Sunday, November 8, 2009

သဘာဝတရားထဲမှ လွတ်မြောက်မှု့ကို ရှာဖွေခြင်း

သီဟော ၀ သဒ္ဒေသု အသန္တသန္တော
ကေသရာဇာ ခြင်္သေ့တို့မည်သည်ကြောက်မက်ဖွယ် အဆင်း အသံ အာရုံ အမျိုးမျိုးကို ကြားရသော်လည်း မထိတ်လန့် မကြောက်ရွံ့သလို ဘယ်တော့များမှ ငါဟာလဲ ကြောက်ရွံ့ ထိတ်လန့်ခြင်းတွေ ကင်းပြီး နေရပါ့မလဲ -

ဝါတော ၀ ဇာလမှိ အသဇ္ဖမာနော
မုဆိုးတို့၏ ကောင်းကင်ပိုက်၌ လေသည် ငြိကပ်တွယ်တာမှု့ မရှိပဲ လိုရာအရပ်ကို သွားနိုင်သလို ဘယ်တော့များမှ ငါဟာလဲ တွယ်တာမှု့မရှိ ပေါ့ပါးလွတ်လပ်စွာ သွားနိုင်ပါ့မလဲ

ပဒုမံ ၀ တောယေန အလိမ္ပမာနော
ရေကန်မှာ ပေါက်ဖွားသော ကြာပန်း ကြာရွက်သည် ရွံ့ညွန် ရေ မစွတ်စို သလို ဘယ်တော့များမှ ငါဟာလဲ စည်းစိမ် ဥစ္စာ ရာထူး အာဏာ ကာမဂုဏ်တွေနဲ့ ဘ၀အပေါ်မှာ တပ်မက်မှု့မရှိပဲ နေနိုင်ပါ့မလဲ

ဧကော စရေ ခဂ္ဂ၀ိသာဏကပ္ပေါ
ကြံ့သတ္တ၀ါ ဟာ ဦးချို တစ်ချောင်းသာရှိလို့ လွတ်လပ်စွာ လှည့်လည်နိုင်သလို ဘယ်တော့များမှ ငါဟာလဲ တောတောင် သစ်ပင် လှိုဏ်ဂူ တွေအောက်မှာ ဓမ္မဖြင့် တပါးတည်း လှည့်လည်သွားလာနိုင်ပါ့မလဲ

ဗာရာဏသီတိုင်းပြည်က ရှင်ဘုရင်တပါးရဲ့ ဆုတောင်း ( ၄ )မျိုးပါ၊ စာရေးသူအပါအ၀င် လူသားအားလုံးဟာ ကံကောင်းထောက်မစွာ လူ့ဘ၀ကို ရလာကြတဲ့ အလျောက် ကောင်းဆိုးလောကဓံ တွေကို အထိုက်အလျောက် ကြုံတွေ့ရမှာ မလွဲပါဘူး၊ ဒီလိုပဲ လူသားတယောက်ဖြစ်တဲ့ ရှင်ဘုရင်ကြီးက လောကဓံတွေ ခံစားရလွန်းလို့ တနေ့မှာ သတိသံဝေဂ ဖြစ်ပြီး အထက်ပါအတိုင်း ညည်းတွားလိုက်မိတယ်၊

သို့သော် အဲဒီ တနေ့ဟာ သူ့ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့တော့ ကြိုတင်မသိခဲ့ပါဘူး ၊ အဲဒီတနေ့ဆိုတာ --နန်းတော်မှာ အာရုံတွေကို ငြီးငွေ့လွန်းလို့ မူးမတ်ဗိုလ်ပါတွေနဲ့ တောလိုက်ကစားထွက်လာစဉ် သစ်ပင်အောက်အိပ်ပျော်နေတဲ့ ခြင်္သေ့လေးတကောင်ကိုတွေ့တော့ ဟေ့ ဟေ့ ခြင်္သေ့ဆိုတာမျိုးဟာ ထိတ်လန့်တယ် ဆိုတာ မရှိဘူး လို့ ကြားဖူးတယ်၊ ငါကိုယ်တော် စမ်းသပ်ကြည့်ရမယ် ။

ကိုင်း မောင်မင်းတို့ ခြင်္သေ့လေးအနား သွားပြီး အိုးစည် ကြေးမောင်း လင်းကွင်းတွေ တီးကြစမ်း ဆိုပြီး တီးခိုင်းတော့ အိပ်ရေးတောင်မပျက်တဲ့ ခြင်္သေ့လေးကို ကြည့်ပြီး အော် လူတွေဟာ ကိုယ့်ရဲ့ အတ္တ ကိုယ့်ရဲ့ ဘ၀ စည်းစိမ်တွေကို ချစ်နေကြလို့သာ ကုန်ဆုံးပျက်စီးမှာ ကြောက်ပြီး ထိတ်လန့်နေကြရတာ ၊ အားလုံးကို ပယ်နိုင်၇င်တော့ ကြောက်ရွံ့စိတ်ဖြစ်မှာ မဟုတ်တော့ဘူး၊ ငါလဲ ခြင်္သေ့လို ကျင့်တော့မယ် ဆိုပြီး သံဝေဂပွားလို့ မိမိကိုယ်ကို ၀ိပဿနာ တရား ရှုမှတ်လိုက်ပါတယ်၊

နောက်တခါတော့ မုဆိုးတွေ ကောင်းကင်ပိုက်နဲ့ ငှက်ထောင်နေတာကို ကြည့်ပြီး အော် လူတွေဟာ အ၀ိဇ္ဖာ အမှောင်ဖုံးနေကြလို့သာ သွားလိုရာ မသွားနိုင်ပဲ သံယောဇဉ်တွေနဲ့ နောက်ဆံတင်းနေကြတာ၊ အ၀ိဇ္ဖာကို ပယ်နိုင်ရင်တော့ လေလိုပဲ ငြိကပ်စရာ မရှိတော့ဘူး၊ ငါလဲ လေလို ဖြစ်အောင် ကျင့်တော့မယ် ဆိုပြီး နှစ်ကြိမ်မြောက် ရှု့မှတ်ပြန်တယ်၊

နောက်ဆုံးအနေနဲ့ ရေကန်တခုနား ရောက်ပြန်တော့ ကြာရွက် ကြာပန်းလေးတွေ လေတိုက်လို့ ရေအောက်ရောက်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေသော်လည်း ရွံ့ညွန် တွေ ရေတွေ မလိမ်းကျံတာကို မြင်ရပြန်တော့ အော် လူတွေဟာ တဏှာနဲ့ ကိုယ့်ရဲ့ စည်းစိမ် ဥစ္စာ ရာထူးအာဏာ တွေကိုတွယ်တာနေလို့သာ ဒုက္ခကမလွတ်နိုင်ကြတာ၊တဏှာကို ပယ်နိုင်ရင် ဒုက္ခကလွတ်မှာပဲ ၊ ငါလဲ ကြာပင်လို ကျင့်တော့မယ် ဆိုပြီး မိမိရဲ့ ကရဇကာယကို ဥပမာ သုံးမျိုးနဲ့ ရှု့လိုက်တာ တထိုင်အတွင်းမှာပဲ ဘုရားငယ်အဖြစ် ပစ္စေကဗောဓိဥာဏ်ကို ရရှိသွားပါတယ်.တရားထူးရတာနဲ့ တပြိုက်နက် သူရဲ့လေးခုမြောက်ဆုတောင်းဟာလဲ အလိုလို ပြည့်စုံသွားပါတယ်။

ဒီလိုပါပဲ တ၇ားသဘောတွေဟာ နေရာတိုင်းမှာ ရှိနေတာပါ စာဖတ်သူ ဓမ္မမိတ်ဆွေအပေါင်းလဲ လောကဓံတရားတွေနှင့် တွေ့ကြုံရချိန်မှာ ရှင်ဘုရင်ကြီးလိုမျိုး ဓမ္မသဘောဖြင့် အမှန်တရားကို ရှာဖွေပြီး ဘ၀ဒုက္ခမှ လွတ်မြောက်အောင် မှန်ကန်သောအမြင်မျိုးနဲ့ ဘ၀လွတ်မြောက်မှုအတွက် ရှာဖွေနိုင်ကြပါစေလို့ စေတနာစကားနဲ့ ဆန္ဒပြုလိုက်ပါတယ်.။



ကျမ်းကိုး…..
သီဟပစ္စေက ဗုဒ္ဓ၀ံသ အပဒါနပါဠိ

No comments:

Post a Comment