Sunday, July 24, 2011

ဆူးပေါ် ဖက်ကျ ဥပမာ

၁။( မေး )  သိက္ခာပုဒ်နှင့် မညီသော ရဟန်းများ
 
အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )

  ဦးခင်မောင်သိန်း-ညောင်ရွှေမြို့

( ဖြေ )         ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
သားတော်ကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
သားတော်ငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာ သားတော်ငယ် လေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ ?

 ( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား)

ဆဲရေးတိုင်းထွာလျှင်ကော ?

( အသတ်ခံရ ပါလိမ့်မယ်ဘုရား )

အေးအေး၊ မင်းတို့ ဒီလိုသိတတ်ရင်တော်ပြီ၊
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရောပေါ့-ဟု မိန့်တော်မူတယ်၊

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-
ဟု ညောင်လေးပင်မြို့၌  ဦးဘိုးအင် ဆိုသည့် သူ၏ မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။

စကားချပ်၊ ဘုန်းတော်ကြီး ဦးသီလ ဆိုလိုသည်မှာ လူအချင်းချင်း ကိုယ့်ထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးမားသူကိုတောင်   ပြစ်မှားမိလျင် အပြစ်ဖြစ်တတ်၏၊ ကိုယ်ပြစ်မှားမိသူသည် သီလ သမာဓိ ပြည့်စုံနေလျင် ဆဲရေး ဝေဖန် တိုင်းထွာသူမှာ အပြစ်ကြီးလေးတတ်၏၊ ထို့ကြောင့် အချို့လူများသည် သေခါနီးအချိန်တွင် ကံသုံးပါးနှင့် ပြစ်မှားမိတာများရှိက သံသရာဝဋ်ကြွေး မပါစေရန် တောင်းပန်လေ့ရှိကြ၏၊ မကောင်းတာ လုပ်နေလျင် ကိုယ်နှင့် မဆိုင်၊ သူ့လမ်းသူ သွားလိမ့်မည် ဆိုသည့် သဘောပင်။ 

ရည်ညွန်း။     ။ ဘုန်းတော်ကြီး ဦသီလ၏ ထေရုပ္ပတ္တိ

ထိုဘုန်းတော်ကြီး ဦးသီလ၏ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။
ဘဒ္ဒ န္တ တိလောကသာရ ( ရဝေထွန်း ) ဆရာတော် ဖြေကြားသည်။

Friday, July 22, 2011

ရတနာဂီရိနှင့် သီပေါမင်းစံအိမ်ရောက် ခရီးသွားမှတ်တမ်း အဆုံး

သီပေါစံအိမ်တော်အတွင်းမှ ယခုလက်ရှိ ပြသထားသော ရှေးဟောင်းပန်းပု လက်ရာများပြခန်း
 
 သီပေါမင်း စံအိမ်တော်ရှေ့မှာ မှတ်မှတ်ရရ တပုံလောက်တော့ ရိုက်ဖြစ်လိုက်သေးတယ်

 ဟောင်းနွမ်းဆွေးမြေ့ပြီး မိုးမလုံ ဖြစ်နေသော သီပေါစံအိမ်တော်ကို တတ်နိုင်သမျှ ထိမ်းသိမ်းစောင့်ရှောက်သင့်နေပါပြီ ( အဲဒီနေ့က မိုးရွာနေတော့ အောက်ထပ်တခုလုံး မိုးတွေ ယိုနေပြီး ရွှဲရွှဲစိုနေခဲ့တယ် ) 

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး

စုဖုရားလတ်ခြေရာကို တသွေမတိမ်းနင်းနိုင်သော ထက်ထက်မြတ်မြတ် ရှားရှားပါးပါးသမီးတော်ပင်။
၁၈၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရတနာဂီရိ သီပေါစံအိမ်တော်၌ မွေးဖွားခဲ့သော ရတနာဂီရိသူ စစ်စစ် ဖြစ်သည်။

ရတနာဂီရိမှ မပြန်ခင် အင်္ဂလိပ်တို့ထံ ရနိုင်သောအခွင့်အရေးမှန်သမျှကို မိခင်ကြီးနှင့် တိုင်ပင်ကာ တက်တက်ကြွကြွ နှင့် တိုက်ယူလို့ ရတာ တိုက်ယူရင်း ရသလောက်တောင်းဆိုနိုင်သော သမီးပင်၊ အင်္ဂလိပ်စာတတ်မြောက်သောကြောင့် လည်း မိခင်ရော ဖခင်ဘုရင် ကြီး ကပါ အရာရာကို အားကိုးယုံကြည်နေရသည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်သို့ပြန်ရောက်သောအခါ မိခင်ကြီး စုဖုရားလတ်၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုကိုနိုင် ဆိုသူနှင့် လက်ထပ်ခဲ့သည်။
သား( ၄ )ယောက်၊ သမီး ( ၂ ) ယောက်ထွန်းကားခဲ့သည်။

၁။ တော်ဘုရားကြီးက ၁၉၄၈ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ သည်။
၂။ တော်ဘုရားက မောင်နှမ၀မ်းကွဲ ထိပ်စုကြီးနှင့် လက်ထပ်ခဲ့သည်။
၃။ တော်ဘုရားငယ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပညာတတ် ဟုသိရ၏။
၎။ တော်ဘုရားကလေးမှာ အများပြည်သူများ သိကြပြီးသော ဦးအောင်ဇေ ဖြစ်သည်။

၁။ ထိပ်စုဖုရားကြီး မှာ အနုပညာကို ၀ါသနာပါသောကြောင့် ပန်းချီ အနုပညာရှင်အဖြစ် လူသိများခဲ့သည်။
၂။ ထိပ်စုဖုရားထွေးမှာ ရေကူးချန်ပီယံ၊ မယ်ဗမာ ချန်ယီယံဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအသင်းမှာ စည်းရုံးရေးမှုးပင် ဖြစ်ခဲ့သည် ဟု သိရသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သွေးအပြည့်ပါသော စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး သည် အမိမြန် မာပြည် ပြန်ရောက်သော်လည်း သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသော နာကျည်းချက်၊ ရတနာဂီရိဟူသော ဘာသာမတူ ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသော တနယ်တကျေး ရပ်ဝေးတွင် မျက်နှာငယ်စွာ နေခဲ့ရသော ခံပြင်းစိတ်၊ နာကျည်းစိတ်တို့ဖြင့် “ စတုတ္ထ သမီးတော်၏ အရေးတော်ပုံစာတမ်း ” ဟူသောခေါင်းစဉ်ဖြင့် ထိုခေတ်အခါက United Nation ( ယခုအခေါ် ) ကုလ သမဂ္ဂ အဖွဲ့အစည်းအထိ တက်ရောက်ကာ စာတမ်းတင်သွင်းခဲ့သောကြောင့် ဗြိတိသျှ အစိုးရက မော်လမြိုင်သို့ အကျယ်ချုပ်ဖြင့် နယ်နှင်ဒဏ် ခတ်ခံခဲ့ရသည်။

ဤသို့သော အကြောင်းကြောင်းတို့ကြောင့်ပင် ၁၉၃၆ ခုနှစ် မတ်လ ၃ ရက် ( အသက် ၄၉ ) အရွယ်တွင် မော်လမြိုင်မြို့၌ ရှိနေစဉ် သီပေါမင်းမျိုးဆက်နောက်ဆုံးအဖြစ် တဘ၀သိမ်းခဲ့သည်။

ယခုအခါ 2011 ခုနှစ်အထိ နောက်ဆုံးသတင်းများအရ ရတနာဂီရိရှိ Thi Baw’s Palace ခေါ် သီပေါမင်းစံ အိမ်တော် ကို မြန်မာအစိုးရမှ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးရန်  ၁၉၉၄ ခုနှစ်က တောင်းဆိုခဲ့သောကြောင့် ပြည်နယ်အစိုးရ သည် အိန္ဒိယရှေးဟောင်း သုတေ သနဋ္ဌာနသို့ လွှဲပြောင်း ပေးကာ ပြတိုက်အသွင်ပြောင်းလဲတော့မည်ဟု သိရှိရသည်၊

အိန္ဒိယအစိုးရသည် သီပေါမင်းစံအိမ် တော်အဖြစ် သီးသန့်ထားလျင် နိုင်ငံခြားသား ဧည့်သည်များ လာရောက်တာ နည်းမည်ဖြစ် သောကြောင့် ရှေးဟောင်း ပန်းပုလက်ရာများ၊ ဥရောပရှေးဟောင်း စစ်သင်္ဘော ပစ္စည်းများ၊ ဒေသခံ Konkan ကွန်ကန် လက်ရာများ၊ ရှားပါး တိရိစ္ဆာန်တို့၏ အရေခွံများကိုလည်း ပြသသွားမည်ဟု သိရပါသည်။

မည်သို့ပင်ဖြစ်စေ စွန်းထင်းခဲ့သော သမိုင်းအမည်းစက်များကား ဘယ်သို့မျှ ဖျောက်ဖျက်ပြစ်လို့ မရနိုင်ပါပေ၊ ထို့အတွက် တရားခံကို ပြပါဆိုလျင် မည်သူ့ကို လက်ညှိုးထိုးရမည်နည်း - ဘုရားမြတ်စွာ ဟောကြားထားသော ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ -ဟူသောဒေသနာတော်အရ ဘယ်သူမပြု မိမိမှု ဟု ဆိုသည့်အတိုင်း ကိုယ်လုပ်ထားခဲ့တဲ့ ကံတရားတွေအတိုင်း သတ္တ၀ါ တွေ ခံနေ ကြရမည် ဟု သဘောပိုက်ကာ  ကံကိုပဲ ပုံချရ မည်လား ?

ကိုယ်ဖြစ်ရင် ကိုယ်ခံ၊ ကိုယ်လုပ်ရင် ကိုယ်ခံ ဆိုတဲ့ လောကကြီးထဲမှာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပဲ လူ့သက် ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာ၊ အစွန်းအထင်းပေါင်းများစွာကို စတေးခဲ့ကြရတာဟာ ဘယ်သူ့ လက်ချက် ကြောင့် လဲ ?  
  ဘာကိုမှ မသိနားမလည်သော ဘုရင် သီပေါမင်းကို အပြစ်ပုံချရမည်လား ? 

နှစ်ပေါင်းများစွာ သူ့ကျွန်ဘ၀ ရောက်ခဲ့ရတာဟာ မတိုက်ပါနဲ့ လို့ တားမြစ်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်း ဒါမှမဟုတ်  ဆင်ဖြူမ ရှင်မိဖုရားတို့သာ တရားခံလေလား ?

နေရာတိုင်းမှာ အနိုင်ကျင့်ချင်နေတဲ့ အင်္ဂလိပ်အစိုးရကိုပဲ အပြစ်ပုံချရမည် လား ?
စာရေးသူမှာတော့ လားပေါင်းများစွာနှင့် တွေဝေနေမိပါတော့သည်။    ။

မေတ္တာဖြင့် …
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 22. July 2011

စာကြွင်း။     ။ သမိုင်း ရာဇ၀င်တို့ ထုံးစံအတိုင်း နေ့စွဲများ ခုနှစ်များ အချို့အချို့သော မှတ်တမ်းများနှင့် လွဲကောင်းလွဲပါလိမ့် မည်။ သို့သော်လည်း စာရေးသူသည် ကိုယ်သိ ကိုယ်တတ်သဘောဖြင့် ရေးခြင်းမဟုတ်ပါ၊ ရှေးရှေးသော သမိုင်းဆရာ များ၏ စာအုပ်များကို မှီဲငြမ်းပြီး ယခုသီပေါစံအိမ်တော်မှ အင်္ဂလိပ်တို့ မှတ်တမ်းတင်ထားသည်များနှင့် ညှိနှိုင်း တိုက်ဆိုင် ကာ   ရေး သားပါသည်။ တကယ်တော့ ဤအရာသည် သမိုင်းစာအုပ်တအုပ်မဟုတ်ပဲ ကိုယ်ပိုင် ခရီးသွားမှတ်တမ်း သက် သက်သာ ဖြစ်ပါသည်။

Thursday, July 21, 2011

ရတနာဂီရိနှင့် သီပေါမင်းစံအိမ်ရောက် ခရီးသွားမှတ်တမ်း အပိုင်း ၃

အဝေးမှ လှမ်းမြင်ရသော သီပေါစံအိမ်တော် နှင့် ခြံကျယ်ကြီး
 အခုလို ဂျူလိုင်မိုးသည်းသည်းထဲမှာ သွားခဲ့ရတာ ၀မ်းနည်းရမလိုလို ပျော်ရွှင်ရမလိုလို
ပထမသမီးတော်၏ သမီး TITU တုတု ခေါ် ( ဘိုင်စု ဓာတ်ပုံပါ ) တို့ဘုရင်ရဲ့ မျိုးရိုးမို့လို့ထင်တယ်၊ ကုလားနဲ့ စပ်ထားတာတောင် ချောချက်ကတော့ ၊ ဥပဓိရုပ်က တကယ်ပီပြင်တယ်
ရတနာဂီရိ ကမ်းခြေ မြင်ကွင်းများပါ

 Thi Baw' Point နေရာမှ လှမ်းမြင်ရသော ရတနာဂီရိ ပင်လယ်ကမ်းခြေ တစ်နေရာ

 ဒီပုံက လူတိုင်း မမေ့နိုင်ကြတဲ့ အချိန်အတန့်လေး တစ်ခုပါ၊ မဟာမြတ်မုနိဘုရားကြီးကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ၀င်ဖူးချင်ပါတယ် ဆိုတာတောင် ခွင့်မရခဲ့ဘူး၊ အော် ကံများ နိမ့်ပြီ ဆိုရင် ဘယ်သူမှ မကယ်တင်နိုင်တော့ပါလား ...
အတိတ်တစ်ချိန်က ရွှေထီးဆောင်းခဲ့ပေမယ့်လည်း ကံကြမ္မာ အလှည့်အပြောင်းကြောင့် ဘ၀တွေများစွာလဲ အလဲလဲ အကွဲကွဲနဲ့ တိမ်းစောင်းခဲ့ကြရတယ်

စုဖုရားလတ်သည် မောင်တော်သီပေါဘုရင် နတ်ရွာစံပြီးသောအခါ အင်္ဂလိပ်တို့က မြန်မာပြည်သို့ ပြန်ပို့မည်ဆိုသော်လည်း ညီမငယ်အလောင်းနှင့် သီပေါဘုရင် အလောင်းကို မြန်မာပြည်သယ်ယူရန် လပေါင်းများစွာ အကြိတ်အနယ် ကြိုးစားရှာသေး၏၊ မရသည့်အဆုံးကျမှ လက်လျော့ကာ ဂူသွင်းသဂြိုလ်ပွဲကို ၁၉၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စည်စည်ကားကား ကျင်း ပခဲ့သည်။ အမှန်မှာ အစိုးရက ၁၉ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း အကြောင်းကြောင်း တွေကြောင့် မတ်လ ၂၁ ရက်နေ့မှ ဂူသွင်းရသည်ဟု ခိုင်မာသောသမိုင်းပညာရှင်များက ဆိုကြသည်။

၁၉၁၉ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရှရီဗီသော် ဘုရားရှိခိုးကျောင်း၌ နှုတ်ဆက်ပွဲ ကျင်းပကာ ထိုနှစ် ဧပြီ ၂၀ ရက်နေ့ တွင် မြန်မာပြည်ပြန်ရန် ဘုံဘေသို့ ထွက်ခွာခဲ့သည်။ ထိုမှတဆင့် ကာလကတ္တား သို့ဝင် ကာ ဒုတိယသမီးတော်နှင့် တွေ့ဆုံ သေး၏။

ပထမသမီးတော် ထိပ်စုမြတ်ဖုရားကြီး

၁၉၀၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မန္တလေး ရတနာပုံ နန်းတော်မှာပင် မွေးဖွားခဲ့သည်။
ရတနာဂီရိသို့ ပါတော်မူရာတွင် မိဘများနှင့် တပါတည်း လိုက်ပါလာပြီး နောင်တချိန်တွင် ဂိုပယ်ဘာရို ဆန်းဝန်း ခေါ် ကားမောင်းသော ကုလားလူမျိုးနှင့် မထင်မှတ်ပဲ အိမ်ထောင်ကျရသည်။ ဂိုပယ်သည် ကား  သီပေါမင်း မိသားစု မရောက် လာခင်က လယ်သမား၊  သရက်သီးရောင်းသူ၊ အရက်ရောင်းသူ လုပ်ခဲ့ဖူးသည်ဟု ဆိုပါသည်၊ ဤစကားမှာလည်း ဖတ်ခဲ့ဖူး သော သမိုင်း စာအုပ်များစကားအရ ဖော်ပြခြင်း ဖြစ်သည်၊

နောင်တွင် သီပေါမင်း နတ်ရွာစံကံတော်ကုန် ပြီး၍ မိသားစုအား မြန်မာပြည်ပြန်ပို့သောအခါ  မိခင်ဖြစ်သူ စုဖုရား လတ်နှင့်အတူ  ရန်ကုန်ထိ လိုက်လာခဲ့သည်၊ အားလုံးက မြန်မာပြည်မှာပဲ အပြီးနေရန် တောင်းဆိုသောအခါ  အိမ်သားကို ပြန်လာမည်ဟု ကတိပေးထားခဲ့သောကြောင့် ကတိမဖျက်လို၍ ပြန်သွားခဲ့သည် ဟူ၏၊ အော် တော်တော် ကတိတည်တဲ့ မြန်မာအမျိုးသမီးပေပဲ ဟု ချီးကျူးရမလိုပင်၊

 ဒီနေရာတွင် ကတိစကားတလုံးကို  တန်ဖိုးထားတတ်သော စာရေးသူ သည် သူမ၏ လုပ်ရပ်ကို ဘယ်လိုအကြောင်းနှင့်မှ လက်မခံနိုင်ပါ၊ သူမရဲ့ ကတိစကားကို တန်ဖိုးထားလိုက် သည်က အရှက်နှင့် လူလုပ်ရသော မြန်မာလူမျိုးများအဖို့ ရှက်လွန်း လို့ သေ ရပါတော့မည် ဟု ပြောရမလိုပင်၊ 

လူမျိုးချစ်စိတ်တစ်ခုတည်းဖြင့် အားမနာတမ်းဝေဖန်ရလျင် သူမသည် ဘယ်လို အကြောင်းနှ င့်မှ ပြန်မသွားသင့်ပေ၊ သို့ ဆို လျင်   မြန်  မာလူမျိုးဘုရင်မျိုးနွယ်များလဲ ဇာတ်ရောယှက်ခြင်း ရှိတော့မည် မဟုတ်ပေ၊ အကယ်၍သာ ရန်ကုန်မှာပဲ ဆက်နေလိုက် လျင်  အတိတ် သဘာဝတို့ထုံးစံအတိုင်း မြတ်ဘုရားဟောထားသလို ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပေါ့၊ မေ့မေ့ေ ပျာက်ေ ပျာက်ြ ဖစ် သွားမည်ဟု ထင်သည်။  ရန်ကုန်မှာ မြန်မာ လူမျိုးတဦးဦးနှ င့် နောက်အိမ်ေ ထာင်ပြုစေဦးတော့၊ လက်ခံနိုင်သေးသည်၊

အခုတော့ သူမ၏ မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုသည် မြန်မာလူမျိုးတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်သ လို ဖြစ်နေ သည်။  ထိုခေတ်အချိန်မှ စ၍ ယနေ့ခေတ်အထိ ဇာတ်မျိုးနွယ် ခွဲခြားဆက်ဆံတတ်သော အိန္ဒိယလို နိုင်ငံမျိုး၊ ရတနာဂီရိလို နေရာမျိုးတွင် ဘုရင်မျိုးနွယ်ကို ရအောင်လက်ထပ်ယူနိုင်သော ဂိုပယ်၏ စိတ်ထားကို ခန့်မှန်းကြည့်ရလျင် မည်မျှလောက် လက်မေ ထာင်ေ နလိမ့် မည်ဆိုတာ သံသယရှိစရာမလိုပေ၊ ယခုထိလဲ ဘုရင်မျိုးနွယ်သွေး ပါသည်ဆိုပြီးလက်မထောင်နေ ဆဲပင်။

ကတိစကားကိုတန်ဖိုးထားလို့ ပေးဆပ်လိုက်ရသည်က သမိုင်းအမည်းစက်ကို ဘယ်လိုမှ ဖျောက်ပစ်လို့ မရခြင်းပင်၊ နောက်တွင် ဂိုပယ်နှင့်  TITU  တုတု ( ကုလားလို ဘိုင်စု ) ၀၀ကစ်ကစ်လေး ဟု အဓိပ္ပါယ်ရသော သမီးကလေး မွေးဖွားခဲ့ သည်။ ထိုတုတု မြေးမလေးကိုလည်း စုဖုရားလတ်က သိပ်အသိအမှတ်မပြုပေ၊ သို့သော် မခေါ်ပဲနေလို့ရသော်လည်း မတော်ပဲ နေလို့ မရ၊  နောက်ဆုံး တုတုသည် မိခင် နှင့် အဘွား စုဖုရားလတ်နှင့် လိုက်ပါလာကာ မန္တလေးနန်း တွင်းအထိ ရောက်ဖူးခဲ့သည် ဟုသိရ၏၊

ထိုမြေးမ တုတုသည်လည်း ကားမောင်း၊ စက်ပြင်ဆရာ  ရှန်ကာပါဝါ Shankar Power ဟူသော ကုလားတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သား သမီး ၇ ယောက်ထွန်းကားခဲ့တာ ယနေ့အထိရှိနေသေး၏၊  သားသမီး များပြားသော်လည်း မရှိဆင်းရဲ ချို့ချို့ငဲ့ငဲ့ဖြင့် တသက်လုံးနေထိုင်ခဲ့ရ သည့်သတင်း ကြားရတော့ စိတ်မ ကောင်းခြင်းဖြစ်မိသည်မှတပါး ဘာမှ မတတ်နိုင်ခဲ့။

ပထမသမီးတော်သည်  ၁၉၄၇ ခုနှစ် ဂျွန်လ ၃ ရက်နေ့တွင် အသက် ၄၁ နှစ်ဖြင့် ကွယ်လွန်ခဲ့သည်။  ဖခင်သီပေါမင်း နတ်ရွာမစံမီအထိ ထောက်ပံ့ကြေး ၅၀၀ ရရှိနေရာမှ ဖခင်ဘုရင်ကြီး နတ်ရွာစံအပြီး ( ၆) လကျော်သောအခါ လခ ၃၀၀ သာရတော့သည်။ မိသားစု များပြားသောကြောင့်လည်း မလောက်မငှ နေခဲ့ရသည်ထင်၏၊ သူမနှင့် အသက် ၈၅ ကျော်နေချိန် အင်တာဗျူးတစ်ခုတွင် သေရင်တောင်မှ အသုဘချရန် ပိုက်ဆံ တပြားမှ မရှိပါ ဟု သိရသည်။ ကံကိုပဲ အပြစ်ပုံချရမလိုပင်။ မကွယ်လွန်မှီကပင် မိမိအလောင်းကို ဖခင်ဘုရင်ကြီး၏ အုတ်ဂူဘေးတွင် ဂူသွင်းမြှုပ်နှံပေးရန် တောင်းဆိုသောကြောင့် သူ့ဆန္ဒအရ ယနေ့အထိ အုတ်ဂူရှိနေပေသည်။

ဒုတိယသမီးတော် ထိပ်စုမြတ်ဖုရားလတ်

သူ့မ၏ မွေးသက္ကရာဇ်တို့ကို အတိအကျ မသိရသော်လည်း မန္တလေး ရတနာပုံနန်းတော်အတွင်း ပါတော်မမူခင် မွေးဖွားခဲ့သည် ဟူ၍သာ သိရ၏၊ နောင်တွင် ရတနာဂီရိသို့ လိုက်ပါလာပြီး နန်းတွင်းမှ ကျေးကျွန်တော် ခင်မောင်လတ်နှင့် ချစ်ကြိုးသွယ်မိရာမှ ထွက်ပြေးကာ ကာလကတ္တားတွင် အခြေချ နေထိုင်ခဲ့ကြ၏။

မိခင်ကြီး စုဖုရားလတ်တို့က မြန်မာပြည်ပြန်ရာတွင် ကာလကတ္တားဝင်ရောက်တွေ့ဆုံသောအခါ သမီးတော်လည်း အခစား ၀င်ရောက်သေး၏။ အိမ်သားခင်မောင်လတ်ကိုကား စုဖုရားလတ်အား အဖူးမျှော်လာရာတွင်  အခန်းတွင်းသို့ပင် ၀င်ခွင့်မပေး ပဲ မောင်းထုတ်ခံရသည် ဟူ၏။ ထိုအချိန်အခါမှ စကာ စိတ်ဒဏ်ရာ ရရှိသည်လား မပြောတတ်၊ ဒုတိယ သမီးတော်သည် သားသမီးလဲ တစ်ယောက်မှ မထွန်းကားပဲ ကာလကတ္တားမြို့မှာပင် ဇာတ်မြှုတ်နေထိုင်ခဲ့သောကြောင့် သတင်းအစအန ဘာမှ မရတော့ပေ။ မြန်မာပြည်သို့လည်းတစ်ခေါက်မှ ပြန်လာခြင်းမရှိပေ။

တတိယသမီးတော် ထိပ်စုမြတ်ဘုရား

၁၈၈၆ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပါတော်မူပြီး မဒရပ်မြို့ Madras တွင် မွေးဖွားခဲ့သောကြောင့် သူမကို မဒရပ် သမီး တော် ဟု လူသိများကြ၏။
ပါတော်မမူခင် နန်းတွင်းအရေးတော်ပုံများ စတင်နေချိန်တွင် စိတ်ဆင်းရဲခြင်းများကို တောက်လျောက် ခံစားနေရသော စုဖုရား လတ်သည် ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်သောကြောင့် နောင်တချိန်တွင် မွေးဖွားလာသော တတိယ သမီး တော်သည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်၊ လိင်ပိုင်းဆိုင်ရာ ဟော်မုန်း ဓာတ်ချို့ယွင်းချက်များ ရှိနေသောကြောင့် သူမ ကို စိတ်မူမမှန်သူ ဟု အများက သတ်မှတ်ခံထားရ၏။

ရတနာဂီရိ သီပေါစံအိမ်တော်သို့ ရောက်ပြီး နောက်ပိုင်းတွင်လည်း ညီမငယ်စတုတ္ထသမီးတော်၏ စောင့်ရှောက်မှုဖြင့် သူမအတွက် ဆရာမျိုးစုံခေါ်ကာ ကုသပေးနေရသေးသောကြောင့် သူမအခန်း ကဏ္ဍသည်လည်း သိပ်ထင်ပေါ်ထားမျိုး မရှိလှပေ။
နောင်တွင် မြန်မာပြည်ပြန်ရောက်လာပြီး ၁၉၂၂ ခုနှင်တွင် ထိပ်တင်ကိုယ်တော်ကြီးနှင့် လက်ထပ်ခဲ့ ကာ ထိပ်စုကြီးဖုရား ဟူသော သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ထိပ်တင်ကိုယ်တော်ကြီးသည်ကား သခင်ကိုယ်တော်မှိုင်းတို့နှင့် တို့ဗမာ အစည်းအရုံးတွင် လက်တွဲဖော်ဖြစ်ခဲ့ဖူးသည် ဟု သိရ၏။

မေမြို့ ( ပြင်ဦးလွင် ) တွင် အခြေချ နေထိုင်နေစဉ် အင်္ဂလိပ်တို့၏ သွေးထိုးမှုကြောင့် ကြာကြာ မပေါင်းလိုက်ရပဲ ၁၉၂၉ ခုနှစ်တွင် အိမ်ထောင်ကွဲခဲ့ပြန်သည်။  နောက်တွင် ရခိုင်အမျိုးသား ၀တ်လုံတော်ရ တဦးနှင့် ဒုတိယအိမ်ထောင် ထူပြန် သော်လည်း သားသမီး မရခဲ့ပေ။

သမီးဖြစ်သော ထိပ်စုကြီးဖုရားသည်လည်း မေမြို့ စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းမှာ ကျောင်းလိုက်ရင်း Princess Rita ဟု နာမည်ကြီးခဲ့ပြီး နောင်တချိန်တွင် မောင်နှမတစ်ဝမ်းကွဲတော်သော ( စတုတ္ထသမီးတော်၏ သားဖြစ်သူ ) တော်ဘုရားနှင့်  လက်ဆက် ခဲ့သည်။

တတိယသမီးတော်သည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်၊ အသက် ( ၇၆ နှစ် ) တွင် ကွယ်လွန်ခဲ့သည်။ 

အပိုင်း ( ၄) ဆက်ပါအုံးမည် ...