Saturday, January 30, 2010

ယောကျာင်္းဘ၀ ရလိုသော် ( ဆုံး )

နောက်တော့ ဒီဘာဝရုပ် ပြောင်းသွားတာကို ရှက်လွန်းလို့ သူငယ်ချင်းတွေ မသိအောင် ထွက်ပြေးပြီး တက္ကသိုလ်ပြည်က သူဋ္ဌေးသားတယောက်နဲ့ ရေစက်ဆုံလို့   သားသမီး ၂ ယောက် ရပြန်တယ် ၊  တနေ့မှာတော့ သောရေယျ ဘ၀က ငယ်သူငယ်ချင်းကို   တက္ကသိုလ်ပြည် ရောက်နေတာ တွေ့လိုက်တော့ သောရေယျ မြို့က သူဋ္ဌေး ဘယ်သူ ဘယ်သူတွေ အကြောင်းမေးမြန်းပြီး သူတို့ သားလေးရော ဘယ်မှာလဲ လို့ မေးလိုက်တယ်၊ ဒီတော့  သူငယ်ချင်း လုပ်သူက မပြောပါနဲ့တော့ကွာ ၊  သူ့မိဘတွေရော ငါတို့ရော  သေပြီ ထင်လို့ ရက်လည် ဆွမ်းသွပ်တွေတောင် လုပ်ပြီးသွားပါပြီ၊  ဆိုပြီး ၀မ်းနည်းပက်လက်နဲ့ ပြောပြရှာတယ်။
အမောင်   အဲဒီ သောရေယျ သူဋ္ဌေးသားဟာ ကျမ ပါပဲ၊
ဟယ် အရှင်မ ဘယ်လို ပြောလိုက်တာလဲ ၊ သွားစမ်းပါ၊ ကျနော်တို့ သူဋ္ဌေးသားက နတ်သားလေးလို ခန့်ညား တယ်၊ ဘယ်လို ဖြစ်နိုင်မလဲ ပေါ့။
အမောင်  အဲဒီ ရေချိုးသွားတဲ့ နေ့က အရှင်ကစ္စည်းမထေရ်ကို တွေ့လိုက်တယ် မဟုတ်လား၊
အင်း တွေ့မိပါတယ်၊ အဲဒါ ဘယ်လို ဆိုင်သလဲ အရှင်မ၊
ဆိုင်ပါသော်ကော၊ အဲဒီမထေရ်ကို ဒီလို ဒီလို စိတ်နဲ့ ပြစ်မှားမိလိုက်လို့  ယောက်ျားလိင်  ပျောက်ပြီး မိန်းမသားဘ၀ကို ရောက်နေတာပါ၊ လို့ သေချာရှင်းပြလိုက်တော့ ဟိုက တအံတသြနဲ့။
ဒါဆို  အဲဒီ မထေရ်ကို အရှင်မက မတောင်းပန်ဘူးလား၊  တောင်းပန်ရင် ပျောက်နိုင်ပါတယ်၊ ဆိုပြီး နောက်တော့ မထေ၇်ကို အိမ်မှာ ဆွမ်းပင့်ကပ်ပြီး - -
အရှင်ဘုရား  ဒိ အိမ်ရှင်မက အရင်က တပည့်တော် သူငယ်ချင်းယောကျာ်းလေးပါဘုရား။ သူက  အရှင်ဘုရား အပေါ်မှာ ဒီလို ဒီလို ပြစ်မှားမိခဲ့ ပါတယ်၊ ဒါကြောင့် အခုလို မိန်းမသားဘ၀ကို ရောက်နေရတာပါ။ အခု ၀န်ချ တောင်းပန်ပါတယ်။ သည်းခံစေချင်ပါတယ် ဘုရား ပေါ့။  
မထေရ်ကလဲ တေန ဟိ ဥဋ္ဌဟထ၊ ခမာမိ ဝေါ အဟံ -   ဒါဆိုလဲ ထပါတော့ ၊ ငါ  ခွင့်လွှတ်ပါတယ် လို့ မိန့်တော်မူလိုက်တယ်၊  ခမာမိ - ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကား ဆုံးတာနဲ့ ဘ၀ကလဲ အရင်လို ယောကျာ်းလေးလိင် ပြောင်းလဲ သွားတယ်။
ဒီတော့ တက္ကသိုလ်ပြည်က လက်ရှိ အိမ်သား ကလဲ  အမောင် ဒီကလေး ၂ယောက်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာမို့ မိဘ ပါပဲ၊ ဒီမှာပဲ နေပါ  တဲ့။
သောရေယျ သူဋ္ဌေးသားကတော့ ပါရမီတွေ ရင့်ကျက်ချိန် တန်လာပြီ လို့ ဆိုရပါမယ်၊ အမောင် သူများနဲ့ မတူပဲ  ထူးဆန်းတဲ့ ဘ၀အနေနဲ့  ပထမ ယောကျာ်းဘ၀၊ ဒုတိယ မိန်းမ ဘ၀၊ တတိယ ယောကျာ်းဘ၀ အနေနဲ့  ဖြစ်ရတာကို စိတ်ကုန်ပါပြီ၊ လူ့ဘ၀ကြီးကို ငြီးငွေ့လှပါပြီ၊ သာသနာ့ဘောင် ၀င်ပါတော့မယ်၊ ကလေးတွေကတော့  အရှင့်သား တာဝန်ပါပဲ ပြောပြီး   အားလုံး လွှဲအပ်ခဲ့တယ်။
အရှင်မဟာကစ္စည်း အထံမှာ ရဟန်းဝတ် ခဲ့ပေမယ့်  လူတွေက ဟိုးလေးတကျော် အုန်းအုန်း ကျွတ်ကျွတ် နဲ့  လိုက်လာပြီး အရှင်ဘုရား   အဖေဘ၀နဲ့ အမေဘ၀ က သားသမီး  ၄ ယောက်မှာ ဘယ်သားသမီးကို ပိုချစ်ပါသလဲ -  တဲ့။ 
ကုစ္ဆိယံ ၀ုတ္ထကေသု အာဝုသော -  ကိုယ်တိုင် ၀မ်းနဲ့ လွယ်ပြီး မွေးရတဲ့ ကလေးကို ပို ချစ်မိပါတယ် ဖြေရှာတယ်။

ဒီနေရာမှာ  ဖခင် မေတ္တာ နဲ့ မိခင် မေတ္တာ ဘယ်လို ကွာခြားတယ် ၊ နက်ရှိုင်းတယ် ဆိုတာကို သက်သေ အနေနဲ့ ထုတ်ဖော် သွားတာပါ၊ ဒါကြောင့်လဲ မိခင် မေတ္တာ ကို ဘယ်သူမှ တုနှိုင်းမမှီ နိုင်ဘူးလို့  မြတ်စွာဘုရားက ဟောကြားခဲ့တယ်။
လူတွေရဲ့ အုန်းအုန်း ကျွတ်ကျွတ် ဒဏ်၊ သတိ သံဝေဂစိတ်၊  အခြံအရံပရိသတ်တွေကို ရှောင်လွဲချင်လို့ တပါးတည်း သွား ရပ် ထိုင် လျောင်း  နဲ့ ၀ိပဿနာ ရှု့လိုက်တာ နောင်တချိန်မှာတော့ ရဟန္တာ ဖြစ်သွားခဲ့ ပါတယ်၊
နိဂုံးချုပ် အနေနဲ့  ကောင်းတဲ့ အာရုံ မကောင်းတဲ့ အာရုံတွေနဲ့ ရင်ဆိုင်ခဲ့ရရင် ကိုယ့်စိတ်ကို သတိတရား မလွတ်စေပဲ ထိန်းချုပ်လို့  လောကဓံတရားတွေကို ကြံ့ကြံ့ ခံနိုင်ပါစေ ၊ မြင့်မြတ်တဲ့ ယောကျားဘ၀ကိုလဲ ပိုင်ဆိုင်အောင် ကြိုးစားနိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။

ယောကျာင်္းဘ၀ ရလိုသော်

အရှင်ဘုရား၊ တပည့်တော်တို့ မိန်းမသားဘ၀ကနေ ယောင်္ကျားဘ၀ကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိနိုင်ပါသလား၊ ယခု ရရှိနေတဲ့ မိန်းမသားဘ၀ရဲ့ ဒုက္ခတွေကို စိတ်ကုန်နေပါပြီ၊ ဒါကြောင့် ရနိုင်တဲ့ နည်းလမ်းရှိရင် ညွှန်ပြပေးပါဘုရား ၊

စင်္ကာပူက ဒကာမလေးတစ်ယောက်က မေးလာတဲ့ မေးခွန်းပါ၊ တကယ်ပဲ စိတ်ကုန်တာလား၊ ခဏတဖြုတ် ညစ်ညူးပြီး လျောက်ထားတာလား ဆိုတာ ကာယကံရှင်ပဲ သိပါလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စာပေမှာ ဘုရားရှင် ဟောထားတဲ့ စကားလေး တခွန်း ရှိတယ်၊ ဘ၀နိကန္တိက တဏှာ တဲ့၊ လူတိုင်း လူတိုင်း တိရိစ္ဆာန်တွေမှာရော နတ်ဗြဟ္မာတွေ အပါအ၀င်ပေါ့၊ ပုထုဇဉ် သတ္တ၀ါ အားလုံး ဟာ မွေးဖွားမလာခင် ပဋိသန္ဓေ နေစဉ်မှာကတည်းက လက်ရှိဘ၀ ခန္ဓာကိုယ်ကို တွယ်တာ မက်မော သာယာတတ်တဲ့ စိတ် ဆိုတာ ရှိတတ်ကြပါတယ်၊

သတ္တ၀ါတိုင်းဟာ ကိုယ့်ဘ၀ ဘယ်လောက် နုံချာစုတ်ပြတ်နေပါစေ၊ ကိုယ့်ရုပ်ရည် ချောမောတာ၊ ဆံပင်လေးတွေ ဖြောင့်ဆင်းလှပနေတာ၊ အသားအရေစိုပြေ ၀င်းနေတာ၊ လက်သည်း ခြေသည်းလေးတွေ နီထွေးနေတာ၊ ဒီလို အသေးစိတ်လေးတွေက လူတိုင်းမှာ တခုမဟုတ် တခု သာယာ မြတ်နိုးစရာ အနေနဲ့ ရှိတတ်ကြပါတယ်၊

အဲဒီ သာယာတဲ့ စိတ်ကလေး ကြောင့်ပဲ သတ္တ၀ါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘ၀ကနေ နီးစပ်တဲ့ ဘ၀ကိုပဲ ပြန်လည်ရောက်ရှိကြတာဖြစ်တယ်၊ ( ဥပမာ ) ဒီဘ၀ မိန်းမသားဘ၀နဲ့ သေလွန်ခဲ့ရင် နောက်ဘ၀လဲ လူဘ၀ ပြန်ရမယ် ဆိုရင်ပေါ့ ၊ မိန်းမသားဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာနေပါပြီ၊ ကျန်တဲ့ ၃၀ ရာခိုင်နုန်းက ပြုလုပ်ထားတဲ့ အခြားကံတွေကြောင့် အခြားဘ၀ကို ရနိင်ပါမယ်၊

အဲဒီ ဘ၀နိကန္တိက တဏှာ စိတ်လေးဟာ ဘယ်လောက် ဆွဲဆောင်အား ကောင်းသလဲ ဆိုတာ ကျမ်းဂန်တွေမှာ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ စတဲ့ ရဟန္တာမကြီးတွေဟာ ကမ္ဘာပေါင်းတသိန်း ပါရမီ ဖြည့်ခဲ့ပေမယ့် ဘ၀တိုင်းလိုလို မိန်းမသားဘ၀ကိုပဲ တောင့်တ ပြီး ဖြတ်သန်းခဲ့ကြတာက သက်သေပါပဲ၊ နောက်ပြီး ကျောင်းအမကြီး ၀ိသာခါ လဲ အတူတူပါ။

ဒီနေရာမှာ ပြောစရာက သူတို့က အခု ပြောမဲ့ နည်းလမ်းကို မသိကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မသိလို့ မကျင့်ဘူး၊ မကျင့်လို့ မဖြစ်တော့ဘူးပေါ့။ ဒီလိုပဲ ယောကျားလေးတွေကလဲ ကိုယ့်ရဲ့ လက်ရှိဘ၀ကို တွယ်တာစိတ်နဲ့ ဘ၀တွေကို ဖြတ်သန်း ခဲ့ကြလို့ နီးစပ်ရာ ဘ၀ကိုပဲ ဖြစ်ကြတယ်။ ကာမေသုမိစ္ဆာစာရကံ၊ ပရဒါရကံမျိုး မကျူးလွန်ဘူး ဆိုရင် သူတို့လဲ ဘ၀တိုင်း ယောကျာ်းဘ၀ကိုပဲ ဖြစ်ရမှာပါ။

ဣတ္ထိယော ပန ဒါနာဒီနိ ပုညာနိ ကတွာ ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ဣဒံ နော ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတူ တိ စိတ္တံ အဓိဋ္ဌဟိတွာ ကာလံ ကတွာ ပုရိသတ္တဘာဝံ ပဋိလဘန္တိ၊

ပဋိဒေ၀တာ ဟုတွာ သာမိကေ သမ္မာပဋိပတ္တိဝသေနပိ ပုရိသတ္တဘာဝံ ပဋိလဘန္တေ၀။

နည်းလမ်း ၁ အနေနဲ့ မိန်းမသားတွေဟာ ကုသိုလ်ကောင်းမှု့ မှန်သမျှ ပြုလုပ်တိုင်း ပြုလုပ်တိုင်း မိန်းမသားဘ၀ကို စိတ်ကုန်တဲ့ စိတ်နဲ့၊ ( စိတ်ကုန်တယ် ဆိုတာ ခဏတဖြုတ် စိတ်ဆင်းရဲတာမျိုးလောက် မဟုတ်ပါဘူး၊ သတိ သံဝေဂ ရလောက်အောင် စိတ်ကုန်တာမျိုးပါ) ယောကျာ်းစိတ်ဓာတ်မျိုးနဲ့ စိတ်ကို အဓိဋ္ဌာန်ပြီး ဒီကုသိုလ်ကောင်းမှု့ဟာ ယောကျားဘ၀ ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး ဆုတောင်း ရပါမယ်၊

( ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ) ဆိုတဲ့ ပါဠိက အထက်က ပြောခဲ့တဲ့ ဘ၀နိကန္တိက တဏှာ ကို ရည်ညွှန်းပါတယ်၊ အဲဒီစိတ်ကို ကုသိုလ်ယူချိန် ဆုတောင်းချိန်မှာ ပယ်ဖျောက်ထားရပါမယ်၊

နည်းလမ်း ၂ ကတော့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကိုယ့်အိမ်ထောင်ဖက် အမျိုးသားအပေါ် မယားဝတ္တရားကျေပွန်အောင် ပြုစုယုယပေးရင်လဲ ယောကျားဘ၀ကို ရနိုင်ပါသတဲ့၊

စာရေးသူ အမြင်မှာတော့ ကိုယ့်ကံက ဆိုးလွန်းလို့ အိမ်ထောင်ဖက်က အရိုအသေ ပေးရလောက်အောင် အဆင့်မရှိပေမယ့်ကိုယ်က ၀တ္တရားကျေပွန်အောင်မေတ္တာမပျက် ပြုစုပေးပြီး ဆုတောင်းမယ် ဆိုရင် ပိုသင့်လျော်မယ် လို့ ထင်မိပါတယ်။ ဘာကြောင့်ဆို ကိုယ်က လိုချင်တာ ရှိနေတာကိုး၊ တခုကို လိုချင်လျင် တခုကို ပေးဆပ်ရမှာ ရင်းနှီးရမှာက လောက သဘ၀ ပါပဲ။

မေးခွန်းအနေနဲ့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်၊ သို့ပေမယ့် အဲဒီ ယောကျာ်းဘ၀ မိန်းမသားဘ၀နဲ့ ပက်သက်ပြီး ဘုရားရှင်လက်ထက်တော်က တကယ့်အဖြစ်အပျက်လေးကို ဆက်စပ်နေတာမို့ ဗဟုဿုတအနေနဲ့ မှတ်သားစေလိုပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တော်က သောရေယျမျြို့မှာ တဥိးတည်းသော သူဋ္ဌေးသား သောရေယျ ဆိုတာ ရှိခဲ့ဖူးတယ်၊ သူ့မှာ ဇနီး နဲ့ သားသမီး ၂ ယောက်လဲ ရှိတာပေါ့။ တနေ့မှာ အဖော်သူငယ်ချင်း နဲ့ နောက်ပါ အခြံအရံတွေနဲ့ မြစ်ဆိပ်ကို ရေချိုးအသွား လမ်းမှာ မြို့အပြင်ဘက် ဆွမ်းခံဝင်ဖို့ သင်္ကန်းရုံနေတဲ့ ရဟန္တာမထေရ် အရှင်မဟာကစ္စာယန ကို မြင်လိုက်မိတယ်၊ အဲဒီ အရှင် ကိုယ်ခန္ဓာကလဲ ရွှေရောင် လို ၀င်းဝါ တင့်တယ် နေသတဲ့။ ဒါကို မြင်ရတဲ့ သောရေယျ သူဋ္ဌေးသားက လူငယ်တို့ ဘာဝ မကြံစည်အပ်၊ တာကို ကြံလိုက်မိတယ်၊

အဟော ၀တ အယံ ၀ါ ထေရော မမ ဘရိယာ ဘဝေယျ၊ မမ ၀ါ ဘရိယာယ သရီရ၀ဏ္ဏော ဧတဿ သရီရ၀ဏ္ဏော ၀ိယ ဘဝေယျာ တိ။

( အော် ဒီမထေရ်များ ငါ့ ဇနီး ဖြစ်ရင် တော်တော် ကောင်းမှာပဲ၊ ဒါမှမဟုတ် ငါ့ဇနီး ရဲ့ ခန္ဓာကိုယ်အဆင်းဟာ သူ့ လို ၀င်းဝါနေရင် ကောင်းမှာပဲ )- လို့ မတော်မလျော် ကြံစည်လိုက်တာနဲ့ တပြိုင်နက် ယောက်ျားလိင် ပျောက်ပြီး မိန်းမအင်္ဂါ ပြောင်းလဲ သွားခဲ့တယ်၊

ဆက်ပါအုံးမည် - -

Friday, January 29, 2010

တပိုတွဲလပြည့် နှင့် သြ၀ါဒပါတိမောက်

သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဗုဒ္ဓသခင် သီတင်းသုံး နေတော်မူစဉ် အခါသမယ ဖြစ်၏။

တစ်နေ့သော် အရှင်အာနန္ဒာ မထေရ်သည် တစ်ကိုယ်တော် တစ်ပါးတည်း နေ့ သန့်စင်တော်မူစဉ် ဤသို့ စဉ်းစားမိ ပေသည်။

“ ယခု ငါတို့ သံဃာတော်များသည် လခွဲတစ်ကြိမ် ဥပုသ်နေ့ များ၌ အစည်းအဝေးပြုကာ မြတ်စွာဘုရားရှင်၏ ပါတိမောက် ပြခြင်းကို ကြားနာပြုပြင် ဆောက်တည် နေကြရသည်။ လွန်လေပြီးသော ဘုရားရှင်များ၏ လက်ထက်တော်က ယခုကဲ့သို့ပင် လခွဲတစ်ကြိမ် ဥပုသ်ပြု၍ ပါတိမောက်ကို ကြားနာရ ပေသလား။ ပါတိမောက် အဆိုအမိန့် ဒေသနာတော်များ သည်လည်း ယခုအတိုင်း ဖြစ်ပါသလား။

“ မြတ်စွာဘုရားသခင်သည် ငါတို့အား ခုနစ်ဆူသော ဘုရားရှင်တို့ ဗုဒ္ဓဝင်ကို ဟောကြားတော် မူခဲ့ပြီ၊ ထို ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူ ကွဲပြားကြသော အကြောင်းအရာများ ကိုလည်း ကြားနာ ခဲ့ကြရသည်။

ဥပမာအားဖြင့် -

၁။ ဝိပဿီမြတ်စွာဘုရား။ ။ ၉၁ ကမ္ဘာ၌ ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီပြည်၌ ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်ကာ ဗန္ဓုမတီမင်းကြီးနှင့် ဗန္ဓုမတီမိဖုရားကြီးဖြစ်၏။ နန္ဒ၊ သုနန္ဒ၊ သီရိမာ မည်သော နန်းမသုံးဆောင်၌ သုဒဿနာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ရှစ်ထောင် မင်း၏ စည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သမဝတ္တက္ခန္ဓကုမာရ ဖြစ်၏။

ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လမျှ ကျင့်တော်မူ၍ သခွတ်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ခုနစ်ယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ရှစ်သောင်း ဖြစ်၏။

၂။ သိခီမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အရုဏဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အရုဏမင်းကြီးနှင့် ပဘာဝတီမိဖုရားကြီး တို့ဖြစ်၏။ သုစန္ဒက၊ ဂိရိ၊ ဝိသဘ ရွှေနန်းသုံးဆောင်၌ သဗ္ဗကာမာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ခုနစ်ထောင်မျှ မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား အတုလကုမာရ ဖြစ်၏။

ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ သရက်ဖြူပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် သုံးယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ခုနစ်သောင်း ဖြစ်၏။

၃။ ဝေဿဘူမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အနောမမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုပ္ပတီတမင်းကြီးနှင့် ယသဝတီမိဖုရားကြီး တို့ဖြစ်၏။ ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန ရွှေနန်းသုံးဆောင်၌ သုစိတ္တာဒေဝီမိဖုရားနှင့် အနှစ်ခြောက်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သုပ္ပဗုဒ္ဓမင်းသား ဖြစ်၏။

ရွှေထမ်းစင်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ အင်ကြင်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်ခြောက်သောင်း ဖြစ်၏။

၎။ ကကုသန်မြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ခေမဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အဂ္ဂဒတ္တပုဏ္ဏားကြီးနှင့် ဝိသာခါပုဏ္ဏေးမ တို့ဖြစ်၏။ ကာမပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိပြာသာဒ် သုံးဆောင်၌ ရောစိနီမည်သော ပုဏ္ဏေးမနှင့် အနှစ်လေးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဥတ္တရကုမာရ ဖြစ်၏။

ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ ကုက္ကိုပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဝိဓူရမထေရ်နှင့် သဉ္စီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ ကွန့်မြူး၏။ သက်တမ်းကား အနှစ်လေးသောင်း ဖြစ်၏။

၅။ ကောဏာဂုံမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ သောဘဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ယညဒတ္တပုဏ္ဏားကြီးနှင့် ဥတ္တရာပုဏ္ဏေးမ တို့ဖြစ်၏။ တုသိတပြာသာဒ်၊ သန္တိသိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် သုံးဆောင်၌ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့် အနှစ်သုံးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သတ္တဝါဟကုမာရ ဖြစ်၏။

ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ ရေသဖန်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်သုံးသောင်း ဖြစ်၏။

၆။ ကဿပမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ဗာရာဏသီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ဗြဟ္မဒတ္တပုဏ္ဏားကြီးနှင့် ဓနဝတီပုဏ္ဏေးမ တို့ဖြစ်၏။ ဟံသပြာသာဒ်၊ ယသပြာသာဒ်၊ သိရိနန္ဒပြာသာဒ် သုံးဆောင်၌ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့် နှစ်ပေါင်းနှစ်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဝိဇိတသေနကုမာရ ဖြစ်၏။

စံနန်းပြာသာဒ်တော်နှင့်ပင် ကောင်းကင်ခရီးဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခုနစ်ရက်မျှကျင့်တော်မူ၍ ပညောင်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်နှစ်သောင်း ဖြစ်၏။

၇။ ဂေါတမမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ကပိလဝတ်နေပြည်တော်၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာမိဖုရားကြီး တို့ဖြစ်၏။ ရမ္မ၊ သုဘ၊ သုရမ္မဟူသော နန်းမသုံးဆောင်၌ ယသော်ဓရာမိဖုရားနှင့် ဆယ့်သုံးနှစ် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ရာဟုလာ ဖြစ်၏။

ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ရှင်သာရိပုတ္တရာမထေရ်နှင့် ရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ညီတော်အာနန္ဒာမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား ကိုယ်တော်၏ အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏။ သက်တမ်းကား အနှစ်တစ်ရာ (၁၀၀) ဖြစ်၏။

ထိုကဲ့သို့ မြတ်စွာဘုရားသခင်သည် မိမိ၏ ဘဝ ဖြစ်စဉ်နှင့် တကွ အခြားသော ဗုဒ္ဓ ကိုယ်တော်များ၏ ဗုဒ္ဓဝင် ကို ဟောကြားတော် မူခဲ့၏။
မူရင်းကို ဒီဘလော့ မှ ပြန်လည်ဖော်ပြပါသည်။

ကလေးတို့အတွက် ဗုဒ္ဓ၀င် အကျဉ်း

ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ဆောင်ပုဒ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ ။
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ ။

ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၎။
လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။
တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။
ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။
အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။

( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )

၁။ သန္ဓေယူသောနေ့ ( မ=သန် )

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူသောနေ့ ( သိ=ဖွား )

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်သောနေ့ ( ကြ=တော )

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။

၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

( ကလေးတို့အတွက် ဗုဒ္ဓ၀င်အကျဉ်း )

၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေ၀ဒတ်
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )။
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။

၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )။
၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ )။
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )။
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )။

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။

၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။

လူသား နှင့် ကျွန်းကြီး လေးကျွန်း အပိုင်း ၃

တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပါ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။

ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။

• ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
• အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
• အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။

တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊

• ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
• မဟောဗောဓိပင်နှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
• ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
• စကြာ မန္ဓာတ်မင်းမြတ်တို့၏ ဖြစ်ပေါ်ရာဖြစ်ခြင်း၊
• နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

မွေးဖွားပုံ ( ၄ ) မျိုး

`ဂဗ ၻေသယ်က ပဋိသေႏၶ´= လူတို့သည် ပုံမှန်အားဖြင့် `ဂဗ ၻေသယ်က ပဋိသေႏၶ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။

`ဥပပတ် ပဋိသန္ဓေ´ = ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`သံသေဒဇ ပဋိသန္ဓေ´= သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘ၀မှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမ၀တီ မိဖုရား၊ ပဒုမ၀တီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ၀ိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။ အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)

သေဆုံးပုံ ( ၄ ) မျိုး

မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။

• အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း။ ( ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
• ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊ ( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
• ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း၊ ( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
• ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)

ကျမ်းကိုး
• န၀အင်္ဂုတ္တရအဌကထာ
• န၀ကအင်္ဂုတ္တိုရ် ပါဠိတော်
• မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
• တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
• ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
• ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´

Thursday, January 28, 2010

လူသား နှင့် ကျွန်းကြီး လေးကျွန်း အပိုင်း ၂

မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။

မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။ မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။
မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။

မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။

လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ၀တ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောင်္ကျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။

ယောင်္ကျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောင်္ကျား၊ မိန်းမများသည် ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာ ခံစား ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။

သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ၀မ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီင်္း သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။

ထိုကလေးငယ်များကို တွေ့သည့် ယောင်္ကျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောင်္ကျားကလေး ဖြစ်လျှင် ယောင်္ကျားကြီးများဆီ သွားရောက် နေထိုင်ကြရသည်။
မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ´သည် ယောင်္ကျား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အ၀တ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။ အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။

ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။

မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အ၀တ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။

ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင် သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်း သူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။
• မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။

၁။ မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
၂။မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်း မနေပေ။
၃။မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။

ဇမ္ဗုဒီပါ လက်ျာ တောင်ကျွန်း

တောင်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။
တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော ဇမ္ဗုသပြေပင် ရှိသည်။ ထို့ကြောင့် ယခု ကျွနုပ်တို့ ရှိနေသော ကျွန်းကို ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ဟုခေါ်တွင်လေသည်။

လူသား နှင့် ကျွန်းကြီး လေးကျွန်း

“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။ အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှိကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။

တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။

တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ် သက်ရောက်သော မြန်မာအခေါ် မြန်မာပညတ်(လူ)ဟူသည်နှင့် ထပ်တူလိုပင် ဖြစ်နေပါသည်။

လူ့ဘုံ

မနုဿဘုံသည် လူ့တို့နေထိုင်ရာဘုံဖြစ်သည်။ ဤလူ့ဘုံသည် မျက်မြင်ထင်ရှားဖြစ်သည်။ လူတို့၏ထူးခြားချက်မှာ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။

လူ့ဘဝ ရဖို့ရာ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်းတို့ အချင်းချင်းထိခိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ခက်ခဲလှပါသည် ဟုအဆိုရှိသည်။ မြတ်စွာဘုရားဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်း အားဖြင့် လူ့ဘုံမှာစုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူဘုံသို့ ရောက်ရှိသော သူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်ရှိ မြေမှုန့်ပမာဏသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သော သူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ နှိုင်းဆလို့မရအောင် ကွာခြားလှသည်။

အမှန်စင်စစ် လူ့ဘဝသို့ ရောက်ရှိလာခြင်းသည် အမိအဘတို့ရဲ့ သွေးသားကြောင့်သက်သက် ရောက်ရှိလာရတာ မဟုတ်ပါ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ကံအကျိုးပေး များစွာကြောင့် (တစ်နည်း) ဂတိသမ္ပတ္တိနဲ့ပြည့်စုံလာ သည့်အတွက်ကြောင့် ရန်ုင်ခဲလှသည့် လူ့ဘဝကို ရရှိခြင်း ဖြစ်သည်။ အမိအဘတို့၏ သွေးသားဆိုသည်မှာ အထောက်အပံ့မျှသာ ဖြစ်ကြသည်။

လူ့ဘဝရရှိကြသော်လည်း လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မိမိတို့ရှေးဘဝကပြုခဲ့ဖူးသော ကံတွေကြောင့် မတူညီကြဘဲ ကွဲပြား ခြားနားနေ ကြပါသည်။ ယောင်္ကျားဘဝ၊ မိန်းမဘဝ၊ ယောင်္ကျားမဟုတ် မိန်းမမဟုတ် (နပုန်းပဏ္ဍုက်)ဘဝ တို့ ဖြစ်ကြသည်။
ယောင်္ကျားဘဝသည် မိန်းမဘဝထက် သာ၍ မြင့်မြတ်ပေသည်။ ယောင်္ကျား ဘဝဖြစ်စဉ်မှာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျူးလွန်မိခဲ့ပါက သေလျှင် ငရဲကျမည်။ ငရဲမကျပဲ လူပြန်ဖြစ်လျှင် မိန်းမဘဝမှာ ဖြစ်ကြရသည်။ (အရှင်အာနန္ဒာ မထေရ်မြတ်ကြီးပင်လျှင် အတိတ်ဘဝတစ်ခုမှာ ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန် မိခဲ့သည့် အတွက် မိန်းမဘဝ ဖြစ်ခဲ့ရဖူးသည်။)

လူလေးမျိုး

လူဟုဆိုရာတွင် ဝိမာနအဋ္ဌကထာ၌ လူသည် သာမညအားဖြင့် တစ်မျိုးတစားတည်းသာဖြစ်သော်လည်း အထူးပြုခွဲခြားလျှင် လေးမျိုးရှိကြောင်း  တွေ့ရသည်။
•    လူ့ငရဲသား
•    လူ့ပြိတ္တာ
•    လူ့တိရစ္ဆာန်
•    လူသားစစ်စစ်

(၁)လူ့ငရဲသား
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း စသော မပြုသင့်သည်ကိုပြုခဲ့လျှင် မင်းပြစ်ဒဏ်ကြောင့် လက်ခြေဖြတ်ခြင်း စသောအပြစ်ပေးခံရပြီး ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများ။

(၂)လူ့ပြိတ္တာ
ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကို မရရှိ၊ ဆာလောင်ခြင်းဖြင့် နှိပ်စက်ခံနေရ၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေ ရသူများ။

(၃)လူ့တိရစ္ဆာန်
သူတစ်ပါးနှင့် စပ်လျှင်း၍ အသက်မွေးရသဖြင့် သူတစ်ပါး၏ တာဝန်ဝတ္တရားများကို မနေမနားထမ်းဆောင်သွားလာနေရသူများ၊ လူ့လောက စည်းမျဉ်းဥပဒေကို ကျော်ဖျက်၍ မလိုအပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောတောင်ထဲသို့ ပြေးဝင်ရပြီး အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများ။

(၄)လူသားစစ်စစ်
မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုမှာ ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများ။

ကျွန်းကြီး ( ၄ ) ကျွန်း၊  ကျွန်းငယ် ( ၂၀၀၀ )

လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။ ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။

ကျွန်းကြီး(၄)ကျွန်း

  • ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း

  • အပရဂေါယာန = အနောက်ကျွန်း

  • ဥတ္တရကုရု = မြောက်ကျွန်း

  • ဇမ္ဗုဒီပ = တောင်ကျွန်း

ပုဗ္ဗ၀ိဒေဟ ခေါ် အရှေ့ကျွန်း

အရှေ့ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။

 အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။ အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက် မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။

အပရဂေါယာန ခေါ် အနောက်ကျွန်း

အနောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အနောက်ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေလူတို့၏ မျက်နှာ သဏ္ဌာန် မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။

အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက် ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။

ဥတ္တရကုရု ခေါ် မြောက်ကျွန်း

မြောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း ၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။

မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။ မြောက်ကျွန်း သူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။
ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။

Tuesday, January 26, 2010

ကောသလအိပ်မက် ၁၆ ချက်

၁။ နွားလေးကောင် အိပ်မက်

နွားနက် လေးခု ၊ ဝှေ့မှု ဟန်ပြင် ။
မဝှေ့ကြပဲ ၊ ရှောင်လွဲသည်မြင် ။
အရှေ့-အနောက် ၊ တောင်-မြောက် မိုးဆင် ။
ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင် ။

၂။ သစ်ပင်ငယ် အိပ်မက်

မြေက မကြွ ၊ ငယ်လှ သစ်ပင် ။
ဖူးငုံ ရင့်ပြီး ၊ ပွင်းသီးတွေမြင် ။
အရွယ် မမျှ ၊ ပျိုမ မယ်ခင် ။
သမီး သား ၊ လင်ထား အိမ်ထောင်ချင် ။

၃။ နွားကြီးနို့စို့ အိပ်မက်

ယနေ့ ဖွားစ ၊ နွားမ နို့သာ ။
မိခင် နွားကြီး ၊ စို့ပြီး နေရှာ ။
သမီးနှင့် သား ၊ စီးပွားပိုင်ရာ ။
မိနှင့် ဖ ၊ ကျွေးမှ စားရမှာ ။

၎။ နွားးငယ်ဝန်တိုက် အိပ်မက်

နွားကြီး မကြိုက် ၊ ၀န်တိုက် နွားငယ် ။
မရုန်းနိုင်ဘဲ ၊ ၀ပ်လဲ နေတယ် ။
ကြီးသူ ပယ်ရှား ၊ မြှောက်စား လူငယ် ။
တိုင်းပြည်ရေး ၊ ရှုပ်ထွေး ပွေတော့မယ် ။

၅။ ခံတွင်းနှစ်ခွမြင်း အိပ်မက်

ခံတွင်း နှစ်ခွ ၊ မြင်းလှ ရာဇာ ။
ကျွေးကျွေး သမျှ ၊ မ၀ နိုင်ပါ ။
မှူးမတ် မင်းစိုး ၊ လာဘ်ထိုးသူရှာ ။
နှစ်ဖက်စား ၊ တရား စီရင်မှာ ။

၆။ ရွှေခွက်နှင့်ခွေး အိပ်မက်

ခွေးအိုထံဆက် ၊ ရွှေခွက် သိန်းတန် ။
ကျင်ငယ် အမြဲ ၊ ခွက်ထဲ စွန့်ပြန် ။
မျိုးမြတ် သမီး ၊ ပစ္စည်း မက်ဟန် ။
အမျိုးယုတ် ၊ လင်လုပ် ပေါင်းဆက်ဆံ ။

၇။ ခွေးသူခိုးမ အိပ်မက်

ရှေ့က ကျစ်ချ ၊ လွန်စ ကြိုးကို ။
ခွေးမ ခိုးစား ၊ ကိုက်ဝါးကာမျို ။
လင်ကြီး ပစ္စည်း ၊ သိမ်းဆည်း မသို ။
လင်မြှောင်အား ၊ မယား လောကွတ်ပို ။

၈။ ရေပြည့်အိုး အိပ်မက်

အိုးငယ် ချည်းနှီး ၊ အိုးကြီး ရေလျှံ ။
အိုးကြီးကိုပဲ ၊ ရေဆွဲလောင်းပြန် ။
ဆင်းရဲသူများ ၊ ၀တ်စားမကျန် ။
အခွန်တွက် ၊ နှိပ်စက် ငွေတောင်းခံ ။

၉။ ရေကန်ကြီး အိပ်မက်

ကြာမျိုး ငါးဝ ၊ ပွင့်ကြ ရေကန် ။
ရေလယ် နောက်လျက် ၊ ကမ်းဘက် ကြည်ပြန် ။
မြို့တွင်း ပူရှုပ် ၊ ခွန်တုတ် ကောက်ခံ ။
မြို့ပြင်ထွက် ၊ ပြည့်နှက် စည်ကားရန် ။

၁၀။ ထမင်းအိုး အိပ်မက်

တအိုးတည်းချက် ၊ အကျက် မညီ ။
ထမင်း မာဆတ် ၊ ပျော့နပ် သုံးလီ ။
မင်းနှင့် လူများ ၊ တရား မမှီ ။
မိုးသုံးစား ၊ ကွက်ကျား ရွာချမည် ။

၁၁။ စန္ဒကူးနှစ် အိပ်မက်

မွှေးထုံနံ့ကြူး ၊ စန္ဒကူး သိန်းတန် ။
ပုန်းရည်နှင့်လဲ ၊ သုံးစွဲ စားပြန် ။
အလဇ္ဇီများ ၊ တရား ဖိုးတန် ။
ငွေနှင့်လဲ ၊ အမြဲ ဟောမည်မှန် ။

၁၂။ ဗူးတောင်း အိပ်မက်

သံကြေး မပေါင်း ၊ ဗူးတောင်း ဗူးအုံ ။
ရေတွင် စုပ်စုပ် ၊ နစ်မြုပ် လုံးစုံ ။
ပညာရှိများ ၊ စကား ဥဿုံ ။
ပြောသမျှ ၊ လောက မသုံးကုန် ။

၁၃။ ကျောက်ခဲကြီး အိပ်မက်

အိမ်လုံး တောင်လုံး ၊ ကျောက်တုံး ကျောက်ဖြာ ။
ရေမှ ဘွားဘွား ၊ ထင်ရှားပေါ်လာ ။
ရဟန်း ရှင် ဆိုး ၊ လူဆိုးများသာ ။
ဂုဏ်ရောင်တိုး ၊ တန်ခိုး ပေါ်ထွက်မှာ ။

၁၄။ ဖားငယ်မ အိပ်မက်

အဆိပ် ပြင်းတောက် ၊ မြွေဟောက်ကြီးကို ။
ဖားငယ်မများ ၊ ကိုက်ဝါးကာမျို ။
ကညာ ယူထား ၊ သက်ထား ဖိုးအို ။
မယားဆဲ ၊ အမြဲ အော်ငေါက်ဆို ။

၁၅။ ကျီးငှက် အိပ်မက်

အဆင်း မည်းနက် ၊ ကျီးငှက် ထံမှာ ။
ရွှေဟင်္သာများ ၊ ခ-စား နေပါ ။
ပညာ သီလ ၊ ပြည့်ဝသူဟာ ။
သူယုတ်အား ၊ ၀ပ်တွား နေရမှာ ။

၁၆။ သစ်နှင့်ဆိတ် အိပ်မက်

ဆိတ်ကို မြင်ငြား ၊ ကြောက်အား ပြင်းထန် ။
ခြင်္သေ့ သစ်ကျား ၊ ခုန်လွှား ပြေးပြန် ။
သူယုတ်မာများ ၊ ထောင်လွှား နိုင်ငံ ။
သူတော်ကောင်း ၊ ပုန်းအောင်း တောမြိုင်ယံ ။

မှတ်ချက်။
လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး-ရေးဖွဲ့သော ကဗျာများ ဖြစ်ပါသည်။
ရှေ့ ၂-ပိုဒ်ကို ကောသလမင်း၏ အိပ်မက် စကား၊
နောက် ၂-ပိုဒ်ကို မြတ်စွာဘုရား၏ အဖြေစကား-ဟု မှတ်ယူကြပါ။
အမေ့အိမ် မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Monday, January 25, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ တပဿီ နိဂုံး

ဒါကြောင့် ၀ိဇ္ဇာဓိုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူကို စာစကားနဲ့ ၀ိဇ္ဖာဓို၇် လို့ ခေါ်နိုင်ပါတယ်၊

ဇော်ဂျီ ဆိုတာ =

ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂ၀ယော ပုဒ်ကနေ ဂ၀ဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။

နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။

ယောဂ တရား ဆိုတာကလဲ သမထတရား ၊ ဈာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )

ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နည်း ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊

ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိုးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။
အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နည်းလမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နည်းလမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။

တပဿီ =

( တပေါ ယဿ အတ္ထိ တသ္မိံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။

ဒါကြောင့် စာပေအထောက်အထားတွေအရ ပြောရရင် အဲဒီလို သိဒ္ဓိပေါက်ပြီး ကောင်းကင်ပျံနိုင်နေတဲ့ သူတွေဟာ လူကောင်း သူကောင်း ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက မရှိသလောက်ပါပဲ။ ဇဋိလ သူဋ္ဌေးကြီး ရဲ့ ဖခင်အရင်းဟာ တကယ်တော့ ၀ိဇ္ဖာဓိုရ် တယောက်ပါ၊ ဘုံ ခုနှစ်ဆင့် ပြဿဒ်ပေါ် ထားတဲ့ တဦးတည်းသော သူဋ္ဌေးသမီး လေးကို ကောင်းကင်ကနေ လာရောက်ပျော်ပါး ခဲ့လို့ ဇဋိလ သူဋ္ဌေးအလောင်းအလျာကလေး ကို ဖခင် မပေါ်ပဲ လျှို့ဝှက် ခက်ခဲစွာ မွေးခဲ့ရဘူးတယ်။

နိဂုံး အနေနဲ့ တော့ လူတွေရဲ့ အထင်ကြီး လေးစားမှု့ကို ခံနေရတဲ့ သူတို့ အားလုံးဟာ ယခုလို ဘုရားသာသနာတော်မှာတော့ ဘယ်လို နည်းနဲ့မှ ကိုးကွယ်ထိုက်သူ ပူဇော်ပသထိုက်သူ မဟုတ်ဘူး ဆိုတာ ဖြေကြားလိုက်ပါတယ်။ ။

ကျမ်းကိုး၊ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓ၀ါဒဆိုင်ရာအဖြေများ ကို သင့်လျော်သလို ပြန်ဆို ရေးသားပါသည်။

စစ်မှန်သော ဘုရား တရား သံဃာ ကိုသာ ကိုးကွယ်ပူဇော်တတ်ကြပါစေ -

Sunday, January 24, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၎

အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊

၁။နစ္စ= ကခြင်းအတတ်၊
၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊
၃။ ၀တ္ထာလင်္ကာရ = အ၀တ်ဆင်ယင် ၀တ်တတ်ခြင်း၊
၎။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊
၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊
၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊
၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊
၈။မဇ္ဇာသ၀ါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊
၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊
၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊
၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊
၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊
၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊
၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊
၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊

၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ေ၇ာစပ်ခြင်း အတတ်၊
၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊
၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊
၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊
၂၁။ ရှာမတွေ့သေးပါ၊
၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊
၂၃။ဒေ၀တာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊
၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊
၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊
၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊
၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊
၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊
၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊
၃၀။ တဠာဂ၀ါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊

၃၁။ယန္တကရဏ = ယန္တ၇ား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊
၃၂။ဝဏ္ဏရဉ္စန = ဆေးဆိုးအတတ်၊
၃၃။ ဇလ၀ါယဂ္ဂိ =ေ၇စက်၊ လေစက် မီးစက်အတတ်၊
၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊
၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊
၃၆။ ၀တ္ထ ၀ါယန= ရက်ကန်းအတတ်၊
၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊
၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊
၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမ၇တနာပြုလုပ်ခြင်းအတတ်၊
၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊
၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊
၄၂။ စမ္မမဒ္ဒ၀ါဒိ =သားရေနယ်အတတ်၊
၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊
၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊
၄၅။ကဉ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊

၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊
၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊
၄၈။ဝတ္ထ သမ္မဇ္ဖန= ခ၀ါသည် အတတ်၊
၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊
၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊
၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊
၅၂။ရုက္ခာေ၇ာဟန= သစ်ပင်တက်ခြင်းအတတ်၊
၅၃။ မနောနုကူလ သေ၀ါကရဏ = အရှင့်စိတ်တိုင်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊
၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊
၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊
၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊
၅၇။ လောဟာဒိ သာ၇= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊
၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊
၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊
၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊
၆၁။ နာနာဒေသိယ ၀ဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊
၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊
၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊
၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊

ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနိုင်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊

ဆက်ပါအုံးမည် - -