အရှင်ဘုရား လူတွေမှာ မကောင်းမှုတွေ လုပ်နေပါလျက် လက်ရှိပစ္စုပ္ပန်မှာ ချမ်းသာနေတဲ့ သူတွေ ရှိသလို ကောင်းရောင်းကောင်းဝယ် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေပါလျက် ဆင်းရဲချို့တဲ့ စွာ နေနေရတဲ့ သူတွေကိုလည်း မမြင်ချင်ပဲမြင်နေရ မကြားချင်ပဲကြားနေရပါတယ်၊ တပည့်တော် သိချင်တာက အဲဒီ ( ကုသိုလ် အကုသိုလ် ) ဆိုတဲ့ ကံ တရားတွေဟာ လူတွေရဲ့ သန္တာန်မှာ ထင်ရှားရှိနေတယ် ဆိုရင် ရှိနေတဲ့ အကြောင်းကို တစ်နည်းနည်းနဲ့ သိနိုင်ရမှာပါ၊ ဒါပေမယ့် ဘယ်သူမှ သက်သေမပြနိင်ဘူးလို့ ထင်ပါတယ်၊ အထူးသဖြင့် အခုခေတ်လို သိပ္ပံထွန်းကား နေတဲ့အချိန်မှာ ယုတ္တိကျကျ logical နည်းအရ လက်ခံနိုင်ဖို့ သိပ်ခဲယဉ်းပါတယ်၊ အဲဒီကံတရားတွေဟာ ဒီဘ၀မှာ အသက်ထင်ရှားရှိနေစဉ် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ကိန်းအောင်း နေတယ်ဆိုတာ သိလိုပါတယ် ၊ ရှင်းပြပေးပါ ဘုရား။
မောင်မျိုးလှိုင်
Art & Gallery Centre
ကြော်ငြာ၊ တံဆိပ်ရိုက်၊ ရွှေချည်ထိုး၊ ပန်းထိုး၊ အနုပညာလုပ်ငန်း
မင်းကွန်းရွာ၊ စစ်ကိုင်း၊
စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခု စာရေးသူဆီ ရောက်လာပါတယ်၊ တစ်ခါတစ်ခါ မေးတဲ့ သူတွေရဲ့ အတွေးတွေက အံ့သြရလောက်တယ်၊ တကယ်လဲ သိသင့်တဲ့ မေးခွန်း၊ အထူးသဖြင့် ကံတရားကို လက်ခံကြတဲ့ ဗုဒ္ဓဘာသာတွေအတွက် လိုအပ်နေတဲ့ အသိတစ်ခုပေါ့၊ စာရေးသူကလဲ ရိုးရိုးရှင်းရှင်းလေး Logical နည်းအရပဲ ( သစ်ပင် ဓာတ်မြေသြဇာ ဥပမာ၊ မီးခြစ်ဆံဘူး ဥပမာ ) တွေနဲ့ ဖြေပေးခဲ့တယ်၊
ဆိုပါစို့ - Botanical နည်းအရ သစ်ပင်ငယ်လေးတစ်ပင်ကို အချိန်တန်ရင် အပင်ထွားကြိုင်းသန်မာလာအောင် သာမာန် မြေထက် ကောင်းမွန်တဲ့ ဓာတ်မြေသြဇာ ဖြည့်ပေးလိုက်တယ်၊ အချိန်တန်တော့ အဲဒီ သစ်ပင်ငယ်ဟာ ပိုမိုပြီး ထွားကြိုင်းလာတယ်၊ အခက် အရွက်တွေ ဝေလာတယ်၊ ဒါပေမယ့် ချက်ချင်းကြီး အခု မြေသြဇာထည့်ပြီး အခု အပင်တွေ ကြီးထွားလာပါစေ လို့ ဆုတောင်းလို့ မရနိုင်ဘူး၊ သူ့အချိန်တန်မှ မြေသြဇာရဲ့ ဓာတ်သတ္တိက အစွမ်းပြလာတာပါ၊ အဲဒီ ဓာတ်သတ္တိ အစွမ်းမပြခင်မှာ သစ်ပင်ငယ်လေးရဲ့ ဘယ်နေရာမှာ မြေသြဇာဓာတ်တွေ ကိန်းအောင်းနေတယ် ဆိုတာ မြင်လဲ မမြင်နိုင်သလို ၊ သိလဲ မသိနိုင်ပါဘူး၊ ဒါဆိုရင် ပြောစရာရှိလာတာက မျက်စိနဲ့ မမြင်နိုင်ရုံနဲ့ လုံးဝ မရှိဘူး လို့လဲ မပြောနိုင်ပြန်ဘူး၊ ရှိတော့ ရှိနေတယ်၊ မနော ဆိုတဲ့ စိတ်ကပဲ အလိုလို သိနေရတဲ့ အရာ လို့ ဆိုရမှာပါ၊ နောက်ထပ် အရွက်သန်ဆေး၊ အပွင့်ပွင့်ဆေး၊ အသီးသီးဆေး၊ မြန်မြန် မှည့်ဆေး၊ ကြာရှည်ခံဆေး စတဲ့ မြေသြဇာဓာတ်တွေလဲ ဒီနည်းတူပါပဲ၊ ကြိုတင် မမြင်နိုင်ပေမယ့် ဓာတ်သတ္တိတွေ ရှိနေတာကိုတော့ လက်ခံကြရတာပဲ၊
နောက်ထပ် ဥပမာ တစ်မျိုးက ဓာတုဗေဒ Chemestry ဘာသာရပ်အရ ကြည့်မယ် ဆိုရင် ဟိုအရင်က သုံးခဲ့ကြတဲ့ မီးခြစ်ဘူးလေးတစ်ခုပေါ့၊ မီးခြစ်ဆံရယ် မီးပွင့်အောင် ခြစ်ရတဲ့ ယမ်းပြားရယ် ဒီနှစ်မျိုးဆုံအောင် ပွတ်တိုက်ပေးမှ မီးပွင့်မီးစလေးတွေကို ရရှိနိင်တယ်၊ ရရှိလာတဲ့ မီးတောက်လေးဟာ မီးခြစ်ဆံ သက်သက်မှာ ရှိမနေသလို မီးခြစ်ဘူး မှာလဲ ရှိမနေဘူး၊ ကြိုတင်ပြီးလဲ ကြည့်လို့ မရနိုင်ဘူး၊ ဒါပေမယ့် မီးတောက်စေတဲ့ ဓာတ်သတ္တိတွေကတော့ ကိုယ်စီ ရှိနေကြတယ်၊ မီးတောက် လိုချင်လာတော့ ပွတ်တိုက်လိုက်တဲ့ အချိန်မှာ အကြောင်းတိုက်ဆိုင်ပြီး မီးတောက်ရသလိုပဲ၊ မီးမတောက်ခင်မှာ ဓာတ်သတ္တိတွေ မရှိဘူးလို့ မငြင်းနိုင်ဘူးပေါ့ ။
ဒီလိုပါပဲ ကံတရားတွေဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ကိန်းအောင်းနေတယ် လို့ လက်ညှိုးထိုးကာ ဖြေလို့ မရပေမယ့် ဓာတ်သတ္တိတွေအနေနဲ့ ရှိနေတာကတော့ သေချာပါတယ်၊ ဒါကြောင့်လဲ ရှိနေပြီးသား ကံတရားတွေကို ဖယ်ထုတ်လို့ မရနိုင်တာကြောင့် ( ၀ဋ်မှာ အမြဲ ၊ ငရဲမှာ အပ ၊ ၀ဋ်ကြွေး ကြမ္မာ မလွတ်သာ ၊ ၀စီဘေဒ ထိတိုင်းရှ ၊ သူ့ကြွေးရှိက ဆပ်ရလိမ့်မည်၊ ) ဆိုတဲ့ သတိ သံဝေဂစကားတွေ ရှိခဲ့တာပေါ့ ၊ ဖြေသိမ့်စရာ နောက်ဆုံးတစ်နည်းကတော့ အတိတ်ဘ၀တွေက ဘယ်လောက် အကုသိုလ်တွေများခဲ့ပါစေ၊ ဒီဘ၀ ဒီခန္ဓာနဲ့ အပြတ်ပဲ ဆိုတဲ့ စိတ်နဲ့ ၀ိပဿနာတရား အားထုတ်ကာ တစ်မဂ် တစ်ဖိုလ် ရောက်အောင် အားထုတ်နိုင်ခဲ့ရင်တော့ အရိယာမဂ်က သံသရာအဆက်ဆက် ဘ၀ါဘ၀က ပါလာကြတဲ့ ပြုခဲ့မိတဲ့ အကုသိုလ် တွေကို ခြေဖျက်နိုင်စွမ်း ရှိပါတယ်၊ သို့သော်လည်း တော်တော် ကြီးမားတဲ့ အကုသိုလ်ဝဋ်ကြွေး ရှိခဲ့ကြရင် တော့ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးတို့လို၊ လောသကတိဿ ရဟန္တာမထေရ်တို့လို၊ ဗာဟိယဒါရု စီရိယ တို့လို နောက်ဆုံး ရဟန္တာဖြစ်ပြီးတဲ့ အချိန်မှာတောင် ၀ဋ်ကြွေးတွေကို ပေးဆပ်ကြရ ခံကြရမှာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ကာယကံ ၀စီကံ တွေကို စွမ်းနိုင်သလောက် ထိမ်းသိမ်းကြရပါမယ် ၊ ဒါမှသာ အကုသိုလ်တွေ အားနည်းပြီး လိုရာပန်းတိုင်ကို လွယ်ကူစွာ လျောက်လှမ်းနိုင်ကြမှာပါ ။
ဓမ္မအသိဖြင့် အကုသိုလ် ကင်းကာ ကိုယ်စီကိုယ်စီ အလှ ဆင်နိုင်ကြပါစေ --
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
No comments:
Post a Comment