မရနိုင်ပါဘူး၊ မျက်စိကလဲ သူမြင်ချင်ရာ မြင်မှာပဲ၊ နားကလဲ သူကြားချင်ရာ ကြားမှာပဲ၊ နှာခေါင်းကလဲ သူအနီးအနားက အနံ့ရှုမိမှာပဲ စသည်ဖြင့် လူရဲ့ အလိုကို မလိုက်ပဲ သူမြင်ချင်သလို မြင်၊ သူကြားချင်သလို ကြား၊ သူ နံချင်သလို နံ အားဖြင့် ဘယ်သူ့ မျက်နှာမျှ မလိုက်ပဲ ဖြစ်နေသော သဘောတရားကို ပါဠိလို ဓာတု မြန်မာလို( ဓာတ် သဘော ) လို့ ခေါ်ဆိုကြပါတယ်။
နောက်ပိုင်းမှာ ကိုယ့်စိတ်တိုင်းကျ ရူပါရုံကောင်းကောင်း၊ သဒ္ဒါရုံကောင်းကောင်း ၊ စတာတွေကို တမင်တကာ ဖန်တီးယူပြီး ခံစားတာမျိုးလဲ ရှိတတ်ကြပါတယ်၊ အဲဒီမှာလဲ မြင်နေတဲ့ အခိုက်အတန့်လေး၊ ကြားနေတဲ့ အခိုက်အတန့်လေးကို အပွင့်ဓာတ် လို့ခေါ်ရတာပါ။ နောက်မှ အာရုံကို အကြောင်းပြုပြီး တက်မက်တဲ့ လောဘစိတ်၊ စိတ်ဆိုးတဲ့ ဒေါသစိတ် တွေ ဖြစ်လာတာကတော့ ဓာတ်သဘောအဆင့်ကို ကျော်ပြီး နောက်က မနသိကာရ ဆိုတဲ့ နှလုံးသွင်းတဲ့ အဆင့်ကို ရောက်သွား တာကြောင့် အင်း ဒါလေးကတော့ လှလိုက်တာ၊ ဒါလေးကတော့ ကြားရတာ တော်တော် သာယာတာပဲ၊ ဒီအနံ့ ကြီးက တော်တော် ဆိုးပါတယ် စသည် ဖြစ်သွားကြတာ ပေါ့။
အခံ၊ အတိုက် ၊ အပွင့်ဓာတ်များ ခေါ်ဆိုရကြောင်း
နားလည်လွယ်အောင် လူတိုင်းနားလည်ထားတဲ့ ပထမဆုံး ရူပါရုံအကြောင်းကို ရှင်းကြည့်ပါမယ်၊
၁။ အဆင်း ရူပါရုံ လှလှ ကောင်မလေးတစ်ယောက်ကို မြင်မိခိုက်မှာ ကောင်မလေးဆိုတဲ့ ရူပါရုံဟာ အတိုက်ဓာတ်ပါပဲ၊
၂။ သူ့ကို မြင်နိုင်တာက မျက်စိထဲမှာ ရှိနေတဲ့ မျက်ကြည်လွှာ ( မျက်နက်လွှာ ) ကလေးက မြင်နိုင်တာ ဖြစ်တဲ့အတွက် ကြောင့် အဲဒီ မျက်ကြည်လွှာထဲမှာ စက္ခုပသာဒ ဆိုတဲ့ စက္ခုဓာတ်က ရှိနေပြီးသားပါ၊ ဒါကြောင့် မြင်တာကိုခံယူရတဲ့ စက္ခုဓာတ်ကို အခံဓာတ် လို့ မှတ်ရပါမယ်။
၃။ တတိယအနေနဲ့ ကောင်မလေးကို မြင်လိုက်တဲ့ အချိန်အခိုက်အတန့်လေး ( တနည်းအားဖြင့် ) ရူပါရုံ နဲ့ စောစောက စက္ခုဓာတ် တို့ ဆုံမိစဉ် တခဏလေးကိုပဲ အပွင့်ဓာတ်လို့ ခေါ်ရပါတယ်၊ လွယ်လွယ်မှတ်ချင်ရင်တော့ အတိုက်ဓာတ် နဲ့ အခံဓာတ် ဆုံမိစဉ်အခိုက်အတန့်လေးကို စက္ခုဝိညာဏဓာတ် အပွင့်ဓာတ် လို့ ခေါ်ကြတာပါ၊
ဒီတစ်ခုကို နားလည်သဘောပေါက်သွားရင် နောက်ဓာတ်သဘောများကိုလဲ သဘောပေါက်နိုင်ပါပြီ၊ ဒီလိုပါပဲ သီချင်း ကောင်းကောင်းလေးကို ကြားနေရင် အဲဒီသီချင်းသံသည် အတိုက်ဓာတ်ပဲ၊ ကြားလိုက်ရတဲ့ နားထဲက သောတပသာဒရုပ် ဆိုတဲ့ သောတဓာတ်သည် အခံဓာတ် အလိုလို ဖြစ်သွားတယ်၊ ကြားတာနဲ့ တပြိုင်နက်ထည်းမှာ သောတ၀ိညာဏဓာတ် အပွင့်ဓာတ် ဆိုတာ ဖြစ်သွားပြီ၊ နောက်မှ ဒီသီချင်းလေးက တော်တော်ကောင်းတာပဲ ဆိုပြီး မှတ်ချက်ပေးတာမျိုးကတော့ ဓာတ်သဘောကို ကျော်လွန်သွားပြီလို့ ဆိုရမှာပါ။
ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး ၊ ၀ိညာဏ်ခြောက်ပါးစီအားဖြင့် လူတိုင်းခန္ဓာကိုယ်မှာ သဘာဝအတိုင်း ရှိနေကြသော ကြောင့် ( ၆ = ၃ လီ ၁၈ ) ဆိုပြီး ၁၈ ပါး ဖြစ်လာရပါတယ်၊ အလွယ်မှတ်လိုရင်လည်း အာရုံ ၆ ပါးသည် အတိုက်ဓာတ်၊ ဒွါရ ၆ ပါး သည် အခံဓာတ်၊ ၀ိညာဏ် ၆ ပါးသည် အပွင့်ဓာတ် ဆိုပြီး မှတ်နိုင်ပါတယ်။
ဒီလောက်ဆိုလျင် အတန်အသင့် ပြည့်စုံစွာ နားလည်နိုင်မည်ဟု ယူဆပါသည်။ အဘိဓမ္မာအကြောင်းကို ဆက်လက် လေ့လာ လိုပါကလည်း ပျံလွန်တော်မူသွားပြီဖြစ်သော အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်သီလာနန္ဒာဘိဝံသ ၏ အဘိဓမ္မာသင်တန်းပို့ချချက် များ စာအုပ်ကို ( ပထမတွဲမှ ပဉ္စမတွဲ အထိ ) ငါးအုပ်ကို ဒီစာမျက်နှာ မှာ ဒေါင်းလုပ်ဆွဲကာ လေ့လာနိုင်ပါသည်။ စာရေးသူ နှစ်ခြိုက်သော ယင်းစာအုပ်များကို လေ့လာ လိုသူများ လွယ်ကူစေရန် လင့်နှင့် တကွသတင်းကောင်းပါးလိုက်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 30.Aug.2011