Thursday, March 4, 2010

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး ဒုပိုင်း

အရှင်ဇာဂရသည် ရဟန်းအဖြစ်သို့ရောက်လျှင် သဒ္ဒါကျမ်းဆိုင်ရာတို့ကို အထူးလေ့လာ လိုသေးသည်ဖြစ်၍ ထိုခေတ်က သဒ္ဒါကျမ်းများဆိုင်ရာ ကျော်စောလှသော ကမ္ဘာမူး၏အနောက်ဘက် မန်ကျီးကန်ဆရာတော်ကြီးအထံသို့ ကြွရောက်တော်မူသည်၊ မန်းကျီးကန်ဆရာတော်ကြီးးက သဒ္ဒါကျမ်းဆိုင်ရာတို့ကို အရှင်ဇာဂရအား အနည်းငယ်စစ်မေးပြီး ကျေနပ်တော်မူသည်ဖြစ်၍---

တို့ဆီမှာ နေဖို့မလိုတော့ဘူး၊ ပညာရှိအကျော်အမော်များ စုဝေးရာ အမရပူရနေပြည်တော်သို့ ကြွရောက်နည်းခံလေ-ဟု လမ်းညွှန်တော်မူသည်၊ ၄င်းလမ်းညွန်ချက်အရ အမရပူရနေပြည်တော်သို့ ကြွရောက်ကာ---
၁။ ပဲ့ပါကျောင်းတိုက်

၂။ သဲအင်း ( မင်းအို ) ကျောင်းတိုက်
၃။ မြသိန်းတန် ( စပါးတော ) ကျောင်းတိုက်နှင့်
၎။ အင်းဝ ဗားကရာကျောင်းတိုက်၌ ပရိယတ္တိဆိုင်ရာတို့ကို ဆက်လက်ဆည်းပူးတော်မူသည်။
ထိုအမရပူရ၌ သီတင်းသုံးတော်မူစဉ်မှာပင် မင်းတုန်းမင်းသားနှင့် တွေ့ဆုံရင်းနှီးခွင့်ရ၍ ဆရာရင်း ဒကာရင်းအဖြစ်သို့ ရောက်သည်။

အရှင်ဇာဂရ ငါးဝါအရတွင် အရညကင်ဓူတင် ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်တော်မူသည်။ ထို့ကြောင့် အရှင်ဇာဂရသည် တိစီဝရိတ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ အရညကင်ဓူတင်၊ ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်၍ ကြွင်းဓူတင်(၉)ပါးတို့ကို ရံခါရံခါဆောင်ခြင်းဖြင့် ဓူတင်တေရသဆောင် ရဟန်းတော်ဟူသော ဂုဏ်ကို ရရှိတော်မူသည်။

အရှင်ဇာဂရ ၅-၀ါရပြီးနောက် ၁၂၁၈-ခုနှစ်တွင် ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒကို အမှူးထားပြီး ရေစကြိုမြို့ ဂူဖြူတောရဆရာတော် လောင်းလျာ အရှင်မေဓာတို့နှင့် တွဲဘက်၍ ရှမ်းကလေးကျွန်း တိုက်သစ် တည်ထောင်ကာ သာသနာတော်သန့်ရှင်းပြန့်ပွားထွန်းကားအောင် ဆောင်ရွက်တော်မူသည်။

၁၂၁၁-ခုနှစ်တွင် စစ်ကိုင်းမြို့အနောက်ဘက် မန်းကျည်းစဉ်ရွာ တောရကျောင်း ဂိုဏ်းအုပ် သိမ်ဖြူဆရာတော်ကြီးအထံ၌ သီတင်းသုံး၍ စာသင်သားသံဃာ ၅၀-ပါးတို့ကို စာပေပို့ချ သီတင်းသုံးတော်မူပြီး ၁၂၁၃-ခုနှစ်တွင် ရွှေဘိုတောင်လက် ခေါတောရွာအနောက်ဘက် ရှမ်းကလေးကျွန်းဆရာတော်ဘုရား သီတင်းသုံးတော်မူသည့် ကောင်းပင်ကုန်းတောရ၌ သီတင်းသုံးတော်မူသည်။

၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် မင်းတုန်းမင်းသား သီရိမဟာသီဟသူရ ဓမ္မရာဇာသည် အလိုတော်ပြည့်၍ အမရပူရ ပဉ္စမနန်းစံအဖြစ်သို့ ရောက်သည်။

၁၂၁၇-ခုနှစ်တွင် ရှိမ်းမကားရွာမြောက်ဘက် အဘယဂီရိတောင်ဝှမ်း၌ ခေမာသီဝ အဘယဂီရိ တောရကျောင်းတိုက်အတွင်း၌ သိမ်သမုတ်တော်မူသည်၊ သိမ်တော်၏အမည်ကို ဒကာဖြစ်သော အင်္ဂါနေ့ဖွား မင်းတုန်းမင်းတရား၏ ဆရာဖြစ်သော အင်္ဂါသားရဟန်းတော်က အင်္ဂါနေ့၌ သမုတ်အပ်သည်ဖြစ်သောကြောင့် အက္ခရာ ၉-လုံးဖြင့် ဇိနောရသ သာဓုပါမောဇ္ဇ-သိမ်တော်ဟု သမုတ်ခေါ်ဝေါ်တော်မူသည်၊

အင်, ကြင်း, ခက်, ကျိုင်း, ရွှေကျင်ဂိုဏ်း

၁၂၂၂-ခုနှစ် ၀ါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ၀ိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။

ရွှေကျင်ဆရာတော်

ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မ၀လွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်၊ နဖူးတော်ကျယ်သည်၊ နားတော်ကြီး၍ နှာတံပေါ်သည်၊ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်၊ သြဇာရှိသောအသံမျိုးဖြစ်သည်၊ အသားတော်မှာ အသားလတ်ဖြစ်သည်၊ ၀တ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အ၀ါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်၊ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်၊

သို့သော် အရောင်အသွေးမှာ အ၀ါရင့် အရောင်မှိန်မှိန်သာဖြစ်သည်၊ ၀တ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတန်း သေသေသပ်သပ် ၀တ်ရုံ သီတင်းသုံးတော်မူသည်၊ နံနက်ပိုင်း ညဥ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၄င်း၊ ညဥ့်အခါ ညဥ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၄င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣနြေ္ဒရှိသော အမူအရာတော်ရှိသည်။

ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၄င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။
တနေ့သ၌ မင်းတုန်းမင်းတရားကြီးသည် အမတ်တယောက်ကို စေလွှတ်၍ ရွှေကျင်ဆရာတော်ဘုရားကြီးအား ဆွမ်းအလှူခံကြွတော်မူရန် နန်းတော်သို့ပင့်စေသည်၊ အမတ်သည် ရွှေကျင်တိုက်သို့သွား၍ ရွှေကျင်ဆရာတော်ဘုရားကြီးထံမှောက် ရောက်ကာလ ရွှေကျင်ဆရာတော် ဘုရားကြီး သင်္ကန်းရုံတော်မူနေသည်ကို တွေ့မြင်ရ၏။

ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက်၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။

ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလား-ဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ၀မ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လော-ဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏။

အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ၀မ်းမြောက်သောကြောင့် ဖြစ်ပေသည်။

ဒီနေရာကနေ မူရင်းကိုကူးယူဖော်ပြပါသည်။

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး

ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်ပါသည်၊ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်း-ဟု ခေါ်သည်။

ဆရာတော်-ဟူသည် မြန်မာနိုင်ငံတွင် လေးစားအပ်သော ဗုဒ္ဓဘာသာရဟန်းတော်တပါးအား လေးစားမှုကိုပြသသော ဝေါဟာရတခု ဖြစ်သည်။ ရွှေကျင်ဆရာတော်ဟူသော အသုံးအနှုန်းမှာမူ မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီး ဆရာတော်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ရွှေကျင်ရွာ-၏ အမည်နှင့်တွဲဘက်၍ ရွှေကျင်ဆရာတော်-ဟု သုံးနှုန်းထားခြင်းဖြစ်သည်။

ဆရာတော်လောင်းလျာသည် ရွှေကျင်ရွာမှာပင် အရှင်ဇာဂရ-ဟူသောအမည်ဖြင့် မြင့်မြတ်သောရဟန်းအဖြစ် ရောက်ခဲ့သည်။
ရွှေကျင်ဆရာတော်သည် သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် နေသည့် အထူးသဖြင့် ၀ိနည်းလေးစားသော စာပေပညာရှင် ဆရာတော်တပါးအဖြစ် နုပျိုစဉ်ကပင် ကျော်ကြားထင်ရှားခဲ့သည်။
ဆရာတော်မှာ ရှမ်းကလေးကျွန်း ဆရာတော် ဦးဆောင်သည့် ပြုပြင်ရေး၊ တောနေရဟန်းများ လှုပ်ရှားမှုအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့သည်။

၁၈၆၁-ခုနှစ်တွင် မင်းတုန်းမင်းတရားက ရွှေကျင်ဆရာတော်အား မန္တလေးရွှေမြို့တော်သစ်သို့ ပင့်ကာ ကျောင်းဆောက်လှူဒါန်းခဲ့သည်၊ နန်းဦးဆရာတော်အဖြစ် ကိုးကွယ်ခဲ့သည်၊ ကိစ္စ အများအပြားတွင် အနှိမ်ခံရဖန်များသည့် ရွှေကျင်ဆရာတော်မှာ သာသနာပိုင်နှင့် သဘောထားကွဲလွဲ ခဲ့သည်၊ ရွှေကျင်ဆရာတော်သည် နေပြည်တော်တွင်မနေလိုပဲ တောရဆောက်တည် ဧကစာရီ ဆရာတော်တပါးအဖြစ် သီတင်းသုံးခွင့်ပြုဖို့ ခွင့်ပန်ခဲ့သည်၊ မင်းတုန်းမင်းတရားကြီးကလဲ ရွှေကျင် ဆရာတော်နှင့် သူ၏ပြုပြင်ရေးဝါဒီ တပည့်နောက်လိုက်များအား သာသနာပိုင်၏ အာဏာစက် အောက်တွင် မထားတော့ရန် ဆုံးဖြတ်ခဲ့သည်၊ မြန်မာသံဃာလောကအတွင်း ရွှေကျင်ဂိုဏ်း ဖွဲ့စည်းတည်ရှိလာမှုကို ဤအဆုံးအဖြတ်တွင် အစရှာဖွေတွေ့ရှိနိုင်သည်။

မင်းတုန်းမင်းတရားသည် ရွှေကျင်ဂိုဏ်းကို မင်း၏အစောင့်အရှောက် ဆက်လက်ပေးခဲ့သည်၊ ဂိုဏ်းတိုးတက်ရေးကို ကူညီစောင့်ရှောက်ရင်း ရွှေကျင်ဆရာတော်ကိုလဲ လေးလေးစားစားဆည်းကပ် ကိုးကွယ်ခဲ့သည်၊ သို့သော် ရွှေကျင်ဆရာတော်မှာမူ သူ၏နဂိုဗီဇအတိုင်း ရှင်ဘုရင်နှင့် ကင်းကင်း နေနိုင်ခဲ့သည်၊ မင်းတုန်းဘုရင်၏ သံဂါယနာတင်ပွဲမှာလဲ မပါဝင်ခဲ့ပေ။

အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ (သို့) လူသူမနီး တောမြိုင်ကြီး၌သာ အချိန်များများ သီတင်းသုံးနေထိုင်ခဲ့သည်၊ မင်းတုန်းဘုရင်က သဘောတူ ကြည်ဖြူမှုမရှိသော်လဲ သီရိလင်္ကာနိုင်ငံရှိ ဘာသာရေးနှင့်ပတ်သက်သည့် အထွဋ်အမြတ်ထားရာ နေရာများသို့ ဘုရားဖူးကြွရောက်ခဲ့သည်။

၁၈၇၈-ခုနှစ်၌ သီပေါမင်း နန်းတက်လာသောအခါ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုမျှ မယူသော်လဲ သာသနာပိုင်ဆရာတော် နှစ်ပါးထဲက တပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်၊ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၅-ခုနှစ်တွင် အုပ်ချုပ်သူ အင်္ဂလိပ်တို့ကရွှေကျင်ဆရာတော်အား သာသနာပိုင်အဖြစ် အသိအမှတ်မပြုတော့ပေ၊ သို့သော် ဆရာတော်၏ ဂုဏ်သတင်းမှာ ပျံလွန်တော်မူသည့် ၁၈၉၃-ခုနှစ်အထိ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများသို့တိုင်အောင် ကျယ်ပြန့်လျက် ဆက်လက်တိုးတက်ခဲ့သည်။

ဆရာတော်၏လှုပ်ရှားမှုနှင့် အဆုံးအမ သြ၀ါဒများတွင် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ နူးညံ့သိမ်မွေ့မှုဖြစ်သည့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးကို တုံ့ပြန်မှု တရပ်အနေဖြင့် ဗုဒ္ဓဘာသာရဟန်းဘ၀တွင် မြင့်မြတ်ဖြူစင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ဖြစ်ရေးကိုသာ အာရုံစိုက်သည်၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအတွင်း ပြုပြင်လိုသည့် မြန်မာရဟန်းသံဃာတော်များအတွက် လှုံ့ဆော်ပေးသည့် စည်းလုံးညီညွတ်စေသည့် စံပြ ပုဂ္ဂိုလ်တပါးအဖြစ် ဆရာတော်၏ ဘ၀တသက်တာလုံး ဆက်လက်ဆောင်ရွက်သွားခဲ့သည်။

စိရံ တိဋ္ဌတု လောကသ္မိံ၊ သမ္မာသမ္ဗုဒ္ဓ သာသနံ ။
တသ္မိံ သဂါရ၀ါ နိစ္စံ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။

( အာစရိယ ဓမ္မပါလ )

ရွှေကျင်ဆရာတော် ကြီး၏ ဘ၀ဖြစ်စဉ်

( ငါ့ကိုချစ်လျှင် ပြည်သူကိုချစ်) ဟု သစ္စာပေးပြီး နန်းတက်လာခဲ့သော သိရီတြိဘ၀နာဒိတျ ပ၀ရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇ-ဟူသည့် ဘွဲ့တံဆိပ်နာမံကို ခံယူတော်မူသော ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်ဘုရား နန်းစံ၍ ၃-နှစ်ရှိလာသောအခါ ရတနာသီခ ရွှေဘိုမြို့တော်၏ တောင်ဘက် ခရီး ၆-တိုင်အကွာ ယခုခေတ် ၀က်လက်မြို့နယ် အ၀င်အပါ သက်လက်မြို့မှ အနောက် ၄-တိုင်ခန့်အကွာ ပုဂံမြို့၌ ၅၉၆-ခုနှစ်တွင် နန်းတက်သော ဓမ္မရာဇာ-ဘွဲ့ခံ ကျစွာမင်းကြီး၏ ဆွေမျိုးတော်ဖြစ်သော ရွှေပေါလှမင်း ညီအကိုမောင်နှမ ငါးဦးတို့ တည်ထောင်ခဲ့သည့်

၁။ လှတော
၂။ ကျည်းကန်
၃။ မဲကုန်း
၎။ ရေထွက်
၅။ ရွှေကျင်-ဟူသော
လှတောကြီး ၅-ရွာ အ၀င်အပါ ရွှေကျင်ရွာတွင် ဇာတိကုလ အာစာရဂုဏ်တို့နှင့် ပြည့်စုံသော ကုန်သည်ကြီး ဦးမောင်-ဇနီးဒေါ်မယ်မိတို့မှ ၁၁၈၄-ခုနှစ် ၀ါဆိုလပြည့်ကျော် ၁၂-ရက် ညဥ့်သုံးချက်တီးကျော် ၁၃-ရက် အင်္ဂါနေ့သို့အ၀င် ကောင်းမြတ်သောအချိန်တွင် သဂါရ၀, သပတိဿ, ဟိရီ, သြတ္တပ္ပ, ၀ီရိယ, ပညာ, သဒ္ဓါ-စသောဂုဏ်တို့နှင့် ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူသည်။

အမည်မှည့်အံ့သောနေ့၌ ပညာရှိတို့နှင့် တိုင်ပင်၍ အနာဂတ်ကာလ၌ သန့်ရှင်း စင်ကြယ်လှသော သံဃနိကာယကြီးကို ဖြစ်ပေါ်စေမည့် အကြောင်းအချက်နှင့် လိုက်ဖက် ညီညွတ်လှသော မောင်သန့်-ဟူသောအမည်ကို မှည့်ခေါ်ကြကုန်၏။
မောင်သန့် (၇)နှစ်အရွယ်သို့ရောက်သောအခါ အမိအဖတို့က ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် လူမည် ဘိုးရွှန်း-ခေါ် ဦးဝရဗုဒ္ဓိ ထံသို့ ပို့အပ်ကြပြီး အသက် ၁၄-နှစ်အရွယ်ကို့ ရောက်သောအခါ ၁၁၉၈-ခုနှစ်တွင် ဦးမောင်+ဒေါ်မယ်မိတို့က ကျွေးမွေးလှူဒါန်းကာ ရှင်ပြုပေးကြ သဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရ၏။ ဘွဲ့တော်မှာ နိုးကြားသူ-ဟု အဓိပ္ပါယ်ရသော ရှင်ဇာဂရ ဖြစ်သည်။

ရှင်ဇာဂရသည် ၁၁၉၈-ခုနှစ်-၀ါ ဥပဇ္ဈာယ်အထံ၌ သီတင်းသုံးပြီး အထက်တန်း ကျမ်းဂန်ကြီးများကို ဆက်လက်သင်ယူနိုင်ရန် ၁၁၉၉-ခုနှစ် သက်တော် ၁၅-နှစ်အရွယ်တွင် ရွှေဘိုမြို့ ၀င်္ကပါဆရာတော်ကြီးထံသို့ ကြွရောက်၍ ၃-နှစ်တိုင် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များကို လေ့လာသင်ယူ တော်မူသည်။

သက်တော် ၁၈-နှစ် သက္ကရာဇ် ၁၂၀၂-ခုနှစ်သို့ ရောက်သောအခါ မြတ်စွာဘုရား လက်ထက်တော် ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်မှ စဉ်လာမပျက် ဆင်းသက်လာသော ဂဏ၀ိမုတ်အမိန့်အရ သီးလုံးတောရ စန္ဒိမာဘိဝံသ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော် ဘုရား၏အထံသို့ ရောက်ကာ ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်၏အနွယ်သို့ သက်ဝင်မိ တော့သည်။

ရှင်ဇာဂရ အသက်နှစ်ဆယ်သို့ ရောက်သောအခါ ၁၂၀၈-ခုနှစ်တွင် ခမည်းတော် မယ်တော်တို့က ရွှေကျင်ရွာ၌ ရဟန်းခံပွဲပြုလုပ်ကာ ဒုတိယအကြိမ် ချီးမြှောက်ကြသဖြင့် ငယ်ဆရာ ဦးဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုလျက် ရေထွက်ရွာ ဆုတောင်းပြည့် ဘုရားဝင်းအတွင်း၌ရှိသော ဗဒ္ဓသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်၊ ရဟန်းဖြစ်သည်မှာစ၍ တိစီဝရိတ်ဓူတင်နှင့် ပိဏ္ဍပတ်ဓူတင် တို့ကို အမြဲဆောင်တော်မူသည်။

ဆက်ပါအုံးမည် - -

Tuesday, March 2, 2010

၁၅၀၀ + ၅၂၈ = ၂၀၂၈

ဦးကျော် ကိစ္စတခုကို မေးချင်လို့ မေးလို့ရမလား ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် သိချင်တဲ့ ဆန္ဒက များနေလို့ပါ၊

ဘာများလဲ ဦးဇင်း- - ဒီလောက် စကားပျိုးနေပုံထောက်တော့ ထူးထူးဆန်းဆန်းပါပဲလား၊ မေးပါ ရပါတယ်၊ ကိုယ့်ဦးဇင်းတွေ ဆိုတော့ ပြောပေးရမှာပေါ့၊

သူကတော့ စာရေးသူတို့ ငယ်ငယ်က ကျောင်းမှာ အမြဲတမ်း ၀င်ထွက်ပြီး ဖခင်တယောက်လို ဦးလေးတယောက် ဆွေမျိုးတယောက်လို သံဃာတော်တွေနဲ့ ရင်းရင်းနှီးနှီး နေပြီး သံဃာတွေ ဆွမ်းကွမ်းကိစ္စကအစ ကျောင်းတိုက် အဆောက်အဦး ၀ါဆိုကထိန် ပါမကျန် ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံ သာသနာတော်ကို ထောက်ပံ့ပေးနေတဲ့ ဒကာကြီးတယောက်ပါ။ သူကိုယ်တိုင်ကလဲ ဘာမှ လိုလေသေးမရှိ ချမ်းသာပြည့်စုံနေပြီး စေတနာ သဒ္ဓါတရားကလဲ အားကောင်းလေတော့ လိုသမျှ ဖြည့်ဆည်းပေးတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်၊

အင်း - - မေးရမှာ အားနာနာပါပဲ၊ ဦးဇင်းတို့ ဘုရားကလဲ ဟောထားတာ မိန်းမသားတွေ အပြစ်တွေကိုချည်း ပိဋကတ်ကျမ်းစာတွေမှာတွေ့နေရတယ်၊ ကောင်းတာက နည်းနည်းရယ်၊ နောက်ပြီး အခုခေတ် အိမ်ထောင်သည် ယောကျာ်းတွေကလဲ အိမ်ထောင်သက် နှစ်ပေါင်းတော်တော်ကြာလာရင် သည်းခံနိုင်စွမ်းတွေ လျော့နည်းလာပြီး မိန်းမဖြစ်သူတွေကို သံယောဇဉ်လျော့နည်းလာကြတယ်၊ အချစ်တွေ လျော့လာကြတယ်၊ နောက်ဆုံး ထွက်ပေါက်အမျိုးမျိုးရှာပြီး ကွဲကြ၊ ခွာကြ တွေ ဖြစ်ကုန်တယ် လို့ အိမ်ထောင်သည် ယောင်္ကျာတိုင်းက ပြောတာလဲ ကြားဖူး မြင်ဖူးနေတယ်။

အခုဆို ဦးကျော်က ဘ၀မှာ ပိုက်ဆံလဲ ပြည့်စုံတယ်၊ ရုပ်ရည် ဥပဓိလဲ ရှိတယ်၊ ရာထူးဂုဏ်ဒြပ်တွေလဲ ရှိတယ်၊ လူတိုင်းက ရောက်တဲ့ နေရာတိုင်းမှာ လေးစား ချစ်ခင်ကြတယ်၊ ဇနီး သားသမီးတွေမြေးတွေနဲ့ပျော်စရာကောင်းလို့သူများ အားကျစရာ အခြေအနေပေါ့လေ၊

အခုလို ဦးကျော်ရော ဒကာမကြီးရော အသက် ၆၀ ကျော်တဲ့ အထိ ဘယ်လို စိတ်ထားမျိုးနဲ့ အိမ်ထောင်သက်ကို တည်မြဲအောင် ထိန်းထားသလဲ သိချင်လို့ပါ၊
ဦးဇင်းတို့ တွေ့နေ မြင်နေရတယ်၊ တခါတလေ ဒကာမကြီးက ဂဂျီ ဂဂျောင်များတယ်၊ ပြော၇ရင် ဂျီကျတယ်ပေါ့၊ အဲလို အခါမျိုးမှာ ဘယ်လို စိတ် ထားသလဲ - သိချင်ပါတယ်၊

ဦးဇင်းလေး- - - အမှန်အတိုင်း ၀န်ခံရရင် ငယ်ရွယ်စဉ်ကတော့ အိမ်ထောင်ပြုတာ ၁၅၀၀ တဏှာချစ်နဲ့ ပြုခဲ့တာပါ၊ နောက်ပိုင်း အသက်အရွယ်လေး ရလာပြီး သားတွေ သမီးတွေ နဲ့ ဖြစ်လာတော့ တယောက်နဲ့ တယောက် နားလည်မှု့ လေးတွေ ကိုယ်ချင်းစာစိတ်လေးတွေ ကိုယ်စီနဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပြီး တဏှာချစ် နဲ့တင် မလုံလောက်တော့ဘူး၊

ကိုယ်ကလဲ သူ့ကို ငယ်ရင် ညီမ၊ ကြီးရင် အမ တယောက်လို သဘောထားရတယ်၊ သူကလဲ မောင်တယောက်လို ၅၂၈ မေတ္တာနဲ့ တန်ဖိုးထားရတယ်၊ အသက်ကြီးနေချိန်မှာ သာယာမှု့ တဏှာချစ် ကိုသာ အဓိကထားမယ် ဆို အိမ်ထောင်က မတည်မြဲနိုင်ဘူး၊ နောက်ဆုံးတော့ တဏှာချစ်အပေါ်မှာ ၅၂၈ ရော ပေါင်းထည့်ပေးနိုင်မှပဲ ရေရှည်လက်တွဲနိုင်လိမ့်မယ်။

အော် နားလည်ပါပြီ၊ ဦးကျော်ရေ၊ တော်တော် ကျေးဇူးများတဲ့ သက်ကြီး စကားပါပဲ၊
ဒီလိုနဲ့ ဦးကျော်ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုဿုတ ဆိုတာကို သိခဲ့ကြားခဲ့ဖူးတယ်၊

လူတွေ တော်တော်များများ ငြီးတွားတာလဲ ကြားရဖူးတယ်၊

လောကကြီးက မတရားဘူး -တဲ့၊
တကယ်ဆို သက်မဲ့လောကကြီးက သူ့ပင်ကိုယ်အတိုင်း နေနေတာပါ၊ လူတွေရဲ့ စိတ်မှာဖြစ်နေတဲ့ အလိုမကျမှု့ စိတ်ဆင်းရဲမှု့ ၀မ်းနည်းမှု့တွေကြောင့် လောကကြီးကို အပြစ်ပုံချနေကြတယ်၊ မဆိုင်တာကို ဆွဲထည့်နေတာကို ပြောပါတယ်။

မြတ်စွာဘုရားကတော့ ဟောထားတယ်၊

ပိယတော ဇာယတိ သောကော၊ ပိယတော ဇာယတိ ဘယံ၊
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ ( ဓမ္မပဒ၊ ပိယ၀ဂ် )

အချစ်ရှိရင် သောက ခံစားရမယ်၊ ကိုယ်စိတ် ပူလောင်တာလဲ ကြုံရမှာပဲ၊ အချစ်မရှိတော့ဘူး၊ ချစ်ခြင်းကို အ၀င်မခံဘူး ဆိုရင်တော့ ဒုက္ခတွေ အားလုံး ငြိမ်းပြီပေါ့၊

စာရေးဆရာတွေကလဲ အမျိုးမျိုး ရေးကြပါတယ်၊ သီချင်းတွေဖွဲ့နွဲ့တာမျိုးလဲ ကြားဖူးတယ်၊

အချစ်တခုရှိရင် သောက တခုရှိမယ် ၊
အချစ် များများရှိရင် သောကများမယ်၊
ချစ်စရာ နည်းရင် သောက နည်းမယ်၊
ချစ်စရာ များရင် သောက များမယ်၊
များများ ချစ်ရင် များများ စိတ်ဆင်းရဲရမယ်၊
နည်းနည်း ချစ်ရင် နည်းနည်း စိတ်ဆင်းရဲရမယ် - တဲ့ ၊

ကဲ သင်ရော ဘယ်အမျိုးအစားထဲ ပါနေသလဲ - - သတိထားကြည့်ပါအုံး ၊ ၅၂၈ ကို ပေါင်းထည့်ပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်၊ ဒါဆို လောကကြီးရော ကိုယ့်ပတ်ဝန်းကျင်ရော အားလုံးဟာ သာယာ လှပနေပါလိမ့်မယ်၊

 မဆိုင်တာတွေ ရေးတယ်လို့ မထင်လိုက်ပါနဲ့၊အထူးသဖြင့် အိမ်ထောင်သည် အားလုံးအတွက် ရည်ရွယ်ပြီး တွေးမိတာလေးတွေ ချရေးမိပါတယ်၊
အားလုံး သတိထားပြီး မေတ္တာဖြင့် ဆက်လက် ရှင်သန်နိုင်ကြပါစေ --

Sunday, February 28, 2010

ကျွန်းမြတ် သီဟိုဠ်

ပါဠိပိဋကတ်တို့တွင် သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဟူ၍၄င်း၊ ရှေးခေတ်အခေါ် သီဟိုဠ်ကျွန်းဟူ၍၄င်း ခေါ်ဝေါ်နေကြသော သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံတောင်ဘက် အိန္ဒိယ ပင်လယ်အတွင်း၌ တည်ရှိသော ကျွန်းနိုင်ငံသေးသေးဖြစ်ပါသည်၊

အိန္ဒိယဆိပ်ကမ်းမှ ၂၂ မိုင်မျှသာဝေးပြီး ကျွန်း၏ အရွယ်ပမာဏမှာ အလျား ( ၂၇၀ မိုင် ) အနံ ( ၁၄၀ မိုင်) အကျယ်စတုရန်း (၂၅၃၃၂ မိုင်) သာ ရှိလေသည်၊

ဘုရားရှင်လက်ထက်တော်အခါက ဤကျွန်းတွင် လူသားတို့ မနေကြသေးပဲ ဘီလူးတို့သာ နေထိုင်ကြသည်။ သမိုင်းများ အဆိုအရ ၀ိဇယဗာဟု မင်းသားသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူသည့် မဟာသက္ကရာဇ် ( ၁၄၈ ခုနှစ် ) ကဆုန်လပြည့်နေ့ဝယ် ဤကျွန်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း၌ လူသားများ စတင်နေထိုင်ခဲ့ကြသည်။

ထူးခြားသည်ကား မြတ်စွာဘုရားသည် ဤကျွန်းသို့ ဘုရားဖြစ်တော်မူပြီး ၉ လမြောက်မှာ တကြိမ်၊ ၅ ၀ါမြောက်မှာ တကြိမ်၊ ၈ ၀ါမြောက်မှာ တကြိမ်အားဖြင့် သုံးကြိမ်တိုင်တိုင် ကြွရောက်ချီးမြောက်ခဲ့ခြင်းပင် ဖြစ်ပေသည်။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ဗာရဏသီပြည် မိဂဒါဝုန် တောထဲတွင် ပထမ၀ါအတွင်းဥရုဝေလ ရသေ့ညီနောင်တို့အား ချေချွတ်တော်ပြီး ပြာသိုလပြည့်နေ့၌မူ တပါးတည်း သီဟိုဠ်ကျွန်းသို့ ကြွလာတော်မူပြီးလျင် ကျွန်းနေ ဘီလူးတို့ကို ဆုံးမတော်မူကာ အစောင့်အရှောက်အရံအတား ပြုသောအားဖြင့် တကျွန်းလုံးကို သုံးကြိမ် လှည့်လည်တော်မူခဲ့သည်၊

ဘီလူးပရိသတ်တို့အား တရားဟောကြားအပြီးတွင် သမန္တကူဋတောင်နေ သုမနနတ်မင်းသည်သောတာပန်အရိယာဖြစ်လာရကား နတ်မင်း၏ လျောက်ထားချက်အရ ကိုယ်တော်စား ပူဇော်တော်မူရန် ဆံတော်တဆုပ်ကို ချီးမြှင့်တော်မူခဲ့သည်၊ သုမနနတ်မင်းလဲ ဘုရားရှင် စံမြန်းတော်မူသည် စမ္မခဏ်နေရာ၌ ဆံတော်တဆုပ်ကို ဋ္ဌာပနာလျက် ဣန္ဒနီလာ ကျောက်စေတီဖြင့် ပိတ်ဖုံးကာ ကိုးကွယ်ပူဇော်လေသည်၊

ထိုစေတီကိုပင် ယခုအခါ မဟိယင်္ဂဏစေတီ ဟု ခေါ်တွင်နေကြသည်၊ နောက်တချက်အနေနဲ့ ဘုရားရှင်၏ ရုပ်ကလာပ်တော် တေဇောဓာတ် လောင်တော်မူသောအခါ စန္ဒကူးနံ့သာ ထင်းပုံထက်မှ လည်ရိုးဓာတ်တော်ကို အရှင်သာရိပုတ္တ၇ာ မထေရ်၏ တပည့် ဖြစ်သူ အရှင်သရဘူမထေ၇်သည် တန်ခိုးဖြင့် ပင့်ဆောင်ကာ မဟိယင်္ဂဏစေတီ၌ပင် ထည့်သွင်းပူဇော်လေသည်၊

ထို့ကြောင့် ယင်း စေတီသည်ကား ဘုရားရှင်၏ ဓာတ်တော် ၂ မျိုးကိန်းအောင်းရာ တန်ခိုးကြီး စေတီတဆူဖြစ်ပြီး သီဟိုဠ်ကျွန်း၏ ပထမဆုံးတည်ထားသော ဘုရားရှင်၏ ဓာတုစေတီ လည်း ဖြစ်ပေသည်၊ ဘုရားရှင်၏ သာသနာစတင်ရာ ဖြစ်သောကြောင့် သီဟိုဠ်စေတီ အစ မဟိယင်္ဂဏ ကလို့ ဆိုသင့်ပါတော့သည်။

မဟာဝံသကျမ်း နှင့် ဘဒ္ဒန္တ နာရဒ ၏ သီဟိုဠ်ဘုရားဖူးလမ်းညွန်မှကူးယူဖော်ပြပါသည်။

ရောက်ခဲ့တဲ့ မြေပုံထိပ်ဆုံးက Jaffna နယ်စပ်မြို့
ဒီဘက်ကမ်းက သီဟိုဠ်ကျွန်းဖြစ်ပြီး ဟိုဘက်ကတော့ အိန္ဒိယ သမုဒ္ဒရာကြီးပါ
တရားနာ ကြွရောက်ကြရန် နတ် ဗြဟ္မာများအား သာမဏေငယ်လေးက တောင်ထိပ်မှ ကြွေးကြော်နေဟန်
တောင်ပေါ်တက်လမ်း တနေရာပါ
  သမန္တကူဋတောင်ကို ဒီလို ခဲခဲယဉ်းယဉ်း မတ်စောက်ကြီး တက်ခဲ့ရတယ်