Thursday, September 29, 2011

ပရဟိတအလုပ်သည် ဗုဒ္ဓအားလုံးတို့၏ လမ်းစဉ်


“ ခရီးများများ သွားလျင် ခလုတ်တိုက်မိတတ်တယ် ”
“ ခလုတ်တိုက်မှာ ကြောက်နေလျင် လိုရာပန်းတိုင်ကို မရောက်ပဲ ရှိလိမ့်မည် ”
“ ဒါကြောင့် ခရီးလဲ သွားပါ၊ ခလုတ်မတိုက်မိအောင်လဲ သတိထားပါ ”

အထက်ပါ သြ၀ါဒစကားများကား ရှေးရှေးသော ဆရာကြီးများ ပရဟိတလုပ်ငန်းများကို လုပ်နေစဉ် လက်ခံ ကျင့်သုံးခဲ့သော quotation များသာ ဖြစ်၏။ စာရေးသူထံ ပရဟိတလုပ်ငန်းများ လုပ်လိုသော ညီငယ်တစ်ယောက်က ပရဟိတလုပ်ငန်းနှင့် ဗုဒ္ဓဒေသနာများ ဘယ်လို ဆက်စပ်မှု ရှိနေပါသလဲ?  ဘယ်လိုစိတ်ထားများနှင့် အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် ရပါ့မလဲ? ဟု မေးမြန်းလာသော ကြောင့် ရေးသားလိုက်ပါသည်။

ဘာမှမလုပ်တဲ့သူတွေအတွက် ဘယ်လိုတုန့်ပြန်မှုမျိုးမှ မလာတတ်သော်လည်း ပရဟိတလုပ်ငန်းတွေ လုပ်နေပြီ ဆို လျင်  အကောင်း အဆိုး လောကဓံများနှင့် အတိုက် အခိုက်၊ အတွန်း အထိုး၊ အပင့် အမြှောက်၊ ချောက်တွန်းသူတွေက ဒုနဲ့ဒေး တွေ့ကြုံရမှာ မလွဲပါပဲ၊ တစ်ချို့က တွဲခေါ်ကြသလို၊ တစ်ချို့က တက်နင်းချင်ကြပါတယ်၊ လိုသူတွေက ချီးမွမ်းကြ သလို မလိုသူတွေက တွန်းချကြလိမ့်မယ် ဆိုတာ လူသားများရဲ့ သီအိုရီ တစ်ခုလို ဖြစ်နေပါပြီ၊

များသောအားဖြင့် လူ့စိတ်ဆိုတာကလဲ ချီးမွမ်းစကား တစ်ခွန်းပြောဖို့ ခက်ခဲနေပေမယ့် အပြစ်ပြောဖို့ ဆိုရင်တော့ ရည်ရွယ် ချက်ရှိလို့ဖြစ်စေ၊ မရှိပဲ ဖြစ်စေ ပြောမိတတ်ကြပါတယ်၊ ကောင်းစေချင်လို့ ပြောတာ ရှိသလို ချောက်တွန်းချင်လို့ မနာလိုလို့ ပြောခြင်းများလဲ ကြုံတွေ့ရမှာပါ။ သို့သော်လည်း လူအများရဲ့ ဒီသဘောတရားလေးကို ယောနိသော မနသိကာရ proper attention, judicious consideration ဆိုတဲ့ကိုယ်ချင်းစာ နားလည်စိတ်လေး ထားပြီး  နားလည်နိုင်ပြီ လက်ခံနိုင်ပြီ ဆိုရင်တော့ သင်ဟာ အရာရာ အောင်မြင်နိုင်ပါပြီ။

အဲဒီလို အကောင်း အဆိုး လောကဓံတွေ ဆိုတာကတော့ ပရဟိတသမားများအတွက် အတိတ်ကလဲ ရှိခဲ့သလို ယခုလဲ ရှိနေကြဆဲ နောင်လဲ ရှိနေအုံးမှာပါ၊ ဒါကပဲ လူသား ဖြစ်စဉ်၊ လူ့ပတ်ဝန်းကျင်ဖြစ်စဉ် တခုလို လည်ပတ်နေတယ်လို့ ဆိုနိုင် ပါတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရလျင် တစ်လောကလုံးမှာ perfect အဖြစ်ဆုံး၊ အပြစ်တစ်စုံတစ်ရာ ထောက်ပြစရာ မရှိပါဘူး ဆိုတဲ့ မြတ်စွာဗုဒ္ဓတောင်မှ သိဒ္ဓတ္ထဘ၀မှာ ကဲ့ရဲ့ခံရတယ်၊

ဘုရားဖြစ်ပြီးနောက်မှာလဲ ၄၅ နှစ်ပတ်လုံး လူသား တွေရဲ့ ကဲ့ရဲ့ဒဏ်၊ ဆဲဆိုဒဏ်တွေကို လူသတ်မှု၊ ကာမေသုမိစ္ဆာစာရအမှု စတဲ့ ကြီးမားတဲ့ အပြစ်တွေအပါအ၀င် စွပ်စွဲချက်  fraudulent charge တွေမျိုးစုံကို အကြိမ်ပေါင်း များစွာ ခံခဲ့ရတာပါ၊ စာရေးသူတို့လို သာမာန် အညတရ လူသား တွေမှာတော့ ကဲ့ရဲ့ခံရတာ စွပ်စွဲ ခံရတာ မထူးဆန်းတော့ဘူး လို့ ဆိုရပါမယ်။ အဲဒီလို ကိုယ့်စိတ်ကို ဖြေသိမ့် နိုင်ပြီ ဆိုလျင်လည်းဘယ်ကိစ္စကိုပဲ ဆောင်ရွက် သည်ဖြစ်စေ လောကဓံကို ခံနိုင်ရည် ရှိလာပါလိမ့်မယ်၊

ဗုဒ္ဓမြတ်စွာ၏ ပရဟိတစိတ်ထားများ

ပရ - သူတပါး၏၊ ဟိတ - အကျိုးစီးပွားကို လိုလားသူ ( ဒီနေရာမှာ သဒ္ဒါစည်းကမ်းအရ အဿတ္တိတဒ္ဓိတ်၊ ဗဟုဗ္ဗီဟိ သမာတ်ဖြင့် ) အများကောင်းကျိုးကို လိုလားသူ အဆင့်ထိ ယူရပါမယ်၊ ဒါဆိုရင်တော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ် သိန်း ကာလမှာ သုမေဓာရသေ့ဘ၀ကတည်းက ပရဟိတ စိတ်ထား ရှိခဲ့လို့သာ ဒီနေ့ အချိန်မှာ ဂေါတမဗုဒ္ဓ သာသနာဆိုတာ ရှိနေခဲ့တာပါ၊ တကယ်လို့ သုမေဓာရသေ့လေးမှာ ပရဟိတစိတ်ထား မရှိခဲ့လျင် ဒီနေ့ သာသနာ ဆိုတာ ရှိမှာ မဟုတ်တော့ဘူး၊ ကိုယ်တိုင် လက်တစ်ကမ်းမှာ ရောက်နေတဲ့ နိဗ္ဗာန်ကို မယူပဲ သူများကို ကယ်မယ်၊ သတ္တ၀ါတွေကို ကယ်မယ် ဆိုတဲ့ စိတ်နဲ့ အနစ်နာခံ၊ အပင်ပန်းခံပြီး ပါရမီတော်တွေကို ဖြည့်ဆည်းခဲ့တာ ပရဟိတစိတ်ထား အခြေခံကြောင့်ပဲ ဖြစ်ပါတယ်။

ဘုရားအလောင်းဘ၀မှာ လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ တိရိစ္ဆာန်ဖြစ်ဖြစ် ဘယ်နေရာ ဘယ်ဘုံဋ္ဌာနကို ရောက်နေသည်ဖြစ်စေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့တာ ဒီနေ့ ဇာတကအဋ္ဌကထာ များနဲ့ သုတ္တန်ဒေသနာတော်များမှာ အထင်အရှားရှိနေ ခဲ့တယ်၊ နောက်ဆုံး လူတွေနဲ့ မရောယှက်နိုင်တဲ့ ဗြဟ္မာဘ၀ကို ရောက်နေတာတောင်မှ ဇာတ်တော်ကြီး ၁၀ မျိုးထဲက နာရဒ ဇာတ်တော်မှာ နာရဒဗြဟ္မာ ဘ၀နဲ့ လူတွေ တရားပျက်၊ သီလပျက်နေတာကို လစ်လျူမရှုနိုင်တာကြောင့် အော် လူသားတွေ အပါယ်ရောက်ကြရှာတော့မယ် ၊ ငါ-သွားကယ်မှပဲ ဆိုပြီး လူ့ပြည်ကို ဆင်းကာ တရားဟောပြပြီး လူအများကို ကယ်တင် ခဲ့ဖူးတယ်။ တကယ်ဆို ဗြဟ္မာဘ၀နဲ့ ကိုယ့်ဘာသာ ဈာန်ချမ်းသာလေး ခံစားပြီး အေးအေးငြိမ်းငြိမ်းနေနိုင်တယ် မဟုတ် လား၊ ဒါပေမယ့်  သူတော်ကောင်းစိတ် ဓာတ်ခံက ဘ၀ပေါင်းများစွာ ကိန်းအောင်းလာခဲ့လေတော့ မနေနိုင်ရှာဘူး၊ တတ်နိုင် သမျှ ကယ်တင်ခဲ့ရှာတယ်။

ယခုပစ္စပ္ပန်ဘ၀ ဘုရားရှင်ဖြစ်ပြန်တော့လဲ ပြုစုမည့်သူ မရှိတဲ့ ဂိလာနရဟန်းကို ကိုယ်တော်တိုင် ရေနွေးအိုးတည်ကာ အနာ ပုပ်၊ ပြည်ပုပ်တွေကို ဖန်ရည်ဆေးကြောကာ  ပြုစုတော်မူပြီး ပရဟိတစိတ်ထားကို ဖော်ပြသွားခဲ့တယ်၊ နောက် ရဟန္တာဖြစ်ပြီး   နွားဝှေ့ခံရကာ ပရိ နိဗ္ဗာန်စံတော်မူရရှာတဲ့ ခိပ္ပါဘိညာ ဧတဒဂ်ရ အရှင်ဗာဟိယ ဒါရုစီရိယအလောင်းကောင် ကိုလဲ ကောင်းေ ကာင်း မွန် မွန် မီးသဂြိုလ်ပေးရန် စီမံတော်မူခဲ့တယ်၊

ဒါတွေဟာ အဖ ဘုရားရှင်ရဲ့ ပရဟိတလုပ်ငန်းများဖြစ်ပြီး တရားရေအေး တိုက်ကျွေးတာဟာလဲ အမြတ်ဆုံး ပရဟိတ လုပ်ငန်းပါ ပဲ၊ ဘုရားရှင်ရဲ့ လမ်းစဉ်ကို အားကျခဲ့ကြတဲ့ ယသသူဋ္ဌေးသား တို့ အုပ်စုဟာလဲ ယနေ့ ဦးကျော်သူတို့လို အဖွဲ့ အစည်းမျိုး ထူထောင်ကာ ပရဟိတလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ခဲ့၊ သက်သေပြခဲ့တာကြောင့် နောင်တစ်ချိန်မှာ ရဟန္တာဘ၀ကို အလွယ်တကူ ရရှိခဲ့ပြန်တယ်၊ ဆိုရရင်တော့ ပရဟိတစိတ်ထားကနေ  နိဗ္ဗာန် အထိတောင် ဧဟိဘိက္ခု ဘ၀နဲ့ ပို့ပေးနိုင်တယ် လို့ ဆိုရမှာပါ။

ပရဟိတအတွက် လိုအပ်သော စိတ်ထားများ

၁။ ကာယကံမေတ္တာ
၂။ ၀စီကံ မေတ္တာ
၃။ မနောကံ မေတ္တာ

၎။ အဂတိ မလိုက်စား၊ မျက်နှာကြီးငယ်မရွေးခြင်း၊
၅။ ကိုယ်ကျင့်တရား
၆။ ယုံကြည်ချက် သဒ္ဓါတရား များ ကိုယ်စီ ရှိထားဖို့ လိုအပ်ပါတယ်၊

ကာယကံမေတ္တာ ဆိုသည်မှာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်နေစဉ် တယောက်နဲ့ တစ်ယောက် သူလုပ်မယ် ငါလုပ်မယ် စသည်ဖြင့် မတွက်ကပ်ပဲ  နောက်ကွယ်မှာ ဖြစ်စေ၊ ရှေ့မှာဖြစ်စေ အဖွဲ့လိုက် ပျော်ပျော်ပါးပါးဖြင့်  လုပ်ဆောင်မှုကို ဆိုပါ တယ်၊

ဝစီကံ မေတ္တာ ဆိုသည်မှာ အဖွဲ့အတွင်းဖြစ်စေ၊ ပြင်ပလူများအပေါ်မှာဖြစ်စေ အပြစ်ကို မြင်လာတဲ့အခါ  သည်းခံစိတ် မထားနိုင် ပဲ နှုတ်နဲ့  အပြစ်ပြောမိခြင်းပါ၊ ကိုယ်ဟာ မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်နေတာပဲ လို့ စိတ်ထဲမှာ စွဲမြဲမှတ်သား ထားရပါမယ်၊ ကိုယ့်ထက်ငယ်နေလျင် ငါ့ညီရေ၊ ညီလေးရေ၊ ညီမရေ စသည်ဖြင့် ချစ်စဖွယ်စကားကို ပြောဖြစ်ကြရင် ကြားရသူများမှာလဲ နားဝင်ချို လှပါတယ်၊ အသက်အရွယ်ကြီးနေလျင်လဲ အကို၊ အမ စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုကြမယ် ဆိုရင် ၀စီကံမေတ္တာ နဲ့   ပြည့် စုံပါပြီ၊ ရှေ့မှာဖြစ်စေ နောက်ကွယ်မှာ ဖြစ်စေ အပြစ်တင် ကုန်းချော မလုပ် သင့်ပါဘူး။

မနောကံ မေတ္တာကတော့  သူတပါးအပြစ်တွေ မြင်လာရင်တောင် မေတ္တာတရားလက်ကိုင်ထားကာ နားလည်မှု ခွင့်လွှတ်မှု များနဲ့ ရေရှည်လက်တွဲသွားနိုင်အောင် ယောနိသော မနသိကာရ လေးထားပြီး ကိုယ့်စိတ် ကို ထိန်းချုပ်သင့်ပါတယ်၊ တကယ်လို့ သူများက အမှားလုပ်မိရင်တောင် စေတနာအမှားပဲလေ ဆိုပြီး ခွင့်လွှတ်ပေး နိုင်တာဟာ မနောကံမေတ္တာပါပဲ၊

အထူးသဖြင့် အဖွဲ့ဝင်အချင်းချင်းရဲ့ အပြစ်ကို မြင်သော်လည်း သည်းခံခွင့်လွှတ် နားလည် ပေးနိုင်ရပါတယ်၊  မေတ္တာထားဖို့ လိုအပ် သလို ကရုဏာစိတ် ရှိပါမှလည်း ပရဟိတကို ဆက်လက် လုပ်ဆောင်နိုင်မှာပါ၊ ကိုယ်က ပေးလိုက်ရလို့ ကူညီ လိုက်ရလို့ သူတ ပါးတွေ ပြည့်စုံသွားတာကို မြင်ရပြန်တော့ မုဒိတာ ဆိုတဲ့ ပီတိစိတ်လေး ဖြစ်ရပြန်တယ်၊

ပရဟိတလုပ်သူမှန်သမျှ  အရေးကြီးဆုံး လိုက်နာစရာအချက်က အဂတိလိုက်ခြင်း biases တွေပါ၊ ဘယ်အသင်း အဖွဲ့ မှာမဆို အဂတိ လိုက်တာ ရှိခဲ့ရင် ကွဲ ပြဲကုန်တော့တာပါပဲ၊ ချစ်လို့ မျက်နှာလိုက်တဲ့ ဆန္ဒာဂတိ၊ အမြင်မတူကြရင်း အမြင်   စောင်း လို့ ဖြစ်တတ်တဲ့ ဒေါသာဂတိ၊ မသိလို့၊ သတိလက်လွတ်ဖြစ်လို့ မှားမိတတ်တဲ့ မောဟာဂတိ၊ အထက်လူကြီး အာဏာ ရှိသူ များကို ကြောက်လို့၊ ခြိမ်းခြောက်ခံရလို့ လုပ်မိတတ်တဲ့ ဘယာဂတိ စတာတွေဟာ သတိထားစရာ ရှောင်ကြဉ် စရာများပဲ ဖြစ်ပါတယ်၊ ဒါကြောင့်လဲ ပရဟိတအဖွဲ့များမှာ  မျက်နှာ ကြီးငယ်၊ ရာထူး ဂုဏ်ဒြပ်တွေကို တိုင်းတာပြီး ခွဲခြား ခွဲခြား လုပ် လျင်ေ တာ့   ရေရှည် လက်တွဲဖို့ ခဲယဉ်းပြီး ပြိုကွဲသွားတတ်ပါတယ်။

လူတွေရဲ့ ပတ်ဝန်းကျင် အသင်းအဖွဲ့၊ ဘယ်နေရာမှာ ဖြစ်စေ အရေးကြီးဆုံးက ကိုယ်ကျင့်တရား moralityပါ၊ ကိုယ်ကျင့် တရား မကောင်းလျင် ဘယ်လောက် ကောင်းတာတွေ လုပ်နေနေ၊ မည်သူမျှ ယုံကြည်မှု မရှိသလို ကိုယ့်ဘာသာလဲ ယုံကြည်မှု confidence မတည်ဆောက်နိုင်ပါဘူး၊ ကိုယ်က ကိုယ်ကျင့်တရားမကောင်းဘူး ဆိုလျင်တော့ ပတ်ဝန်းကျင်က မေးငေါ့ကာ အပြစ်ပြောေ န ကြပါ လိမ့်မယ်။

မြတ်စွာဘုရားရှင် ဟောကြားထားခဲ့တဲ့ ဓာတုသံသန္ဒန သုတ်တော်မှာ သတ္တ၀ါတွေဟာ ဓာတ်ခံဆိုတဲ့ element or inherent တွေ တူတဲ့သူ အချင်းချင်းပဲ ပေါင်း သင်းလို့ ရတယ်တဲ့၊ အရက်ကြိုက်သူအချင်းချင်း၊ မူးယစ်ဆေး ကြိုက် သူအချင်းချင်း၊ ကာမေသုမိစ္တာစာရ ၀ါသနာတူသူ အချင်းချင်း စသည်ဖြင့် မကောင်းဓာတ်ခံရှိသူချင်း  ပေါင်းသင်းကြသလို ဒါနသီလ ဘာဝနာမွေ့ေ လျာ် သူအချင်းချင်းလဲတစ်ယောက်နဲ့တစ်ယောက်လေးစားပြီးဓာတ်တဲ့ကြတယ်၊ပေါင်းဖက်လက်တွဲနိုင်တယ် လို့ ဆိုပါတယ်၊  

ဘုရားတရားမြဲသူနဲ့ အရက်သမား ပေါင်းသင်းလို့ မရဘူးဆိုတာ လုံးဝဥဿုံ ပေါင်းသင်းမရတာ မဟုတ်ပါ၊ မေတ္တာနဲ့ ရေရှည်လက်တွဲ ဆက်ဆံမရတာကို ဆိုလိုပါတယ်၊ ဒါကြောင့် ပရဟိတလုပ်နေရင်း ကိုယ်တိုင်က သီလ စင်စင်ကြယ်  ကြယ်နဲ့ ကိုယ်ကျင့် တရား   ပြည့်စုံထားလျင် သီလမြေပေါ်မှာ စိုက်ပျိုးလိုက်တဲ့ ဒါနမျိုးစေ့တိုင်းဟာ ရှင်သန်ကြီးထွား အကျိုး ပေးမှာ အသေ အချာပါပဲ။

ကိုယ်ကျင့်တရားက အရေးပါသလို တစ်ယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ယုံကြည်ချက် သဒ္ဓါတရား ဆိုတဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်တာကလဲ အရေးပါပါတယ်၊ ယနေ့ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျမ္မာရေး၊ ပညာရေး စတဲ့ အသင်းအဖွဲ့အစည်းက လူတွေမှာ ကိုယ်စီ ကိုယ်စီ ယုံကြည်ချက် မတူညီလျင် လက်တွဲလို့ မရနိုင်တာ အားလုံး အသိပဲ ဖြစ်ပါတယ်၊

အဓိပတိလေးပါးသာသူ ခေါင်းဆောင်ဖြစ်မည်

ဆန္ဒာဓိပတိ - ကောင်းမြတ်တဲ့ စိတ်ဆန္ဒ၊ အကျိုးလိုလားတတ်တဲ့ ဆန္ဒအားကောင်းသူ၊
ဝီရိယာ ဓိပတိ - ကိုယ်တိုင် အားတက်သရော ကြိုးစားအားထုတ်လိုတဲ့ ၀ီရိယ ထက်သန်သူ၊

စိတ္တာ ဓိပတိ -  စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊  ဇွဲကောင်းမှုများနှင့် မေတ္တာတရားဖြင့် လူအများကို လွှမ်းမိုးထား နိုင်သူ၊
ဝီမံသာ ဓိပတိ - အရာရာတွင် သတိ ပညာဖြင့် ကျော်လွှားနိုင်သူ၊ ဖြတ်ထိုးဥာဏ်ကောင်းသူ၊ ပညာအားကြီးသူ၊

သာမာန်ထက် ထက်သန်သော အဓိပတိ၊ အရာရာတိုင်းတွင်လွှမ်းမိုးနိုင်သော predominant factor တွေ ပြည့်စုံနေ သူများကတော့ အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခု နိုင်ငံတစ်ခုမှာ ခေါင်းဆောင်ဖြစ်နိုင်ပြီး  မပြည့်စုံသေး သူများက  နောက်လိုက်များ ပဲ ဖြစ် တတ်ပါတယ်၊ နောက်ဆုံး တရားထူးရဖို့ နိဗ္ဗာန်သွားဖို့ ကြိုးစားကြမယ် ဆိုရင်တောင် အဓိပတိ လေးပါးက မပါမဖြစ် ပြည့်စုံရမှာပါ။

ဘုရားမြတ်စွာက အထက်ပါ အင်္ဂါခြောက်ချက်ကို တသက်လုံး လိုက်နာနိုင်ရင် လူအများရဲ့ ချစ်ချင်မှုကို ခံရမယ်၊ လေးစား မှုကို ခံရမယ်၊ ချီးမြှောက်မှုကို ခံရမယ်၊ တသက်လုံး အမှတ်တရ သတိတရ ရှိနေသင့်တဲ့ သာရဏီယ တရားတွေ လို့ ဟော တော်မူခဲ့တယ်။  ပရဟိတစိတ်ထား ရှိကြသူ သူတော်ကောင်းအားလုံးဟာ ဖော်ပြခဲ့တဲ့ သဒ္ဓါ၊ သီလ ၊ ၀ီရိယ၊ ခန္တီ၊  မေတ္တာ၊ ကရုဏာ၊ မုဒိတာ စတဲ့   ကောင်းမြတ်တဲ့ ဗြဟ္မစိုရ် တရားတွေကို အတတ်နိုင်ဆုံး ပြည့်စုံကြဖို့ လိုအပ်ပါတယ်။

“ ငါတို့ ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ အရေးမကြီးဘူး၊ ကူညီခဲ့တဲ့ကိစ္စတွေမှာ ဘယ်လောက်မေတ္တာတွေ ပေးနိုင်ခဲ့ သလဲ ဆိုတာပဲ အရေးကြီးတယ်၊
 ငါတို့ ဘယ်လောက်အတိုင်းအတာအထိ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တယ် ဆိုတာက အဓိကမဟုတ်ဘူး၊ လှူဒါန်းခဲ့တဲ့ အပေါ် မှာ မေတ္တာတွေ ဘယ်လောက် မျှဝေနိုင်ခဲ့သလဲ ဆိုတာပဲ အရေးကြီးတယ် ”

 ဆိုတဲ့ ရာစုခေတ်သစ်ရဲ့ လူသားအကျိုးပြု ခေါင်းဆောင်ကြီး မာသာထရီဇာ Mother Teresa ရဲ့ စိတ်ထားကို အတုယူကာ  မြင့်မြတ်သော စိတ်ထားများနဲ့ မြတ်မြတ်သော လမ်း စဉ်ကို လျောက်လှမ်းကြရင်း မြင့်မြတ်သောလူသားများ ဖြစ်နိုင်ကြ ပါစေလို့   စေတနာစကား ပါးလိုက်ရပါသည် …

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 29.Sep.2011








Tuesday, September 27, 2011

လယ်တီ ဆုံးမစာ ( လူမိုက်တို့ သွားရာလမ်း )


 ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
 ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးသည် 
မိုဃ်းလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
 အမိုက်လေးပါး၊ အင်လေးပါးထက်၊ 
နင်က-ရာထောင်၊ မကမှောင်၏။

လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စ ရွှင်၏၊။
 မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခ စင်းစင်း၊ ချမ်းသာကင်း၏၊

သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊
 အရူးပြင်ပြင်၊ နင့်ကိုထင်၏။
နင်နင့်ဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍာန်ကို၊
 နင့်ဉာဏ်မစူး၊ အခေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
 နေ့ရက်အပုံ၊ လွန်ခဲ့တုန်ပြီ၊

အာရုံ ၀တ္ထု၊ မီးစာစုဖြင့်၊ မှု့မှု့ရရ၊ နင်အားကျလည်း၊
 ဓားပြသေမင်း၊ သူတပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
 ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ရီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျှက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌
 တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
 တငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများဆုံးတည့်၊

အနှုန်းမပျက်၊ နောက်နရက်( ငရဲ )၀ယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
 နင့်လို လူမိုက်သွားလမ်းတည်း။

မဃဒေ၀ ဆုံးမစာ ( သေခြင်းသည်သာ )


 မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊
လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
 ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။

ချစ်လျံဝေေ၀၊ ချစ်ဆွေတွေနဲ့၊
 ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊
ကွဲရသည်မှာ၊ မလွဲသာတည့်။
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊
ပုခက်နဲ့ ပေ ဝေးလေလေ၍၊
နီးလျှင်ပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊

အကြောင်းမလျှော်၊ သုံးရက်ကျော်က၊
ပုပ်စော် ညှီနံ၊ ရန်တွေ့ပြန်သို့၊
အမှန်ချစ်သူ၊ မကပ် မူပဲ။၊ 
လစ်လျူရှုသုံး၊ တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊
ဆွေညာအများ၊ စွန့်ပယ်ရှား၍၊
သွားရအပြီး၊ လူမနီးတည့်၊
တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊
(ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊
 စင်းစင်း အိပ်ကာ၊ မလှည့်သာပဲ၊
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့၊

သင်္ခါရချုံ၊ လောကီဘုံ၌၊ ခိုလှုံဝင်ခံ၊ ပုထုဇဉ်ကို၊
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊
လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အ၀၀ကို၊
နေ့ညမကွာ၊ ကြိုးစားရာသည်၊
ခေမာရောက်မှ၊ အေးမည်တည်း။

ခန္ဓာကိုယ်၏ ဇရာလက္ခဏာ


ပျိုလျှင် အို၊ ရှင်-သေကွဲ၊ နင်ဝေ ခွဲရှုပါ၊
 မြင်နေမြဲ စက္ခုမှာ၊ သက်နုခါ ကြည်လို့၊
ဇရာညှင်း မုံ ဝေသီတယ်၊
 စုံပွေလီ သောတ တွေချို့၊  

သွားကြွေပြုတ် ဖြူဆံပင်၊
ပူဟန်ပင် ခွေညို့၊
 ပူဟန်သွင် ထွေထွေတို့ရယ်ကြောင့်၊
အခြေအနေ ယို့ ပျက်ပြယ်၊
  
သတိကွယ်၊ ဉာဏ်ထုံထိုင်းပါလို့၊
ကံမုန်တိုင်း တိုက်ခွင့်ရောက်တယ်၊
ခါးစွေ စောင်း ရုပ်ပြောင်းကွယ်၊
ဟုတ်ကြောင်းနွယ် ဆိုရိပ်ပြပြီပေါ့၊

အို အနိစ္စ…ကာယသည်ကို၊
ဘာမှ မတည်လို၊
ခါ ကာလ သီသီလိုတယ်၊
ဤ ဤ ကိုယ် ပျက်ဆုံးပါလိမ့်လေး။

Monday, September 26, 2011

အမျိုးသမီးခေါင်းဆောင် အင်ဒီရာဂန္ဓီ





ဒီနေရာမှာ သူ့အကြောင်းအရာများကို လေ့လာနိုင်ပါသေးသည်၊  တော်လွန်းသူတို့ ထုံးစံအတိုင်း သက်တမ်းကြာအောင် မနေခဲ့ရဘူး။ နယူးဒေလီမြို့ရှိ သူ့အိမ်ဝင်းအတွင်းမှာပဲ 31 October 1984 ခုနှစ်၊ အသက် ( ၆၆ ) နှစ်မှာ လုပ်ကြံခံခဲ့ရတယ်။

Born - 19 November 1917 and In office 14 January 1980 to 1984
 Died - 31 October 1984

Friday, September 23, 2011

တိဗက်လူမျိုးများနှင့် ဘာသာ နယ်မြေအကြောင်း


ပြီးခဲ့တဲ့ (၈)လပိုင်းမှာ တလနီးနီး အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်မှာ ရှိနေစဉ် မြတ်ဘုရား ၏ မဟာသတိ ပဋ္ဌာန်သုတ် ကို ဟောကြားခဲ့ရာကုန်းတော် အပါအ၀င် ဒေလီမြို့ ၀န်းကျင်အားလုံး ဒေသစာရီ ဘုရားဖူး ခရီး ထွက်ဖြစ်ခဲ့ပြီး မွန်ဘိုင်းကို  မပြန်ခင်မှာတော့ နောက်ဆုံး ခရီးစဉ်အဖြစ် တိဗက်လူမျိုးအများစု နေထိုင်ကြရာ ဓရမ်စလာ Dharamshala Mountain City လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးဆီကို လေ့လာရေးခရီး ထွက်ဖြစ်ခဲ့ပါတယ်။

ဓရမ်စလာ ဆိုတာ ပါဠိလို ဓမ္မသာလာ ( ဓမ္မ- တရားဟောရာ၊ သာလာ- ဇရပ်၊ အဆောက်အဦး) ကနေ ဆင်းသက် လာတယ်လို့ ထင်မှတ်ရတယ်၊ သ-ကို roman သံနဲ့ဖတ်လိုက်တော့ ဓရမ်စလာ ဖြစ်လာတယ် ထင်ပါရဲ့၊  မြို့ဆိုသော်လည်း  မြန်မာနိုင်ငံ ကျိုက်ထီးရိုးလို တောင်စောင်း တောင်ကမူတွေ ပေါများတဲ့ နေရာဒေသတစ်ခု၊ Dhauladhar ဓာလဒါ လို့ ခေါ်တဲ့ တောင်စောင်း၊  တနည်းအားဖြင့် စီးပွားရေးအဖြစ် စိုက်ပျိုးရေးအဖြစ် ဘာမှ လုပ်စားလို့မရနိုင်တဲ့ တောင်ကြို တောင်ကြားမှာ တည်ထားတဲ့  တောင်ပေါ်မြို့လေးပါ၊ တိဗက်လူမျိုး၊ ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု စတာတွေ ရှိနေသော်လည်း ကိုယ်ပိုင်နိုင်ငံ ဒေသရယ်လို့ သီးခြားမရှိကြတဲ့ တိဗက်လူမျိုးတွေမို့ သနားစရာလို့ ဆိုရမှာပါ၊

ဘာဖြစ်လို့လဲ ဆိုတော့ အရင်က တိဗက်လူမျိုးတွေ နေထိုင်တဲ့ နေရာတွေအားလုံးကို မိတ်ဆွေတဖြစ်လဲ ရန်သူကြီး တရုတ်နိုင်ငံက အတင်း အဓမ္မသိမ်းပိုက်လိုက်တာမို့ နေစရာမရှိကြတဲ့ သူတို့ကို အိန္ဒိယအစိုးရက နေရာတခုပေးပြီး refugee camp အနေနဲ့ ထားခဲ့တယ်၊ အဲဒီ အဖိနှိပ်ခံ စစ်ပွဲမှာ တိဗက်လူမျိုးပေါင်း တစ်သန်းလောက် သေဆုံးကြရတယ်လို့ ဆိုပါတယ်၊ စာရေးသူအထင်တော့ အဲဒီပမာဏက များလွန်းနေတယ်လို့ ယူဆမိတယ်၊ ဘုန်းကြီးကျောင်းပေါင်း ၆ ထောင်ကျော်လဲ ဖျက်ဆီးခံခဲ့ရတယ်၊ တိဗက်တွေဟာ မဏိပူ၊Manipur တြိပူ၊Tripura အာသံ၊Assam နီပေါ၊ Nepal မြန်မာ တို့နဲ့ နီးတာကြောင့် ရုပ်ရည် မျက်နှာများ ကလဲ   မြန်မာ လူမျိုး နဲ့ တော်တော်ဆင်ကြတယ်၊ အသားအရေ၊ အရပ်အမောင်းက အစ အကုန်တူပါတယ်၊

သမိုင်းထဲက Dharamshala

တိဗက်လူမျိုးတွေမှာ ထူးခြားချက်က လူမျိုးစုတစ်ခုလုံးကို ဘုရားအလောင်း အမည်ခံ မဟာယာန နည်းနည်း ရောထွေးနေသော ဘုန်းတော်ကြီးများက အုပ်ချုပ်လေ့ရှိတာကြောင့် ကမ္ဘာ့ရဲ့ တခုတည်းသော ဘုန်းကြီးအုပ်ချုပ်တဲ့ လူမျိုးစုတွေလို့ ဆိုနိုင်ပါတယ်၊ ဘာသာရေးကို အထူးကိုင်းရှိုင်းကြသလို ခင်မင်နှစ်လိုဖွယ် မျက်နှာထားများနဲ့  သိပ်ဖော် ရွှေကြတယ်၊ တိဗက်လူမျိုးတွေနဲ့ ပက်သက်ပြီး ရိုက်ကူးထားတဲ့ Seven years in Tibet ဆိုတဲ့ ဇာတ်ကားဟာ ကမ္ဘာ ကျော်ဇာတ်ကားလို့ ဆိုရမှာပါ။

 အရင်က တိဗက်လူမျိုးတွေဟာ နိုင်ငံခြားသားတွေကို လုံးဝလက်ခံလေ့မရှိခဲ့ဘူး၊ သို့သော်လည်း အင်္ဂလန်က သုတေသန   ပြုလို ကြသော တောင်တက်သမား အဖွဲ့ကနေ ခွဲထွက်လာတဲ့ သူနှစ်ယောက်ဟာ အမှတ်မထင် တိဗက်နယ်မြေကို ရောက်လာ ပါသတဲ့။  

 အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့  ၁၄ ဆက်မြောက် ခေါင်းဆောင် ဒရိုင်းလားမား Dalai Lama ဟာ (၈)နှစ်သားအရွယ်သာ ရှိနေသေးတယ်၊ dalai ဒရိုင်း ဆိုတာ မွန်ဂိုလီယားဘာသာအရ သမုဒ္ဒရာ လို့ အဓိပ္ပါယ်ရပြီး lama လားမားဆိုတာကတော့ တိဗက်တို့က teacher လို့ပဲ ဘာသာပြန်ကြတယ်၊ အိန္ဒိယအသုံးအနှုံးနဲ့ခေါ်ရရင် guru ဂုရုကြီး လို့လဲ ခေါ်ဆိုနိုင်ပါတယ်၊  နောက်ပိုင်းမှာ အဆိုပါ အင်္ဂလန်သားနှစ် ယောက်ထဲမှာ တယောက်က တိဗက်မိန်းကလေးနှင့် ရေစက်ပါခဲ့တယ်။

နောက်တစ်ယောက်ကတော့ ဒရိုင်းလားမားအလျောင်းအလျာလေးကို ဥရောပအကြောင်း၊ ကမ္ဘာ့မြေပုံ များအကြောင်း၊ အင်္ဂလိပ်စာများနဲ့ အထွေထွေရေးရာများကို နှစ်များစွာ သင်ပေးခွင့်ရခဲ့ရာက နိုင်ငံခြား သားများနှင့် သံတမာန်ရေးအရ အမြဲ အဆက်သွယ်ရခဲ့တယ်လို့ သိရတယ်၊ ထိုအချိန်က ဒရိုင်း လားမားလေးကို စာသင်ပေးခဲ့ရသူဟာ Heinrich Harrer ဆိုတဲ့လူငယ်ဖြစ်ခဲ့ပြီး ယနေ့အထိ သက်ရှိ အနေနဲ့ ဗြိတိန်မှာ ရှိနေခဲ့တယ်၊  ရှစ်နှစ်အရွယ် ဒရိုင်းလားမား ဘုန်းကြီးလောင်း လျာ လေးကတော့ ယနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင် နိုဗယ်ဆုရှင် ဒရိုင်းလားမားကြီးပါပဲ။

ဒရိုင်းလားမားလေးဟာ တရုတ်က သိမ်းပိုက်အပြီး တတ်နိုင်သမျှ သည်းခံနေခဲ့သော်လည်း ၁၇ ရာစုနှောင်းပိုင်း ( 1959 ) ခုနှစ်မှာ နေထိုင်ရာမြို့တော် Lhasa လာဆာကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ခိုလှုံခဲ့ရတယ်၊ ခေါင်းဆောင်   ရွှေ့ပြောင်းတော့ နောက်လိုက် ပြည်သူတွေပါ ပြောင်းရွှေ့ကြရင်းက ယနေ့ ဓရမ်စလာ ဆိုတာ ဖြစ်လာခဲ့တာပါပဲ။

ဒရိုင်းလားမား ကြီးဟာ 1989 ခုနှစ်မှာ  The Noble Peace Prize Of The World   ဆိုတဲ့ဆုကို လက်ခံရယူပြီး ကမ္ဘာ့ငြိမ်း ချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်၊ ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံ တောင်တန်းများ ကြားက ဓရမ်စလာ မြို့မှာ သီတင်းသုံးနေထိုင်ပြီး ဥရောပ အမေရိက စတဲ့ ကမ္ဘာ့နိုင်ငံများကို မကြာခဏ ကြွရောက်ပြီး ကုလသမဂ္ဂ ညီလာခံ အထိ နေရာပေးခံနေရသူပါ၊  ကျေးဇူးရှင်တဖြစ်လဲ သူငယ်ချင်း ဖြစ်သူ ဟိမ်းရစ် ဟာရာ နဲ့လဲ အဆက်သွယ် မပြတ်ခဲ့ဘူး။ ယနေ့ခေတ်မှာ မြန်မာဘုန်းတော်ကြီးများကို အနောက်နိုင်ငံများမှ မသိရှိ ကြသော်လည်း တိဗက်လူမျိုးနဲ့ ဘုန်းတော်ကြီး ဒရိုင်းလားမားကိုတော့ လူတိုင်းနီးပါး က သိရှိနေကြပြီ ဖြစ်ပါတယ်။

ဘာသာရေး ယုံကြည်မှု

တိဗက်လူမျိုးတို့ဟာ ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက မြောင်းပိုင်းဗုဒ္ဓဘာသာ မဟာယာနအမည်ခံ ဖြစ်ခဲ့ပြီး  ကိုးရီးယား ဂျပန် တရုတ် ဟောင်ကောင် မွန်ဂိုလီးယားနိုင်ငံတို့လို ဘာသာတူ ကိုးကွယ်ခဲ့တယ်၊ သိက္ခာပုဒ်တွေကို  ပြင်ချင်တာ   ပြင်တယ်၊   နှုတ် ချင်တာ နှုတ်တယ်၊ ဒါကြောင့် သူတို့ ဘုန်းကြီးတွေကို လူတွေ ဒကာ ဒကာမတွေက သိပ်ပြီး လေးစားကြည်ညိုတာ မတွေ့ခဲ့ ရဘူး၊

ကိုးကွယ်မှုအနေနဲ့ အ၀လောကိတေသရ Avalokiteshvara ဘုရားအလောင်းကို ယုံကြည်ကြပြီး “ ဥုံ မဏိ ပဒ္မေ ဟုံ ” OM MANI  PADME HUM ဆိုတဲ့ ဂါထာမန္တန်ကို ကြိမ်ဖန်များစွာ ရွတ်ဆိုရင် ကုသိုလ်ရပါသတဲ့။ မဏိ- ပတ္တမြားရတနာသည်၊ ပဒ္မေ- ပဒုမ္မာကြာပန်း၌၊ ဟုံ -ဖြစ်ပေါ်ပါစေ၊ ဂါထာကတော့ ဒီလောက်ပါပဲ၊ တိုက်ရိုက်အဓိပ္ပါယ်က “ ပတ္တမြားရတနာ နှင့် တူသော   မြတ်စွာဘုရားသည် ပဒုမ္မာကြာပန်းမှ ပေါ်ပေါက်လာ သလိုပဲ အကျွနုပ်ရဲ့ နှလုံးသားထဲမှာလဲ   ဗောဓိဥာဏ်သည် ရင့်သန်ပါစေ ” ဆိုတဲ့ အဓိပ္ပါယ်ပါ၊ နောက်ဆုံးဆန်းစစ်ကြည့်တော့ ပတ္တမြားဆိုတာ သူတို့ဒေသမှာ အမြတ်ဆုံးရတနာ လို့ သိရတယ်၊ အဲဒါနဲ့ ဘုရားကို တင်စားလိုက်တယ် ထင်ပါတယ်။

သူတို့ရဲ့ ဘာသာရေး အယူအဆမှာတော့ ဘုရားရှင်ကို အကြိမ်ပေါင်းများစွာ ရှိခိုးနိုင်လေ၊ ပိုပြီး ကံကောင်းလေ လို့ ဆိုပါတယ်၊ အမြဲတမ်း ပါးစပ်က ဘုရားစာတခုခုကို ရွတ်ဖတ်နေတတ်ပြီး တချို့လဲ ပုတီးစိပ် နေတတ်ပြန်တယ်၊ ဘာသာ ရေးယုံကြည် ချက်အနေနဲ့ လူတိုင်းဟာ နောင်တချိန်မှာ ဘုရားဖြစ်ပြီး ကျွတ်တမ်းဝင်ရမှာပါ တဲ့။  

 သူတို့ ရှိခိုးနည်းက  တကိုယ်လုံးကို ၀မ်းလျားေ မှာက်ပြီး အားရပါးရ ရှိခိုးကြတယ်၊ တချို့ဒကာ ဒကာမတွေ ရှိခိုးနေကြတာ နာရီဝက်၊ တနာရီ ကြာအောင် ရှိခိုးကြတယ်၊ ချွေးတွေ ရွှဲစိုနေပါစေ၊ ရှိခိုးတာကိုတော့ မလျော့သောဇွဲနဲ့ ရှိခိုးနေကြတာကြောင့် သူတို့အစား မောမိပါရဲ့၊ အဲလို ရှိခိုးတာ အကြိမ်ပေါင်း ၈၄၀၀၀ ပြည့်ရင် အပါယ်မကျတော့ဘူး လို့ ယူဆလေ့ရှိကြတယ်၊ တချို့များ အကြိမ်ပေါင်း သိန်းချီရှိနေပြီ ဘယ်လိုလူက အာမခံပေးမလဲ ဆိုတာ စဉ်းစားစရာပါပဲ။  ( ဗုဒ္ဓဂါယာ ဘုရား ဖူး ရောက်ဖူးသူများ သူတို့ ရှိခိုးနည်းကို မြင်ဖူးကြပါလိမ့်မယ် )  သူတို့ကို ကြည့်ရင် အော် သဒ္ဓါတရားကေ တာ့ ကောင်း လိုက်ကြတာ - သို့သော်လည်း အသိဥာဏ် ပညာ မပါလေတော့ လူတွေအားလုံး သိပ်ပင် ပန်းကြရတယ် လို့ ကရုဏာ ပိုရပြန်တယ်။

ယနေ့ခေတ် Dharamshala

ဓရမ်စလာ မြို့လေးဟာ နယူးဒေလီ မြို့တော်ကနေ ( ၅၈၂ ) ကီလိုမီတာ ကွာဝေးပြီး  တညအိပ်ခရီးသွား ရတယ်၊   တောင် ခြေ မှာ အောက်ပိုင်း ဓရမ်စလာမြို့ဆိုတာ ရှိပြီး အဲဒီမှာတော့ စီးပွားရေး ဖွံ့ဖြိုးတယ်လို့ ဆိုရပါမယ်၊ ဒရိုင်းလားမားကြီး သီတင်းသုံး တာကတော့ အထက်ပိုင်း ဓရမ်စလာ မြို့တော်မှာပါ၊ တောင်ပေါ်မြို့မှာတော့ နိုင်ငံခြားသား တိုးရစ်များ နိုင်ငံပေါင်းစုံမှ လာရောက်လေ့လာနေတာ နွေမိုးဆောင်း ရာသီအားလုံး မပြတ်ပါဘူး၊ ဒါကြောင့် အဲဒီဒေသလေးကို Tourist Attraction အနေနဲ့ လူသိများကြတယ်၊ လာကြတဲ့ Foreigner အများစု ကလည်း  ၂ လ ၃ လအနည်းဆုံး နေလေ့ရှိကြပြီး English  grammar, Speaking Class အများကြီးကို စေတနာ့ဝန်ထမ်း volunteer အနေနဲ့ အခကြေးငွေ မယူပဲ သင်ပေး ကြတယ်၊

ဘုန်းကြီး၊ သီလရှင်၊ လူဝတ်ကြောင် မည်သူမဆို အခမဲ့ လေ့လာသင်ယူနိုင်တယ်၊ ကြိုက်သလောက် နှစ်ပေါက် ချီနေပြီးလဲ သင်ယူနိုင်တယ်၊ နေစရိတ်၊ စားစရိတ်လောက် အကုန်ခံနိုင်ရင် အဲဒီလို နေရာမျိုးမှာ သင်တန်းပေါင်းများစွာကို တက်ရောက်နိုင်တယ်၊ အထူးသဖြင့် အခုချိန်မှာလည်း မြန်မာ ရဟန်းတော်များ အနည်းစု သင်ယူနေကြတာတွေ တွေ့ခဲ့ရ တာကြောင့် အတိုင်းမသိ ၀မ်းသာရပါတယ်။ ဈေးဆိုင်၊ အထည်အလိပ်ဆိုင်၊ တိဗက်ရိုးရာ အမှတ်တရပစ္စည်းဆိုင်များ နဲ့ နိုင်ငံတကာ အဆင့်မီ ဟော်တယ်၊ စား သောက်ဆိုင်တွေ ပေါများတာကြောင့် တကယ်ကို နေချင့်စဖွယ် မြို့လေးပါပဲ။

ရာသီဥတု အခြေအနေ

မိုးရာသီမှာ နေ့ရော ညရော မပြတ်မိုးရွာလေ့ရှိတတ်ပြီး ဆောင်းတွင်းမှာတော့ ရေတွေအေးခဲလောက်အောင် ချမ်းစိမ့် တတ်ပါတယ်၊ ပတ်ဝန်းကျင် မြင်သမျှအရာအားလုံးကလဲ ထင်းရှုးပင်များ၊ ပင်လယ်ကဗွီးပင်များနဲ့ စိမ်းစို မှောင်ပိန်း နေတာ ကြောင့် မြူနှင်းများ အဆမတန်ကျပြီး လမ်းတွေကို မမြင်ရလောက်အောင်ဖြစ်တတ်ပါတယ်၊  နွေဦးရာသီ ပွင့်လင်းရာသီ ကတော့ အသင့်တော်ဆုံးလို့ ဆိုရပါမယ်၊

လေ့လာစရာအနေနဲ့တော့  ဒရိုင်းလားမားကြီး နေထိုင်တဲ့  ဘုန်းတော်ကြီးကျောင်းကို တောင်ပေါ်ဒေသ မှာ ကြီးကျယ် ခမ်းနားစွာ တည်ဆောက်ထားပြီး တိဗက်ဘုန်းတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ အများစု သီတင်းသုံးကြတယ်၊
နောက်တနေရာကတော့ Bhagsu Fall ဘက်ဂ်ဆူး ရေတံခွန် ပါ၊  မြင့်မားတဲ့ တောင်ကြားမှာ ကြီးမားလှတဲ့   ရေတံခွန်ကြီး ကို တွေ့ ရတာ အံ့သြစရာပါပဲ၊   

ဘာမှ လုပ်စားလို့ မရနိုင်တဲ့ နေရာဒေသတခုကို Tourist Attraction Site တခုအဖြစ် ပြောင်းလဲပြီး ကမ္ဘာ့အနှံ့အပြားက လူတွေ လာရောက်အောင် ဆွဲဆောင်နိုင်တဲ့ တိဗက်လူမျိုးတို့ရဲ့ ခေါင်းဆောင် ဘုန်းတော်ကြီး ဒရိုင်းလားမားရဲ့ အမြှော် အမြင်ကြီးမှု၊ စွန့်စားနိုင်မှုတွေကို ရင်ထဲကနေ အကြိမ်ကြိမ် ချီးကျူးမိ ရင်း ခေါင်းဆောင်ကောင်းတော့ ငှက်တသောင်း နားနိုင်တယ် ဆိုတဲ့ မြန်မာစကားပုံကို သတိရမိပြန်တယ်။

အော် သူတို့လဲ တရုတ်အဖိနှိပ်ခံ ပါပဲလား လို့ တွေးမိပြီး ကိုယ့်ဘ၀ကိုယ် သနားရမလား ? သူတို့ကို သနား ရမလား ? ဆိုတဲ့ အတွေးပေါင်းများစွာနှင့် …..  ကျွနုပ် ဆက်မတွေးလိုတော့ပါ …

နှုတ်ကတော့  စကားလေး သုံးခွန်းကို အကြိမ်ပေါင်းများစွာ ရွတ်နေမိတယ်..
 ဒုက္ခပ္ပတ္တာ စ နိဒုက္ခာ …
ဘယပ္ပတ္တာ စ နိဗ္ဘယာ …
သောကပ္ပတ္တာ စ နိေဿာကာ … ဟူ၍သာ …

မေတ္တာဖြင့်..
( ပန်းကမ္ဘာ )
Date. 23.Sep.2011
ဒရိုင်းလားမားကြီးက ခေတ်သစ် ရဟန်းတော်များကို ဒီလို ဒီလို သံဃာ့ပရိသတ် လူပရိတ်တွေကြား မှာ ခေါင်း စဉ်တစ်ခုပေး ပြီး ဆွေးနွေးတဲ့ Debate ပွဲတွေ အမြဲ လုပ်စေတယ်၊  အကြောင်းအရာတခုကို အမြင် အတွေးတွေ များစွာရစေပြီး နားထောင် သူတွေရော ပင်တိုင်ဆွေးနွေးသူတွေပါ ဗဟုဿုတတွေ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ Critical Thinking  ကို များစွာတိုးပွားစေပြီး ယနေ့ ဒရိုင်းလားမား တွေ တိဗက်တွေ ဘာကြောင့် ကမ္ဘာကျော်ရတယ် ဆိုတာ ဒီဘိတ်က တဖက်တလမ်းက ကျေးဇူးပြုနေတယ် လို့ ယုံကြည်မိပါတယ် ...
ဒီလို ရှိခိုးတာ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင်ပြည့်ရင် အပါယ်တံခါး ပိတ်တယ်လို့ ယုံကြည်ကြပါတယ်၊ တစ်ချို့လဲ သိန်းဂဏန်း ကျော်နေပြီး ဘယ်လို ပြောရမလဲ .. မသိတတ်တော့ ...
MINI Player ခေါ်တဲ့ ဒီဘီးတွေကို လက်ယာရစ် လှည့်ရင် ဥုံ မဏိ ပဒ္မေ ဟုံ ဂါထာကို ရွတ်တာနဲ့ အကျိုးအာနိသင် တူပါသတဲ့ ...
တောင်ပေါ် Dharamsalar မြို့ပေါ်က မြင်ကွင်းတစ်ခု 
အခုလို တောင်စောင်းမှာ ဖြစ်သလို နေကြပြီး မြူတွေလဲ အမြဲဆိုင်းနေတတ်တယ်
Bhagsu ဘက်ဂ်ဆူး ရေတခွန်ကို ရှည်လျားလှတာကြောင့် အဝေးကနေပဲ ရိုက်ဖြစ်ပါတယ်
မြူကင်းနေချိန်မှာ အမိအရ ရိုက်ဖြစ်လိုက်တာပါ၊ တောင်တက် တောင်ဆင်းနဲ့ တော်တော် ကျမ္မာရေး ကောင်းခဲ့တယ် လို့ ဆိုရပါမယ် ...
တိဗက်လူမျိုးနှင့် ဒရိုင်းလားမားကြီး အကြောင်းကို ဒီမှာလဲ လေ့လာနိုင်ပါသေးတယ် ..
ပို့စ်ရှည်ကြီးကို အချိန်ပေးဖတ်ရှုတဲ့  စာဖတ်သူများကို လေးစားလျက် ....